“ကျွန်တော် ဒီကိုရောက်လာပြီး ဒီအခွင့်အရေးရတာ ကံကောင်းတယ်လို့ ခံစားမိပါတယ်”

မူးယစ်ဆေးဝါး သုံးစွဲမှုပြဿနာနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ လူ့အသိုက်အဝန်းများက နည်းမျိုးစုံဖြင့် တုန့်ပြန် လုပ်ဆောင်လျှက်ရှိကြသည်။ မိုးကုတ်မြို့ရှိ ပြန်လည်ထူထောင်ရေးစခန်းတစ်ခုတွင်မူ မိတ်ဆွေရင်းချာသဖွယ် အကူအညီပေးခြင်းဖြင့် ဆေးစွဲနေသူများအား ဆေးဖြတ်နိုင်အောင် ကူညီပေးလျက်ရှိသည်။

သောမတ်စ် ကင်း(န်) ရေးသားသည်။

တရားမဝင် မူးယစ်ဆေးဝါးသုံးစွဲမှု တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ၌ အရင်းအမြစ်ချို့တဲ့မှုမှာ ဆိုးရွားလှသည်။ အထူးသဖြင့် ဆေးစွဲမှုဝေဒနာ ကုသရေးတွင် လိုအပ်ချက်များ အထူးရှိနေသည်။ မြန်မာနိုင်ငံတွင် ဆေးထိုးအပ်သုံးဆွဲသည့် ဆေးစွဲသူ တစ်သိန်းနီးပါးရှိမည်ဟု ခန့်မှန်းထားရာ လေ့လာသူအချို့ကမူ ထိုအရေအတွက်ထက် များစွာ ပိုနိုင်သည်ဟု ဆိုကြသည်။ သို့သော် တစ်နိုင်ငံလုံး၌ ဆေးစွဲသူ ပြန်လည်ထူထောင်ရေးစခန်း စုစုပေါင်း ၁၂ ခု သာရှိသည်။ သို့ဖြစ်ရာ ရပ်ရွာလူထုက ဤပြဿနာကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဖြေရှင်းကြရတော့သည်။ အချို့သောဒေသများတွင် အစွန်းရောက် ဖြေရှင်းနည်းများကို  အသုံးပြုနေကြသည်။

ကချင်ပြည်နယ်ရှိ ပရဟိတအဖွဲ့ဖြစ်သည့် ပတ်ဂျာဆန်အဖွဲ့က ဆေးစွဲသူများကို ကုသရာတွင် အပြင်းအထန် နှိပ်စက်ညှင်းပန်းသော နည်းလမ်းကို အသုံးပြုနေကြကြောင်း ကြားသိနေရသည်။ ပြည်နယ်အစိုးရက ဤပြဿနာကို ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်းမရှိသဖြင့် ကချင် လူ့အသိုင်းအဝိုင်းတွင် ဆေးစွဲမှု ပြဿနာက ကြီးထွားနေသည်။ အဓမ္မအင်အားသုံး ဆေးဖြတ်နည်းများသည် တန်ပြန် သက်ရောက်မှုကို ဖြစ်စေနိုင်ကြောင်း၊ စိတ်အလိုမကျခြင်းနှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်းတို့သည် ဆေးစွဲသူများ၏ ရောဂါလက္ခဏာပင် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားကြသည်။

မန္တလေးတိုင်းဒေသကြီး မြောက်ဘက်ရှိ တောင်ပေါ်မြို့တစ်မြို့ဖြစ်ကာ ပတ္တမြားထွက်ရှိသော မိုးကုတ်မြို့တွင် လူဦးရေ တစ်သိန်းကျော် နေထိုင်ကြပြီး မူးယစ်ဆေးစွဲမှု ပြဿနာရှိနေသော မြို့တစ်မြို့လည်းဖြစ်သည်။ မိုးကုတ်သည် ဘိန်းနှင့် မက်တာဖက်တမင်း စိတ်ကြွဆေးထုတ်လုပ်သော ရှမ်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ မိုးကုတ်မြို့က လုံခြုံရေးနှင့် စီးပွားရေးကောင်းသော်လည်း ဆင်းရဲပြီး ပဋိပက္ခများ မကြာခဏဖြစ်ပွားရာ အနီအနားရှိ ပလောင်နယ်မြေတွင်မူ TNLA တအာင်းပလောင် လက်နက်ကိုင်လူမျိုးစု တပ်များ ရှိနေသည်။ အခြားဒေသများလိုပင် မိုးကုတ်မြို့၌ မူးယစ်ဆေးသုံးစွဲမှု မြင့်တက်နေရာ အထူးသဖြင့် လူငယ်များအကြားတွင် သုံးစွဲသူများကို ပိုမိုတွေ့ရှိရသည်။

မိုးကုတ်တွင် အလင်းအိမ်ဟု အမည်ပေးထားသော မူးယစ်ဆေးစွဲသူ ကုသရေးစခန်းတစ်ခု တည်ထောင်ထားသည်။ စခန်းတွင် လာရောက်ဆေးဖြတ်နေသူ ၃၀ မှ ၄၀ ဦးခန့်ရှိရာ ဘိန်းဖြူနှင့် စိတ်ကြွဆေးစွဲသူများ ဖြစ်ကြသည်။ ထိုအထဲတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်ရာ ဗမာ၊ ရှမ်း၊ လီဆူးနှင့် ကုလားလူမျိုးများလည်း ပါဝင်သည်။ Frontier က ထိုစခန်းသို့ ပြီးခဲ့သည့်နှစ်က ရောက်ရှိသွားစဉ် ကျောင်းသားများက နေ့လည်စာစားရန် ပြင်ဆင်နေကြသည်။ အလင်းအိမ်စခန်း၏ အုပ်ချုပ်ရေးမှူး ကိုစိုးသန်းက စခန်းတွင် လာရောက်ဆေးဖြတ်နေသူများကို ကျောင်းသားများဟုပင် ခေါ်ဝေါ်သည်။ ထမင်းစား၍ ပြီးသွားသူများက ပုဂံဆေးသူကဆေး၊ ဂီတာတီးသူကတီး၊ ခြင်းခတ်သူက ခြင်းခတ်နေကြသည်။ သူတို့အားလုံးကို ဤဆေးဖြတ်စခန်းသို့ ရောက်ရှိလာစေလောက်အောင် သူတို့ကြုံတွေ့နေရသည့် ဆေးစွဲမှုပြဿနာက ကြီးမားသည် မှန်သော်လည်း သူတို့ကို ကြည့်ရသည်မှာ စိတ်လက်ပေါ့ပါးစွာပင် ရှိနေကြပုံရသည်။

အသက် ၃၀ ရွယ်ရှိ ကိုစိုးသန်းသည် မန္တလေးမှ ခရစ်ယာန်တရားဟောဆရာတစ်ဦးဖြစ်ပြီး ထိုစခန်းသို့ ကြီးကြပ်သူအဖြစ် လွန်ခဲ့သော လအနည်းငယ်ကမှ ရောက်လာခြင်းဖြစ်သည်။ ဤပြန်လည်ထူထောင်ရေးစခန်းသည် ကိုယ်ထူကိုယ်ထ စခန်းဖြစ်ရာ လာရောက်ဆေးဖြတ်သူများသည် လစဉ်ကျပ်ငါးသောင်းပေးသွင်းရသည်။  လစဉ်ကြေးကို ကျောင်းသား ကိုယ်တိုင်ကသော်လည်းကောင်း၊ ကျောင်းသား၏ မိဘ ဆွေမျိုးများကသော်လည်းကောင်း ပေးကြသည်။ ကျန်လိုငွေကို ဒေသတွင်း အလှူရှင်များထံမှ အလှူငွေဖြင့် ရပ်တည်နေရသည်ဟု ကိုစိုးသန်းက ရှင်းပြသည်။

ကိုစိုးသန်းသည် အိန္ဒိယနိုင်ငံရှိ သမ္မာကျမ်းစာသင်ကျောင်း၌ တက်ရောက်ခဲ့သူဖြစ်ပြီး မြန်မာပြည်သို့ သူပြန်ရောက်ချိန်တွင် မူးယစ်ဆေးစွဲ ပြန်လည်ထူထောင်ရေးစခန်း၌ စီမံခန့်ခွဲရေးမှူး တာဝန်ထမ်းဆောင်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ချေ။

သို့သော် သူ့ညီက ဆေးစွဲစပြုလာသည်။ အိမ်သားတစ်ယောက် မူးယစ်ဆေးစွဲပြီဆိုလျှင် မိသားစုတစ်ခုလုံး မည်မျှ ဒုက္ခရောက်ကျရသည်ကို ကိုစိုးသန်း ကိုယ်တွေ့ကြုံရသောအခါ ၎င်းတို့ကို အကူအညီပေးချင်စိတ် ဖြစ်ပေါ်လာသည်။ မူးယစ်ဆေးပြဿနာ၏ အတိမ်အနက်ကို သူကိုယ်တိုင် ခံစားနားလည်လာခဲ့သည်။ “ကျွန်တော့်ညီ ကိုယ်တိုင်က မူးယစ်ဆေးစွဲသူဖြစ်လာတော့ ကျွန်တော့်မှာ ပိုပြီး ကိုယ်ချင်းစာစိတ် ဖြစ်ရတယ်။ ဒီလိုပြဿနာ ကြုံနေရတဲ့သူတွေကို ကူညီချင်စိတ် ဖြစ်လာတယ်” ဟု ကိုစိုးသန်းက Frontier ကို ပြောသည်။

အသက် ၃၆ နှစ်ရှိ ကိုသူရလင်းတစ်ယောက် အလင်းအိမ်ကို ရောက်လာသည်မှာ သိပ်မကြာသေးပေ။ ယခုအကြိမ်မှာ ဒုတိယအကြိမ် ဆေးဖြတ်ဖို့ ကြိုးစားခြင်းဖြစ်ပြီး လွန်ခဲ့သော ၁၀ နှစ်လောက်ကတည်းက ဘိန်းဖြူစွဲလာခဲ့ခြင်း ဖြစ်သည်။ သူက အစိုးရဆေးခန်းတွင် မက်သဒုံးဖြင့် ပထမဆုံးအကြိမ် ကုသမှုခံယူခဲ့သည်။ သို့သော် ကုသမှုအစီအစဉ် မပြီးဆုံးခင်မှာပင် ဆေးခန်းမှ ထွက်လာခဲ့ပြီး ဘိန်းဖြူသံသရာတွင်း ပြန်ရောက်သွားခဲ့သူဖြစ်သည်။ ကိုသူရလင်းက အလင်းအိမ်တွင် နောက်ထပ်သုံးလခန့် နေပြီးလျှင် သူ့မိသားစု၏ ဆောက်လုပ်ရေးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ရန် ကြံရွယ်ထားသည်။

အစိုးရဆေးရုံတွင် မူးယစ်ဆေးဖြတ်ရန် အမှန်တကယ်လိုအပ်သော အထောက်အပံ့များ မရှိဟု သူကပြောကြားခဲ့သည်။

“ဆေးရုံမှာ စည်းကမ်းကလည်း တကယ်တင်းကြပ်တယ်။ အားလုံးကို အချိန်ဇယားအတိုင်း လုပ်ကြရတယ်။ ဒီမှာတော့ မိသားစုထဲ ပြန်ရောက်နေသလိုဘဲ။ ဘောလုံးကန်ချင်ကန်၊ အပြင်ထွက် မုန့်စားချင်စားရတယ်” ဟု ကိုသူရလင်းက ပြောသည်။

အသက် ၂၁ နှစ်ရှိ ကိုရန်မျိုးနိုင်ကတော့ မူးယစ်ဆေးပြတ်နေခဲ့သည်မှာ ၄ လပင်ရှိပြီဖြစ်သည်။ လာမည့် ရက်သတ္တပတ်များအတွင်း အလင်းအိမ်မှ ပြန်လည်ထွက်ခွာနိုင်မည်ဟု မျှော်လင့်ထားသူဖြစ်သည်။

မိုးကုတ်အနီးရှိ ပြင်ဦးလွင်မြို့တွင် ၁၀ တန်းအောင်ပြီးစအချိန်ဖြစ်သည့် အသက် (၁၇) နှစ်အရွယ်တွင် ဘိန်းဖြူကို သူ စတင်သုံးဆွဲခဲ့မိခဲ့သည်။ “အဓိကကတော့ ပျင်းရိငြီးငွေ့ရာက စတာဘဲ။ လုပ်စရာအလုပ်အကိုင်က ကောင်းကောင်းမရှိတော့ သူနဲ့ သူငယ်ချင်းတွေမှာ အချိန်တွေ ပိုနေတော့တာပေါ့။ ကျွန်တော့်တို့တွေ အရက်တွေ စသောက်ကြတယ်။ အဲဒီကမှ ယာမ (မက်တာဖက်တမင်း) methamphetamine၊ နောက်တော့ ဘိန်းဖြူအထိ စမ်းကြတော့တာဘဲ။ အဲဒါက ကူးစက်ရောဂါလိုဘဲ။ တစ်ယောက်ကစလိုက်ရင် နောက်တစ်ယောက်က လိုက်လုပ်တော့တာ။ အမေရဲ့ တောင်းပန်မှုကြောင့် အလင်းအိမ်ကို ရောက်လာတာ” ဟု ရန်မျိုးနိုင်ကပြောသည်။

“ဆေးဖြတ်ဖို့ ကြိုးစားရာမှာ အခက်ခဲဆုံးကတော့ ဆေးမသုံးရလို့ဖြစ်လာတဲ့ လက္ခဏာတွေကို ခံနိုင်ရည် စိတ်ဓာတ် အင်အားရှိဖို့ဘဲ၊ တော်တော်တော့ ခံရတယ်။ ဒါပေမဲ့ စိတ်ကို စည်းကမ်းနဲ့ ထိန်းချုပ်ရင် ဖြစ်နိုင်ပါတယ်။ စိတ်ကိုနိုင်အောင် ထိန်းနိုင်ဖို့က အဓိကစိန်ခေါ်မှုဘဲ” ဟု သူကဆက်လက်ပြောကြားသည်။

အလင်းအိမ်တွင် ချမှတ်ထားသည့် စည်းကမ်းများအတိုင်း တသွေမတိမ်း လိုက်နာရမည့်ဆိုသည့် အချိန်ဇယားများ၊ ပြစ်ဒဏ်များနှင့် ဘောင်ခတ် သတ်မှတ်ထားခြင်း မပြုဘဲ မိမိကဲ့သို့ပင် စိန်ခေါ်မှုကို အတူတူ ရင်ဆိုင်နေရသော စခန်းဖော်အပေါင်းအသင်းများနှင့်အတူ နေထိုင် ရင်ဆိုင်ခြင်းဖြင့် ကျော်ဖြတ်နိုင်အောင် ကြိုးစားကြရခြင်းဖြစ်သည်။

img_3828.jpg

အလင်းအိမ်ရှိ ဝန်ထမ်းတစ်ဦး။ ဓာတ်ပုံ- သောမတ်စ်ကင်းန်

“အခြေခံအားဖြင့်တော့ ကျွန်တော်တို့ တစ်ယောက်တစ်ယောက် ကူညီထောက်ပံ့ကြတယ်။ အဲဒါက အားသာချက်ဘဲ။ အရေးကြီးတာက မေတ္တာနဲ့ ကြင်နာစိတ်ဘဲ။ ကြင်နာစိတ်၊ ကိုယ်ချင်းစာစိတ်နဲ့ တစ်ဦးတစ်ဦး ဖေးမကြတယ်။ ကျွန်တော် ဒီကိုရောက်လာပြီး ဒီအခွင့်အရေးတာ ကံကောင်းတယ်လို့ ခံစားရတယ်” ဟု ရန်မျိုးနိုင်က ပြောကြားသည်။

အလင်းအိမ်သို့ ရောက်လာသူအားလုံး မူးယစ်ဆေးစွဲသူဘဝမှ လွတ်မြောက်သွားကြသည်တော့ မဟုတ်ပေ။ အချို့သူများ (အထူးသဖြင့်) ဆေးကုသမှု ခံယူကြရတော့မည့်သူများမှာ စခန်းမှ ထွက်ပြေးသွားတတ်ကြသည်။ ထိုသို့ ထွက်ပြေးသွားသူများသည် ၎င်းတို့၏ အရှုံးပေးလက်မြှောက်သွားမှုကို ကာကွယ်လိုသောကြောင့် စခန်းတွင် “ရုပ်ပိုင်းဆိုင်ရာ အင်အားသုံး ပြုကျင့်များ လုပ်ဆောင်နေသယောင် မမှန်သတင်း ကောလဟာလများ လွှင့်တတ်ကြသည်” ဟု ကိုစိုးသန်းက ပြောသည်။

“တချို့လူတွေကြတော့လည်း ဒီဘဝက လွတ်မြောက်ချင်လို့ အတော်ကို ခက်ခက်ခဲခဲ ကြိုးပမ်းကြရှာတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ပြောင်းလဲချင်တဲ့လူတွေပေါ့။ ဒါပေမဲ့ တချို့ကျတော့လဲ အဲဒီလို မဟုတ်ကြဘူးဗျာ။

“ကျွန်တော်တို့က သူတို့ကို အတင်းအကြပ်လုပ်လို့ မရဘူးလေ။ ဒါက သူတို့ရဲ့ ဆန္ဒရှိမှုပေါ်မှာ မူတည်တာ၊ ကျွန်တော်တို့က လမ်းညွှန်ရုံပဲ တတ်နိုင်တာ၊ ကျွန်တော်တို့ဘက်က တတ်နိုင်သလောက် ကူညီတယ်။ အခြေခံအားဖြင့်တော့ သူတို့ ကိုယ်တိုင်အပေါ် မူတည်တာဘဲ” ဟု ကိုစိုးသန်းက ပြောသည်။

ဒါဆိုသူ့ညီရဲ့ အခြေအနေကကော ဘယ်လိုလဲ။ “သူကတော့ ဆေးသုံးနေတုံးပါဘဲ။ ဒါပေမယ့် ဆေးကုသမှုခံမယ်လို့တော့ သဘောတူထားပါတယ်။ ဒီအပတ် (ဒါမှမဟုတ်) နောက်အပတ်ထဲကျရင် သူ့ကို ဒီကိုလာဖို့ ခေါ်လိုက်မယ်” ဟု ကိုစိုးသန်းက ပြုံးရင်းပြောလိုသည်။

ခေါင်းစီးဓာတ်ပုံ- မိုးကုတ်မြို့ရှိ ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစခန်းသို့ ယမန်နှစ်က ကိုသူရလင်း ရောက်လာချိန်တွင် သူ မူးယစ်ဆေးသုံးဆွဲနေခဲ့ရသည်မှာ ၁၀ နှစ်ပင်ရှိခဲ့ပြီဖြစ်သည်။ ဓာတ်ပုံ-သောမတ်စ်ကင်းန်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.