Horizon ကျောင်း အမှုဖွင့်ခံရမှုရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေလဲ

မြန်မာနိုင်ငံတွင် ကျောင်းခွဲခုနစ်ခုအထိ ဖွင့်လှစ်ထားသည့် Horizon International School ကို ပညာရေးဝန်ကြီးဌာနက ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေဖြင့် အမှုဖွင့်ခဲ့မှု၏ နောက်ကွယ်တွင် နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်ဖြင့် နေပြည်တော်က ပါဝင်ပတ်သက်မှုများ ရှိနေသည်ဟု ဆိုသည်။

ဟိန်းကိုစိုး ရေးသားသည်။

မြန်မာနိုင်ငံတွင် ကျောင်းခွဲခုနစ်ခုအထိ ဖွင့်လှစ်ထားသည့် Horizon International School ကို ပညာရေးဝန်ကြီးဌာနက ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေဖြင့် အမှုဖွင့်ခဲ့မှု၏ နောက်ကွယ်တွင် နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်ဖြင့် နေပြည်တော်က ပါဝင်ပတ်သက်မှုများ ရှိနေသည်ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက Frontier ကို ပြောကြားသည်။

သာကေတမြို့နယ်၊ ရှုခင်းသာပတ်လမ်းတွင် ဖွင့်လှစ်ထားသည့် Horizon International School မှာ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်မရှိဘဲ ဖွင့်လှစ်ထားကြောင်း စစ်ဆေးတွေ့ရှိရသည်ဟုဆိုကာ ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် သာကေတမြို့နယ် ပညာရေးမှူးက ဧပြီ ၂၈ ရက်နေ့တွင် သာကေတနယ်မြေရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့က ရဲလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသည်ဟု မေ ၂ ရက်နေ့တွင် ရဲစခန်းက Frontier ကို အတည်ပြု ပြောကြားသည်။

ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေတွင် “မည်သူမှ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်မရှိဘဲ ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ခြင်း မပြုရ” ဟု တားမြစ်ထားသည်။

သို့သော် အဆိုပါဥပဒေ၏ အခန်း (၁) တွင် “ကိုယ်ပိုင်ကျောင်းဆိုသည်မှာ ပညာရေးအရည်အသွေးမြင့်မားရေးအတွက် ပညာရေးဝန်ကြီးဌာနက သတ်မှတ်သော အခြေခံပညာသင်ရိုးညွှန်းတန်းနှင့် သင်ရိုးမာတိကာများပါ ဘာသာရပ်များအတိုင်းဖြစ်စေ၊ အဆိုပါဘာသာရပ်များအတွက် သင်ခန်းစာများ ထပ်ဆောင်း၍ဖြစ်စေ၊ လေ့ကျင့် သင်ကြားပေးသော ပုဂ္ဂလိက တည်ထောင်ဖွင့်လှစ်သည့် အခြေခံပညာကျောင်းကို ဆိုလိုသည်” ဟု ဖော်ပြထားသည်။

ကိုယ်ပိုင်ကျောင်းဥပဒေနှင့် နိုင်ငံတကာကျောင်းများ

ယခုအမှုဖွင့်ခံထားရသည့် Horizon International School မှာ နိုင်ငံတကာသင်ရိုးညွှန်တန်းများအတိုင်း အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးနေခြင်းဖြစ်သည့်အတွက် ထိုကဲ့သို့ နိုင်ငံတကာကျောင်းများမှာ ပညာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိဟု ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက Frontier ကို ပြောကြားသည်။

“အင်တာနေရှင်နယ်စကူး (နိုင်ငံတကာကျောင်း) တွေအားလုံးက ကျွန်တော်တို့ဆီမှာ မှတ်ပုံတင်ထားတာ မရှိဘူးခင်ဗျ။ မြန်မာနိုင်ငံသားတွေက ဖွင့်တဲ့ ကိုယ်ပိုင်ကျောင်းဆိုတာပဲရှိတာ။ Horizon ကို မှတ်ပုံမတင်လို့ တရားစွဲတယ်။ တစ်ခြားတွေကိုကော အရေးမယူဘူးလားဆိုတော့ အဲဒါကတော့ ဥပဒေအကြံပေးတွေအလုပ်ပေါ့။ ကျွန်တော်တို့ကတော့ ဝန်ကြီးဌာနကနေ အဆင့်ဆင့် ဘယ်ဥပဒေနဲ့ ငြိလဲလို့မေးလို့ ဒီဟာနဲ့ ငြိစွန်းတာတွေ့လို့ အဲဒီလို ဖြေလိုက်တာပေါ့။ အဲဒီကနေ ဝန်ကြီးရုံးရဲ့ ခွင့်ပြုချက်နဲ့ အရေးယူပါဆိုလို့ အရေးယူတာ။ ကျန်တာတွေကို အရေးယူလာဆိုတာတော့ လူကြီးတွေ အလုပ်ဖြစ်လို့ ကျွန်တော်တို့လည်း မတက်နိုင်ဘူးပေါ့နော်။ တကယ်တန်းကျတော့ ကျွန်တော်တို့နဲ့ လုံးလုံးကို မဆိုင်တဲ့ကိစ္စကို ကျွန်တော်တို့ ဝင်ပါစရာအကြောင်းမရှိဘူးပေါ့နော်” ဟု ၎င်းကပြောကြားသည်။

ထို့ပြင် အဆိုပါကျောင်းများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် မှတ်ပုံတင်ပေးခြင်း၊ အသိအမှတ်ပြုပေးထားခြင်းမရှိဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ မှတ်ပုံတင်ပေးထားတာ၊ အသိအမှတ်ပြုပေးထားတာ မဟုတ်ဘူး။ ကလေးတွေ အကျိုးကျေးဇူးကို ကြည့်ပြီးတော့သာ ကျောင်းသားတွေကိုပဲ ကျောင်းသားအဖြစ် အသိမှတ်ပြုထားတာပေါ့။ ကျောင်းအနေနဲ့ကတော့ အသိအမှတ်ပြုတာ မရှိဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော် ယခုကဲ့သို့ အမှုဖွင့်ရခြင်းမှာ လုံခြုံရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ၏ ညွှန်ကြားမှုကြောင့်ဖြစ်သည်ဟု ဒေါက်တာဇော်ဝင်းက ပြောကြားသည်။

“Horizon ကပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာ လုံခြုံရေးနဲ့သက်ဆိုင်တဲ့ ပြဿနာတွေ တက်ခဲ့တယ်။ အဲဒီအတွက် ပိတ်သိမ်းဖို့၊ အရေးယူဖို့အတွက် နိုင်ငံတော်လုံတည် (လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ) ကနေ အားလုံးညှိနှိုင်း ဆွေးနွေးပြီးတော့မှ အခြေခံပညာကျောင်းတွေရဲ့ မှတ်ပုံမတင်တာနဲ့ ပတ်သက်ပြီး အရေးယူပါလို့ အဆင့်ဆင့် ညွှန်ကြားလာလို့” ဟု ၎င်းကပြောကြားသည်။

အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သည်ဆိုမှု

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က တူရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မအောင်မြင်သော အာဏာသိမ်းမှုအား နောက်ကွယ်မှ စီစဉ်ဆောင်ရွက်ခဲ့သည်ဟူသည့် ဖသူလ္လာဂူလန် အကြမ်းဖက်အဖွဲ့အစည်း၏ စီးပွားရေးကွန်ယက်များ ချိတ်ဆက်ထားရာတွင် မြန်မာနိုင်ငံရှိ Horizon International School လည်း ပါဝင်သည်ဟု သတင်းများ ပေါ်ထွက်ခဲ့သည်။

အဆိုပါ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ရက်သတ္တပတ် တစ်ပတ်အတွင်းမှာပင် ပညာရေးဌာနမှ ဦးဆောင်ကာ ဌာနပေါင်းစုံမှ တာဝန်ရှိသူများ ကျောင်းသို့ လာရောက်ပြီး စစ်ဆေးမှုများ ဆောင်ရွက်သွားခဲ့သည်ဟု Horizon International School ၏ ဒါရိုက်တာဖြစ်သူ ဒေါက်တာအောင်ကျော်ဆန်းက ပြောကြားသည်။

“သူတို့စစ်တဲ့အချိန် နိုင်ငံရေး၊ ဘာသာရေး၊ အခြားလုံခြုံရေးနဲ့ပတ်သက်တဲ့ ချိုးဖောက်မှုတစ်ခုမှ ကျွန်တော်တို့ မလုပ်တာကိုလည်း သူတို့ကိုယ်တိုင် အသိအမှတ်ပြုခဲ့တယ်။ မှတ်ပုံမတင်တာလေးတစ်ခုပဲရှိတယ်။ ဒါကလည်း ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ ဥပဒေမရှိသေးလို့။ ကျွန်တော်တို့က အစိုးရသင်ရိုးသင်တဲ့ ပြည်တွင်းကျောင်းတွေ မဟုတ်လို့ပါ” ဟု ၎င်းက Frontier ကို ပြောကြားသည်။

ထိုသို့ စစ်ဆေးပြီးနောက် အဆိုပါကျောင်းနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ပညာရေးဝန်ကြီးဌာနထံ မေးမြန်းမှုများ ရှိလာသည်ဟု ဒေါက်တာဇော်ဝင်းက ပြောကြားသည်။

“ပြည်ထဲရေးကပြောမှ ကျွန်တော်တို့ သိရတယ်။ နိုင်ငံတော်လုံခြုံရေးအဖွဲ့တွေက သတင်းရတယ်။ ဝင်ရှာတယ်တွေ့တယ်။ လူတွေနဲ့ လက်နက်တွေတွေ့တယ်လို့ ပြောတယ်။ အဲဒီမှာ ပြည်ထဲရေးက ဒီကျောင်းကို ဘယ်သူက ဖွင့်ခွင့်ပေးထားတာလဲ။ ပညာရေးဝန်ကြီးဌာနကလားလို့ ရှင်းခိုင်းလို့ အဲဒီအချိန်တုန်းကသိရတယ်။ တူရကီအာဏာသိမ်းမှုအပြီး မကြာခင်ပေါ့။ အဲဒီတုန်းကတည်းက ကျွန်တော်တို့က ဖွင့်ခွင့်ပေးထားတာ မဟုတ်ဘူး။ ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနက ဥပဒေတွေနဲ့ ခွင့်ပြုပေးထားတာမဟုတ်ဘူးလို့ ပြန်ရှင်းထားတယ်။ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ် ဆိုတာကိုလည်း ပြည်ထဲရေးက သတင်းစကားပဲ သိရတာ။ အသေးစိတ်မသိပါဘူး။ အမှန်တော့ မှတ်ပုံတင်ထားတဲ့ ဝန်ကြီးဌာနနဲ့  ပြည်ထဲရေးနဲ့ ရှင်းရမှာပါ။ ဒါကို ကော်မတီအကြံပေးတွေက အခြေခံပညာ ဥပဒေတွေ၊ မှတ်ပုံတင်ဥပဒေနဲ့ အရေးယူသင့်တယ်လို့ပြောတယ်။ မေးတယ်။ အဲဒါကြောင့်ကျွန်တော်တို့က ဖြေရှင်းပေးတာ။ အပြစ်ရှိတာကို အထောက်အထားနဲ့ အကုန်တွေ့ပြီးသားကို ဘာကြောင့်ကြာလည်းတော့ မသိဘူး။ အမှန်တကယ် ပြည်ထဲရေးက လုပ်ရမှာကို ပညာရေးဝန်ကြီးဌာနကိုပါ ထည့်နေတာလို့ ရိုးရိုးသားသားပဲမြင်တယ်” ဟု ဒေါက်တာဇော်ဝင်းက ပြောကြားသည်။

Horizon ကျောင်း ဝင်ပေါက်တွင် စောင့်ကြပ်နေသည့် လုံခြုံရေးဝန်ထမ်းတစ်ဦး။ ဓာတ်ပုံ-အေအက်ဖ်ပီ

Horizon ကျောင်း ဝင်ပေါက်တွင် စောင့်ကြပ်နေသည့် လုံခြုံရေးဝန်ထမ်းတစ်ဦး။ ဓာတ်ပုံ-အေအက်ဖ်ပီ

လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ

လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီကို နိုင်ငံတော်လုံခြုံရေးကိစ္စရပ်များ၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် သမ္မတရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဦးဆောင်ကာ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြန်ကြားရေးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များက အဖွဲ့ဝင်များအဖြစ်ပါဝင်ပြီး မြန်မာနိုင်ငံရဲချုပ်က အတွင်းရေးမှူးအဖြစ် ပါဝင်ကာ ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

သမ္မတရုံးဝန်ကြီးခေါင်းဆောင်သည့် ကော်မတီ၏ ညွှန်ကြားချက်ဖြင့်အမှုဖွင့်သည်ဆိုသည့်နှင့် ပတ်သက်ပြီး သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးထံ Frontier က ဆက်သွယ်မေးမြန်းရာ “ပညာရေးဝန်ကြီးဌာနက ပြောဆိုတဲ့အတိုင်း ရေးလိုက်ပါ။ အခုဟာတွေက government internal news (အစိုးရအတွင်းသတင်း)တွေ ဖြစ်နေတယ်” ဟုသာ ၎င်းက ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်ကမူ “အဲဒီလိုဆုံးဖြတ်ချက်ကို ကျွန်တော်က အစည်းအဝေးမတက်ဖြစ်တာ ကြာပြီဖြစ်လို့ မသိပါဘူး”ဟု ဖြေကြားခဲ့သည်။

လုံခြုံရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီက Horizon International School နှင့် ပတ်သက်ပြီး ရင်းနှီးမြှပ်နံှမှုနှင့် ကုမ္ပဏီများမှတ်ပုံတင်ရေး ညွှန်ကြားမှုဦးစီးဌာနထံလည်း ဆက်သွယ်မေးမြန်းခဲ့သည်ဟု ဌာန၏ ညွှန်ကြားရေးမှူး ဒေါ်နီလာမူက Frontier ကို ပြောကြားသည်။

“ကျွန်မတို့က သူတို့ ကော်မတီ မေးမြန်းချက်တွေ ပို့ရင် ဆောင်ရွက်ပေးရတယ်။ ကျွန်မကို့အနေနဲ့ ဒီကုမ္ပနဲ့ ပက်သက်ပြီးတော့ ဆောင်ရွက်ထားတာကိုပဲ တင်ပြပေးထားပါတယ်။ ကုမ္ပဏီကိုပဲ မှတ်ပုံတင်ပေးတာပါ။ အမည်တခုကို မှတ်ပုံတင်ပြီး ဥပဒေနဲ့အညီ ကုမ္ပဏီဒါရိုက်တာဖွဲ့တာ၊ အစုရှယ်ယာထည့်တာ၊ ဒါတွေကိုပဲ ဆောင်ရွက်ပေးတာပါ။ အမည်အောက်မှာ ဆက်ပြီးလုပ်တဲ့ လုပ်ငန်းတွေအတွက်ကို သက်ဆိုင်ရာလုပ်ငန်းနဲ့ ပက်သက်တဲ့ဌာနတွေမှာ ခွင့်ပြုချက် ယူရမှာပါ။ ကုမ္ပဏီမှတ်ပုံတင်တစ်ခုရရုံနဲ့ မရဘူးလို့ သိထားပါတယ်။ ဒါတွေကို သူတို့ကော်မတီက မေးမြန်းထားတာကို တင်ပြပေးခဲ့တာရှိတယ်။ ဘယ်အချိန်တုန်းကလဲဆိုတာကိုတော့ သေချာ မပြောနိုင်တော့ပါဘူး” ဟု ဒေါ်နီလာမူက ပြောကြားသည်။

Horizon International School ၏ မိခင်ကုမ္ပဏီဖြစ်သည့် Mediterranean International Education Services Co, Ltd ကို ၂၀၀၀ ပြည့်နှစ်တွင် ရင်းနှီးမြှပ်နံှမှုနှင့် ကုမ္ပဏီများမှတ်ပုံတင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ခဲ့သည်။

ယခုအခါ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် Horizon International School ကျောင်းခွဲ ခုနစ်ခုအထိ ဖွင့်လှစ်ထားသည်။

ယခုကဲ့သို့ အမှုဖွင့်ခံရပြီးနောက် ကျောင်း၏အမည်ကို Horizon International School ဟု ခေါ်ဆိုရာမှ ကျောင်းများ တည်ရှိသည့် ဒေသအမည်များကို အစွဲပြုကာ ပြောင်းလဲခေါ်ဆိုနိုင်ရေးအတွက် ပြင်ဆင်နေသည်ဟု ကျောင်းက သတင်းထုတ်ပြန်ထားသည်။

ကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်ရေးဥပဒေအရ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်မရှိဘဲ ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ခြင်းမပြုရန် ပြဌာန်းထားပြီး အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရပါက သုံးနှစ်ထက်မပိုသောထောင်ဒဏ်နှင့် ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ကို ချမှတ်မည်ဟု ပြဌာန်းထားသည်။

ဒေါက်တာဇော်ဝင်းကမူ Horizon International School အနေဖြင့် ပိတ်သိမ်းရဖွယ်ရှိနေသည်ဟု ပြောကြားသည်။

“Horizon ကတော့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်တဲ့ဟာ ဖြစ်သွားတာကိုး။ ဒါကတော့ ဘယ်နည်းနဲ့မဆို အရေးယူမှာ။ ကျွန်တော်တို့ အခုပြောနေတဲ့ ပညာရေးဥပဒေနဲ့ အရေးမယူတောင်၊ ပိတ်သိမ်းရမှာပဲလေ။ ကျွန်တော် ထင်ပါတယ်။ ပိတ်သိမ်းဖို့ ပြောနေတာလည်း ကြာပြီထင်ပါတယ်။ မပိတ်သေးတော့ ဇွန်ဆိုရင် ကျောင်းဖွင့်တော့မှာလေ။ ကျောင်းမဖွင့်ခင် ကျောင်းသားနဲ့ ကျောင်းသားမိဘတွေအကျိုးငှာ မြန်မြန်ပိတ်သိမ်းဖို့ အရေးယူ ဆောင်ရွက်တယ် ထင်ပါတယ်”ဟု ဒေါက်တာဇော်ဝင်းက ပြောကြားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.