၂၀၁၆၊ ဖေဖော်ဝါရီ၈ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တက်ရောက်လာကြသည့် အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်များကို မြင်တွေ့ရစဉ်။ (အင်န်ဝေါင် | ဖရွန်းတီးယားမြန်မာ)

လွှတ်တော်သစ်အတွက် ခက်ခဲသောနေ့ရက်များ

နေပြည်တော်မှာ လွှတ်တော်အသစ်တစ်ခု မကြာမီရက်ပိုင်းအတွင်း စတင်ပါတော့မယ်။ ပထမဆုံးနေ့အစည်းအဝေးအတွက် လွန်ခဲ့တဲ့ငါးနှစ်ကစိတ်လှုပ်ရှားမှုမျိုး အမတ်တော်တော်များများမှာ မရှိတော့ပါဘူး။ ရွေးကောက်ပွဲရလဒ်အပေါ် တပ်မတော်ရဲ့စွပ်စွဲမှု၊ ပြင်းထန်တဲ့သတိပေးချက်တွေရှိပေမဲ့ ကျင်းပမယ့် အစည်းအဝေးအပေါ် အနှောက်အယှက်မဖြစ်စေနိုင်ဘူးလို့ အင်န်အယ်လ်ဒီလွှတ်တော်အမတ်တွေက ယုံကြည်နေကြပါတယ်။

အိအိတိုးလွင် ရေးသားသည်။

ဖေဖော်ဝါရီပထမအပတ် ပြည်ထောင်စုအဆင့်လွှတ်တော်အစည်းအဝေးသစ်တွေကျင်းပတဲ့အခါ ခုံတန်းရှည်တွေမှာ အကျွမ်းတဝင်ရှိတဲ့ မျက်နှာတွေနဲ့ပဲပြည့်လို့နေမှာပါ။၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်န်အယ်လ်ဒီ)က ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ၈ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း ပြည်ထောင်စုလွှတ်တော်မှာ ၃၉၆ နေရာထပ်မံအနိုင်ရခဲ့ပြန်ပါတယ်။ ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ၅၉ဒသမ၆၄ ရာခိုင်နှုန်းကို အင်န်အယ်လ်ဒီကပဲ ဆက်လက်ဦးဆောင်မှာဖြစ်ပါတယ်။

၂၀၁၆၊ ဖေဖော်ဝါရီ၁ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပင်နီတိုက်ပုံဝတ်ထားတဲ့ ကိုယ်စားလှယ်တွေကို အစုလိုက် မြင်ရချိန်မှာ နှစ်ပေါင်း၃၀နီးပါး အဆင်းရဲခံလှုပ်ရှားခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးဟာ ဒီနေ့တော့ အကောင်အထည် ပေါ်ခဲ့ပြီဆိုတဲ့အတွေးနဲ့ ပီတိမျက်ရည်ကျခဲ့ရတယ်လို့ အင်န်အယ်လ်ဒီပါတီရဲ့ နာယက ဦးဝင်းထိန်က “သံသရာတစ်ကွေ့”ဆိုတဲ့ စာအုပ်မှာ သူ့ရဲ့ခံစားချက်ကို ပြန်လည်ရေးပြခဲ့ဖူးပါတယ်။

အဲဒီအချိန်တုန်းက ဦးဝင်းထိန်တင်မကပါဘူး၊ အခြားသော အင်န်အယ်လ်ဒီအမတ်တွေကလည်း ပင်နီရောင်လွှမ်းခြုံထားတဲ့လွှတ်တော်ကို မြင်ရတဲ့အခါ ဝမ်းသာပီတိအပြည့်နဲ့ စိတ်လှုပ်ရှားမှုတွေရှိခဲ့တာကို ပြောပြခဲ့ဖူးပါတယ်။

ဒါပေမဲ့ ငါးနှစ်တာကာလကိုဖြတ်သန်းပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ စိတ်ခံစားမှုတွေလည်း ပြောင်းလဲသွားပါပြီ။ အင်န်အယ်လ်ဒီရဲ့ ဒုတိယအကြိမ်အောင်ပွဲဟာ ပထမအကြိမ်လောက်တော့ ရင်ခုန်စရာမကောင်းတော့ဘူး။ ပြည်ထောင်စုလွှတ်တော်ရဲ့ အနိုင်ရအမတ် ၃၉၆ ဦးမှာ အများစုက ထပ်မံရွေးကောက်ခံရတဲ့အမတ်တွေဖြစ်ပြီး ၁၂၈ဦးသာ ပထမဆုံးရွေးကောက်ခံအမတ်သစ်တွေဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ထပ်မံရွေးကောက်ခံရတဲ့ ဒေါ်သန္တာက လွှတ်တော်ပထမနေ့အတွက် စိတ်လှုပ်ရှားရမယ့်အစား အရင်လွှတ်တော်သက်တမ်းက မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေနဲ့ လွှတ်တော်အသစ်တက်ရောက်ရမယ့် အစီအစဉ်တွေမှာ ဗျာများနေရပါတယ်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရေးလုပ်ငန်းတွေမှာ စောင့်ကြည့်ရေးအနေနဲ့ အမတ်တွေက ပါဝင်နေရတယ်။ တစ်ဘက်မှာလည်း လွှတ်တော်အသစ်တက်ရဖို့ရှိတော့ အလုပ်တွေနဲ့ ပိသလို ဖြစ်နေတာပေါ့”လို့ ဒေါ်သန္တာက ပြောပါတယ်။

ငါးနှစ်တာကာလအတွင်း အမတ်တစ်ယောက်အနေနဲ့ ကိုယ့်မဲဆန္ဒနယ်အတွက် တတ်နိုင်သလောက်လုပ်ပေးခဲ့ပေမဲ့ အပြည့်အဝမလုပ်ပေးနိုင်သေးတာကိုတော့ သူကဝန်ခံပါတယ်။

“ကျွန်မတို့ဘက်မှာက လယ်မြေပြဿနာတွေအရမ်းများတယ်။ အစိုးရကတော့ ပြုပြင်ပြောင်းလဲရေးတွေလုပ်တယ်။ အောက်ခြေဌာနတွေက အခုထိ မပြောင်းလဲသေးတာမျိုးတွေရှိတော့ တစ်ခါတစ်လေလုပ်ရကိုင်ရတာ ခရီးမရောက်တာမျိုး ရှိတာပေါ့။ ကျွန်မဒေသကလူတွေအတွက် ဆက်လုပ်ခွင့်ရတာကိုတော့ ဝမ်းသာပါတယ်”လို့ ဒေါ်သန္တာကပြောပါတယ်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုကတော့ လွန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်း သူ့ရဲ့လုပ်ဆောင်ချက်တွေအပေါ် အားမရဖြစ်နေသူပါ။ လွှတ်တော်ထဲမရောက်ခင်တုန်းက သူဟာ မဲဆန္ဒနယ်တိုးတက်ရေးအတွက် စိတ်ကူးတွေ၊ အစီအစဉ်တွေအပြည့်နဲ့ပါ။

“လွှတ်တော်ထဲ မရောက်ခင်ကတော့ ဘာလုပ်ရမလဲဆိုတာကို စဉ်းစားရတာပေါ့။ စိတ်လှုပ်ရှားမှုကတော့ အပြည့်ပဲ။ တခြားသူတွေဆီကနေသင်ယူဖို့ စိတ်အားထက်သန်ခဲ့တာ။ ပထမပိုင်းနှစ်တွေမှာတော့ မေးခွန်းတွေတော်တော်မေးရတယ်။ နောက်ပိုင်း မေးတဲ့သူက များလာတော့ အစည်းအဝေးတစ်ခုမှာ ကိုယ့်မေးခွန်းက တစ်ခုလောက်ပဲ ပါတာမျိုးတွေဖြစ်လာတယ်”လို့ ဦးခင်ချိုက ငါးနှစ်တာကာလ သူ့အတွေ့အကြုံကို ပြန်လည်မျှဝေပါတယ်။

ဥပဒေအရ လွှတ်တော်ပုံမှန်အစည်းအဝေးတစ်ခုမှာ အမတ်တစ်ဦးက မေးခွန်းငါးခုသာ မေးခွင့်ရတာပါ။ အများစုကတော့ အချိန်ကာလအကန့်အသတ်ကြောင့် ငါးခုပြည့်အောင်မေးခွင့်မရခဲ့ပါဘူး။ အများအားဖြင့် တစ်ခု၊ နှစ်ခုလောက်သာမေးခွင့်ရတာပါ။

လာမယ့်လွှတ်တော်အစည်းအဝေးမှာ ဦးစားပေးတင်ပြဖို့ စဉ်းစားထားတဲ့အကြောင်းအရာကတော့ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေးနဲ့ ပတ်သက်တဲ့မေးခွန်းနဲ့ အဆိုတွေဖြစ်နိုင်တယ်လို့ ဉီးခင်ချိုကပြောပါတယ်။

“ကျွန်တော့်ဒေသမှာ အလုပ်မရှိတဲ့ သူတွေတော်တော်များတယ်ဗျ။ အလုပ်မရှိတော့ ဝင်ငွေမရှိဘူးပေါ့ဗျာ။ ဆင်းရဲတာပေါ့။ လူတိုင်းအလုပ်ရဖို့ လိုတယ်လေ။ ဒီကိစ္စကိုတော့ ကျွန်တော်ဆက်လုပ်သွားမှာ”လို့ ဦးခင်ချိုကပြောပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းမှာလည်း စီးပွားရေးဇုန်တွေကို မြန်မြန်အကောင်အထည်ဖော်ပြီး လူထုကို အလုပ်အကိုင်၊ အခွင့်အလမ်းတွေဖန်တီးပေးဖို့ အစိုးရကိုတိုက်တွန်းကြောင်း အဆိုတင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အဆိုဟာ မအောင်မြင်ခဲ့ဘဲ လွှတ်တော်မှာ မှတ်တမ်းတင်နိုင်တဲ့အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဒေါ်သန္တာနှင့်ဦးခင်ချိုတို့လို ကိုယ့်ကိုယ် အားမလိုအားမရဖြစ်သူတွေရှိသလို တစ်ဘက်မှာ လွှတ်တော်တက်ဖို့ အကောင်းမြင်စိတ်အပြည့်နဲ့ စိတ်အားထက်သန်နေတဲ့ လွှတ်တော်အမတ်သစ်တွေလည်းရှိပါသေးတယ်။

လွန်ခဲ့တဲ့နှစ်နှစ်က ချင်းပြည်နယ်ကလာပြီး နေပြည်တော်မှာကျင်းပတဲ့ လွှတ်တော်အစည်းအဝေးကို လေ့လာခွင့်ရခဲ့တဲ့ ဉီးတီးလ်လိန်းတစ်ယောက် တစ်နေ့မှာ လွှတ်တော်အစည်းအဝေးတက်ပြီး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆွေးနွေးခွင့်ရတဲ့သူဖြစ်ဖို့ အမြဲစိတ်ကူးယဉ်ခဲ့သူပါ။

အခုတော့သူ့အိမ်မက်ကတစ်ကယ်ဖြစ်လာပါပြီ။ ၂၀၂၀ရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်အမတ်တစ်ယောက်အဖြစ် ဖေဖော်ဝါရီ ၁ ရက်မှာ လွှတ်တော်တက်ခွင့်ရတော့မှာပါ။

“စိတ်လှုပ်ရှားမှုတော့ အပြည့်ပေါ့ဗျာ။ သင်ယူစရာတွေလည်းအများကြီးပဲ။ အဓိက,ကတော့ ချင်းပြည်နယ်တိုးတက်ရေး၊ ကိုယ့်ဒေသတိုးတက်ရေးအတွက် ဉီးစားပေးလုပ်ရမှာပေါ့”လို့ ဦးတီးလ်လိန်းက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်အမှတ်(၁၀)ကို ကိုယ်စားပြုမယ့် ဉီးညီညီလွင်အတွက် စိတ်လှုပ်ရှားဖို့အကောင်းဆုံးအချိန်ကတော့ နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲမှာ အရင်ကရှုံးနိမ့်ခဲ့တဲ့ နေရာတွေမှာ အင်န်အယ်လ်ဒီက ပြန်လည်အနိုင်ပိုင်းလိုက်ခြင်းပါပဲ။

“အဲဒီအချိန်ကတော့ တစ်ကယ်စိတ်လှုပ်ရှားတာပေါ့ဗျာ။ လွှတ်တော်တက်ဖို့ကတော့ ထွေထွေထူးထူး ခံစားချက်ဘာမှမရှိပါဘူး။ အခုက လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ အစိုးရဖွဲ့ဖို့ပဲဆိုတော့ သိပ်ထူးထူးခြားမရှိပါဘူး”လို့ ဉီးညီညီလွင်ကပြောပါတယ်။

လွှတ်တော်အမတ်တစ်ယောက်အနေနဲ့ ဉီးစားပေးလုပ်ပေးချင်တာကတော့ သူ့မဲဆန္ဒနယ်ထဲက ဒေသခံ တောင်သူလယ်သမားတွေရဲ့ ဘဝတိုးတက်ရေးလို့ သူကဆိုပါတယ်။

“တောင်သူတွေမှာ ခုထိအခက်အခဲတွေအများကြီးပဲ”လို့ သူရဲ့အမြင်ကို ပြောပါတယ်။

လွှတ်တော်အမတ်တွေလတ်တလော စိတ်အနှောက်အယှက်ဖြစ်ရတဲ့ အကြောင်းအရာကတော့ ရွေးကောက်ပွဲအရှုံးကြီးရှုံးခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ သူ့မဟာမိတ်ပါတီတွေရဲ့ ရွေးကောက်ပွဲလုပ်ငန်းအပေါ် မကျေလည်မှုနဲ့ စွပ်စွဲချက်တွေပဲဖြစ်ပါတယ်။

အလားတူတပ်မတော်ဘက်ကလည်း မဲဆန္ဒရှင်စာရင်းမှာ မသင်္ကာစရာအချက်အလက်တွေပါတယ် ဆိုပြီး မဲမသမာမှုဖြစ်နိုင်တဲ့စာရင်းတွေကို တောက်လျှောက်ထုတ်ပြန်နေပါတယ်။ ဒါ့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရကိုလည်း ဒီကိစ္စတွေနဲ့ပတ်သက်လို့ ဖြေရှင်းပေးဖို့ တောင်းဆိုနေပါတယ်။

ဇန်နဝါရီ၂၈ရက်အထိ ထုတ်ပြန်ချက်အရ သံသယဖြစ်စရာကောင်းတဲ့ မဲစာရင်း ၁၀သန်းကျော်ရှိတယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်းမှားရုံနဲ့ မဲမသမာမှုမဖြစ်နိုင်ကြောင်း ကြေညာချက်ထုတ်ပြီး ငြင်းဆိုထားပါတယ်။ မဲစာရင်းမှာ အမှားအယွင်းရှိနိုင်ခဲ့ပေမဲ့ ရွေးကောက်ပွဲနေ့မှာ လူတစ်ယောက်က အကြိမ်ကြိမ်မဲပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ကော်မရှင်က တုံ့ပြန်ထားပါတယ်။

“ကျွန်တော်တို့ စိတ်ထဲမထားပါဘူး”

တပ်မတော်၊ ပြည်ခိုင်ဖြိုးနဲ့ တခြားအတိုက်အခံပါတီတွေက အမတ်၂၀၀ကျော်ဟာ သူတို့ သံသယရှိနေတဲ့ ရွေးကောက်ပွဲမဲရလဒ်ကို ဆွေးနွေးနိုင်ဖို့ ဒုတိယအကြိမ်သက်တမ်းမကုန်ခင် (ဇန်နဝါရီလကုန်မတိုင်မီ) ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူပေးဖို့ ဇန်နဝါရီ၁၁ရက်က လွှတ်တော်နာယကဦးတီခွန်မြတ်ဆီကို စာပို့တောင်းဆိုခဲ့ပါတယ်။

လွှတ်တော်အမတ် ၆၆၄ ဦးအနက် အနည်းဆုံးလေးပုံတစ်ပုံက တောင်းဆိုရင် အထူးအစည်းအဝေးကို ကျင်းပရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကဆိုထားပေမဲ့ လွှတ်တော်နာယက,က အစည်းအဝေးခေါ်ပေးဖို့ ငြင်းဆန်လိုက်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုတွေကို ကိုင်တွယ်ဖို့ဆိုတာ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ထက်ကျော်လွန်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်က နောက်ဆုံးအပြီးအပြတ်ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးနဲ့တပ်မတော်ရဲ့ တိုင်ကြားချက်တွေကို ကော်မရှင်ကခန့်အပ်ထားတဲ့ ခုံရုံးတွေမှာ တရားဝင်လက်ခံဆွေးနွေးဖို့ပဲ ရှိပါတော့တယ်။ အငြင်းပွားမှုတွေကို မကြာခင်ကြားနာတော့မှာဖြစ်တာကြောင့် ဆုံးဖြတ်ချက်အပေါ် ဝေဖန်ငြင်းခုံမှုတွေကလည်းရှိလာမှာ မလွဲမသွေပါပဲ။ ကော်မရှင်ရဲ့တရားဝင်ထုတ်ပြန်ချက်အရ လက်ခံထားတဲ့ ကန့်ကွက်လွှာအမှုပေါင်း ၂၈၇မှုရှိနေပါတယ်။

သူတို့ရဲ့ တောင်းဆိုချက်ကို လက်မခံတဲ့အခါ တပ်မတော်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုသလို ပုံဖော်တယ်လို့ ထပ်မံစွပ်စွဲလာပါတယ်။ ဇန်နဝါရီ၂၀ရက်ထုတ် ကြေငြာချက်မှာ “တပ်မတော်သည်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည်”လို့ ဖော်ပြထားတဲ့ အခြေခံဥပဒေပုဒ်မ၂၀(စ)ကို မီးမောင်းထိုးပြခဲ့ပါတယ်။ တပ်မတော်က ရွေးကောက်ပွဲရလဒ်အပေါ် သူတို့ရဲ့ပါဝင်ပတ်သက်မှုကို တရားဝင်ဖြစ်စေဖို့ အခြေခံဥပဒေကို ကိုးကားလိုက်တာပါ။ ဒါ့ပြင် အခြေခံဥပဒေကိုမလိုက်နာရင် ဖျက်ပစ်ရမယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုသီတင်းပတ်မှာ ပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ခံအမတ်၃၃ ဦး လွှတ်တော်အစည်းအဝေးတက်၊ မတက်ဆိုတာနဲ့ ပတ်သက်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ယတိပြတ်အဖြေတစ်ခု မပေးသေးပါဘူး။ “ကျွန်တော်တို့ စဉ်းစားနေတုန်းပါပဲ”လို့သာ သူက တုံ့ပြန်ခဲ့ပါတယ်။

ဘယ်လိုပဲဆိုပါစေ အင်န်အယ်လ်ဒီခေါင်းဆောင်ပိုင်းနဲ့ အနိုင်ရအမတ်တွေကတော့ လွှတ်တော်အသစ်ကို စီစဉ်ထားတဲ့အတိုင်းကျင်းပနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ အခြေခံဥပဒေပုဒ်မ၈၅အရ ပထမဆုံးကျင်းပတဲ့လွှတ်အစည်းအဝေးကို တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ထက်ဝက်ကျော်တက်ရင် အထမြောက်တယ်လို့ ပြဋ္ဌာန်းထားတာကြောင့် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးတို့က သပိတ်မှောက်တဲ့တိုင် လွတ်တော်အစည်းအဝေးက တရားဝင်နိုင်ပါသေးတယ်။ ဒါပေမဲ့ ဒီအခြေအနေက မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ရှေ့ဆက်နိုင်ဖို့ကောင်းတဲ့အလားအလာမဟုတ်ဘူးဆိုတာ အင်န်အယ်လ်ဒီက နားလည်သဘောပေါက်ထားပါတယ်။

ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဒေါက်တာမျိုးညွန့်က လွှတ်တော်အစည်းအဝေးကျင်းပဖို့နဲ့ပတ်သတ်ပြီး “ ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ပတ်သက်လို့ထုတ်ပြန်ကြေငြာချက်တွေ၊ ပြောဆိုချက်တွေကတော့ သူတို့(တပ်မတော်နှင့်ပြည်ခိုင်ဖြိုးပါတီ)သဘောထားပါ။ ကျွန်တော်တို့က ဥပဒေအတိုင်း လုပ်နေတာကြောင့် ဘာမှမှတ်ချက်မပေးချင်ပါဘူး”လို့ ဒေါက်တာမျိုးညွန့်က တုံ့ပြန်ပါတယ်။

ရွေးကောက်ပွဲအောင်ပွဲရဲ့ တရားဝင်မှုအပေါ် ဝေဖန်မှုတွေကို တုံ့ပြန်မယ့်အစား အင်န်အယ်လ်ဒီပါတီကတော့ လွှတ်တော်သစ်စတဲ့အခါ ရွေးကောက်တင်မြှောက်မယ့် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌရွေးချယ်ရေးနဲ့ အစိုးရသစ်ဖွဲ့နိုင်ရေးအတွက်သာ အလုပ်များနေခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ပါတီက အမည်စာရင်းတင်သွင်းမယ့် လွှတ်တော်ဥက္ကဋ္ဌလောင်းတွေကိုရွေးချယ်ထားပြီးဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ နာမည်တွေကိုတော့သူက ထုတ်မပြောပါဘူး။

“စီအီးစီတွေဆီမှာပဲ (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ) စာရင်းတွေက သိမ်းထားတာပါ။ ရွေးထားတဲ့သူတွေကိုတောင် ကျွန်တော်တို့ အသိမပေးပါဘူး။ နောက်ဆုံးအချိန်အထိ အပြောင်းအလဲဆိုတာရှိနိုင်လို့ပါ”လို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်းကိုယ်စားလှယ်လောင်းတွေရဲ့ စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်ခဲ့ပြီး လွှတ်တော်ကို ထိန်းကျောင်းနိုင်မယ့်သူတွေကိုရွေးချယ်ထားတယ်လို့ သူကပြောပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကိုလည်း ရွေးချယ်ထားပြီးဖြစ်ပေမဲ့ နာမည်တွေကိုတော့ လျို့ဝှက်ထားဆဲပါပဲ။

၂၀၁၆တုန်းက အင်န်အယ်လ်ဒီဟာ လွှတ်တော်အမတ်နေရာအများစုကို အနိုင်ရခဲ့ပေမဲ့ လွှတ်တော်ဒုဥက္ကဋ္ဌနေရာတွေကိုတော့ တခြားပါတီတွေက အနိုင်ရအမတ်တွေကို နေရာပေးခဲ့ပါတယ်။ မကြာမီကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ ပါတီကအဆိုပြုမယ့် ဥက္ကဋ္ဌလောင်းတွေထဲမှာ ပါတီကလူတွေပါလာမလား၊ တိုင်းရင်းသားတွေပါလားမလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဉီးမှာပါ။

မတ်လအတွင်းဖြစ်လာမယ်လို့မျှော်လင့်ရတဲ့ လွှတ်တော်အတွင်းက သမ္မတနဲ့ ဒုတိယသမ္မတနှစ်ဦး ရွေးကောက်တင်မြှောက်ခြင်းအပြင် အင်န်အယ်လ်ဒီရဲ့ နောက်ထပ်ထိပ်တန်း အစီအစဉ်တစ်ခုကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအနာဂတ်ပဲ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဖြစ်ခွင့်မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆၊ ဧပြီအစောပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။ အဲဒီရာထူးအတွက် ရေးဆွဲတဲ့ဥပဒေဟာ အမျိုးသားလွှတ်တော်မှာ အင်န်အယ်လ်ဒီက ပထမဆုံးတင်သွင်းတဲ့ ဥပဒေကြမ်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမဲ့ ဥပဒေအရ ရာထူးသက်တမ်းက လက်ရှိအစိုးရသက်တမ်းအထိပဲဖြစ်တာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ဆက်လက်ရယူနိုင်ဖို့ဆိုရင် လွှတ်တော်သစ်စပြီး သိပ်မကြာခင် သက်တမ်းတိုးရဖို့ရှိနေပါတယ်။ သက်တမ်းတိုးဖို့ ပါတီရဲ့ကြိုးပမ်းချက်တွေကို တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးအမတ်တွေက မလွဲမသွေကန့်ကွက်မယ့် အခြေအနေရှိနေပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ် ဒေါက်တာရန်မျိုးသိန်းက လွှတ်တော်တတိယသက်တမ်းမှာ အင်န်အယ်လ်ဒီ၊ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးတို့ကြား အခြေအနေတင်းမာမှုတွေနဲ့ ထိပ်တိုက်တွေ့မှုတွေဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အခြေအနေတွေကို ဘယ်လောက်အတိုင်းအတာအထိ တည်ငြိမ်အောင်ထိန်းနိုင်မလဲ ဆိုတာကတော့ လွှတ်တော်ဥက္ကဋ္ဌတွေရဲ့ အရည်အချင်းပေါ်မှာ မူတည်ပါတယ်”လို့ သူက ပြောပါတယ်။

လွှတ်တော်ပြင်ပက မြန်မာ့နိုင်ငံရေးအခြေအနေတွေဟာ လွှတ်တော်တွင်းကို ရိုက်ခတ်လာနိုင်တာကြောင့် ဥပဒေပြုမဏ္ဍိုင်ကို ထိန်းကျောင်းမယ့် ဥက္ကဋ္ဌတွေမှာ ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအပြင် နိုင်ငံရေးကိုနားလည်တဲ့သူဖြစ်ဖို့လိုတယ်လို့ မြန်မာ့လွှတ်တော်တွေကို လေ့လာစောင့်ကြည့်တဲ့ ပွင့်လင်းမြန်မာလွှတ်တော်အဖွဲ့ အမှုဆောင်ဒါရိုက်တာဦးအေးကျော်က အကြံပြုပါတယ်။

“ဥပဒေတစ်ခုတည်းနားလည်ရုံနဲတော့ ဥက္ကဋ္ဌတစ်ယောက်က လာမယ့်လွှတ်တော်တွင်း အခြေအနေတွေကိုထိန်းကျောင်းဖို့ မဖြစ်နိုင်ဘူး။ နိုင်ငံရေးအရဩဇာရှိတဲ့သူ၊ မြန်မာ့နိုင်ငံရေး အခြေအနေကို သိနားလည်တဲ့သူ၊ အမတ်တွေကြားမှာ လေးစားခံရတဲ့သူဖြစ်ဖို့ အရမ်းအရေးကြီးတယ်”လို့ သူကပြောပါတယ်။

လွှတ်တော်အသစ်စဖို့ ရက်ပိုင်းမျှသာလိုတဲ့အချိန်မှာ ရွေးကောက်ပွဲဆိုင်ရာ စွပ်စွဲချက်တွေကို အရင်ဖြေရှင်းပြီးမှ လွှတ်တော်သစ်ကို စတင်ဖို့တောင်းဆိုမှုတွေကလည်း ရှိနေတုန်းပါပဲ။ လွှတ်တော်အစည်းအဝေးကျင်းပဖို့ရက် နီးကပ်လာတာနဲ့အမျှ ရွေးကောက်ပွဲရလဒ်အပေါ် အငြင်းပွားမှုတွေကို အကြောင်းပြုပြီး တပ်မတော်က အာဏာသိမ်းမယ်ဆိုတဲ့ သတင်းစကားတွေကလည်း လူထုကြားထဲပျံ့နှံ့နေပါတယ်။ အခြေအနေတွေကတော့ မသေချာ၊ မရေရာမှုတွေနဲ့ပါပဲ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.