တိုင်းရင်းသားပါတီတွေ ပူးပေါင်းကြမှာလား

ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပါတီတွေရဲ့ အနာဂတ်က မသေချာသလို ဖြစ်နေပါတယ်။ အဲဒီအကြောင်းအရာအတွက် လေ့လာသူတွေမှာ အကြောင်းပြချက်များစွာလည်း ရှိပါတယ်

ဟိန်းကိုစိုး ရေးသားသည်။

တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံကိုခေါင်းဆောင်တဲ့ ခေါင်းဆောင်ပိုင်းအပြောင်း အလဲတွေဖြစ်ပေါ်ခဲ့ပါပြီ။ ဒါပေမယ့်လည်း အခုချိန်ထိတော့ တိုင်းရင်းသားတွေရဲ့  မတူခွဲပြားတွေကိုတော့ ထိထိရောက်ရောက် ရောင်ပြန်ဟပ်မှု မရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။

အဲဒါကလည်း တိုင်းရင်းသားပါတီငယ်တွေရဲ့ နိုင်ငံရေးစွမ်းရည် ချို့တဲ့မှုကြောင့်တော့ မဟုတ်ပါဘူး။ ဆယ်စုနှစ်များစွာအတွင်း လွတ်လပ်မှုအရှိဆုံး အထွေထွေရွေးကောက်ပွဲကြီးတစ်ခုကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပပြီးစီးခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်၊ အဲဒီထဲမှာမှ တိုင်းရင်းသား ပါတီပေါင်း ၅၅ ပါတီ(ခန့်မှန်း) အထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အဲဒီလို တိုင်းရင်းသားပါတီတွေအပါအဝင် ပါတီ ၉၀ ကျော်ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲမှာ နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး နိုင်ငံရေးအရ လူမှုထောက်ခံမှုရှိတဲ့ အင်အားကြီးပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီပါတီအဖွဲ့ချုပ်က နိုင်ငံတစ်ဝန်းမှာ အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားပြည်နယ် ခုနစ်ခုထဲက ငါးပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) က အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ ရှမ်းနဲ့ ရခိုင်ပြည်နယ်ထဲမှာတော့ သူတို့ ရှုံးနိမ့်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာတော့ ရခိုင်တိုင်းရင်းသားတွေ ကိုယ်စားပြုတည်ထောင်ထားတဲ့ ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော် ၄၇ နေရာမှာ ၂၃ နေရာအထိ အနိုင်ရရှိခဲ့ပါတယ်။

ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပါတီတွေရဲ့ အနာဂတ်က မသေချာသလို ဖြစ်နေပါတယ်။ အဲဒီအကြောင်းအရာအတွက် လေ့လာသူတွေမှာ အကြောင်းပြချက်များစွာလည်း ရှိပါတယ်။ လွှတ်တော်အတွင်းနေရာရရှိမှုက ၂၀၁၀ ခုနှစ်ကထက်စာရင် လျော့နည်းသွာတာတွေကြောင့် ဖြစ်ပါတယ်။

ပါတီအရေအတွက်များစွာရှိနေပြီး အဲဒီကကိုယ်စားလှယ်တွေကလည်း အချင်းချင်းကွဲပြားမှုတွေရှိနေတဲ့အတွက် တိုင်းရင်းသားတွေက ပေးလိုက်ရတဲ့ မဲတွေက ကွဲသွားတဲ့အခြေအနေ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံကလည်း နိုင်သူအကုန်ယူစနစ်ကို ကျင့်သုံးပါတယ်။ ဒီလိုမဲတွေကွဲသွားတာလည်း စနစ်ရဲ့အားနည်းချက်တွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

Ann Wang / Frontier

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကာလကတည်းက အခြေတည်လာတဲ့ ရခိုင်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့လို အင်အားကောင်း၊ ထောက်ခံမှုကောင်းကောင်းနဲ့ ရပ်တည်နေတဲ့ပါတီတွေရှိသလို၊ တိုင်းရင်းသားပါတီတွေ၊ အထူးသဖြင့်တော့ အသစ်တည်ထောင်လာကြတဲ့ ပါတီငယ်လေးတွေက သူတို့မှာ ဘဏ္ဍာရေးနဲ့ အချင်းအချင်းချိတ်ဆက်မှုတွေက ချို့တဲ့နေတဲ့အနေအထားရှိနေပါတယ်။

အဲဒီလိုပါပဲ တိုင်းရင်းသားကိုယ်စားလှယ်တွေအများစုနဲ့ တိုင်းရင်းသားဒေသတွေက ပါတီတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရယူနိုင်ခဲ့ပါတယ်။

နောက်တစ်ခုကတော့ တိုင်းရင်းသားတွေအားလုံး ဆန္ဒရှိကြတဲ့ သူတို့ဒေသထဲက လက်နက်ကိုင်တပ်တွေ၊ အာဏာရှင်တွေကို တွန်းလှန်နိုင်ဖို့၊ အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်မည့်အခြေအနေတွေရှိတဲ့ အင်န်အယ်လ်ဒီကို တိုင်းရင်းသားတွေက ပိုမိုယုံကြည်ပြီး မဲပေးခဲ့ကြတာလည်း ရှိခဲ့ပါတယ်။

“တိုင်းရင်းသားမဲဆန္ဒရှင်တွေက နိုင်ငံရဲ့ အဓိကပြဿနာကို အောက်ခြေကနေစပြီး ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ထားကြတယ်။ တစ်ဆက်တည်းမှာပဲ တိုင်းရင်းသားပါတီတွေ ညီညီညွတ်ညွတ်နဲ့ လွှတ်တော်နှစ်ရပ်လုံးက ၂၁၃ နေရာကို နိုင်ရင်တောင်မှ သူတို့အစိုးရဖွဲ့လို့မရဘူး။ အစိုးရဖွဲ့ဖို့က ၃၃၃ နေရာလိုတယ်” လို့ ပြုပြင်ပြောင်းလဲမှုမှ မြန်မာ့နိုင်ငံရေးပါတီများစာတမ်းကို ပြီးခဲ့တဲ့နှစ်က ပူးတွဲပြုစုခဲ့သူ ကိုအောင်ထွန်းက ဆိုပါတယ်။

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ မန်းအောင်ပြည်စိုးကလည်း သူ့မဲဆန္ဒနယ်အတွင်း မဲဆွယ်စည်းရုံးရေး ကာလအတွင်း အသက် ၄၀ ခန့်ရှိတဲ့အမျိုးသမီးတစ်ဦးက မဲပေးဖို့ဆုံးဖြတ်ထားတဲ့အပေါ် ပြောကြားချက်ကို ပြန်ပြောင်းပြောပြပါတယ်။

“သူကကျွန်တော်ကို ကျွန်မတို့မဲပေးရင် ဦးလေးတို့ပါတီက အစိုးရသစ်ဖွဲ့နိုင်မှာလားတဲ့။ နောက်ပြီးကရင်ပြည်နယ်ထဲမှာရှိနေတဲ့ စစ်တပ်တွေကိုကော မောင်းထုတ်နိုင်မှာလားလို့ မေးတယ်။ ကျွန်တော်မှာ သူ့အတွက် အဖြေမရှိဘူး။ ကျွန်တော်အထင် သူအင်န်အယ်လ်ဒီကို မဲပေးခဲ့မယ်ထင်တယ်။ ကျွန်တော်ပြိုင်တဲ့နေရာမှလည်း အင်န်အယ်လ်ဒီနိုင်တယ်” လို့သူကဆိုပါတယ်။

ကရင်လူထုက အင်န်အယ်လ်ဒီကို ယုံကြည်ထားကြသလို သူတို့တွေက စစ်တပ်အုပ်ချုပ်ရေးကနေ တစ်ကယ့် ဒီမိုကရေစီအပြောင်းအလဲကို လိုလားနေကြတယ်လို့ မန်းအောင်ပြည်စိုးက ပြောပါတယ်။

“နောက်ထပ်ပြဿနာတစ်ခုက ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားပါတီတွေ မပြိုင်နိုင်ဘူး။ သူမက အားကြီးတယ်။ သူ့မနဲ့ပြိုင်ဖို့ တိုင်းရင်းသားတွေမှာ အရည်အချင်းပြည့်တဲ့  ကိုယ်စားလှယ်တွေလိုအပ်တယ်” လို့ သူကဆက်ပြောပါတယ်။

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီက ကရင်ပြည်နယ်ကနေရာအားလုံး၊ မွန်နဲ့ ပဲခူးတိုင်းဒေသကြီးတွေက လွှတ်တော်နေရာ စုစုပေါင်း ၄၄ ခုမှာ ယှဉ်ပြိုင်ခဲ့ပေမယ့် တစ်နေရာမှ အနိုင်မရခဲ့ပါဘူး။ အဲဒီလိုအတွေ့အကြုံတွေရှိထားကြတဲ့ တိုင်းရင်းသားပါတီငယ်တွေက ဆုံးရှုံးခဲ့တဲ့နမူနာတွေအပေါ် ပြန်လည်သုံးသပ်ပြီး ၂၀၂၀ အတွက် ပြင်ဆင်နိုင်ဖို့ လိုပါတယ်။

တိုင်းရင်းသားနိုင်ငံရေးသမားတွေကတော့ တိုင်းရင်းသားပါတီတွေ ရှေ့ဆက်အောင်မြင်စွာ လျောက်လှမ်းနိုင်ဖို့ အားကောင်းတဲ့ တပ်ပေါင်းစုပါတီတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ်လို့ သုံးသပ်ကြပါတယ်။

“တိုင်းရင်းသားအများစုကတော့ ညီညွတ်ဖို့အတွက် ပြင်ဆင်နေကြတယ်လေ။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေအားလုံးက ရှုံးခဲ့ကြတာကိုး” လို့ ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုဥက္က-၂ ဖြစ်သူ ဦးစောသန်းမြင့်က ဆိုပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုပါတီကို ဗမာအများစုရှိနေတဲ့နေရာတွေက တိုင်းရင်းသားတွေအခွင့်အရေးအတွက် ရည်ရွယ်ကာ တည်ထောင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဲဒီမှာလည်း တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေက ပါတီဝင်အဖြစ် ပါဝင်ကြပါတယ်။

ဒါပေမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာလည်း ကောင်းမွန်တဲ့ရလာဒ်ရရှိအောင် မပြုလုပ်နိုင်ခဲ့ပါဘူး။ ဖက်ဒရယ် ပြည်ထောင်စုပါတီရဲ့ ခေါင်းဆောင်တွေကတော့ စွမ်းအားရှိတဲ့ တပ်ပေါင်းစုပါတီမျိုးတွေကို ဖော်ဆောင်နိုင်မှပဲ ၂၀၂၀ လို လာမယ့် ရွေးကောက်ပွဲတွေမှာ ရလာဒ်ကောင်းတွေရနိုင်မယ်လို့ အသီးသီးယုံကြည်ထားပါတယ်။

လက်ရှိအချိန်ထိတော့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်၊ ဖက်ဒရယ်ဒီမိုကရက်တစ်မဟာမိတ်နဲ့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းတု့ိလို့ တပ်ပေါင်းစုမဟာမိတ်တွေ ရှိနေပါတယ်။

“တိုင်းရင်းသားတွေအားလုံး စုပေါင်းဆောင်ရွက်နိုင်မှု၊ မဟာမိတ်ဖွဲ့နိုင်မှုရှိခဲ့ရင် လာမယ့်ရွေးကောက်ပွဲရလာဒ်က ၂၀၁၅ နဲ့ ပြောင်းပြန်ဖြစ်နိုင်တယ်” လို့ ဦးစောသန်းမြင့်ကဆိုပါတယ်။

အဲဒီလို ပူးပေါင်းဆောင်ရွက်ရေးကို တိုင်းရင်းသားတွေအားလုံးလည်း သိရှိနေပြီလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကလည်း ဆိုပါတယ်။ မဟာမိတ်တွေ ဖွဲ့နိုင်ပြီး၊ စုစည်းမှုတွေကသာ တိုင်းရင်းသားတွေအနေနဲ့ အနာဂတ်ရွေးကောက်ပွဲတွေမှာ အောင်မြင်နိုင်မယ့်အချက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“တိုင်းရင်းသားပါတီတွေက ဘယ်တော့မှတော့ ပျောက်သွားမှာမဟုတ်ဘူး။ စုပေါင်းပြီးတော့ အင်အားကြီးပါတီကို ယှဉ်ပြိုင်သင့်ပါတယ်” လို့ သူကဆိုပါတယ်။

Ann Wang / Frontier

ကချင်ပါတီတွေကလည်း အလားတူ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ကို ပြင်ဆင်နေပြီး များပြားလှတဲ့ ကချင်နိုင်ငံရေး ပါတီတွေတစ်ခုတည်းအဖြစ် စုစုစည်းစည်း ရပ်တည်နိုင်ဖို့ကို အနည်းဆုံးပါတီတစ်ခု သို့မဟုတ် နှစ်ခုအထိဖြစ်နိုင်ဖို့ ကြိုးပမ်းနေပြီး ဒါကလည်း နောက်လာမယ့် ရွေးကောက်ပွဲအတွက် အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့အတွက်ဖြစ်တယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီခေါင်းဆောင် မနမ်တူးဂျာက ဆိုပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကချင်ပါတီတွေကွဲပြားနေခြင်းကြောင့် ရရှိခဲ့တဲ့အကျိုးရလာဒ်ကို ကောင်းကောင်းကြီး သိရှိခဲ့ရပြီဖြစ်ပေမယ့် ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားပါတီတွေ ပူးပေါင်းရေးလုပ်ဆောင်ခဲ့တာ ရခိုင်ပါတီတစ်ခုတည်းသာ ရှိခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲရလာဒ်ကို သိရှိပြီးနောက် တိုင်းရင်းသားပါတီအချို့လည်း အံသြမှင်သက်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီအပြင် သူတို့တွေ ပူးပေါင်းနိုင်ရေးဆောင်ရွက်ရာမှာ မအောင်မြင်ခဲ့မှုတွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲတာအပြင် ကွဲပြားတဲ့ လူမှုရေးဆိုင်ရာ နောက်ခံအကြောင်းတရားတွေ ရှိနေတာကလည်း အခက်အခဲ အဖြစ်ရှိနေတယ်လို့ သုံးသပ်ကြပါတယ်။

“တိုင်းရင်းသားပါတီတွေက ပူးပေါင်းသင့်ပေမယ့် ကွဲပြဲနေကြတယ်။ ဘာလို့လဲဆိုတော့ ပုဂ္ဂိုလ်ရေးကွဲပြားမှု၊ တစ်ချို့တွေက အင်န်အယ်လ်ဒီဘက်ပါတာ။ တစ်ချို့က ပြည်ခိုင်ဖြိုးဖက် ပါတာတွေကြောင့်လည်း ပေါင်းဖို့ ခက်ခဲနေတယ်” လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်အဖြစ် ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံခဲ့ရသူ ဦးရဲထွန်းက ဆိုပါတယ်။

ပါတီတွေပူးပေါင်းရာမှာ တိုင်းရင်းသားတွေအကြား ခေါင်းဆောင်မှု၊ တာဝန်ယူမှု တာဝန်ခံမှု ခွဲခြား သက်မှတ်နိုင်ရေး၊ ခေါင်းဆောင်နှစ်ဦးပေါင်းပြီး တစ်ဦးရွေးချယ်နိုင်ရေးစတာတွေက ပြဿနာအဖြစ် ရှိနေပါတယ်။

“တိုင်းရင်းသားနိုင်ငံရေးသမားတွေက အားလုံး ငါသိငါတက်ဖြစ်နေတာရယ်၊ သူရဲကောင်း ဖြစ်ချင်နေကြတာတွေ၊ အားလုံး သူတို့လုပ်နိုင်တယ်လို့ တွေးနေကြတယ်” လို့ ဦးရဲထွန်းကဆိုပါတယ်။

ပူးပေါင်းဖွဲ့စည်းဆောင်ရွက်ပေမယ့်လည်း ရွေးကောက်ပွဲအောင်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းတော့ မဟုတ်ပါဘူး။ တိုင်းရင်းသားပါတီတွေအနေနဲ့ ဖက်ဒရယ်နဲ့ ဗဟိုချုပ်ကိုင်မှုလျော့ချရေးဆိုတာထက် မဲဆန္ဒရှင်တွေနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ အကြောင်းအရာတွေအပေါ် အဓိက စဉ်းစားသင့်တဲ့အပြင် တကယ်ထိရောက်တဲ့ ဆောင်ရွက်မှုတွေနဲ့ ဆောင်ရွက်သင့်တယ်လို့ သူကအကြံပြုပါတယ်။

“တစ်ကယ့်လက်တွေ့မှာ ပြည်သူတွေအတွက် ထိရောက်တဲ့ လက်တွေ့ဆောင်ရွက်ချက်တွေ လုပ်သင့်တယ်။ အဲဒီဟာတွေပြီးမှ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဆိုတဲ့ အကြောင်းအရာမျိုးတွေကို အာရုံစိုက်သင့်တယ်။ ဒါကလည်း အရေးကြီးတယ်”လို့ ဦးရဲထွန်းက အကြံပြုပါတယ်။

ကိုယ့်ဒေသအတွင်းက ပါတီငယ်လေးတွေထက် တစ်နိုင်ငံလုံးနီးပါး ကိုယ်စားပြု ဆောင်ရွက်နိုင်တဲ့ ပါတီတွေကို မဲဆန္ဒရှင်တွေက ပိုမိုပြီးအားကိုးတဲ့ နိုင်ငံရေးပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုကနေလည်း ပါတီကြီးတွေက လွှမ်းမိုးအနိုင်ရရှိမှုတွေ ရနိုင်တယ်လို့ မနမ်တူးဂျာကဆိုပါတယ်။

“တိုင်းရင်းသားတွေကော၊ နိုင်ငံသားအားလုံးက အာဏာရှင်ကနေပြီး ပြောင်းလဲနိုင်မယ့် အရာတစ်ခုကိုလိုချင်တဲ့အတွက် အန်င်အယ်ဒီကို မဲပေးခဲ့ကြတယ်” လို့ သူကဆိုပါတယ။်

မြန်မာ့နိုင်ငံရေး သုတေသနပြုသူ ဘာတေးလင့်တနာက “မဲဆန္ဒရှင်အများစုက အင်န်အယ်လ်ဒီကို မဲပေးခဲ့ကြတယ်။ ဒါပေမယ့် သူတို့က အင်န်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်တာထက် အုပ်ချုပ်သူဟောင်းဖြစ်တဲ့ ပြည်ခိုင်ဖြိုးကို မလိုလားတာကြောင့်ပဲ” လို့သူကဆိုပါတယ်။

ဒီရွေးကောက်ပွဲပြီးတုန်းက တိုင်းရင်းသားမဲဆန္ဒရှင်တွေက သူတို့တိုင်းရင်းသားပါတီတွေကို မဲပေးတာက ထိရောက်တဲ့ မဲတွေမဖြစ်ခဲ့ဘူးလို့ ပြောကြောင်း ဘာတေးလင့်တနာက ဆိုပါတယ်။

နိုင်ငံရေးလေ့လာစောင့်ကြည့်သူနဲ့ တိုင်းရင်းသားနိုင်ငံရေးသမားတွေကတော့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ရင် တိုင်းရင်းသားပါတီတွေရဲ့  စွမ်းဆောင်နိုင်မှုကို အကဲဖြတ်နိုင်မယ်လို့ ဆိုကြပါတယ်။

အင်န်အယ်လ်ဒီက ရွေးကောက်ပွဲအနိုင်ရရှိပြီး ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တွေ့မှာ ပါတီဝင်တွေထဲက အစိုးရအဖွဲ့ဝင်တွေအဖြစ် ရွေးချယ်ခဲ့တာတွေရှိခဲ့လို့ လွှတ်တော်တွေအတွင်းက လစ်လပ်နေတဲ့ ကိုယ်စားလှယ်နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ရွေးကောက်ပွဲအပြီး တစ်နှစ်သို့မဟုတ် ခြောက်လအတွင်း ကျင်းပပေးရဦးမှာပါ။

အထူးသဖြင့် တပ်ပေါင်းစုပါတီတွေလုပ်နိုင်ရင် ကြားဖြတ်ရွေးကောက်ပွဲက တိုင်းရင်းသားတွေအတွက် အသုံးတည့်မယ့် စမ်းသပ်မှုတစ်ခုဖြစ်မယ်လို့ မန်းအောင်ပြည်စိုးကဆိုပါတယ်။

“ကျွန်တော်တို့ ကြားဖြတ်ရွေးကောက်ပွဲကနေ ရလာတဲ့ရလာဒ်ကိုအခြေခံပြီး ဘယ်လိုကောင်းအောင် လုပ်မလဲလို့ သိနိုင်မယ်။ ကြားဖြတ်ရွေးကောက်ပွဲကလည်း နောင်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ချိန်ဆနိုင်မယ့် စမ်းသပ်မှုတစ်ခု ဖြစ်မယ်။ ဒါပေမယ့် ပူးပေါင်းဆောင်ရွက်ဖို့တော့ လိုမယ်” လို့သူကဆိုပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.