အတုအယောင် ဆေးဝါး၊ အတုအယောင် ဆေးခန်းနဲ့ ပျောက်စေဆရာတွေ

ကျန်းမာရေးစောင့်ရှောက်မှု အလွန်အမင်းညံ့ဖျင်းတဲ့ မြန်မာနိုင်ငံဟာ ပျောက်စေဆရာတွေ၊ အတုအယောင် ဆေးဝါးနဲ့ ဆေးခန်းအတွက် ဈေးကွက်တစ်ခု ဖြစ်နေပါတယ်။

ထွန်းခိုင် ရေးသားသည်။

လေးလလောက်ကြာမယ့် မုတ်သုန်ရာသီဥတုစတင်ရာ ဇွန်လဆန်းရဲ့ ညနေခင်းတစ်ခုမှာ ရုံးကနေ အိမ်ကို ပြန်ဖို့အတွက် ကျွန်တော်ဟာ ဘတ်စ်ကားတစီးပေါ်ကို တက်ခဲ့ပါတယ်။

ရာသီဥတုသာယာတဲ့ ပြီးခဲ့တဲ့ တစ်နွေလုံးမှာ စက်ဘီးနဲ့ ရထားကိုသာ အသုံးပြုခဲ့တဲ့ ကျွန်တော်အတွက်တော့ ဘတ်စ်ကားစီးရတဲ့ အတွေ့အကြုံဟာ အသစ်လို ပြန်ဖြစ်နေခဲ့ပါတယ်။

ကားပေါ်ရောက်တော့ ကပ်ထားတဲ့ကြော်ငြာတစ်ခုက ကျွန်တော်ကို စွဲဆောင်ခဲ့ပြန်ပါတယ်။ ကြော်ငြာကတော့ ကုသရခက်ခဲတဲ့ ရောဂါ ၁၂ မျိုးလောက်ကို ပျောက်ကင်းအောင် ကုသပေးနိုင်ကြောင်း ကြော်ငြာပါ။ အဲဒီ ရောဂါတွေထဲမှာ HIV/AIDS၊ ကင်ဆာနဲ့ မျက်စိ၊ အရိုးအကြောရောဂါတွေပါ ပါဝင်တယ်။

“အမေရိကန်နိုင်ငံ၏ သုတေသနပြုချက်အရ”လို့ ဆိုပြီးတော့ ရေးသားထားပေမယ့် ဘယ်အဖွဲ့အစည်းဆိုတာ မညွှန်းဆိုထားပါဘူး။

ဒီကြော်ငြာကိုဖတ်ရတော့ ကျွန်တော့်အဖို့ အတော်လေး မသက်မသာ ဖြစ်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ HIV ကူးစက်ခံရပြီး လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က ဆုံးပါးသွားတဲ့ ကျွန်တော်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတယောက် အကြောင်း ခေါင်းထဲဝင်လာလို့ပါပဲ။

ကျနော်တို့ဟာ HIV ရောဂါပိုးရှိသူတွေကို သီးသန့်ကုသပေးတဲ့ ရန်ကုန်မြို့ပြင်က ဆေးရုံနားမှာရှိတဲ့ ရပ်ကွက်မှာ နေကြပေမယ့် ကျွန်တော်သူငယ်ချင်းက ခေတ်မှီဆေးဝါးတွေနဲ့ ကုသဖို့ ငြင်းဆန်ခဲ့လို့ပါ။ သူက လွယ်လင့်တကူရတဲ့ ART ဆေးကို ငြင်းဆိုခဲ့ပြီး လုံးဝပျောက်ကင်းမယ်လို့ အာမခံခဲ့တဲ့ ပျောက်စေဆရာတွေရဲ့ ဆေးတွေကို ရွေးချယ်ခဲ့သူပါ။ သူ့ဘဝရဲ့ နောက်ဆုံးရက်တွေကျမှ သူဟာ ဆေးရုံပေါ် ရောက်လာခဲ့ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု အလွန်အမင်းညံ့ဖျင်းတဲ့ မြန်မာနိုင်ငံမှာ ပျောက်စေဆရာတွေအတွက် ဈေးကွက်တစ်ခု ဖြစ်နေပါတယ်။

နောက်နေ့မှာတော့ ကြော်ငြာထဲကတွေ့တဲ့ ဖုန်းနံပါတ်ကို ကျွန်တော် ခေါ်လိုက်ပါတယ်။ ကျွန်တော့်သူငယ်ချင်း တယောက် HIV ရောဂါပိုး ကူးဆက်ခံနေရတယ်ဆိုပြီးတော့ပေါ့။

ဖုန်းဖြေတဲ့အမျိုးသမီးက သူ့ဆီလာခဲ့ဖို့သာ တွင်တွင်ခေါ်နေပါလေရော။

ဒါနဲ့ပဲ နောက်တရက်မှာ ကျွန်တော်လဲ သူ့ဆီ အရောက်သွားလိုက်ပါတယ်။ လိပ်စာက မြန်မာနိုင်ငံရဲ့  အတော်ဆုံးကျောင်းသားတွေ ပညာသင်နေတဲ့ သွားဆေးတက္ကသိုလ်ရဲ့ အရှေ့ဘက်နားမှာပါ။

သူညွှန်းထားတဲ့ လိပ်စာရှိရာ တိုက်ခန်းကို ရောက်တော့ အမျိုးသမီးတယောက်က ဆေးဝါးအကြောင်းကို ရှင်းပြပြီး ထိုင်းဘာသာနဲ့ ရေးထားတဲ့ ဆေးဘူးတခုကို ထုတ်ပြပါတယ်။

ထိုင်းတိုင်းရင်းဆေးလို့ သူကဆိုပြီး တစ်ဘူးကို ကျပ်တစ်သိန်းကျသင့်မှာဖြစ်ပြီး တစ်နှစ်လောက် သောက်ရမယ်လို့လဲ သူက ပြောပြန်တယ်။ ဆေးပြန်စစ်ရင်တော့ HIV Positive (HIV ပိုး ရှိနေဆဲ) ဆိုတာ ပြနေမှာဖြစ်ပေမယ့် ကိုယ်ခံအားတက်လာမယ်။ လင်မယားဆိုလဲ အတူတူပြန်နေလို့ရတယ်စသည်ဖြင့် သူ့ဆေးကောင်းကြောင်း ညွှန်းပါလေရော။

သူ့ကို ချီးကျုးမိတာက တမျိုးပြီးတမျိုး လှည့်မေးတဲ့ ကျွန်တော်ရဲ့ မေးခွန်းတွေကို သူက သေသေချာချာ လေးလေးစားစား ပြန်ဖြေတာကိုပါ။ ဒါမျိုးက မြန်မာပြည်က ဆေးရုံဆေးခန်းတွေမှာ ရခဲလှတဲ့ အခွင့်အရေးပေါ့။

ပြီးခဲ့တဲ့နှစ် နွေခေါင်ခေါင်မှာ ကျနော့အမေအသည်းကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ အမေဟာ နှစ်နှစ်လောက် ကင်ဆာဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။ သူဆေးဝါးကုသခဲ့တဲ့ ကာလတလျှောက်လုံးနီးပါး ကျွန်တော်ရှိနေခဲ့ပါတယ်။ အဲဒါကြောင့် မြန်မာပြည်က ဆရာဝန်တွေနဲ့ လူနာတွေရဲ့ ဆက်ဆံရေးတစိတ်တပိုင်းကို ကျွန်တော် ကိုယ်တွေ့ တွေ့ကြုံခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဟာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဓာတ်ပုံ- အန်းဝမ်

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဟာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဓာတ်ပုံ- အန်းဝမ်

ဘယ်ဆရာဝန်ကမှ ထိုင်းတိုင်းရင်းဆေးရောင်းတဲ့ ဒီအမျိုးသမီးလောက် စိတ်ရှည်လက်ရှည် ရှင်းမပြခဲ့ပါဘူး။ အရင်က အထူးကုတယောက်ဟာ လူနာကိုကြည့်ရင် ငါးမိနစ်လောက်ပဲ ကြာတယ်လို့ မြန်မာပြည်မှာ ပြောကြလေ့ရှိပါတယ်။ ကျွန်တော့်အတွေ့အကြုံတွေအရဆို ဒါဟာ မှားယွင်းပါတယ်။ ငါးမိနစ်တောင် မကြာပါဘူး။ အမေဟာ စမ်းသပ်ခန်းထဲက ခပ်မြန်မြန်ပဲ ပြန်ထွက်ပေးရလေ့ ရှိပါတယ်။

အမေဟာ သူရောဂါခံစားခဲ့ရတဲ့ နှစ်နှစ်အတွင်းမှာ သူ့ကို ကုသပေးတဲ့ ဆရာဝန်နဲ့ စကားပြောခဲ့ရတာ ၂၄ နာရီတောင် မပြည့်ခဲ့ပါဘူး။

အဲဒီဆေးခန်းကအပြန်မှာ ကျွန်တော်ဟာ ရထားစီးပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရထားပေါ်မှာ ကင်ဆာရောဂါကုပေးတဲ့ လူတယောက်နဲ့ ထပ်တိုးပြန်ပါရော။

ဆီးသီးအစေ့လို ပုံစံရှိတဲ့ အသီးတွေကို ဖန်ပုလင်းထဲထည့်ပြီး အသီးတစ်လုံးကို ၂၅၀ ကျပ်နဲ့ လိုက်ရောင်းနေပါတယ်။ ရင်သားကင်ဆာရှိတဲ့သူတွေ ရေနဲ့သွေးလိမ်းရုံနဲ့ ရောဂါပျောက်တယ်လို့ ဆိုပါတယ်။

ဗုဒ္ဒလက်အသီး (ဒါမှမဟုတ်)ဘုတလက်သီးလို့ သူက ပြောပြီးရောင်းနေတဲ့အသီးက အရေပြားရောဂါ၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ မျက်စိနဲ့ သွားရောဂါတွေကို ပျောက်တယ်လို့လည်း ဆိုပြန်ပါတယ်။

ကျွန်တော်လဲ အထောက်အထားရအောင် သူ့ဆီကနေ ကျပ် ၁,၀၀၀ ဖိုး ဝယ်လိုက်ပါတယ်။ ကျွန်တော်ရှေ့မှာတင်ပဲ အဲဒီဆေးကို ဝယ်တဲ့သူနောက်ထပ် ၁၅ ယောက်ထက်မနည်း တွေ့ခဲ့ရပါတယ်။

နောက်ငါးမိနစ်လောက်ကြာတော့ အမျိုးသမီးတယောက် ထပ်ရောက်လာပြန်ပါတယ်။ သူက သွားကိုက်ပျောက်တဲ့ဆေးမှုန့်လို့အော်ပြီး သူ့ဆေးဘူးကို တစ်ဘူး ၂၀၀ ကျပ်နဲ့ လိုက်ရောင်းပါတယ်။ အားပေးသူတွေလည်း မနည်းပါဘူး။

ဒါပေမယ့် ဒီဆေးတွေအားလုံးဟာ မြန်မာနိုင်ငံမှာ တစ်စုံတစ်ရာ မှတ်ပုံတင်ထားတာ တစ်ခုမှမရှိပါဘူး။ တကယ်ထိရောက်မှု ရှိမရှိကိုလည်း သုတေသနပြု စမ်းသပ်ထားတာတွေ မရှိပါဘူး။ ဒါတွေကို ရောင်းချနေတာဟာ ဥပဒေကို ချိုးဖောက်နေတာပါ။

မြန်မာနိုင်ငံမှာ ဆေးဝါးတစ်ခုကို ဖြန့်ဖြူးရောင်းချတော့မယ်ဆိုရင် တရားဝင်မှတ်ပုံတင်ပြီး အစစ်ဆေးခံဖို့လည်း လိုအပ်ပါတယ်။

ဆေးအတုနဲ့ မှတ်ပုံတင်မဲ့ ဆေးတွေကို ရောင်းမယ်ဆိုရင်တော့ အမျိုးသားဆေးဝါးဥပဒေ (National Drug Law) အရ အမြင့်ဆုံးပြစ်ဒဏ်က ထောင် ခုနစ်နှစ်နဲ့ ဒဏ်ငွေ ကျပ်ငါးသိန်းပါ။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွက်ကဲမှု ဦးစီးဌာန(FDA) ရဲ့ အဆိုအရ ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်လယ်အထိ ဆေးဝါးအတုနဲ့ မှတ်တင်မထားတဲ့ ဆေးဝါး ၆၃ မျိုးထက်မနည်း ဈေးကွက်ထဲမှာ ရောင်းချနေတာ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီဆေးဝါးအများစုကတော့ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယကနေ တရားမဝင် ဝင်လာတာလို့ FDA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

၂ဝ၁၅ ခုနှစ် အစကနေ ၂၀၁၆ ခုနှစ်၊ မေလအထိ ၁၇ လတာ ကာလအတွင်းမှာ ဆေးဝါး မမှန်အကန်လုပ်တာတွေနဲ့ ပတ်သတ်ပြီး အမျိုးသားဆေးဝါးဥပဒေနဲ့ တရားစွဲ အရေးယူထားတဲ့ အမှုပေါင်း ၈၀ အထိရှိတယ်လို့ FDA ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီဇင် ပြောတာကို ကိုးကားပြီး အစိုးရသတင်းဌာနတွေက ရေးသားထားပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ ဆေးဝါးအတုနဲ့ တရားမဝင် ဆေးဝါးတွ၊ ပျောက်စေဆရာတွေက အလုပ်ဖြစ်နေဆဲပါပဲ။

သူတို့က မြန်မာနိုင်ငံမှာအဖြစ်များပြီး ကုသရခက်ခဲတဲ့ရောဂါတွေကို ပစ်မှတ်ထားပါတယ်။ သူတို့ ပစ်မှတ် နံပါတ်တစ်က ကင်ဆာပါ။

ဟုတ်ပါတယ်။ ကင်ဆာက မြန်မာနိုင်ငံမှာ အဖြစ်များပြီး ပေါ်ပြူလာ ဖြစ်လာပါပြီ။

မြန်မာနိုင်ငံမှာ ကင်ဆာဖြစ်တဲ့ အသက်အပိုင်းအခြားဟာ အလုပ်လုပ်နိုင်စွမ်းမြင့်မားတဲ့ အသက် ၃၅ ကနေ ၆၅ အတွင်းမှာ အဖြစ်များလာတယ်လို့ ပြည်သူ့ဆေးရုံကြီးများရှိ ကင်ဆာရောဂါကုဌာနကြီးများ၊ ကင်ဆာရောဂါဆိုင်ရာ အထူးကုဆရာဝန်ကြီးများနဲ့ ဆေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းပြီး ကင်ဆာလူနာ ၁,၂၀၀ လောက်ကို လေ့လာသုတေသနပြုခဲ့ကာ ၂၀၁၆ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့တဲ့စစ်တမ်းက ဆိုပါတယ်။

ဆင်းရဲသားတွေကို ပစ်မှတ်ထားခြင်း

စစ်တမ်းအရ ကင်ဆာရောဂါသည် သုံးပုံနှစ်ပုံဟာ ဆေးဝါးကုသမှုခံယူဖို့ ငွေကြေးဆိုင်ရာ ပြဿနာတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ကျွန်တော်ဘေး ဘေးပတ်ဝန်းကျင်မှာလည်း ကင်ဆာရောဂါသည်တွေ ရှိခဲ့ဖူးပါတယ်။ ကျွန်တော်တို့ကို ငယ်စဉ်က ထိန်းကျောင်းခဲ့တဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ မိခင်ဟာလည်း သားအိမ်ကင်ဆာနဲ့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဆုံးပါးသွားခဲ့ဖူးပါတယ်။

သူ့ရောဂါကို ဓာတ်ရောင်ခြည်ကင် ကုသဖို့ ရန်ကုန်မှာ တန်းစီစောင့်ဆိုင်းနေရတဲ့အတွက် မန္တလေးမှာ သွားရောက်ကုသမှုခံယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်အထိ ရန်ကုန်ဆေးရုံကြီးမှာ ကင်ဆာရောဂါအတွက် ဓာတ်ကင်စက်တစ်ခုပဲရှိပြီး တစ်ရက်ကို လူ ၈၀ လောက်ပဲ ကုသမှု ခံယူနိုင်ပါတယ်။

ဒါကြောင့် သူဟာ ဓာတ်တခါကင်ဖို့ မိုင် ၄၀၀ လောက်ဝေးတဲ့ မန္တလေးကို လစဉ်လိုလို ခရီးထွက်ရပါတယ်။

ဒီလိုမှမဟုတ်ရင်တော့ ပုဂ္ဂလိကဆေးရုံမှာ တက်ရောက်ကုသမှု ခံယူရပါတယ်။ ပုဂ္ဂလိက ဆေးခန်းတွေမှာဆိုရင် ကင်ဆာလို၊ HIV//AIDS လို ရောဂါရှင်တွေအတွက် ဝန်ဆောင်မှုစရိတ်ကို နှစ်ဆတောင်းခံလေ့ရှိပါတယ်။ အကြောင်းပြချက်က ကူးဆက်ရောဂါဖြစ်နေ့လို့ ဆိုပြီးတော့ပါ။

မြန်မာပြည်မှာ ကင်ဆာဆိုရင် သေမိန့်လိုပါပဲ။ ကူရာကယ်ရာမဲ့သလိုပါပဲ။ ငွေကြေးမတတ်နိုင်တဲ့သူတွေအတွက်ဆို အဆိုးဆုံးပါ။ ပျောက်စေဆရာတွေနဲ့ ဆေးဝါးတုတွေရဲ့ ပစ်မှတ်ကတော့ အခြေခံလူတန်းစား ရောဂါသည်တွေပါ။

ဒီလို လုပ်ငန်းတွေ မြန်မာနိုင်ငံထဲကို ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာ အလုံးအရင်းနဲ့ ဝင်လာတာကို တွေ့ရတယ်လို့ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းနဲ့ မြန်မာနိုင်ငံ စားသုံးသူများ သမဂ္ဂတို့မှာ ထိပ်ပိုင်းတာဝန်တွေကို နှစ်အတော်ကြာ လုပ်ကိုင်ဖူးတဲ့ ဦးအောင်နိုင်က ပြောပါတယ်။

“သူတို့က လူနာတွေဆီ တိုက်ရိုက် Door to Door (တစ်အိမ်တက် တစ်အိမ်ဆင်း) စနစ်နဲ့ ချည်းကပ်တယ်။ အဲဒီနည်းက အာဏာပိုင်တွေ သတိထားမိဖို့ ခက်တယ်လေ”လို့ ဦးအောင်နိုင်က ဆိုပါတယ်။

နောက်တခုက မြန်မာနိုင်ငံမှာ HIV/AIDS လို ရောဂါဖြစ်ရင် လိင်အပျော်အပါး လိုက်စားမှု နောက်ဆက်တွဲ ကြောင့် ဖြစ်ရတာ၊ ရှက်စရာလို့ မြင်ကြတဲ့အတွက် လူတွေက ဆေးခန်းမှာ အလိမ်ခံရတာကိုလည်း ထုတ်ပြောလေ့ မရှိဘူးလို့ ဆိုပါတယ်။ ယူကေအခြေစိုက် HIV/AIDS စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ AVERT ရဲ့ အဆိုအရ အာရှပစိဖိတ်ဒေသမှာ HIV/AIDS အဖြစ်အများဆုံး ၁၀ နိုင်ငံထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံကတော့ ပျောက်စေဆရာတွေအတွက် ဈေးကွက်တစ်ခု ဖြစ်နေပါတယ်။

တချို့ ဆေးခန်းတွေဆိုရင် အလွန်အကျူး ကြော်ငြာတာတွေတောင် ရှိပါတယ်။ အချိန်တိုအတွင်း ဆီးချိုသွေးချို ရောဂါကို ပျောက်ကင်းအောင် ကုသပေးခြင်းတို့၊ တစ်ကြိမ်တည်းဖြင့် လိပ်ခေါင်းရောဂါကို အမြစ်ပြတ် ကုသပေးခြင်းတို့လို ကြော်ငြာကြတာတွေပါ။

ဆးခန်းတွေဟာ အလွန်အကျူး ကြော်ငြာကြလေ့ ရှိပါတယ်။ ဓာတ်ပုံ- တေဇလှိုင်

ဆးခန်းတွေဟာ အလွန်အကျူး ကြော်ငြာကြလေ့ ရှိပါတယ်။ ဓာတ်ပုံ- တေဇလှိုင်

တရုတ်ဘယဆေး၊ ဂျပန်နည်းပညာတို့နဲ့ ကုသပေးတယ်လို့ဆိုတဲ့ အဲဒီ တရုတ်ဆေးခန်းတွေဟာ ဝေဖန်မှုတွေ မကြာခဏခံနေရတဲ့ ဆေးခန်းတွေဖြစ်ပါတယ်။

တရုတ်ဆေးခန်းတွေမှာ ပြသဖူးတဲ့သူတွေရဲ့ အဆိုအရ ဆေးကုသစရိတ်ဟာ ကျပ်သိန်းချီပေးရပြီး ဆေးကုသဖို့ ငြင်းဆန်ရင်တောင် မှတ်ပုံတင်ကြေး ကျပ် ၅,၀၀၀ ပေးပြီးမှ ပြန်လွှတ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့လယ် ဗိုလ်မြတ်ထွန်းလမ်းထဲမှာ တည်ရှိပြီး ဝေဖန်ခံနေရတဲ့ အဲဒီဆေးခန်းကို သွားပြီး စုံစမ်းတော့ ဆေးခန်းနာမည်က အရင်နဲ့ မတူတော့ပါဘူး။ ၂၀၁၃ ခုနှစ် ဝန်းကျင်က နယူးဟောင်ကောင်လို့ အမည်ပေး ထားပေးမယ့် အခုတခါသွားတော့ အာရှဆိုတဲ့နာမည်နဲ့ ဆေးခန်းက ဆက်လက် လည်ပတ်နေပါတယ်။

ဆေးခန်းကို ကျွန်တော်က ကင်ဆာရောဂါကို ဘယ်လိုကုသပေးပါသလဲဆိုပြီး မေးဖို့၊ စုံစမ်းတဲ့သူအဖြစ် သွားရောက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းထောက်တယောက်ကို ရန်ကုန်က တရုတ်ဆေးခန်းတွေက ဖြေဖို့ အမြဲငြင်းဆန်တတ်လို့ပါ။

ဆေးခန်းမှာ ကျွန်တော်ကို ဆရာဝန်ဆိုသူနဲ့ တွေ့ပေးဖို့ ငြင်းဆိုပြီး တရုတ်တိုင်းရင်းဆေးနဲ့ ကုသပေးတဲ့အကြောင်းကိုသာ ရှင်းပြပါတယ်။ ကင်ဆာရောဂါဆိုရင် အနည်းဆုံး ကျပ် ၂၅ သိန်းလောက် လစဉ်ကုန်မယ်လို့လည်း ဆိုပါတယ်။

ဒီလို ဆေးခန်းတွေက မကြာခဏ ပြဿနာတတ်လေ့ရှိပြီး အစိုးရကလည်း မကြာခဏ ကိုင်တွယ် ဖြေရှင်းရလေ့ရှိပါတယ်။

အလွန်အမင်းကြော်ငြာမှု၊ လိုင်စင်မရှိတဲ့ တရုတ်ဆေးဆရာဝန်တွေက ကုသနေမှုတို့ကြောင့် ရန်ကုန်က တရုတ်ဆေးခန်း ရှစ်ခုကို အစိုးရက ၂၀၁၄ ခုနှစ်အတွင်းမှာ သတိပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ရပ်တန့်သွားတာ မရှိပါဘူး။ တရားမဝင် ဆေးဝါးကုသတဲ့ ဆေးခန်းတွေရဲ့ဒဏ်ကို မြန်မာပြည်က လူအတော်များများ ခံနေရဆဲပါ။

တရုတ်ဆေးခန်းတွေမှာ အနောက်တိုင်း ဆေးပညာနဲ့ မြန်မာ့တိုင်းရင်းဆေးပညာတွေ မဟုတ်တဲ့အတွက် တရားဝင် လိုင်စင်ထုတ်ပေးဖို့နဲ့ အရေးယူဖို့ နှစ်ခုလုံးအတွက် မလွယ်ကူဘူးလို့ အရင်အစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ၂၀၁၃ ခုနှစ်အတွင်းက ပြည်သူ့လွှတ်တော်မှာ ထုတ်ပြောခဲ့ဖူးပါတယ်။

အစိုးရဘက်က ထိရောက်တဲ့ တုန့်ပြန်မှုရှိတာကြောင့် တစ်စတစ်စ နာမည်ပျက်လာတဲ့ တရုတ်ဆေးခန်းတွေကို ဖိအားပေးဖို့ မြန်မာ့ဆေးလောကသားတွေကလည်း တောင်းဆိုလာကြပါပြီ။

မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာနေဝင်းက မေ ၂၈ ရက်နေ့က ကျင်းပတဲ့ ကျန်းမာရေးနှင့် သက်ဆိုင်သော ကြော်ငြာများ ကျင့်ဝတ်နှင့် ညီညွတ်ရန် စားပွဲဝိုင်းဆွေးနွေးခြင်း အစီအစဉ်မှာ တရုတ်ဆေးကုခန်းတွေကြောင့် လူနာတွေထိခိုက်နေတာကို ထောက်ပြခဲ့ပါတယ်။

‘‘သွေးမထွက်စေရတို့၊ မပျောက်ရင် ပြန်ကုပေးမယ်၊ ရောဂါကြီးကြီးသေးသေး တစ်ကြိမ်တည်းနဲ့ ပျောက်အောင် ကုပေးမယ်တို့ စသဖြင့် ကြော်ငြာနေကြတယ်။ ဘာစက်ပစ္စည်းမှန်း မသိတဲ့ဟာတွေနဲ့ ကြော်ငြာတယ်။ တစ်ယောက်ကို အရေးယူလိုက်ရင် ၁၀ ယောက်လောက် မမိပါဘူး။ နောက်တစ်နေရာမှာ နာမည်အမျိုးမျိုးနဲ့ ပြန်ပေါ်လာတယ်’’ ဟု ဥပဒေရေးရာဆေးပညာ၊ ပါမောက္ခဌာနမှူး အငြိမ်းစား ဦးဒေးဗစ်ကျော်က အလွန်အမင်း ကြော်ငြာတဲ့ ဆေးခန်းတွေအကြောင်းကို ပြောခဲ့တယ်လို့ 7Day သတင်းစာက ရေးသားထားပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းကြောင်း နာမည်ကြီးတဲ့ မြန်မာနိုင်ငံမှာ ရောဂါတခုခုဖြစ်ပြီဆိုရင် ငွေကြေး က အရေးပါလှပါတယ်။ ဒါမှမဟုတ်ရင်တော့ အစိုးရဆေးရုံတွေမှာ တန်းစီစောင့်ဆိုင်းရမှာပါ။

နောက်တစ်နည်းကတော့ ပျောက်စေဆရာတွေဆီကို သွားဖို့ပဲ ဖြစ်ပါတော့တယ်။

ခေါင်းစီးဓာတ်ပုံ- ရန်ကုန်မြို့က ပုဂ္ဂလိက ဆေးကုသခန်းတစ်ခု။ ဓာတ်ပုံ- အန်းဝမ်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.