ရန်ကုန်မြို့နိုင်ငံတကာကျောင်းများမှ ထိတ်ထိတ်ကြဲများ

ကျောင်းလခများ မတရားမြင့်မားသော်လည်း ရန်ကုန်မြို့ရှိ နိုင်ငံတကာ ကျောင်းများတွင် ကျောင်းအပ်သူများ တိုးပွားလာလျက် ရှိသည်။ ယင်းမှာ မြန်မာနိုင်ငံမှ မိဘများသည် ၎င်းတို့၏ သားသမီးများကို နိုင်ငံခြား တက္ကသိုလ်များသို့ ဝင်ရောက်နိုင်စေလို၍ ဖြစ်သည်။ 

ရှားလော့ ရို့စ် ရေးသားသည်။

ဗြိတိသျှ နိုင်ငံတကာကျောင်း ဒူးဝစ်ရှ်ကောလိပ် ရန်ကုန် Dulwich College Yangon က သန်လျင်မြို့နယ်ရှိ စတားစီးတီးအိမ်ရာ Star City တွင် သြဂုတ်လအတွင်း လာဖွင့်သည့်အခါ ယင်းသည် မြန်မာနိုင်ငံတွင် ဈေးအကြီးဆုံး နိုင်ငံတကာ ကျောင်းဖြစ်ခဲ့ပြီး ကျောင်းလခမှာ နှစ်စဉ် ကန်ဒေါ်လာ ၂၇,၇၀၁ ကျသင့်မည် ဖြစ်သည်။

ယင်းမှာ တစ်ဦးချင်း ဂျီဒီပီ GDP ဝင်ငွေ တစ်နှစ် ကန်ဒေါ်လာ ၁,၂၀၀ ခန့်သာရှိသော မြန်မာနိုင်ငံတွင် ငွေဖြုန်းလွန်းလှသည်ဟု ထင်ရသည်။ သို့သော် ထိုကျောင်းလခသည် ကျောင်းလာအပ်သူများကို ရပ်တန့်စေခြင်း မရှိပါ။ အထူးသဖြင့် လှိုင်သာယာ မြို့နယ်ရှိ ဒူးဝစ်ရှ် ပန်းလှိုင်ကျောင်းတွင် လာရောက်အပ်နှံသူ ၅၀ ရာခိုင်နှုန်းသည် ချမ်းသာသော မြန်မာမိသားစုများမှ ကလေးများဖြစ်ကြသည်။

ဒူးဝစ်ရှ်တွင် လာရောက်အပ်နှံသူ များပြားနေသည်မှာ အထူးအဆန်းမဟုတ်ပေ။ ယခင်က မြန်မာနိုင်ငံတွင် နိုင်ငံတကာကျောင်း လက်တစ်ဆုပ်စာမျှသာ ရှိခဲ့ပြီး လာရောက်အပ်နှံသူ အများစုမှာ နိုင်ငံခြားမှ ပြန်လာသူများသာ ဖြစ်ခဲ့သော်လည်း ယခုအခါ နိုင်ငံတကာကျောင်းများတွင် မြန်မာနိုင်ငံမှ လူလတ်တန်းစားများ လာရောက်အပ်နှံမှု တိုးပွားလာလျက်ရှိသည်။

ထိုလူလတ်တန်းစားများသည် လျစ်လျူရှုခံထားရသော နိုင်ငံပိုင် ပညာရေးစနစ်ကို စွန့်ခွာပြီး နိုင်ငံတကာ ပညာရေးကို ရွေးချယ်လာကြသည်။ ၎င်းတို့သည် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ နိုင်ငံများတွင် တက္ကသိုလ် ဆက်လက်တက်ရောက်နိုင်ရန် လမ်းဖွင့်ပေးမည့်စနစ်ကို ရွေးချယ်လာကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာကျောင်းများ၏ အခန်းကဏ္ဍမှာ ဖြည်းဖြည်းချင်း မြင့်မားလာလျက်ရှိသည်။ နိုင်ငံတကာကျောင်းများ အတိုင်ပင်ခံအုပ်စု International Schools Consultancy Group ၏ အဆိုအရ မြန်မာနိုင်ငံတွင် နိုင်ငံတကာကျောင်းများသည် ၂၀၁၂ ခုနှစ်တွင် ၂၅ ကျောင်းသာ ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ၌ ၄၃ ကျောင်းထိ ရှိလာခဲ့သည်။ ထိုကာလအတွင်း ကျောင်းအပ်မှုမှာ ၆,၇၀၀ မှ ၁၁,၈၀၀ အထိဖြစ်ရာ ၇၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ 

ရန်ကုန်မြို့ သာလွန်နိုင်ငံတကာကျောင်းမှ ကျောင်းသားလေးများ ပန်းချီသင်တန်း တက်နေစဉ်။ ဓာတ်ပုံ - ပံ့ပိုး

ရန်ကုန်မြို့ သာလွန်နိုင်ငံတကာကျောင်းမှ ကျောင်းသားလေးများ ပန်းချီသင်တန်း တက်နေစဉ်။ ဓာတ်ပုံ – ပံ့ပိုး

မြန်မာနိုင်ငံ၌ ပုဂ္ဂလိကကျောင်းများ တိုးပွားလာခြင်းသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတကာကျောင်းများတွင် အပ်နှံသည့် အပြောင်းအလဲများကို  မီးမောင်းထိုး ပြသနေသည်။ လွန်ခဲ့သော အနှစ် ၃၀ ခန့်ကမူ နိုင်ငံတကာကျောင်းများတွင် ကျောင်းအပ်သူများ၏  ၅ ပုံ ၁ ပုံသာ ဒေသခံများ ဖြစ်ခဲ့သည်။ ယခုအခါ ဒေသခံ ၈၀ ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ်သည်ဟု ၂၀၁၆ နိုင်ငံတကာကျောင်းများ အတိုင်ပင်ခံအစီရင်ခံစာ 2016 ISC report က ဆိုသည်။

ထိုသို့ နိုင်ငံတကာကျောင်းများ လိုအပ်မှု များလာရခြင်းသည် ဒေသခံ လူလတ်တန်းစားများ၏ စိတ်ဝင်စားမှု တိုးပွားလာခြင်းနှင့် နိုင်ငံတော် ပညာရေးစနစ် ချို့တဲ့အားနည်းလာသောကြောင့် ဖြစ်သည်။

စိုင်းဟန်ဝင်းထွန်း၏ ခြောက်နှစ်အရွယ် နှမငယ်သည် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ အစိုးရကျောင်း တစ်ကျောင်းတွင် ပညာသင်ကြားနေသည်။ သို့သော် သူ့မိသားစုဝင်များက ထိုကလေးမကို ယခုနှစ်၌ နိုင်ငံတကာကျောင်း တစ်ကျောင်းတွင် ထားလို၍ ထိုကျောင်းမျိုး ရှာပေးစေလိုကြောင်း သူ့ကို ဝိုင်းပြောကြသည်။

စတားစီးတီးရှိ ဒူးဝစ်ရှ်ကောလိပ် ရန်ကုန် မဖွင့်မီ အချက်အလက် ရှင်းပြသည့်နေ့က ထိုကျောင်းများတွင် တက်ရောက်သူများသည် သူတို့၏ အရည်အချင်း မှတ်တမ်းအလိုက် နိုင်ငံတကာ ထိပ်တန်းတက္ကသိုလ်များကို တက်ရောက်နိုင်မည်ဟု မျှော်လင့်ရကြောင်း သူကဆိုသည်။ ထိုကျောင်းတွင် တက်ရောက်ဖူးသူများတွင် ၁၉၄၀ ပြည့်နှစ်များက ဝန်ကြီးချုပ် ဗိုလ်ချုပ်အောင်ဆန်း၏ ဒုဝန်ကြီး ဖြစ်ခဲ့ဖူးသော ဦးတင်ထွဋ်လည်း ပါဝင်သည်။

“ခင်ဗျား ကိုယ့်ကလေးကို နိုင်ငံခြား တက္ကသိုလ် တစ်ခုမှာ တက်စေချင်ရင် သူတို့ကို အကောင်းဆုံး ပညာရေး ပေးရမှာပဲ။ နိုင်ငံတကာကျောင်းတွေရဲ့ ပညာရေးက သူတို့ကို မြန်မာနိုင်ငံမှာ တခြားနည်းနဲ့ မရနိုင်တဲ့ အခွင့်အလမ်းတွေကို ပေးနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ကုန်ကျစရိတ်နဲ့ ထိုက်တန်ပါတယ်” ဟု သူကဆိုသည်။

ထိုသို့ နိုင်ငံတကာ ရေပေါ်ဆီလူတန်းစားများနှင့် ရင်ပေါင်တန်းနိုင်စေမည့် အခွင့်အလမ်းမှာလည်း မိဘများအတွက် ဆွဲဆောင်မှု တစ်ခုဖြစ်သည်။ ကြေးနီသတ္တုတွင်းတွင် လုပ်ကိုင်နေသော ဦးကြံထွန်းသည် ၁၅ နှစ်အရွယ် သမီးဖြစ်သူ အစ္စဘယ်လာကို သင်္ဃန်းကျွန်း မြို့နယ်ရှိ ရန်ကုန် နိုင်ငံတကာကျောင်း Yangon International School သို့ အပ်နှံခဲ့သည်။

ကျောင်းသားအများစုက နိုင်ငံတကာကျောင်းများကို စိတ်ဝင်စားမှု ပိုကြသည်မှာ ကလေးများအား ပိုမိုအခြေပြုရေးဆွဲထားသည့် သင်ရိုးညွှန်းတမ်းများကြောင့်လည်းဖြစ်သည်။ ဓာတ်ပုံ - ပံ့ပိုး

ကျောင်းသားအများစုက နိုင်ငံတကာကျောင်းများကို စိတ်ဝင်စားမှု ပိုကြသည်မှာ ကလေးများအား ပိုမိုအခြေပြုရေးဆွဲထားသည့် သင်ရိုးညွှန်းတမ်းများကြောင့်လည်းဖြစ်သည်။ ဓာတ်ပုံ – ပံ့ပိုး

သူသည် အစ္စဘယ်လာ၏ မောင်လေး(၁၁ နှစ်)နှင့် ညီမလေး (၁၃ နှစ်) တို့ကိုလည်း နိုင်ငံတကာကျောင်းတွင် ထားရန် မျှော်မှန်းထားသည်။ သူ့တွင် ဒူးဝစ်ရှ်ကောလိပ် ရန်ကုန်နှင့် ဗြိတိသျှကျောင်း ရန်ကုန်တို့ကို ရွေးချယ်စရာ ရှိသည်။ နှစ်စဉ် ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၁၄,၉၉၀ နှင့် ၂၆,၉၉၀ တို့ အသီးသီး ဖြစ်ကြသည်။ ဦးကြံထွန်းအတွက် ထိုကျောင်းများ၏ အစဉ်အလာဂုဏ်ဒြပ်ကြောင့် ငွေကုန်ကြေးကျ ခံရသည်မှာ ထိုက်တန်သည်ဟု ယူဆသည်။

“ဒီလို ထိပ်တန်းကျောင်းတွေကို တစ်ကမ္ဘာလုံးက သိကြတယ်။ သူတို့က ကုန်အမှတ်တံဆိပ်တွေလိုပဲ။ သားသမီးတွေကို ဒီကျောင်းတွေ ပို့နိုင်ရင် သူတို့က ကမ္ဘာ့အကောင်းဆုံး နိုင်ငံတကာကျောင်းမှာ နေတယ်ဆိုပြီး ကျွန်တော် ဂုဏ်ယူနိုင်တယ်” ဟု သူက ပြောပြသည်။

၂၀၁၆ က နိုင်ငံတကာကျောင်းများ အတိုင်ပင်ခံအုပ်စုနှင့် တွေ့ဆုံမေးမြန်းရာ၌ ဗြိတိသျှကျောင်း ရန်ကုန်မှ ကျောင်းအုပ်ဖြစ်သည့် မစ္စတာ အဒမ်ဂျွန်ဆင် Mr Adam Johnson က “အင်္ဂလိပ်လို သင်ကြားတဲ့ နိုင်ငံတကာကျောင်းတွေက မိဘတွေကို ဆွဲဆောင်နိုင်တာဟာ ကျွန်တော်တို့က ဗြိတိန်နိုင်ငံနဲ့  ဆက်နွယ်နေလို့ပါ။ ကျွန်တော်တို့ရဲ့ ကျောင်းသားမိဘတွေက နိုင်ငံခြားရောက်ဖူးတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဖြစ်ပုံရပြီး ဗြိတိသျှကျောင်းနဲ့ ဗြိတိသျှစနစ်တွေနဲ့ ဆက်နွှယ်နေလို့ အနာဂတ် အလားအလာကောင်းတာကို သဘောကျကြတာပါ။ တခြားအာရှနိုင်ငံတွေကလည်း ဒီလိုပါပဲ” ဟု သူက ပြောပြသည်။

နိုင်ငံတကာကျောင်းအများစုသည် အကောင်းဆုံးသော အားကစားနှင့် အခြားပစ္စည်းပစ္စယများ၊ ဝန်ဆောင်မှုနှင့် အဆောက်အအုံ အများအပြားကို ဖြည့်ဆည်းပေးထားကြသည်။ ယင်းတို့ကို ထောက်ပံ့မှု နည်းပါးသည့် ပြည်တွင်းကျောင်းများတွင် ကြားပင်မကြားဖူးပေ။

ဒူးဝစ်ရှ်ကောလိပ် ရန်ကုန်ကို တည်ဆောက်ပြီးစီးပါက စတားစီးတီးရှိ စတုရန်းမီတာ ၈၀,၀၀၀ ကျယ်ဝန်းသော ယင်း၏မြေနေရာတွင် ဒီဇိုင်းနည်းပညာ၊ သိပ္ပံဓာတ်ခွဲခန်းများ၊ အနုပညာနှင့် ဒီဇိုင်းဌာန၊ တေးသံသွင်းစတူဒီယို၊ ရုပ်ရှင်ရိုက်ကူးရေး ကိရိယာများ၊ အကခန်းမများနှင့် လူ ၅၅၀ ဆန့်ခန်းမကြီးတို့ ပါဝင်မည်ဖြစ်သည်။

အားကစားပိုင်းတွင် ဘတ်စကက်ဘောကွင်း နှစ်ကွင်းစာ အားကစားရုံ၊ မီတာ ၅၀ ရှည်သည့် အီလက်ထရွန်းနစ် အချိန်မှတ်စနစ် တပ်ဆင်ထားသော အိုလံပစ်စံနှုန်းမီ ရေကူးကန်နှင့် အရွယ်အစား ပြည့်မီပြီး ကွင်းဘေး၌ ပြေးလမ်း ၈ ခုပါသည့် ဘောလုံးကွင်း တစ်ကွင်းတို့ ပါဝင်သည်။ 

သန်လျင်မြို့နယ်၊ စတားစီးတီးရှိ ဒူးဝစ်ရှ်ကောလိပ် ရန်ကုန်ကျောင်းဝင်းပုံစံကို ပန်းချီဆရာက ပုံဖော်ထားခြင်းဖြစ်သည်။ ဓာတ်ပုံ - ပံ့ပိုး

သန်လျင်မြို့နယ်၊ စတားစီးတီးရှိ ဒူးဝစ်ရှ်ကောလိပ် ရန်ကုန်ကျောင်းဝင်းပုံစံကို ပန်းချီဆရာက ပုံဖော်ထားခြင်းဖြစ်သည်။ ဓာတ်ပုံ – ပံ့ပိုး

“ကျွန်တော်တို့ရဲ့ အသုံးအဆောင်၊ အဆောက်အအုံတွေက လူတွေ တကယ့်ကို အံ့သြရလောက်တာတွေပါ။ ဒါတွေကပဲ ကျွန်တော်တို့ကျောင်းကို ဆွဲဆောင်မှု ရှိစေပါတယ်။ စာသင်ကြားမှု အရည်အသွေးကို မတွေ့ရခင်မှာပဲ အဆောက်အအုံကြီးရဲ့ ခမ်းနားမှုကို တွေ့ရမှာပါ” ဟု ဒူးဝစ်ရှ်ကောလိပ် ရန်ကုန်၏ ကျောင်းအုပ် မစ္စတာ ဒါရီး အောချာ့ဒ် Mr Daryl Orchard က ပြောသည်။

“သင်တို့ရဲ့ ကလေးတွေကို ဉာဏ်ကွန့်မြူး လှုံ့ဆော်ပေးနိုင်တဲ့ ကျောင်းမှာထားရင် သူတို့ကလည်း အတုအယောင် အကန့်အသတ်တွေကို ကျော်လွှားပြီး အကောင်းဆုံးဖြစ်အောင် ဉာဏ်ကွန့်မြူး ကြိုးစားလိုစိတ်တွေ ရှိလာကြမယ်လို့ ယုံကြည်ပါတယ်”

သို့သော် ဒူးဝစ်ရှ်သည် လူတိုင်းတက်ရောက်နိုင်သော ကျောင်းတစ်ကျောင်း မဟုတ်ကြောင်း သူက ဝန်ခံသည်။

“ကျွန်တော်တို့ရဲ့ ကျောင်းလခကို ကြည့်လိုက်တာနဲ့ ကမ္ဘာ့အဆင့် ကျောင်းအဖြစ် ရပ်တည်လိုတဲ့ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကို ထင်ဟပ်နေပါတယ်။ ကလေးတွေဆီကနေ အကောင်းဆုံး အရည်အချင်းတွေကို ထုတ်ယူလိုရင် အကောင်းဆုံး ဆရာတွေနဲ့ အကောင်းဆုံး အဆောက်အအုံတွေ လိုပါတယ်။ ဒါတွေက ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လိုပါတယ်”

တစ်ကမ္ဘာလုံးတွင် နိုင်ငံတကာကျောင်းများသို့ တက်ရောက်နေသော ကျောင်းသားဦးရေသည် ၅ နှစ်အတွင်း ၄၅ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး အာရှဒေသ၌ ၅၅ ဒသမ ၇ ရာခိုင်နှုန်း ရှိသည်ဟု နိုင်ငံတကာကျောင်းများ အတိုင်ပင်ခံ အစီရင်ခံစာ ISC က ဆိုသည်။

မြန်မာနိုင်ငံသည် ယခင်က အိမ်နီးချင်း နိုင်ငံများနှင့်ယှဉ်လျှင် နိုင်ငံတကာကျောင်းများ အနည်းငယ်သာ ရှိခဲ့သည်။ တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် ပြီးခဲ့သော ဆယ်စုနှစ်များက နိုင်ငံတကာကျောင်းများ တဟုန်ထိုး တိုးတက်ခဲ့သည်။ သို့သော် ISC ၏ ကိန်းဂဏန်းများကမူ မြန်မာနိုင်ငံ၏ တိုးတက်မှုသည် ကျောင်းသားရော၊ ကျောင်းအရေအတွက်ပါ မြန်ဆန်လွန်းသည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှ ကျောင်းသားများကို ဝန်ဆောင်မှု ပေးနေသော နိုင်ငံတကာ ပညာရေး အဖွဲ့အစည်းများသည် အနည်းငယ်မျှသာ ရှိသေးသဖြင့် ဈေးကွက်တောင်းဆိုမှုအားမှာ များစွာကောင်းသည်ဟု မစ္စတာ အောချာ့ဒ်က ဆိုသည်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးသာ မျှော်မှန်းထားသလို အောင်မြင်တိုးတက်လာမယ်ဆိုပါက နိုင်ငံတကာကျောင်းတွေရဲ့ ဧရာမ ဈေးကွက်တောင်းဆိုမှုအားက သေချာပေါက် တိုးတက်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တိုးတက်မှုနှုန်း လျင်မြန်နေတဲ့ ဈေးကွက်ထဲကို ရောက်ရှိနေပြီလို့ တကယ့်ကို ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

အသက် ၁၀ နှစ်ရှိ မစိုးမီကီသည် ရန်ကုန်မြို့ရှိ တိုတယ်ဘရိန်းဝါ့ခ်စ် နိုင်ငံတကာကျောင်းTotal Brainworks international school တွင် တက်ရောက်နေသည်။ သို့သော် သူသည် စတားစီးတီးရှိ ဒူးဝစ်ရှ်ကောလိပ်သို့ သြဂုတ်လတွင် ပြောင်းရန် စီစဉ်ထားသည်။ နိုင်ငံတကာကျောင်းမှ သူလိုချင်သော အတွေ့အကြုံကို တိတိကျကျ သိရှိထားပြီး ပျော်စရာကောင်းသော အားကစားနှင့် သိပ္ပံဘာသာရပ်များကို မစိုးမီကီက လေ့ကျင့်လုပ်ဆောင်လိုကြောင်း ပြောသည်။

နှစ်စဉ်ကြေး ကန်ဒေါ်လာ ၂၄,၇၀၂ ပေးရမည်ဖြစ်သော သူ့ဖခင် ဦးစောဝင်းထွန်းကမူ အခြားရည်ရွယ်ချက်များ ရှိနေသည်။

“သမီးက ဒူးဝစ်ရှ်လို နာမည်ကြီးကျောင်းမှာ နေရရင် ကမ္ဘာပေါ်က ဘယ်တက္ကသိုလ်ကိုမဆို တက်လို့ရမယ်လေ။ ကျွန်တော်တို့က သမီးကို အဲသလိုဖြစ်စေချင်တာ” ဟု သူကပြောသည်။

ခေါင်းစီးဓာတ်ပုံ – ဒူးဝစ်ရှ်ကောလိပ် ပန်းလှိုင်ကျောင်းဝင်းတွင် ကလေးများ ကျောင်းတက်နေပုံ။(ဓာတ်ပုံ – ပံ့ပိုး)

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.