လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသွားသူ တစ်ဦးကို ဘေးကင်းရာသို့ ဆန္ဒပြသူများက ခေါ်ဆောင်သွားကြစဉ်။ ယင်းဓာတ်ပုံကို ရန်ကုန်မြို့က ဆန္ဒပြပွဲတစ်ခုတွင် ရိုက်ကူးထားခြင်း ဖြစ်သည်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

အာဏာသိမ်းပြီးခြောက်လအကြာ မြန်မာနိုင်ငံမှာဘာတွေဖြစ်နေလဲ

စစ်တပ်သည် အရပ်သားအစိုးရကိုဖြုတ်ချပြီး နိုင်ငံ၏ဆယ်စုနှစ်သက်တမ်းရှိ ဒီမိုကရေစီစမ်းသပ်မှုကာလကို အဆုံးသတ်လိုက်ပြီးကတည်းက မြန်မာနိုင်ငံသည် ခြောက်လကြာ အထွေထွေမတည်ငြိမ်မှုများသို့ ဆင်းသက်ခဲ့ရသည်။

အေအက်ဖ်ပီ

စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းပေါ်ထွက်ဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းခဲ့သော်လည်း ရက်စက်စွာဖြိုခွင်းမှုများကြားမှ ဆန္ဒပြမှုများကို ပြည်သူများက ဆက်လက်ဦးဆောင် ပြုလုပ်နေသည်။

အေအက်ဖ်ပီက စစ်တပ်အာဏာသိမ်းပြီးနောက် ခြောက်လအကြာတွင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပွားနေသည့် အခြေအနေကို တင်ဆက်လိုက်ပါသည်။

အာဏာသိမ်းပြီးကတည်းကဘာတွေဖြစ်ခဲ့လဲ။

စစ်တပ်က အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများအား အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကြောင့် လူအယောက် ၁,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထောင်နှင့်ချီ အဖမ်းခံခဲ့ရကြောင်း ဒေသတွင်းစောင့်ကြည့်ရေးအဖွဲ့ကများက ပြောသည်။

ထောင်ပေါင်းများစွာသောအစိုးရ ဝန်ထမ်းများနှင့် အခြားအလုပ်သမားများသည် ဆန္ဒပြပွဲများတွင် ပါဝင်လာသဖြင့် အလုပ်မှ ထုတ်ပယ်ခံရသူများရှိသလို အချို့မှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်၍ ဆက်လက်သပိတ်မှောက်နေကြဆဲဖြစ်သည်။

လတ်တလော ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုသည် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ဖရိုဖရဲဖြစ်စေခဲ့ပြီး လုပ်ငန်းခွင်စွန့်ခွာသော အာဏာသိမ်းမှုဆန့်ကျင်သူ ကျန်းမာ​​ရေးဝန်ထမ်းများကြောင့် ဆေးရုံများစွာသည် အခန်းလွတ်များသာ ဖြစ်နေခဲ့သည်။

“တိုင်းပြည်ဟာ ပရမ်းပတာဖြစ်နေပြီး ပြိုကွဲလုနီးဖြစ်နေပြီ”ဟု လူအခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW)က  သုတေသီ မန်နီမောင်က ပြောသည်။

ပြည်သူတွေဆန္ဒပြနေတုန်းပဲလား။

မှန်ပါသည်။ ပြည်သူများက ဆက်လက်၍ ဆန္ဒပြပွဲများကို ဆင်နွှဲနေသော်လည်း အာဏာသိမ်းမှုအလွန် ဖေဖော်ဝါရီနှင့် မတ်လများကကဲ့သို့ လူထောင်နှင့်ချီ၍ လမ်းပေါ်ထွက်ဆန္ဒပြမှုမျိုးတော့ မဟုတ်တော့ပေ။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ရန်ကုန်တွင် ဆန္ဒပြလူငယ်များသည် နေ့စဉ်နံနက်တိုင်း ပုံမှန်အားဖြင့် ပျောက်ကျားသပိတ်များ ဆင်နွှဲကာ လမ်းမများပေါ်တွင် အပြေးအလွှားဆန္ဒပြ၍ အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ပြိုင်တူအော်ဟစ်နေကြဆဲဖြစ်သည်။

သို့သော် ယင်းသို့ ဆက်လက်ဆန္ဒပြနေခြင်းသည် အလွန်အမင်း အန္တရာယ်များသည့် လုပ်ရပ်ဖြစ်ပြီး ရဲသတင်းပေးများက စောင့်ကြည့်ခြင်း၊ အရပ်ဝတ်ရဲများက ဝင်ရောက်ရိုက်နှက်ဖမ်းဆီးခြင်းတို့ကို မကြာခဏ ကြုံတွေ့နေရသည်။

ဘယ်သူက(စစ်ကောင်စီကို)ပြန်တိုက်ခိုက်နေသလဲ။

မြန်မာနိုင်ငံရှိ အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့သည် အာဏာသိမ်းမှုအလွန်တွင် စစ်တပ်နှင့် ထိပ်တိုက်တွေ့၍ ပစ်ခတ်တိုက်ခိုက်နေသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ)သည် မေလတွင် တပ်မတော်၏ ရှေ့တန်းတပ်စခန်းတစ်ခုကို ဝင်ရောက်သိမ်းပိုက် ဖျက်ဆီးပစ်ခဲ့သည်။

ထို့ပြင် တရုတ်-မြန်မာနယ်စပ်အနီး အခြေပြုလှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုနှင့် တပ်မတော်အကြားလည်း ပြင်းထန်သော တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။ ယင်းတိုက်ပွဲများတွင် အသာစီးရစေရန် တပ်မတော်က ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အခြားတစ်ဖက်တွင်မူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ပျောက်ကျားစစ်အသွင်ဖြင့် မြို့ပြရပ်ကွက်များတွင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်လုပ်လက်နက်များသုံး၍ ပြန်လည်တိုက်ခိုက်နေသည်။

နိုင်ငံတကာအသိုင်းအဝိုင်းကဘာတွေလုပ်ခဲ့လဲ။

အမေရိကန်နိုင်ငံ၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံတို့သည် စစ်ကောင်စီအဖွဲ့ဝင်များ၊ စစ်တပ်နှင့် ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထား၍ ပိတ်ဆို့မှုများ အရှိန်မြှင့်တင်ခဲ့သည်။

သို့သော် ယင်းသို့ စီးပွားရေးပိတ်ဆို့မှုများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် နောင်ကြဉ်ခံရမှုများကို ယခင်က စစ်အုပ်ချုပ်မှုကာလအတွင်း ပို၍ပြင်းထန်သော ပိတ်ဆို့မှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့သည့် စစ်ဗိုလ်ချုပ်များအတွက်မူ အထူးအဆန်းတော့ မဟုတ်တော့ပေ။

ကုလသမဂ္ဂက စစ်ကောင်စီသည် လူသားမျိုးနွယ်စုအပေါ်ရာဇဝတ်မှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲခဲ့သော်လည်း မြန်မာနိုင်ငံအတွင်းသို့ “လက်နက်များစီးဆင်းမှုကိုတားဆီးရေး”တည်းဟူသော ဥပဒေအရ စည်းနှောင်မှုမရှိသည့် သဘောတူညီချက်ကိုသာ ချမှတ်နိုင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ဘာဖြစ်သွားလဲ။

စစ်ဗိုလ်ချုပ်များသည် အရပ်သားအစိုးရကို ဖြုတ်ချပြီး နေပြည်တော်တွင် အကျယ်ချုပ်ချထားကာ (အမှုရင်ဆိုင်စေသည့်)အချိန်ကတည်းက အသက်၇၆နှစ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများက မမြင်တွေ့ရတော့ပေ။

နောက်ပိုင်းတွင် စကားပြောစက်၎င်း၏ နေအိမ်အတွင်းတွေ့ရှိသည်ဆိုကာ ဆက်သွယ်ရေးပစ္စည်းများ တရားမဝင်တင်သွင်းမှုနှင့် ကိုဗစ်-၁၉ထိန်းချုပ်ရန် စည်းကမ်းချက်များ ချိုးဖောက်မှုအပါအဝင် ပုဒ်မအများအပြားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က တရားစွဲဆိုခဲ့သည်။ 

ပြစ်မှုထင်ရှားသည်ဟု တရားရုံးက စီရင်ပါက ထောင်ဒဏ် ၁၀နှစ်ကျော် ကျခံရဖွယ်ရှိသည်။

အနာဂတ်မှာဘာတွေဆက်ဖြစ်မလဲ။

စစ်ကောင်စီသည် ကာလရှည်မဟာမိတ်များဖြစ်သော ရုရှားနှင့် တရုတ်နိုင်ငံများ၏ထောက်ခံမှုကို ရရှိနေသေးပြီး နိုင်ငံအတွင်း ၎င်း၏ အုပ်ချုပ်မှုအာဏာအသက်ဝင်လာစေရန် စစ်ကောင်စီက အပြင်းအထန်ကြိုးပမ်းနေသည်။

အနာဂတ်တစ်ချိန်ချိန်တွင် ရွေးကောက်ပွဲအသစ်များ ကျင်းပရန်အစီအစဉ်ရှိသည်ဟု စစ်ကောင်စီက ဆိုသော်လည်း မည်သည့်အချိန်တွင်ကျင်းပမည်ဆိုသည်ကို ထုတ်ဖော်မပြောပေ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.