ဆီးချို သွေးချို (ဝါ) ပုန်းကွယ်နေသော ကျန်းမာရေးအန္တရာယ်

မြန်မာနိုင်ငံ၏ ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်းမှာ အရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ်နေပြီး အထူးကုများကလည်း ဤပြဿနာရပ်ကို တိုက်ဖျက်ရန် ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစာများ စားသုံးကြရန်နှင့် ပုံမှန်လေ့ကျင့်ခန်းများ ပြုလုပ်ကြရန် တိုက်တွန်းလျက်ရှိသည်။ 

အိုလီဗာ ဆလိုး ရေးသားသည်။

“လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်တယ်လို့ ဆရာဝန်က ကျွန်တော့်ကို ပြောပေမဲ့ ကျွန်တော်ကတော့ မလုပ်ချင်ပါဘူး” ဟု ဦးအောင်ကျော်ဦးက မချိပြုံးပြုံးကာ Frontier ကို ပြောကြားသည်။ ယမန်နှစ် သြဂုတ်လအတွင်းက အသက် ၅၀ အရွယ် ဦးအောင်ကျော်ဦးမှာ ပုံမှန်ဆေးစစ်မှု တစ်ခု ခံယူအပြီး အမျိုးအစား၂ ဆီးချိုရောဂါ ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။ 

ဆရာဝန်က လေ့ကျင့်ခန်းလုပ်ရန် အကြံပြုချက်ကို လျစ်လျူရှုထားသော်လည်း ဦးအောင်ကျော်ဦးက အစားအသောက်များကို ပိုမိုသတိထား စားသောက်လာခဲ့သည်။ ချိုလွန်းသော အစားအစာများနှင့် ဂက်စ်ပါသည့် အချိုရည်များကို မစားမသောက်တော့ဘဲ ဆေးလိပ်ကိုလည်း ဖြတ်ပစ်လိုက်ပြီဖြစ်သည်။

မက်ဖော်မင် သောက်ဆေးကိုလည်း တစ်နေ့ နှစ်ကြိမ်နှုန်း သောက်သုံးလျက်ရှိသည်။

 “ဒါက စောစောစီးစီး စစ်ဆေးတွေ့ရှိမှု ဖြစ်တာကြောင့် ကျွန်တော့်ရဲ့ အစားအသောက်ကို သတိထားမယ်၊ ဆေးပုံမှန်သောက်မယ်ဆိုရင် ရောဂါ သက်သာလာနိုင်ပါတယ်လို့ ကျွန်တော့်ဆရာဝန်က ပြောထားပါတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန် ပန်းဘဲတန်းမြို့နယ်ရှိ အေးရိပ်သာဆေးခန်းတွင် ဆရာဝန်တစ်ဦးက လူနာတစ်ဦးကို စမ်းသပ်စစ်ဆေးနေစဉ်။ ဓာတ်ပုံ - အန်းဝမ်

ရန်ကုန် ပန်းဘဲတန်းမြို့နယ်ရှိ အေးရိပ်သာဆေးခန်းတွင် ဆရာဝန်တစ်ဦးက လူနာတစ်ဦးကို စမ်းသပ်စစ်ဆေးနေစဉ်။ ဓာတ်ပုံ – အန်းဝမ်

မြန်မာနိုင်ငံရှိ ဆီးချိုရောဂါဆိုင်ရာ သတိပေးချက်များမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့ဆီးချိုဖောင်ဒေးရှင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် မကူးစက်နိုင်သော ရောဂါများကို လေ့လာဆန်းစစ်မှု တစ်ရပ် ပြုလုပ်ခဲ့သည့် ၂၀၁၄ ခုနှစ်တွင် စတင်ထွက်ပေါ်လာခဲ့သည်။

မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် ဆီးချိုရောဂါ ဖြစ်ပွားခြင်းအတွက် ယေဘုယျ အညွှန်းကိန်း တစ်ရပ်ဖြစ်သော မြင့်မားသည့် သွေးချိုပါဝင်မှုနှုန်းမှာ ၁၀ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့သည်။ တနည်းအားဖြင့် လူပေါင်း ၅ သန်းကျော် ဆီးချိုရောဂါ ဖြစ်ပွားနေခြင်းပင် ဖြစ်သည်။ WHO ၏ အရှေ့တောင်အာရှဒေသရုံးက ပြုလုပ်ခဲ့သည့် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပျမ်းမျှဖြစ်ပွားနှုန်းမှာ ၈ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ပြီး ကမ္ဘာအနှံ့ ပျမ်းမျှနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။ 

ဆီးချိုရောဂါ အမျိုးအစား ၂ မှာ ကမ္ဘာတစ်လွှား ဖြစ်ပွားနေသည့် ဆီးချိုရောဂါအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်ရှိပြီး ၁၀ ရာခိုင်နှုန်းမှာ အမျိုးအစား ၁ ဖြစ်သည်ဟု WHO ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက Frontier ကို ပြောကြားသည်။

“အမျိုးအစား ၂ ဆီးချိုရောဂါတွေက ပန်ကရိယဆိုတဲ့ မုန့်ချိုအိတ်(pancreas) က အင်ဆူလင် ဟော်မုန်းဓာတ်ပမာဏကို အလုံအလောက် ထုတ်မပေးတဲ့အခါ၊ ဒါမှမဟုတ် ကိုယ်ခန္ဓာက သူကိုယ်တိုင် ထုတ်လုပ်တဲ့ အင်ဆူလင် ဟော်မုန်းဓာတ်ကို ထိထိရောက်ရောက် အသုံးမချတဲ့အခါမှာ ဖြစ်ပွားလာတာပါ။ အမျိုးအစား ၂ ဆီးချိုရောဂါက ကိုယ်အလေးချိန် ပုံမှန်ထက် ပိုများသူတွေ၊ ဒါမှမဟုတ် အဝလွန်တဲ့သူတွေမှာ ပိုပြီးအတွေ့ရများပါတယ်” ဟုလည်း ထိုပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

မြန်မာနိုင်ငံရှိ ဆီးချိုရောဂါသည် ၉၅ ရာခိုင်နှုန်းမှာ အမျိုးအစား ၂ ကို ခံစားနေကြရသူများ ဖြစ်သည်ဟု ရန်ကုန်မြို့မြောက်ဥက္ကလာပဆေးရုံရှိ ဆေးတက္ကသိုလ် အမှတ်၂ မှ ဆီးချိုနှင့် အန်ဒိုခရိုင်းဌာန Department of Diabetes and Endocrinology ၏ အကြီးအကဲဖြစ်သူ ဒေါက်တာကိုကိုက ပြောကြားသည်။

လမ်းဘေးဈေးဆိုင် တစ်ဆိုင်တွင် စီတန်းထားသည့် အချိုရည်များကို တွေ့ရစဉ်။ ဓာတ်ပုံ - အန်းဝမ်

လမ်းဘေးဈေးဆိုင် တစ်ဆိုင်တွင် စီတန်းထားသည့် အချိုရည်များကို တွေ့ရစဉ်။ ဓာတ်ပုံ – အန်းဝမ်

ဤဌာနကို ၂၀၁၂ ခုနှစ်တွင် ဖွင့်လှစ်လိုက်ရာ မြန်မာနိုင်ငံရှိ ပထမဆုံး အထူးဆီးချိုဗဟိုဌာန တစ်ခု ဖြစ်ခဲ့သည်။ ထို့နောက် အခြားဌာနနှစ်ခုကို ရန်ကုန်အထွေထွေဆေးရုံကြီးရှိ ဆေးတက္ကသိုလ် အမှတ် ၁ နှင့် မန္တလေးတို့တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် စစ်ဆေးတွေ့ရှိခဲ့သည့် ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိ ဖြစ်ပွားနှုန်းနှင့်နှိုင်းယှဉ်ပါက၂၀၀၃ ခုနှစ်တွင် ခြောက်ရာခိုင်နှုန်းခန့် တိုးမြင့်လာကြောင်း ဒေါက်တာဦးကိုကိုက ပြောကြားသည်။

“အတော်ကြီး မြန်မြန်ဆန်ဆန် တိုးလာနေတာပါ” ဟုလည်း ၎င်းက ဆိုသည်။ တိုးလာရသည့် အဓိက အကြောင်းရင်း တစ်ရပ်မှာ စားသုံးမှုပုံစံ ပြောင်းလဲလာခြင်းပင် ဖြစ်သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

“ကျေးရွာတွေမှာ နေထိုင်သူတွေက မြို့ကြီးတွေကို လာရောက်နေကြပြီး သူတို့ရဲ့ စားသောက်မှုပုံစံက ပြောင်းနေပါတယ်။ ခုဆိုရင် လူတွေရဲ့ အစားအသောက်တွေမှာ ကိုလက်စထရောဓာတ်တွေ ပိုမိုပါဝင်လာပါတယ်။ သူတို့က အသင့်စား အစားအစာတွေကို ပိုမိုစားသုံးလာနေသလို အမြုပ်ထတဲ့ အချိုရည်တွေကိုလည်း သောက်လာနေပါတယ်။ အထူးသဖြင့်တော့ လူငယ်တွေပေါ့ဗျာ။ ဒါကြောင့် ဒီအချက်က အဓိကစိန်ခေါ်မှု ဖြစ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်ဗဟိုစည်ဆေးရုံရှိ သွေးချိုနှင့်အန်ဒိုခရိုင်း အထူးကု ဒေါက်တာဒေါ်သန်းသန်းအေးကလည်း နေ့စဉ်စားသောက်သည့်ပုံစံ ပြောင်းလဲခြင်းမှာ ဆီးချိုပြဿနာရပ်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်ကို သဘောတူသော်လည်း ရိုးရာ အစားအသောက်ပုံစံများမှာလည်း အကျိုးသက်ရောက်မှု တစ်ခု ဖြစ်နေသေးသည်ဟု ပြောကြားသည်။

“အသင့်စား အစားအစာတွေနဲ့ ဂက်စ်ပါတဲ့ အချိုရည်တွေလို အရာတွေကြောင့် ဖြစ်ရတယ် ဆိုတာလည်း အမှန်ပါပဲ။ ဒါပေမဲ့ ကျေးလက်ဒေသတွေမှာလည်း ဆီးချိုရောဂါ တိုးမြင့်လာတာကို ကျွန်မတို့ မြင်တွေ့နေရပါတယ်” ဟု ဒေါ်သန်းသန်းအေးက ဆိုသည်။

“ဒီလို လူတွေက အသင့်စား အစားအစာတွေကို သုံးစွဲနိုင်ကြသူတွေ မဟုတ်ကြပေမဲ့ သူတို့မှာလည်း အန္တရာယ် ရှိနေပါတယ်။ သူတို့ရဲ့အစားအသောက်တွေထဲမှာ ပရိုတင်းဓာတ် အလုံအလောက် မပါလို့ပါ” ဟုလည်း ၎င်းက ဆိုသည်။ ဆန်၊ ငါးပိနှင့် အသီးအနှံများတွင် သကြား၊ သို့မဟုတ် ဆားဓာတ်ပါဝင်မှု မြင့်မားသည်ဟုလည်း ဖြည့်စွက်ပြောကြားသည်။

သို့သော် အစားအသောက်မှာ တစ်ခုတည်းသော အကြောင်းရင်းခံ မဟုတ်ပေ။

လေ့ကျင့်ခန်းလုပ်ရန် တွန့်ဆုတ်သူမှာ ဦးအောင်ကျော်ဦး တစ်ဦးတည်းတော့ မဟုတ်ပေ။ WHO စစ်တမ်းတွင် လူဦးရေ၏ ၁၆ ရာခိုင်နှုန်းမှာ အကြံပြုထားသော ကိုယ်ကာယလှုပ်ရှားမှုများ မပြုလုပ်ကြကြောင်း တွေ့ရှိခဲ့ရသည်။ အားကစားအတွက် အချိန်ပေးခြင်း နည်းပါးသော အနေအထားနှင့် လေ့ကျင့်ခန်းလုပ်ရန် အများပြည်သူပိုင် နေရာရှားပါးခြင်းတို့အရ ဤကိစ္စရပ်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ။

“အမျိုးအစား ၂ ဆီးချိုရောဂါကို ပုံမှန်အနေနဲ့ အသက် ၄၀ နောက်ပိုင်းမှာ တွေ့ရပါတယ်” ဟု WHO ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ “ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေရှိတဲ့ အန္တရာယ်ကို ရင်ဆိုင်နေရဆုံး အုပ်စုက အရွယ်ရောက်ပြီးသူတွေပဲ ဖြစ်ပါတယ်။ သူတို့က ကိုယ်အလေးချိန် ပုံမှန်ထက် ပိုနေသူတွေ၊ ဒါမှမဟုတ် အဝလွန်နေသူတွေ၊ ကိုယ်ကာယလှုပ်ရှားမှု မရှိတဲ့သူတွေ၊ အရက်နဲ့ ဆေးရွက်ကြီး သုံးစွဲတဲ့သူတွေ ဖြစ်ကြသလို ဆီးချိုရောဂါရှိတဲ့ မိသားစုက ပေါက်ဖွားလာသူတွေ ဖြစ်ကြပါတယ်” ဟုလည်း ၎င်းက ထပ်လောင်းပြောကြားသည်။ 

ရန်ကုန်မြို့လယ် လမ်းဘေးဈေးသည်တစ်ဦး ကြက်ကြော် ကြော်နေစဉ်။ ဓာတ်ပုံ - အန်းဝမ်

ရန်ကုန်မြို့လယ် လမ်းဘေးဈေးသည်တစ်ဦး ကြက်ကြော် ကြော်နေစဉ်။ ဓာတ်ပုံ – အန်းဝမ်

ရှုပ်ထွေးပွေလီမှုများ

WHO က ပြုစုသည့် ၂၀၁၆ ခုနှစ်၏ မြန်မာနိုင်ငံဆိုင်ရာ ဆီးချိုအကြောင်း တစ်စေ့တစ်စောင်းတွင် ဆီးချိုရောဂါမှာ သေဆုံးမှုများ၏ ၃ ရာခိုင်နှုန်းခန့် ရှိနေသည်ဟု ဆိုထားရာ ထိုပမာဏမှာ မှားယွင်းသည်ဟု ဦးကိုကိုက ဆိုလိုက်သည်။

“အမြင်အာရုံ ချို့ယွင်းမှု၊ လေသင်တုန်းရောဂါ၊ နှလုံးရောဂါ၊ ခြေထောက်တွေ ဖြတ်ပစ်ရတာနဲ့ ကျောက်ကပ် မကောင်းတာတွေ အပါအဝင် ဆီးချိုရောဂါနဲ့ပတ်သက်ပြီး ရှုပ်ထွေးပွေလီမှုတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါကြောင့် သေရတဲ့ပမာဏက နိမ့်ပါးတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ ဒါက လူသူသိရှိမှု နည်းပါးတဲ့ ရောဂါတစ်မျိုးပါ။ ဆီးချိုရောဂါရဲ့ အလွန်တရာ စိုးရိမ်ဖွယ်ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

စစ်အာဏာရှင် အုပ်စိုးစဉ်ကာလအတွင်း ကျန်းမာရေးအတွက် သုံးစွဲမှုမှာ ဦးစားပေး မခံခဲ့ရပေ။

အရှေ့တောင်အာရှမှ ကျန်းမာရေး အသုံးစရိတ် အနိမ့်ဆုံး နိုင်ငံများထဲ၌ ပါဝင်နေသေးသော်လည်း စစ်အုပ်ချုပ်ရေးမှ အသွင်မပြောင်းမီကာလ ၂၀၁၀-၁၁ ခုနှစ်တွင် ဂျီဒီပီ၏ ၁ ဒသမ ၀၃ ရာခိုင်နှုန်းမှ ၂၀၁၄-၁၅ ခုနှစ်တွင် ၃ ဒသမ ၃၈ ရာခိုင်နှုန်းသို့ တိုးမြင့်လာခဲ့သည်။

လက်ရှိအစိုးရသစ်က ဆီးချိုရောဂါနှင့် အခြားကျန်းမာရေး ပြဿနာရပ်များကို တိုက်ဖျက်ရန် ပိုမိုအလေးပေး ဆောင်ရွက်သွားမည်ဆိုသော လက္ခဏာများလည်း ရှိနေသည်။

“ကျန်းမာရေးဝန်ကြီးသစ်၊ ဒေါက်တာမြင့်ထွေးက ဒီနိုင်ငံထဲက ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါတို့အပေါ်မှာ အတော်လေး အလေးပေး ဆောင်ရွက်နေပါတယ်” ဟု ဦးကိုကိုက ဆိုသည်။ WHO ပြောခွင့်ရပုဂ္ဂိုလ်ကလည်း မြန်မာ့ကျန်းမာရေးကဏ္ဍက “အပြုသဘောဆောင်တဲ့ တိုးတက်မှုများစွာနဲ့ အသွင်ကူးပြောင်းမှုတွေကို ဆောင်ရွက်နေသလို” ဆီးချိုရောဂါကိုလည်း အများပြည်သူဆိုင်ရာ ကျန်းမာရေးပြဿနာရပ် တစ်ခုအဖြစ် အစိုးရသစ်က မီးမောင်းထိုးပြခဲ့ပြီး ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှာ ကူးစက်မှု မရှိသော ရောဂါများ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အစီအစဉ် (PEN) ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မှော်ဘီနှင့် လှည်းကူးမြို့များတွင် စတင်ဆောင်ရွက်ခဲ့သည်။ ဤအစီအစဉ်တွင် ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ကင်ဆာရောဂါတို့ကဲ့သို့ မကူးစက်နိုင်သော ရောဂါများကို စမ်းသပ်စစ်ဆေးခြင်းလည်း ပါဝင်နေသည်။ ဦးကိုကို၏ အဆိုအရ အလားတူ အစီအစဉ်ကို နောင်လာမည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံ မြို့ပေါင်း ၃၃၀ တွင် လက်တွေ့ဖော်ဆောင်ရန် စီစဉ်ခဲ့ပြီး ဖြစ်သည်။ 

အင်းလျားကန်ဘေးရှိ လူသူကင်းမဲ့နေသော လေ့ကျင့်ရေးကွင်း။ ဓာတ်ပုံ - အန်းဝမ်

အင်းလျားကန်ဘေးရှိ လူသူကင်းမဲ့နေသော လေ့ကျင့်ရေးကွင်း။ ဓာတ်ပုံ – အန်းဝမ်

ကြိုတင်ကာကွယ်ရေး အဓိကကျသည်

မြန်မာနိုင်ငံတွင် ဆီးချိုရောဂါ တိုက်ဖျက်ရန် အဓိက စိန်ခေါ်ချက်မှာ ဤရောဂါအကြောင်း အသိပညာ နည်းပါးနေခြင်းပင် ဖြစ်သည်ဟု WHO ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

“လူတော်တော်များများက သူတို့မှာ ဆီးချိုရောဂါ ရှိနေတယ်ဆိုတာကို သိကြပုံ မရပါဘူး” ဟု ၎င်းက ဆိုသည်။ “မှုန်ဝါးဝါး၊ ဒါမှမဟုတ် မထင်မရှားမြင်ရတာ၊ ပိုမိုပင်ပန်းနွမ်းနယ်လာတာနဲ့ ဆာလောင်မွတ်သိပ်တာ၊ မကြာခဏဆီးသွားတာနဲ့ မကြာခဏရေငတ်တာတို့လို ရောဂါလက္ခဏာရပ်တွေကို အချိန်ကြာမြင့်စွာ လျစ်လျူရှုလေ့ရှိပါတယ်။ စောစောစီးစီး စစ်ဆေးတွေ့ရှိတာက ကျန်းမာတဲ့ဘဝတစ်ခုနဲ့ နေထိုင်ဖို့အတွက် အရေးပါဆုံးပါ” ဟုလည်း ထိုပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ဒေါ်သန်းသန်းအေးကလည်း ဤအဆိုကို ထောက်ခံခဲ့သည်။ စောစီးစွာ ရောဂါရှာဖွေတွေ့ရှိခြင်းသည် နာတာရှည် ကုသရသည့်အပြင် ကုန်ကျစရိတ်လည်း များပြားသည့် ကုသမှုမျိုးထက် ပိုမိုသက်သာသည်ဟု ထပ်လောင်းရှင်းပြသည်။

နှစ်စဉ် နိုဝင်ဘာ ၁၄ ရက်၌ ကျင်းပသည့် ကမ္ဘာ့ဆီးချိုနေ့နှင့် နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုများအတွက် အစိုးရက အထောက်အပံ့ ပေးသော ဆောင်ရွက်မှုများမှာ ဤရောဂါဆိုင်ရာ သတိထား သိမြင်လာမှုကို မြှင့်တင်ရန် အထောက်အကူ ဖြစ်စေသည်ဟုလည်း ဒေါ်သန်းသန်းအေးက ဆိုသည်။

နောက်တစ်ဆင့်မှာ အသက် ၄၀ နှင့်အထက် ရှိသူတိုင်းအား မဖြစ်မနေ စမ်းသပ်စစ်ဆေးခြင်း ဖြစ်သင့်သည်ဟု ဦးကိုကိုက ဆိုသည်။

“ဆီးချိုရောဂါကို ကျွန်တော်တို့ ကြိုတင်ဟန့်တားနိုင်ပါ့မလားဆိုရင် ဖြစ်နိုင်ပါတယ်လို့ ဖြေရမှာပါ” ဟု ဦးကိုကိုက ဆိုသည်။ “ဒါက မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ကြောင့် ဖြစ်ရတာပါ။ မျိုးရိုးဗီဇကြောင့်ဆိုရင်တော့ ကျွန်တော်တို့က ထိန်းချုပ်လို့ မရပေမယ့် ပတ်ဝန်းကျင်ကြောင့်ဆိုရင်တော့ ကျွန်တော်တို့တွေ ထိန်းချုပ်နိုင်ပါတယ်။ လူတွေကို ကျွန်တော်တို့ အသိပေးနိုင်တာက သူတို့သာ လေ့ကျင့်ခန်းမလုပ်ရင်၊ အာဟာရနည်းတဲ့ အစားအစာကို စားသုံးရင်၊ ဂက်စ်ပါတဲ့ အချိုရည်တွေကို ဆက်သောက်နေရင် အန္တရာယ် ပိုရှိလာမယ် ဆိုတာပါပဲ။ သူတို့ရဲ့အပြုအမူတွေကို ပြောင်းလဲဖို့အတွက် လူတွေကို တိုက်တွန်းလှုံ့ဆော်ပေးဖို့ လိုအပ်ပါတယ်” ဟုလည်း ဖြည့်စွက်ပြောကြားသည်။  

အောင်မင်း ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ရန်ကုန်မြို့လယ် လမ်းဘေးဈေးသည်တစ်ဦး ကြက်ကြော် ကြော်နေစဉ်။ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာမှာ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်ပွားရခြင်း၏ အကြောင်းရင်း တစ်ခုမျှသာ ဖြစ်သည်။ ဓာတ်ပုံ – အန်းဝမ်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.