နိုင်ငံသားစိစစ်ရေးနှင့် ကိုးကန့်

မြန်မာနိုင်ငံ၌ တရားဝင် အသိအမှတ်ပြုထားသော လူမျိုးစု ၁၃၅ မျိုးတွင်ပါဝင်သော တရုတ်စကားပြော လူမျိုးစုငယ် တစ်ခုမှ လူမျိုးစုဝင်များ၏ နိုင်ငံသား လျှောက်ထားလွှာများကို လားရှိုးမြို့ရှိ စေတနာ့ဝန်ထမ်း များဖြင့် ဖွဲ့စည်းထားသော ရုံးတစ်ရုံးက တစ်လလျှင် ၁၀၀ ခန့် စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။

အန်းဝမ် ရေးသားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ တောင်ဆင်းလမ်းဘေး နှစ်ထပ်အဆောက်အအုံရှိ ရုံးခန်းငယ်အပြင်ဘက်၌ လူ ၅၀ ခန့်သည် ပုံမှန်လာရောက်စုဝေးကာ ထွေရာလေးပါးပြောကြ၊ သတင်းစာဖတ်ကြရင်း လက်ဖက်ရည် သောက်လေ့ရှိကြသည်။

သူတို့သည် မန်ဒရင်စကားပြော လူနည်းစု ဟန်တရုတ်တစ်ဦးကို ကိုးကန့်လူမျိုးအဖြစ် သတ်မှတ်ရန် အရည်အချင်း ပြည့်မီသူဖြစ်မဖြစ် ရွေးချယ်သတ်မှတ်ပေးရသူများ ဖြစ်ကြသည်။ အများစုမှာ တရုတ်နိုင်ငံနယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ နေထိုင်ကြသူများအား စိစစ်ပေးခြင်းဖြစ်သည်။

ယင်းရုံးမှာ နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးလုပ်ငန်းစဉ်တွင် အရေးပါသော အဆင့်ဖြစ်သည့် ကိုးကန့်လူမျိုး ဟုတ်မဟုတ် စစ်ဆေးခံရန် လူအများ လာရောက်လျှောက်ထားရာနေရာဖြစ်သည်။ အဖွဲ့တွင်ပါဝင်သူများမှာ ကိုးကန့်စာပေနှင့်ယဉ်ကျေးမှုအသင်း Kokang Literary and Cultural Association မှ စေတနာ့ဝန်ထမ်းများ ဖြစ်ကြသည်။

“ကိုးကန့်တစ်ယောက် နိုင်ငံသား လျှောက်ထားမယ်ဆိုရင် အထောက်အထား ၁၂ ခု တင်ပြဖို့လိုပါတယ်” ဟု အကြီးတန်း KLCA စေတနာ့ဝန်ထမ်းအဖွဲ့ဝင် ဦးဝမ်ဟောင်ဂျီးက ဆိုသည်။

“ကချင်၊ သို့မဟုတ် ရှမ်းလူမျိုးနဲ့နှိုင်းယှဉ်ရင် တော်တော်များနေပါသေးတယ်။ သူတို့က လေးမျိုးပဲလိုပါတယ်” ဟု လူနည်းစုလူမျိုးအချို့နှင့်နှိုင်းယှဉ်ပါက ကိုးကန့်က တင်ပြရန်လိုအပ်သည့် စိစစ်ရေးစာရွက်စာတမ်း ပိုမိုလိုအပ်သည်ကို ရည်ညွှန်း၍ သူက ဆိုသည်။

လျှောက်ထားရာတွင် လူကိုယ်တိုင် လျှောက်ထားရမည်ဖြစ်ကြောင်း ရုံးပြတင်းပေါက်၌ ကပ်ထားသော စိစစ်ရေးလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များတွင် ဖော်ပြထားသည်။ ကိုယ်တစ်ပိုင်းဓာတ်ပုံနှင့်အတူ လျှောက်ထားသူ၏ အိမ်ထောင်စု မှတ်ပုံတင်စာရင်း၊ မွေးစာရင်းလက်မှတ်၊ မိဘ အဖိုးအဖွား အဘီအဘေးတို့၏ နိုင်ငံသားစိစစ်ရေးလက်မှတ်များနှင့် မြို့နယ်ရုံးနှင့် ရဲတပ်ဖွဲ့မှထောက်ခံစာများကို လျှောက်ထားသူက တင်ပြရန်လိုအပ်သည်။

“နောက်ဆုံးအရေးကြီးတဲ့အချက်က ကိုးကန့်အစစ်အမှန်ဖြစ်ကြောင်း သက်သေခံတဲ့ ကျွန်တော်တို့ရဲ့ ထိုးမြဲလက်မှတ် ဖြစ်ပါတယ်” ဟု လျူက ပြောသည်။

“သူတို့ ကိုးကန့်အစစ်အမှန် ဟုတ်မဟုတ်ကို ကျွန်တော်တို့က မျက်နှာကိုကြည့်၊ လေသံကို နားထောင်ပြီး ဆုံးဖြတ်ပါတယ်။ အသိုက်အဝန်းက သေးသေးလေးဆိုတော့ အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် သိနေကြပါတယ်” ဟု သူက ဆိုသည်။

အခြားစာရွက်စာတမ်းများနှင့်အတူ ထိုအဖိုးတန်လက်မှတ်ကို ရရှိပြီးပါက လျှောက်လွှာရှင်သည် လူဝင်မှု ကြီးကြပ်ရေးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားရန်အသင့် ဖြစ်နေပေပြီ။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အသင်းရုံးခွဲပေါင်း ၂၄ ရုံးရှိကြောင်း၊ KLCA ၏ လားရှိုးရုံးတွင် အနည်းဆုံး ၁၀ နှစ်ခန့် လုပ်ကိုင်ခဲ့သူဝမ်က ပြောသည်။ လားရှိုးရုံးကို ကြားရက်များတွင် မနက် ၉ နာရီမှ မွန်းတည့်ချိန်အထိ အမြဲဖွင့်ပြီး တစ်လလျှင် နိုင်ငံသားစိစစ်ရေးလျှောက်လွှာ ၁၀၀ ခန့် လက်ခံဆောင်ရွက်ပေးသည်။

“အစိုးရရုံးမှာ နိုင်ငံသားဖြစ်မှုအတွက် စိစစ်တာက အချိန်ကြာ၊ စည်းကမ်းတင်းကျပ်ပြီး အရာရှိတွေက ငွေတောင်းဖို့ အမြဲကြံဖန် နည်းလမ်းရှာနေကြတာ။ ကိုးကန့်အများစုက မြန်မာစကားမပြောတတ်၊ ဥပဒေဗဟုသတလည်း မရှိကြတော့ ရုံးဌာနတွေမှာ သူတို့တွေ တော်တော် ဒုက္ခတွေ့ကြတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်းရဲ့ရည်ရွယ်ချက်က ဥပဒေနဲ့ပတ်သက်တဲ့ အကူအညီတွေပေးဖို့ ဖြစ်ပါတယ်” ဟု လျူက Frontier ကို ပြောသည်။

နိုင်ငံသားလျှောက်ထားရေးကိစ္စများတွင် ကူညီပေးသကဲ့သို့ပင် လက်ထပ်ရေးပြဿနာများ၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု၊ ဆုံးရှုံးမှုနှင့် မြေယာပိုင်ဆိုင်ခွင့်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင်လည်း KLCA က ကိုးကန့်များကို အကူအညီပေးကြောင်း သူက ဆိုသည်။

“ဒီလုပ်ငန်းတွေဆောင်ရွက်ဖို့ အစိုးရက ကျွန်တော်တို့ကို တရားဝင် အသိအမှတ်ပြုထားတာပါ” ဟု ဝမ်က ပြောသည်။

တရုတ်ပြည်မကြီးမှလာသော ဘိုးဘွားများမှ ဆင်းသက်လာကာ မြန်မာပြည်တွင် နေထိုင်သူများနှင့် ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ခါနီး မြန်မာနိုင်ငံလူမျိုးစုအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့သော မန်ဒရင်စကားပြော မုန်းဝန်းလူမျိုးများကဲ့သို့ပင် ကိုးကန့်များအတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်း လုပ်ထုံးလုပ်နည်းများမှာ ပိုမိုများပြားကြောင်း သူက ပြောသည်။

KLCA ကို ကိုးကန့်ဇာတိ ကွယ်လွန်သူ ဦးလော်စစ်ဟန်က ၁၉၇၆ ခုနှစ်တွင် တည်ထောင်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် မြန်မာနိုင်ငံ၌ အကြီးဆုံးနှင့် လုပ်ငန်းစုံအများဆုံး ဆောင်ရွက်သော ကုမ္ပဏီစုကြီးဖြစ်သည့် အေးရှားဝေါကို တည်ထောင်ခဲ့သူဖြစ်သည်။ သူသည် နာမည်ဆိုးဖြင့် ကျော်ကြားကာ အသက် ၈၀ အရွယ် ၂၀၁၃ ခုတွင် ရန်ကုန်၌ ကွယ်လွန်ခဲ့သည်။ သူ့ကို အမေရိကန်ပြည်ထောင်စုက “ဟီးရိုးအင်း ခေါင်းကိုင်ဖခင်” the godfather of heroin ဟုသမုတ်ကာ ၁၉၈၀ ပြည့်နှစ်တွင် နာမည်ပျက်စာရင်း သွင်းခဲ့သည်။

ဦးလော်စစ်ဟန်သည် ၁၉၈၈ ခုတွင် ကိုးကန့်ဒီမိုကရေစီ ညီညွတ်ရေးပါတီ Kokang Democracy and Unity Party ကို တည်ထောင်ခဲ့သည်။ ၂၀၁၅ ရွေးချယ်တင်မြှောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ် တစ်နေရာနှင့် ရှမ်းပြည်နယ် လွှတ်တော်အတွက် တစ်နေရာ အနိုင်ရခဲ့သည်။

“မစ္စတာလော်က အဖွဲ့အစည်းအတွက် ကောင်းတာတွေအများကြီး လုပ်ပေးခဲ့ပါတယ်” ဟု KDUP ခေါင်းဆောင် အသက် ၆၀ နှစ်ရှိ ဦးထွန်းနိုင်က ရန်ကုန်ရှိ သူ၏ရုံးခန်းတွင် Frontier ကို ပြောသည်။

“ ‘မင်းကုမ္ပဏီအတွက်ချည်းပဲ အချိန်ကုန်ခံမနေနဲ့။ မင်းရဲ့လူ့အဖွဲ့အစည်းအတွက်လည်း အထောက်အကူပေးပြီး ကူညီရမယ်’ လို့ သူ မကွယ်လွန်ခင်က ကျွန်တော့်ကို မှာခဲ့တယ်။ သူက ကျွန်တော့်ကို အလှူအတန်းတွေ လုပ်စေချင်တယ်။ ပါတီကိစ္စတွေ ဆောင်ရွက်စေချင်တယ်။ ကိုးကန့်လူမျိုးတွေရဲ့ရပိုင်ခွင့်တွေအတွက် တိုက်ပွဲဝင်စေချင်တယ်” ဟု ကိုးကန့်များ၏သမိုင်းကိုလည်း ရေးသားပြုစုခဲ့သူ စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းနိုင်က ပြောသည်။

ဓာတ်ပုံ - အန်းဝမ်

ဓာတ်ပုံ – အန်းဝမ်

ကိုးကန့်လူမျိုး လေးမျိုးရှိခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်က မြန်မာလိုရော တရုတ်လိုပါ ပထမအကြိမ် ထုတ်ဝေခဲ့သည့် “သံလွင်မြစ်မှ ကိုးကန့်လူမျိုးများ” The Kokang people of the Salween River ဟူသောစာအုပ်တွင် သူက ဖော်ပြထားသည်။ ယင်းတို့မှာ ၁၅၁၀ ပြည့်နှစ်မှ ၁၇၅၂ ခုနှစ်အထိ တောင်ငူမင်းဆက်ကာလအတွင်း ကိုးကန့်ဒေသသို့ ရွှေ့ပြောင်းနေထိုင်သူများ၊ ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် စစ်ပြီးကာလအတွင်း ကိုးကန့်ဒေသ၌ အခြေချနေထိုင်သူ တရုတ်လူမျိုးများနှင့် ယင်းတို့၏အဆက်အနွယ်များ ဖြစ်ကြသည်။ 

နိုင်ငံ၌ တရားဝင် အသိအမှတ်ပြုထားသော လူမျိုး ၁၃၅ မျိုးတွင် ကိုးကန့်လူမျိုးလည်း ပါဝင်နေသည့်အတွက် နိုင်ငံသား အသိအမှတ်ပြုရေးကိစ္စကို အစိုးရနှင့်ဆွေးနွေးရန် KDUP က ကြိုးစားလျက်ရှိကြောင်း ဦးထွန်းနိုင်က ပြောသည်။

“ကျွန်တော်တို့ မည်သူမည်ဝါဖြစ်တယ်ဆိုတာ သက်သေပြဖို့ စာရွက်စာတမ်းအပိုတွေ တင်ပြဖို့ မခိုင်းသင့်ပါဘူး” ဟု သူက ပြောသည်။ သို့သော်လည်း လုံခြုံရေးနှင့်ပတ်သက်၍ အစိုးရ၏ စိုးရိမ်မှုများကို သူက အသိအမှတ်ပြုသည်။

“မြန်မာနိုင်ငံက ကမ္ဘာ့လူဦးရေအထူထပ်ဆုံး နိုင်ငံကြီး နှစ်ခုအကြားမှာ ရှိတဲ့အတွက် လုံခြုံရေးအရ ဆောင်ရွက်ရကြောင်းနဲ့ တခြားနိုင်ငံတွေရဲ့လွှမ်းမိုးမှုခံရမှာကို ကာကွယ်တဲ့ အစီအမံတွေ ချမှတ်ဖို့လိုတဲ့အကြောင်း အစိုးရက ပြောပါတယ်” ဟု သူက ဆိုသည်။

ကိုးကန့်မှာ တရုတ်လူမျိုးများ ဖြစ်ကြသော်လည်း အစိုးရ၏ တရားဝင် လူမျိုးစုစာရင်းတွင် သူတို့ကို ရှမ်းလူမျိုးစုငယ်အဖြစ် စာရင်းသွင်းထားသည်။

“ကိုးကန့်နဲ့ မြန်မာတရုတ်လူမျိုးတွေက လူမျိုးကွဲ နှစ်မျိုးဖြစ်တဲ့အတွက် နိုင်ငံသားဖြစ်ခွင့်အကြောင်း ဆွေးနွေးရာမှာ မရောထွေးသင့်ပါဘူး” ဟု မြန်မာနိုင်ငံအတွင်းရှိ တရုတ်လူမျိုးများအကြောင်းကို သူတေသနလုပ်နေသော ရှန်ဟဲရှိ ဖူဒန်တက္ကသိုလ်တွင် ပီအိပ်ချ်ဒီဒေါက်တာဘွဲ့ တက်ရောက်နေသော ဦးဟိန်းခိုင်က ပြောသည်။

“ဥပဒေအရ ကိုးကန့်လူမျိုးတွေက မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတွေ ဖြစ်ကြပြီး မြန်မာနိုင်ငံသားအဖြစ် ရပိုင်ခွင့် အပြည့်အဝရှိပါတယ်။ ဒါပေမဲ့ မြန်မာတရုတ်တွေက နိုင်ငံခြားသားတွေပါ” ဟု မြန်မာတရုတ် တတိယမျိုးဆက် လားရှိုးဇာတိ ဦးဟိန်းခိုင်က ပြောသည်။

“မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်မှုအကြောင်း ဆွေးနွေးတဲ့အခါ ဘယ်သူဘယ်ဝါ နိုင်ငံဖြစ်တယ်ဆိုတဲ့အချက်နဲ့ လက်တွေ့နိုင်ငံသားကတ် ရရှိမှုတွေမှာ အငြင်းပွားစရာတွေ ရှိနေပါတယ်။ တရုတ်နဲ့ ဘင်္ဂါလီ ရိုဟင်ဂျာဆိုသူ နှစ်ခုစလုံးက ဥပဒေအရ တိုင်းရင်းသားတွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ ဒီလိုဖြစ်နေတဲ့အတွက် နိုင်ငံသားအဖြစ် မရနိုင်ဘူးဆိုတဲ့သဘောမျိုး မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

“ပိုင်နက်နယ်မြေနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေကြောင့် မြန်မာနိုင်ငံမှာ အသိအမှတ်ပြုထားတဲ့ လူမျိုး ၁၃၅ မျိုးထဲကို ကိုးကန့်ပါဝင်လာတာ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်လုံးမှာ ကိုးကန့်(ဒေသ)ကို တရုတ်နဲ့မြန်မာ နှစ်ခုစလုံးက ပိုင်ဆိုင်ခဲ့ပါတယ်။ သူတို့ကို တိုင်းရင်းသားအုပ်စုတစ်ခုအဖြစ် အသိအမှတ်ပြုလိုက်ခြင်းအားဖြင့် သူတို့ရဲ့ပိုင်နက်နယ်မြေကလည်း မြန်မာနိုင်ငံရဲ့အစိတ်အပိုင်းတစ်ခု အလိုအလျောက် ဖြစ်လာပါတယ်” ဟု သူက Frontier ကို ပြောသည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေက အချို့အဖွဲ့များကို သီးခြားခွဲခြားထားပြီး နိုင်ငံသားဖြစ်ရေးအတွက် လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ရာတွင် အချိန်ကြာမြင့်ပြီး ငြီးငွေ့ဖွယ်ကောင်းကြောင်း ဦးဟိန်းခိုင်က ပြောသည်။

“ဒါပေမဲ့ နိုင်ငံအတွက်က ဒီလိုလုပ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကိုးကန့်နဲ့တရုတ်က အမြင်အားဖြင့် တူညီပြီး ယဉ်ကျေးမှုကလည်း တူကြတယ်။ သူတို့နှစ်ခုကို ခွဲခြားဖို့ ခက်ခဲပါတယ်။ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေကို ကာကွယ်ဖို့အတွက် အစိုးရက တင်းတင်းကျပ်ကျပ် လုပ်ရပါမယ်” ဟု သူက ဆိုသည်။

လားရှိုးရှိ KLCA ရုံးကို ပြန်ကြည့်မည်ဆိုပါက ကိုးကန့်များသည် နိုင်ငံသားလျှောက်လွှာ စိစစ်ရေးလုပ်ငန်းအတွက် အလုပ်ရှုပ်နေကြသည်ကို တွေ့ရသည်။ ယင်းလုပ်ငန်းတွင် လျှောက်လွှာရှင်၏ မိသားစုဝင်များစာရင်းကို KLCA စေတနာ့ဝန်ထမ်းတစ်ဦးက စစ်ဆေးပေးရခြင်းလည်း ပါဝင်သည်။

နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံးသူများ၊ သို့်မဟုတ် သားသမီးများအတွက် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားလိုသော မိဘများကိုလည်း KLCA က ကူညီပေးလျက်ရှိသည်။ နိုင်ငံခြားသို့ သွားရောက်ပညာသင်ယူမည့် ကိုးကန့်ကျောင်းသားများကလည်း နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် လိုအပ်သော နိုင်ငံသားဖြစ်ကြောင်း ယာယီ အထောက်အထားလက်မှတ်(အဖြူရောင် သုံးခေါက်ချိုး) ကို နိုင်ငံသားအဖြစ် အပြည့်အဝ အသိအမှတ်ပြုသော စိစစ်ရေးကတ်နှင့်လဲလှယ်ရာတွင် မကြာခဏ အကူအညီ တောင်းခံလေ့ရှိသည်။

“ပြီးခဲ့တဲ့ သီတင်းပတ်က ခရီးထွက်ရင်း ကျွန်မ နိုင်ငံသားစိစစ်ရေးကတ် ပျောက်သွားတယ်” ဟု အသက် ၂၆ နှစ်ရှိ လားရှိုးသူ ကိုးကန့်အမျိုးသမီး မခိုင်ဝင်းက ဆိုသည်။ သူသည် အထောက်အထား စာရွက်စာတမ်းများအတွက် ထောက်ခံချက်လက်မှတ်ရယူပြီး ရဲစခန်းသို့ မွန်းမတည့်မီ ရောက်ရှိရေးအတွက် အပြေးအလွှား ဆောင်ရွက်လျက်ရှိသည်။ သူ့နိုင်ငံသားစိစစ်ရေးကတ်ကို အသစ်လဲရာတွင် အမေရိကန်ဒေါ်လာ ၄၀၀ (ကျပ် ၅၄၃,၀၀၀ ကျော်) ကုန်ကျပြီး ဆောင်ရွက်ချိန် သီတင်းနှစ်ပတ်ခန့် ကြာကြောင်း သူက ပြောသည်။

မြန်မာနိုင်ငံသား စိစစ်ရေးကတ် လိုချင်သော တရုတ်လူမျိုးနှင့် ထိုင်းလူမျိုးတို့က ထောက်ခံချက်ရရန် တခါတရံ တံစိုးလက်ဆောင် ပေးလေ့ရှိကြောင်း၊ သို့သော်လည်း လိမ်လည်လျှောက်ထားမှုများကို မည်သည့်အခါမျှ ထောက်ခံမပေးကြောင်း မစ္စတာလျူက ဆိုသည်။

သို့ရာတွင် စေတနာ့ဝန်ထမ်းများသည် ကိုးကန့်မဟုတ်သူများ၏ စိစစ်ရေးလျှောက်လွှာများတွင် မှားယွင်း၍ လက်မှတ်ရေးထိုးမိတတ်ကြောင်း သူက ဝန်ခံပြောကြားသည်။

“ပိုပြီးဂရုစိုက်ဆောင်ရွက်ဖို့ အစိုးရက ကျွန်တော်တို့ကို သတိပေးတာမျိုးရှိပေမဲ့ ကျွန်တော်တို့က စေတနာ့ဝန်ထမ်းတွေ ဖြစ်နေတော့ ဥပဒေအရ အရေးယူခံရတာတော့ မရှိပါဘူး” ဟု လျူက ပြောသည်။

“ဒါပေမဲ့ ကျွန်တော်တို့ လုပ်နေတဲ့လုပ်ငန်းအတွက် တစ်နေ့နေ့မှာ အစိုးရက ငွေကြေးချီးမြှင့်ဖို့ ဆုံးဖြတ်ချင် ဆုံးဖြတ်မှာပါ။ အဲဒီကျတော့လည်း တစ်မျိုးတစ်ဖုံပေါ့” ဟု သူက တချက်ပြုံး၍ပြောသည်။

ဉာဏ်တင် ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – နိုင်ငံသားဖြစ်ကြောင်း စိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် အရေးပါသော အဆင့်ဖြစ်သည့် မိမိတို့လျှောက်လွှာများကို စိစစ်ခံရန် ကိုးကန့်စာပေနှင့် ယဉ်ကျေးမှုအသင်းရုံးသို့ ရောက်ရှိလာသော ကိုးကန့်လူမျိုးများ။ ဓာတ်ပုံ – အန်းဝမ်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.