Basic Education High School 4 in Yangon's Botahtaung Township on June 1, the day state schools reopened nationally. (Frontier)
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့သည့် ဇွန်၁ရက်က ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

တစ်ကျော့ပြန် လက်ညှိုးထောင် ခေါင်းညိတ်ပညာရေး

ကျောင်းဆရာ၊ ဆရာမများစွာ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် စစ်ကောင်စီက ယင်းဆရာ၊ ဆရာမများနေရာတွင် နေ့စားလပေးဆရာ၊ ဆရာမများဖြင့် အစားထိုးရန် စီစဉ်နေသည်။ ယင်းက “အတုအယောင်ပညာရေး” သာဖြစ်လာလိမ့်မည်ဟု အာဏာဖီဆန်နေသူ ဆရာ၊ ဆရာမများက ယုံကြည်နေကြသည်။

ဖရွန်းတီးယားမြန်မာ

စစ်တပ်၏အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် တာဝန်မှရပ်ဆိုင်းခံခဲ့ရသော ပညာရေးဝန်ထမ်း ၁၃၉,၀၀၀ ကျော်တွင် ဆရာမဒေါ်စန္ဒာမိုးလည်း ပါဝင်သည်။

“အာဏာသိမ်းအစိုးရဆီက အလုပ်ဖြုတ်ခံလိုက်ရတာ ကျမက ဂုဏ်တောင်ယူသေးတယ်။ စစ်တပ်အတွက် အလုပ်လုပ်ပေးရတာထက် အလုပ်လက်မဲ့ဖြစ်သွားတာက ပိုကောင်းတယ်”ဟု အထက်အရာရှိများ၏ အလုပ်ပြန်ဆင်းရန် ဖိအားပေးမှုများနှင့် ခြိမ်းခြောက်မှုများကို ကြံ့ကြံ့ခံငြင်းဆန်နေသော အသက် ၄၈နှစ်အရွယ် ဆရာမက ပြောသည်။

ဖေဖော်ဝါရီ၁ရက် ရွေးကောက်ခံအရပ်သားအစိုးရထံက အာဏာကို တပ်မတော်က အတင်းအဓမ္မသိမ်းယူပြီးနောက် သိန်းနှင့်ချီသည့် အစိုးရဝန်ထမ်းများ အလုပ်မဆင်းဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာကြသည်။ အဆိုပါလှုပ်ရှားမှုတွင် ပညာရေး၊ ကျန်းမာရေး၊ မီးရထားနှင့် လျှပ်စစ်ဝန်ထမ်းများက အများဆုံးဖြင့် ဦးဆောင်ပါဝင်ခဲ့သည်။

စစ်ကောင်စီက နိုင်ငံအတွင်း အခြေအနေအရပ်ရပ်ကို ပုံမှန်ပြန်ဖြစ်နေသည့်ဟန်ဖြင့် ကျောင်းပေါင်း ၄၇,၀၀၀ကျော်ကို ဇွန် ၁ရက်အမှီ ပြန်ဖွင့်ခဲ့သည်။ သို့သော် ဆရာ၊ ဆရာမများ၏ အာဏာဖီဆန်မှုများအပြင် ကျောင်းသားများလည်း ကျောင်းမတက်ဘဲသပိတ်မှောက်လိုက်ကြရာ စစ်ကောင်စီ၏လုပ်ရပ်က အလိမ်အညာတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နကစ)ဟု ၎င်းတို့ကိုယ်တိုင် နာမည်ပေးထားသော စစ်တပ်က လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန် ငြင်းဆန်နေသော ပညာရေးဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ တရားစွဲဆိုခြင်းများကို ပြုလုပ်နေသည်။ လက်ရှိအချိန်အထိ ပညာရေးဝန်ထမ်းပေါင်း ၂၇၀ကျော်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆို၍ ဖမ်းဝရမ်းထုတ်ပြန်ထားကြောင်းကို နိုင်ငံပိုင်မီဒီယာတွင် နေ့စဉ်ထုတ်ပြန်လျက်ရှိသော စာရင်းများအရ သိရသည်။ ယင်းပုဒ်မသည် အများဆုံးထောင်ဒဏ် သုံးနှစ်အထိ ကျခံနိုင်သည့် ပုဒ်မဖြစ်သည်။

အမည်မဖော်ပြရန် မေတ္တာရပ်ခံထားသည့် ပညာရေးကောလိပ်က အငြိမ်းစားဒုတိယကျောင်းအုပ်ကြီးတစ်ဦးက စစ်ကောင်စီသည် CDM ဆရာ၊ ဆရာမများနေရာအားလုံးကို အစားထိုးခန့်အပ်ရန် မဖြစ်နိုင်ဟု အခိုင်အမာ ယုံကြည်သည်။ စစ်ကောင်စီက ၎င်းတို့၏အုပ်ချုပ်မှုယန္တရား လည်ပတ်နေသည်ဟု ကမ္ဘာကိုအထင်ရောက်စေရန် ကိုဗစ်-၁၉ အန္တရာယ်များကိုပင် မျက်ကွယ်ပြု၍ ကျောင်းများကို ပုံမှန်အသွင်ဖြင့် ပြန်လည်ဖွင့်လှစ်ခိုင်းခြင်းဖြစ်သည်ဟု သူက ဆိုသည်။

စစ်ကောင်စီ၏လုပ်ဆောင်ချက်က စနစ်တကျရွေးချယ်ခြင်းမရှိသလို လုံလောက်သောလေ့ကျင့်မှုလည်း မပေးထားသည့် နေ့စားလပေးဆရာ၊ ဆရာမများ ခန့်အပ်ခြင်းဆီကိုသာ ဦးတည်နေသည်။ သပိတ်မှောက်ဆရာ၊ ဆရာမကလည်း ယင်းသို့ အရည်အချင်းမပြည့်မီသော ပညာရေးဝန်ထမ်းများ၏ သင်ကြားပို့ချမှုကို ခံယူရမည့် ကလေးများအတွက် စိုးရိမ်နေကြသည်။ သင်ရိုးညွှန်းတမ်းများ အသစ်ရေးဆွဲနေသည့်ကာလဖြစ်ခြင်းကြောင့် ပညာရေးကဏ္ဍအပေါ် အကြီးအကျယ်ထိခိုက်လိမ့်မည်ဟု အများစုက ယုံကြည်နေကြသည်။

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်၂၁ရက်၊ ကိုဗစ်-၁၉ ပထမလှိုင်း ကာလအတွင်း ရိုက်ကူးထားသော ဓာတ်ပုံဖြစ်သည်။ ရန်ကုန်မြို့က ကျောင်းတစ်ခုအတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

အမှန်နှင့် အမှား ခွဲခြားပြရသည့် ဆရာ၊ ဆရာမများ

အစိုးရဌာနအသီးသီး၏ CDM ပါဝင်မှုနှုန်းက မတူညီကြသော်လည်း ပညာရေးဝန်ထမ်းများ၏ အာဏာဖီဆန်မှုသည် အလွန်အားကောင်းလှသည်။ အာဏာမသိမ်းခင်ကပင် တပ်မတော်နှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲအနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမသမာမှုများပြုလုပ်သည်ဟု စွပ်စွဲခဲ့ပြီး မဲရုံဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ဆရာ၊ ဆရာမများကိုလည်း ယင်းမဲမသမာမှုများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခဲ့ကြသည်။

ရွေးကောက်ပွဲနေ့နှင့် ယင်းနေ့မတိုင်ခင်ကာလများတွင် မဲရုံတာဝန်များကို ကြိုးစား၊ ပမ်းစားလုပ်ကိုင်ပေးခဲ့သော အခြေခံပညာမှ ကျောင်းဆရာ၊ ဆရာမများက ယင်းစွပ်စွဲချက်များအပေါ် ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

“ရွေးကောက်ပွဲနေ့ကဆို မနက်စာလွတ် နေ့လယ်စာလွတ်တဲ့အထိ အလုပ်လုပ်ခဲ့ရတာ။ ညသန်းခေါင်မှ အိမ်ပြန်ရောက်တယ်။ ဒါကို သူတို့က မဲမသမာမှုတွေရှိလို့ အာဏာသိမ်းရပါတယ်ဆိုတာ တကယ်ရယ်ရတယ်” ဟု စန္ဒာမိုးက နာကြည်းစွာဆိုသည်။

CDM ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်ပြန်ဝင်ရန် စစ်ကောင်စီက သုံးလကြာစည်းရုံးမှုများ၊ ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ပြီးနောက် မေလတွင် အခြေခံပညာရေးဝန်ထမ်း ၁၂၀,၀၀၀ ကျော်ကို တာဝန်များမှ ရပ်ဆိုင်းခဲ့သည်။ ယင်းပမာဏသည် တစ်နိုင်ငံလုံးပညာရေးဝန်ထမ်းပေါင်း လေးသိန်းခွဲကျော်၏ ၂၇ရာခိုင်နှုန်းဖြစ်သည်။ တစ်ချိန်တည်းတွင် အဆင်မြင့်ပညာဦးစီးဌာနမှ ပညာရေးဝန်ထမ်းပေါင်း ၁၉,၀၀၀ ကျော်ကို အလုပ်ဖြုတ်ခဲ့သည်။

ဆရာမ ဖြစ်ရန်ကြိုးပမ်းစဉ်က ဝင်ခွင့်လျှောက်ခြင်းကို အကြိမ်ကြိမ်ငြင်းပယ်ခံခဲ့ရပြီးနောက် မိမိမွေးရပ်မြေနှင့် အလွန်ဝေးကွာသော တစ်နယ်တကျေးတွင် ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ရသော ဆရာမ ဒေါ်သဇင်နွယ်အတွက်တော့ CDM ပြုလုပ်ရန် ဆုံးဖြတ်ချက်က အလွန်မလွယ်ကူလှသော ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့သည်။

“ကျမတာဝန်ထမ်းဆောင်ခဲ့တဲ့ရွာကို ရောက်ဖို့အတွက် မော်တော်ဆိုင်ကယ်၊ ကား၊ လှေ အကုန်စီးရတယ်။ရောက်ဖို့ကို ရှစ်နာရီလောက်ကြာတယ်။ အဲဒီအတွက်လည်း ကျောင်းရက်ရှည်ပိတ်မှပဲ တစ်နှစ်ကိုတစ်ခါ၊ နှစ်ခါလောက်ပဲ အိမ်ပြန်ရတယ်”ဟု သူကပြောသည်။

၂၀၂၀ရောက်မှသာ သူနေထိုင်ရာရွာနှင့် ဘေးကပ်ရပ်ရွာသို့ ရွှေ့ပြောင်းမိန့်နှင့် တာဝန်ထမ်းဆောင်ခဲ့သော်လည်း စစ်အာဏာသိမ်းမှုက သူ၏မျှော်လင့်ချက်များကို ရိုက်ချိုးပစ်ခဲ့သည်။

“ဆရာဆိုတာက ကျောင်းသားတွေကို ဘယ်ဟာက မှားတယ် ဘယ်ဟာကမှန်တယ်ဆိုတာ သင်ပေးရတဲ့လူတွေ။ ပြီးတော့ စစ်တပ်က ကျောင်းသားတွေကို ပစ်သတ်နေတဲ့အချိန်မှာ စစ်တပ်ဖွင့်တဲ့ကျောင်းကို ကျမတို့က ဘယ်လိုမျက်နှာနဲ့သွားရမှာလဲ။ လူတွေသေနေတဲ့အချိန် စစ်တပ်ရဲ့ယန္တရားက‌ ကျမတို့ကြောင့် လည်ပတ်သွားရင် ကျမတို့အမှားဖြစ်သွားလိမ့်မယ်”ဟု ဆရာမက ဆက်ပြောသည်။

သို့တိုင် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသော ပညာရေးဝန်ထမ်းများအနေဖြင့် စစ်တပ်က လာရောက်ဖမ်းဆီးနိုင်ခြေရှိခြင်းကြောင့် အမြဲတစေ ကျီးလန့်စာစားဘဝကို ဖြတ်သန်းနေရသည်။ ရွာအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်လာသည်ဟူသော သတင်းများကြောင့် ပြီးခဲ့သည့် လများအတွင်း အနည်းဆုံး လေးကြိမ်ထက်မနည်း တိမ်းရှောင်ခဲ့ရသည်ဟု ဆရာမစန္ဒာမိုးက ပြောသည်။

“ရွာထဲကို စစ်သားတွေဝင်လာတဲ့အသံကြားတာနဲ့ နီးစပ်ရာ တခြားရွာတွေနဲ့ သူများအိမ်တွေမှာ ပြေးပုန်းရတယ်။ ပြီးခဲ့တဲ့တစ်လလောက်ကလည်း စစ်သားတွေဝင်လာလို့ ကျမနဲ့ ကျမသူငယ်ချင်းနှစ်ယောက် ရွာနဲ့သုံးမိုင်လောက်ဝေးတဲ့ လယ်ကွင်းထဲ တစ်နေကုန်သွားထိုင်နေရတယ်”ဟု သူကပြောသည်။

CDM ပညာရေးဝန်ထမ်းများ၏ အခက်အခဲ၊ အကျပ်အတည်းများ

လုံခြုံရေးအခြေအနေကြောင့် အမည်မဖော်လိုသော မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်တစ်ဦးက စစ်တပ်ကို အာဏာဖီဆန်နေသော အခြေခံပညာဝန်ထမ်း ပမာဏသည် ပညာရေးကဏ္ဍမည်မျှ ပြောင်းလဲတိုးတက်ခဲ့သည်ကို ဖော်ပြနေခြင်းဖြစ်သည်ဟု ဆိုသည်။

ပုံမှန်အားဖြင့် မိမိထက်ရာထူးကြီးမြင့်သူများကို ပြန်လည်စောဒကမတက်ရဲခဲ့သော အခြေခံပညာဝန်ထမ်းများသည် အထက်လာသည့် အမိန့်အာဏာများကို ဖီဆန်ရန် အမြဲတွန့်ဆုတ်တတ်ကြသည်ဟု သူကဆိုသည်။

“ဒါပေမဲ့ အခုကြည့်စမ်း။ ၁၂၀,၀၀၀ ကျော်တဲ့ ဝန်ထမ်းတွေက သူတို့ရဲ့ အထက်အရာရှိတွေရဲ့ အမိန့်တွေကို ဖီဆန်နေကြတယ်။ ဒါက ပြီးခဲ့တဲ့ငါးနှစ်အတွင်း ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာကို ကျနော်တို့ တွေ့မြင်ခဲ့ရတဲ့ ရလဒ်ပါပဲ”ဟု သူက ပြောသည်။

ပညာရေးဝန်ကြီးဌာ၏ အချက်အလက်များအရ အခြေခံပညာဝန်ထမ်းများ၏ လစာများမှာ အထက်ပြတစ်ဦးလျှင် ၂၂၆,၀၀၀ကျပ်၊ အလယ်တန်းပြတစ်ဦးလျှင် ၂၀၈,၀၀၀ကျပ်နှင့် မူလတန်းပြတစ်ဦးလျှင် ၁၈၀,၀၀၀ကျပ် ဖြစ်သည်။

ယင်းနှုန်းထားမှာ မိသားစုရှိသူများအတွက် ဖူလုံရန်ခက်ခဲလှသော်လည်း နိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် ယင်းလစာနှုန်းထားများဖြင့်သာ ကျေနပ်နေရသည်ဟု ဖရွန်းတီးယားမြန်မာက တွေ့ဆုံမေးမြန်းခဲ့သော ပညာရေးဝန်ထမ်းများက ဆိုသည်။

အခြားစီးပွားရေးလုပ်ငန်းမရှိသော ပညာရေးဝန်ထမ်းများအတွက် စစ်ကောင်စီ၏ အလုပ်ထုတ်ခံရခြင်းသည် ပြင်းထန်သောရိုက်ချက်ဖြစ်သည်။ လယ်ဧကများပိုင်ဆိုင်သော မိဘများကြောင့် မစန္ဒာမိုးအတွက် အလုပ်ရပ်စဲခံရခြင်းသည် အခက်အခဲတစ်ရပ် မဟုတ်ပေ။ သို့သော် အမေအိုကြီးကိုလည်း အလုပ်အကျွေးပြုနေရပြီး ကျောင်းဆရာမလခတစ်ခုတည်းအပေါ် မီခိုနေရသော မသဇင်နွယ်အတွက်တော့ ကြီးမားသောအခက်အခဲဖြစ်သည်။

“တော်လှန်ရေးက ကြာမယ်ဆိုရင်တော့ ရွာကနေထွက်ပြီး မြို့မှအလုပ်တက်လုပ်ရမှာပေါ့”ဟု သူက ပြောသည်။

ဖရွန်းတီးယားမြန်မာက တွေ့ဆုံမေးမြန်းခဲ့သော ဆရာ၊ ဆရာမ ငါးဦးလုံးပင် အင်န်အယ်လ်ဒီ၏ ရွေးကောက်ခံအမတ်များ ဦးဆောင်ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ(အင်န်ယူဂျီ)ထံမှ ငွေကြေးနှင့် အခြားထောက်ပံ့မှု တစ်စုံတရာ လက်ခံရရှိခဲ့ခြင်း မရှိဖူးကြောင်းဆိုသည်။

အန်ယူဂျီအစိုးရ၏ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက CDM ပညာရေးဝန်ထမ်းများကို ထောက်ပံ့ရန် ဦးစားပေးလုပ်ဆောင်နေသည်ဟု မေ ၁၈ရက်တွင် RFA သတင်းဌာနကို ဖြေကြားခဲ့သော်လည်း မည်သို့ထောက်ပံ့ပေးမည်ကို အသေးစိတ် ဖြေကြားခဲ့ခြင်းမရှိပေ။

“အန်ယူဂျီအစိုးရအနေနဲ့ တစ်ကျပ်ရရင် တစ်ကျပ်ဖိုး၊ တစ်ဆယ်ကျပ်ရရင် တစ်ဆယ်ကျပ်ဖိုး CDM သမားတွေကို ပေးမှာပါ။ ကျနော်တို့ လက်ခံရရှိတဲ့ အလှူငွေတွေအကုန်လုံးက CDM သမားတွေ အတွက်ပါပဲ” ဟု သူက ဆိုသည်။

အန်ယူဂျီ၏ ပညာရေးဝန်ကြီးဌာနအနေဖြင့် မေလအတွင်းက ဦးစားပေးထောက်ပံ့ရမည့် CDM ပညာရေးဝန်ထမ်းများ၏ စာရင်းများကို စတင်ကောက်ခံနေကြောင်း သပိတ်မှောက်နေသည့် ဆရာ၊ ဆရာမများက ဆိုသည်။

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်အတွင်းက ကျေးရွာအဆင့် CDM ခေါင်းဆောင်တစ်ဦးက မြို့နယ် CDM ခေါင်းဆောင်များထံ အရေးပေါ်အထောက်အပံ့လိုအပ်နေသော ပညာရေးဝန်ထမ်း ဆယ်ဦး၏နာမည်များကို ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ပြောသည်။

“အကုန်လုံးကတော့ ငွေကြေးအခက်အခဲတွေ့နေတာပေါ့။ အင်န်ယူဂျီအနေနဲ့ကလည်း အကုန်လုံးကို ထောက်ပံ့ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ ဒီတော့ ပထမဆုံး အားကိုး၊ အားထားမရှိတဲ့ ဆရာ၊ ဆရာမတွေကို အရင်ဆုံး ဦးစားပေးလုပ်လိုက်တယ်။ ဒါကို ဝန်ထမ်းတွေအကုန်လုံးကလည်း သဘောတူပါတယ်”ဟု သူကပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ ရွာတစ်ရွာက CDM ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သူ မခိုင်မာကမူ မည်သည့်အထောက်အပံ့မှ မရရှိသေးသည့်တိုင် အန်ယူဂျီအစိုးရ၏ အခက်အခဲများကို ကိုယ်ချင်းစာနားလည်ပေးနိုင်ကြောင်း ဆိုသည်။

“တာဝန်ရှိသူတွေက ကျမတို့အတွက် အလုပ်လုပ်နေတယ်ဆိုတာ ယုံကြည်တယ်။ သူတို့ဆို စစ်တပ်ကို ပုန်းရှောင်ပြီး အလုပ်လုပ်နေတာ။ ကျမတို့ကြုံနေတဲ့ အခက်အခဲက သူတို့နဲ့ယှဉ်ရင် အသေးအမွှားပါ”ဟု သူက ပြောသည်။

အတုအယောင်ပညာရေး

လစ်လပ်သွားသော ဆရာ၊ ဆရာမများနေရာကို အစားထိုးရန် မြို့နယ်အခြေခံပညာဦးစီးဌာနများက ဘွဲ့ရများကို နေ့စားလပေးဆရာ၊ ဆရာမများအဖြစ် ခန့်အပ်ရန် လျှောက်လွှာများခေါ်ယူနေသည်။ ယင်းနေ့စားလပေးစနစ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အစိုးရအဖြစ်တာဝန်ယူခဲ့သော ၂၀၁၁ နောက်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး အင်န်အယ်ဒီအစိုးရလက်ထက် ၂၀၁၆တွင် ယင်းစနစ်ကို ရပ်ဆိုင်းခဲ့သည်။

ယင်းသို့ နေ့စားခန့်စနစ်ကတစ်ဆင့် ဆရာ၊ ဆရာမများအဖြစ် ရွေးချယ်ခန့်ထားခံရသူများတွင် အရည်အချင်း မပြည့်မီသူများ ပါဝင်လာမည်ကို MTF အဖွဲ့ဝင်က စိုးရိမ်နေသည်။

“အကုန်လုံးလိုလိုက စစ်တပ်ရဲ့ စစ်ကျွန်ပညာရေးကို တော်လှန်နေတဲ့အချိန်လည်းဖြစ်တော့ ပညာတတ်အတော်များများကတော့ ဒါကို လျှောက်ကြမှာမဟုတ်ဘူး။ ဒီအချိန်မှာ ပုံမှန်အချိန်မှာ အရည်အချင်းမပြည့်မီတဲ့လူတွေ အထူးသဖြင့် စစ်တပ်လိုလားတဲ့လူတွေ လာလျှောက်နိုင်ခြေရှိတာပေါ့။ ဒါက အနာဂတ်ပညာရေးအတွက် အတော်အန္တရာယ်များပါတယ်”ဟု ၎င်းကပြောသည်။

နေ့စားလပေးခေါ်ယူရာတွင် လာလျှောက်ကြသူပမာဏကို ဖရွန်းတီးယားမြန်မာက အတည်မပြုနိုင်သော်လည်း စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီလိုလားသူများ လျှောက်ထားလျက်ရှိကြောင်း သပိတ်မှောက်ဆရာ၊ ဆရာမများက ဆိုသည်။

သပိတ်မှောက်ရာတွင်ပါဝင်သူ ဆရာမသဇင်နွယ်က ၎င်းကျောင်းဆရာမအဖြစ် တာဝန်ယူရန် လျှောက်ထားခဲ့စဉ်က နေ့စားလပေးဆရာ၊ ဆရာမများခေါ်ယူစဉ်က စာတွေ့နှင့် လက်တွေ့ဝင်ခွင့် အဆင့်ဆင့်ဖြေဆိုခဲ့ရပြီး လျှောက်ထားသူ အများအပြားအနက်မှ အနည်းငယ်သာ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျမတို့တုန်းက ကိုယ့်မြို့နယ်မှာ လူ ၆၀၀ကျော်မှာ ၂၇ယောက်ပဲအရွေးခံရတယ်။ မြို့နယ်တိုင်းလိုလိုက လူရာနဲ့ချီလာလျှောက်ကြပေမဲ့ ၂၀၊ ၃၀လောက်ပဲ ခန့်တယ်။ ခန့်ပြီးတော့ ပုသိမ်ပညာရေးကောလိပ်မှာ နှစ်လသင်တန်းကို နှစ်ခါတက်ရတယ်”ဟု သူကပြောသည်။

ယခုနှစ်တွင်မူ သက်ဆိုင်ရာမြို့နယ်များက ရေးဖြေ,ဖြေဆိုခွင့်ရသူစာရင်းများကို ယခုထိ ထုတ်ပြန်ခြင်းမရှိသဖြင့် မည်သည့်စစ်ဆေးမှု၊ အလုပ်ဝင်ခွင့်စာမေးပွဲမှ ဖြေဆိုရခြင်းမရှိဘဲ နေ့စားလပေးဝန်ထမ်းများခန့်အပ်နေသလောဟု ပညာရေးအသိုင်းအဝိုင်းက သံသယရှိနေသည်။

ပညာရေးကောလိပ် အငြိမ်းစားဒုကျောင်းအုပ်ကြီးက စစ်ကောင်စီအနေဖြင့် လစ်လပ်ဆရာ၊ ဆရာမများနေရာကို အရည့်အချင်းနိမ့်ဝန်ထမ်းများဖြင့် အစားထိုးပါက ခက်ခက်ခဲခဲလုံးပမ်းရလိမ့်မည်ဟု ယုံကြည်နေသည်။

“ပညာရေးကောလိပ် ၂၁ခုနဲ့ တက္ကသိုလ် နှစ်ခုကနေ ဆရာ၊ ဆရာမအရေအတွက် ၁၀,၀၀၀လောက် နှစ်စဉ်မွေးထုတ်ပေးနေပေမဲ့ ပုံမှန်အချိန်မှာတောင် ကျမတို့နိုင်ငံက ဆရာ၊ ဆရာမက မလုံလောက်ဘူး။ ဒါကို နေ့စားလပေးတွေနဲ့ အစားထိုးဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး”ဟု သူကပြောသည်။

နေ့စားလပေးများကို လွယ်လင့်တကူ ခန့်အပ်လိုက်ခြင်းကလည်း ပညာရေးစနစ်ကို များစွာထိခိုက်လိမ့်မည်ဟု သူက ဆိုသည်။ ထို့ပြင် ဆယ်စုနှစ်များစွာ ဖျက်ဆီးခြင်းခံခဲ့ရသော ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းလျက်ရှိသော အင်န်အယ်ဒီအစိုးရ၏ ပညာရေးအဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များအတွက် “ဝမ်းနည်းဖွယ်ရာကိစ္စဖြစ်သည်”ဟု သူက မှတ်ချက်ပြုသည်။

ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တစ်ခုအနေဖြင့် အင်န်အယ်ဒီအစိုးရလက်အောက်တွင် ပညာရေးဝန်ကြီးဌာနသည် သင်ရိုးညွှန်းတမ်းများကို အဆင့်မြှင့်တင်ခဲ့ရာ ထိုလုပ်ငန်းစဉ်မှာ မပြီးဆုံးသေးဘဲ အဟောင်းမှ အသစ်သို့ ကူးပြောင်းဆဲကာလတွင်သာ ရှိနေသေးသည်။ ၁၂တန်းပညာရေးစနစ်သို့ ကူးပြောင်းရန် ၂၀၁၆-၂၀၁၇ စာသင်နှစ်မှ စတင်ခဲ့ရာ ယခုချိန်ထိ အဆင့်ဆင့်၊ ကူးပြောင်းနေဆဲရှိပြီး မပြီးဆုံးသေးပေ။

“သင်ရိုးသစ်တွေက မူလသင်ကြားနေတဲ့ဆရာတွေအတွက်တောင် ခက်တာ အခုမှဝင်လာတဲ့သူတွေက ဘယ်လိုလို့ ဒါကို ကိုင်တွယ်နိုင်မှာလဲ။ စစ်ကောင်စီအနေနဲ့ ဒါအကျပ်အတည်းကြားကနေ ကျောင်းတွေကို ဖိအားပေးဖွင့်ခိုင်းမယ်ဆိုရင် စစ်ကျွန်ပညာရေးပဲဖြစ်လာလိမ့်မယ်။ ဒီပညာရေးစနစ်ကနေ တိုးတက်ဖို့ ဘာမှမျှော်လင့်စရာမရှိဘူး”ဟု အဆိုပါကျောင်းအုပ်ကြီးက ပြောသည်။

ရွေးကောက်ခံအစိုးရ အာဏာပြန်ရမှသာ စာသင်ခန်းသို့ ပြန်လည်ခြေချမည်ဟု ဆုံးဖြတ်ထားသည့် မသဇင်နွယ်ကလည်း ကျောင်းသားများနှင့် မိဘများကိုလည်း ကျောင်းမသွားဘဲ ယင်းကာလအထိ သူနှင့်အတူတူစောင့်ဆိုင်းရန် တိုက်တွန်းလိုက်သည်။

“မိဘတွေကလည်း စစ်တပ်ဖွင့်တဲ့ကျောင်းတွေဆီ ကလေးတွေကို မလွှတ်ဘူးလို့ ကျမယုံတယ်။ သူတို့ယန္တရားလည်ပတ်နိုင်ရုံလောက်ပဲ လူထုကို ပညာတက်စေချင်ရင်တော့ ပညာရေးအဆင့်က ဆိုးဝါးလာမှာပဲ”ဟု ယခင်စစ်အာဏာရှင်များ ဖော်ဆောင်သွားခဲ့သည့် လက်ညှိုးထောင် ခေါင်းညိတ်ပညာရေးစနစ်များ တကျော့ပြန်လာမည်ကို စိုးရိမ်ရင်း သူမက ဆိုသည်။

“သူတို့ဖော်ဆောင်နေတာ အတုအယောင်ပညာရေးပဲ”ဟု ဆရာမသဇင်နွယ်က ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.