မတရားအသင်း ဆက်နွယ်မှုနဲ့ မန္တလေးမှာ ထောင်ချခံထားရတဲ့ အသက် ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက်

မြန်မာစကား ကောင်းစွာမပြောတတ်သည့် တိုင်းရင်းသားကလေးငယ်တစ်ဦးအား တပ်စခန်းတွင် ဖမ်းဆီးစစ်ဆေးပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မဖြင့် တရားရုံးချိန်း ပထမရက်မှာပင် ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်

ထက်ထက်နိုင် ရေးသားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက နမ့်ဆန်မြို့ပေါ်မှာ ကျောင်းလာတက်နေတဲ့ မိုင်းချိုမင်းထွေးတစ်ယောက် ကျောင်းပိတ်ရက် မိဘအိမ်ပြန်ချိန်မှာ မမျှော်လင့်ထားတာတွေ ကြုံတွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလအစမှာ ကျောင်းပိတ်ရက်ရတဲ့အတွက် မိသားစုရှိရာ ရွာလေးကို မိုင်းချိုမင်းထွေးတစ်ယောက် ပျော်ရွှင်စွာနဲ့ ပြန်လာခဲ့ပါတယ်။ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေပြီး မြို့ပေါ်အပြန်ခရီးမှာတော့ အထက်တန်းကျောင်းသားလေး အိုက်ယန်၊ ခေါ် မိုင်းချိုမင်းထွေးအတွက် မမျှော်လင့်ထားတာတွေ ဖြစ်လာခဲ့ပါတော့တယ်။ အဲဒီအချိန်က TNLA ဌာနချုပ် ဖြစ်တဲ့ နမ့်ဆန်မြို့တဝိုက်မှာ တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ် (TNLA) တို့အကြား စစ်ရေး မငြိမ်မသက် ဖြစ်ထားတဲ့ အချိန်ပါ။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့မှာ နမ့်ဆန်မြို့ပြင်မှာရှိတဲ့ တပ်မတော်စစ်ကြောင်းက အိုက်ယန်ကို စစ်ဆေးချိန်မှာတော့ သူ့ရဲ့ ဖုန်းထဲမှာ TNLA ယူနီဖောင်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို တွေ့ရှိသွားခဲ့ပါတယ်။ အဲဒါကြောင့် TNLA နဲ့ ဆက်သွယ်မှု ရှိနေတယ်ဆိုပြီး အိုက်ယန်ကို ဖမ်းဆီးလိုက်ပါတော့တယ်။

Mai Cho Min Htwe, better known to family and friends as Aik Yan. (Facebook)

Mai Cho Min Htwe, better known to family and friends as Aik Yan. (Facebook)

အထိန်းသိမ်းခံရတဲ့နေ့ကစပြီး ခြောက်ရက်လောက် နမ့်ဆန်မြို့က တပ်ရင်း ၃၂၄ မှာ စစ်ဆေးမေးမြန်းခံပြီးတဲ့နောက် အိုက်ယန်ကို နမ့်ဆန်မြို့မရဲစခန်းက အချုပ်ခန်းထဲကို ပို့လိုက်ပါတော့တယ်။ အဲဒီမှာ ရက်ပေါင်း ၂၀ လောက် အချုပ်ခံပြီးချိန် အောက်တိုဘာ ၂၅ ရက်နေ့မှာ သူ့ကို တပ်မတော်က ရဲစခန်းမှာ တိုင်ချက်ဖွင့်ပြီး အမှုအပ်ခဲ့ပါတယ်။ တပ်မ ၇၇ က ဗိုလ်မှုး မြင့်မောင်မောင်စိုးက တရားလိုအဖြစ် အိုက်ယန်ကို ဖွင့်လိုက်တဲ့အမှုကတော့ မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇/၁ နဲ့ ဖြစ်ပါတယ်။ အဲဒီပုဒ်မအရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် နှစ်နှစ်ကနေ သုံးနှစ်အထိ ကျခံရမှာဖြစ်ပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့မှာတော့ ဒီအမှုကို နမ့်ဆန်မြို့နယ် တရားရုံးကို တင်ပို့ လိုက်ပါတော့တယ်။

ငွေကြေး မပြည့်စုံတဲ့အချိန်၊ သားဖြစ်သူလည်း တရားစွဲခံရတော့မယ့် ကိန်းဆိုက်နေချိန်မှာ မြန်မာလို မပြောတတ်၊ နမ့်ဆန်မြို့ပေါ်တောင် သေချာမသွားတတ်တဲ့ မိခင်ဖြစ်သူ ဒေါ်အေးကျိုးတစ်ယောက် သားအတွက် ပူပန်စိတ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် တအာင်း ဥပဒေအထောက်အကူပြုအဖွဲ့ (Ta’ang Legal Aid) ထံ ဆက်သွယ်ခဲ့ပါတယ်။

အဲဒီအဖွဲ့က ကိုမိုင်းမျိုးအောင်နဲ့ ဦးဝင်းမြင့်အောင်တို့က အိုက်ယန်ကိစ္စကို တာဝန်ယူလိုက်ပြီးနောက် ဒုတိယအကြိမ် ရုံးချိန်းကနေ စတင်ဆောင်ရွက်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီရှေ့နေတွေ တရားခွင်ရောက်ဖို့ ဒုတိယအကြိမ် ရုံးချိန်းဆိုတာ ရှိမလာခဲ့ပါဘူး။

ဘာကြောင့်လဲဆိုတော့ အမှုစတင် စစ်ဆေးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့မှာပဲ အိုက်ယန်ကို နေ့တွင်းချင်း အမိန့်ချမှတ်ခဲ့လို့ ဖြစ်ပါတယ်။ တရားခွင်ကို အိုက်ယန်ရဲ့ မိခင်ဖြစ်သူတစ်ဦးတည်းသာ ကြားနာခွင့်ရခဲ့ပြီး ရှေ့နေလည်း မပါတဲ့အတွက် နှစ်ဖက်သက်သေ စစ်ဆေးတာတွေလဲ မရှိခဲ့ပါဘူး။ ဒါ့အပြင် ရက်အတန်ကြာ အချုပ်ခံထားရလို့ အားငယ်နေတဲ့ အသက် ၁၄ နှစ်အရွယ် တအာင်းတိုင်းရင်းသား အိုက်ယန်ဟာ မြန်မာစကားကိုလည်း ရေရေလည်လည် မပြောတတ်၊ ကိုယ်တိုင်လည်း ပြောဆိုချေပ ခုခံနိုင်စွမ်း မရှိခဲ့ပါဘူး။ သက်သေအနေနဲ့ တင်သွင်းခဲ့တဲ့ အိုက်ယန်ဖုန်းထဲက ဓာတ်ပုံတွေဆိုတာကလည်း အဖြစ်မှန်က ဘာဆိုတာ သေသေချာချာ ထောက်ပြနိုင်တာမျိုး မရှိခဲ့ပါဘူး။

ဒီလိုနဲ့ စစ်ဆေးချက်တွေအရ မိုင်းချိုမင်းထွေး၊ ခေါ် အိုက်ယန်ဟာ အသက် ၁၄ နှစ်သာ ရှိသေးတဲ့ ကလေးသူငယ်ဆိုတာ ပေါ်ပေါက်ခဲ့တာကြောင့် နမ့်ဆန်မြို့နယ် တရားသူကြီး ဦးဇော်ဇော်ဦးက  ထောင်ဒဏ်အစား မန္တလေး လူငယ်ပြုပြင် ထိန်းသိမ်းရေး သင်တန်းကျောင်းမှာ နှစ်နှစ်နေစေဆိုပြီး အမိန့်ချမှတ်ခဲ့ပါတယ်။

မပြည့်စုံတဲ့ကြားက ပညာလိုချင်စိတ်နဲ့ မိခင်ရဲ့ နွေးထွေးတဲ့အိမ်နဲ့ဝေးရာ နမ့်ဆန်မြို့ပေါ်မှာ ကျောင်းလာတက်နေရတဲ့ အိုက်ယန်တစ်ယောက် စိတ်ဓာတ်တွေ ကျဆင်းခဲ့ပါပြီ။ ပညာရေးအတွက်လည်း အချိန်နှောင့်နှေးသွားသလို ဘဝမှာ ပြန်ဖျက်မရတဲ့ အမည်းစက်လည်း မစွန်းချင်ပဲ စွန်းခဲ့ရပါပြီ။

“ဒီအမှုက ပြောရမယ်ဆိုရင် ဥပဒေ လုပ်ထုံးလုပ်နည်းအရ လွဲမှားမှုတွေ အများကြီး ရှိနေပါတယ်။ တရားရုံးမှာ တရားသူကြီးက အမိန့်ချလိုက်တာက ဥပဒေကြောင်းအရ မေးခွန်းထုတ်စရာတွေ အများကြီး ရှိပါတယ်။ ဘာဖြစ်လို့တော့ သူက သာမန် အကြမ်းစစ်နည်းနဲ့ပဲ စစ်ပြီး အမိန့်ချလိုက်တာ။ နောက်ပြီး ကလေးသူငယ် ဆိုတာကလည်း အသက်မပြည့်သေးတဲ့သူ ဖြစ်တဲ့အခါကျတော့ သူ့ကို ကင်းလွတ်ခွင့်တော့ ပေးပိုင်ခွင့် ရှိတာပေါ့နော်။ တကယ်ပေးမယ်ဆိုရင် ပေးလို့ရတယ်။ ခုနကပြောသလို လျှော့ရက်တွေလည်း လျှော့ပေါ့။ အမိန့်ချတာမျိုးလည်း လုပ်လို့ ရတယ်။ ဒါမှမဟုတ် အမှုမှန်ပေါ်ပေါက်အောင် နှစ်ဖက် သက်သေကို သေချာစစ်ဆေးပြီးမှ အမိန့်ချတာမျိုးလည်း လုပ်လို့ရတယ်” လို့ ကိုမိုင်းမျိုးအောင်က Frontier ကို ပြောပါတယ်။

ဒီလို အသက်မပြည့်သေးတဲ့ ကလေးသူငယ်တစ်ယောက်ကို မတရားသင်းအက်ဥပဒေနဲ့ စွဲဆိုအပြစ်ပေးမှုဟာ လက်ရှိ အန်အယ်လ်ဒီ အစိုးရ လက်ထက်မှာ ပထမဆုံးဖြစ်ပြီး တအာင်း ဥပဒေအထောက်အကူပြုအဖွဲ့အတွက်ရော၊ မန္တလေး လူငယ် ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းအတွက်ပါ ပထမဆုံးအကြိမ် ကြုံတွေ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာ တအာင်း ဥပဒေအထောက်အကူပြုအဖွဲ့အပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ကျောင်းသားသမဂ္ဂ အဖွဲ့တွေအပြင်  ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၊ Fortify rights တို့လို လူ့အခွင့်အရေး လှုပ်ရှားစောင့်ကြည့်နေတဲ့ အဖွဲ့တွေကလည်း ဒီလိုအမိန့်ချမှုကို ဆန့်ကျင်ခဲ့ကြပြီး သဘောထား ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။ ရှမ်းပြည်နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများ သမဂ္ဂကလည်း အိုက်ယန်ကို အမြန်ဆုံး လွှတ်ပေးဖို့နဲ့ ကလေးသူငယ် အခွင့်အရေး အပြည့်အဝ ရရှိစေရှိဖို့ တောင်းဆိုပွဲကို နိုဝင်ဘာ ၂၀ ရက်နေ့က တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံမှာ ပြုလုပ်ခဲ့ပါသေးတယ်။

ဥပဒေရေးရာ ကျွမ်းကျင်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူအများစုကတော့ မိုင်းချိုမင်းထွေးရဲ့ ကိစ္စဟာ လူ့အခွင့်အရေးများစွာ ချိုးဖောက်ခံရတာကို တွေ့ရတဲ့အပြင် အသက်မပြည့်သေးတဲ့ ကလေးသူငယ်တစ်ယောက်ကို တပ်စခန်းမှာ ရက်ရှည် ထိန်းသိမ်း စစ်ဆေးခြင်း၊ တရားခွင်တွင်း ရရှိရမယ့် အခွင့်အရေးတွေ ဆုံးရှုံးစေခြင်းဆိုတာတွေက မြန်မာနိုင်ငံက အဖွဲ့ဝင် အဖြစ် ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ကလေးသူငယ်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ် (Convention on the Rights of Children – CRC)ပါ အပိုဒ် ၃၇(ခ) ကို ချိုးဖောက်တာလို့ ဝေဖန်ကြပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ် (TNLA) နဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိုက်ယန်ကို တပ်မတော်က တရားစွဲဆိုခဲ့ပါတယ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ် (TNLA) နဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိုက်ယန်ကို တပ်မတော်က တရားစွဲဆိုခဲ့ပါတယ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

CRC ပါ အပိုဒ် ၃၇ (ခ) မှာ “မည်သည့်ကလေးမှ သူ/သူမ၏ လွတ်လပ်မှုကို မတရားသော ဥပဒေပုဒ်မဖြင့် ဖမ်းဆီးခြင်း၊ ချိုးဖောက်ခြင်း မရှိရ။ ကလေးသူငယ်များကို ဥပဒေနှင့် ညီညွှတ်သော ၊ ကလေးအတွက် ဖွံ့ဖြိုးမှုကို ဖြစ်စေသော အချိန်ကာလ ကြာရှည်မဟုတ်သော ပြစ်ဒဏ်သာ ဖြစ်စေရမည်” လို့ ပြဌာန်းထားပါတယ်။

အိုက်ယန် တက်ရောက်ပညာသင်ကြားနေတဲ့ နမ့်ဆန်မြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းက ကျောင်းအုပ်ကြီးထံကလည်း ကျောင်းရက် ပျက်ကွက်မှုမရှိ၊ ကျောင်းတွင်းပြစ်မှုမရှိဆိုတဲ့ ထောက်ခံချက်တွေ ရရှိထားတာကြောင့် ဒီလို စွပ်စွဲ အပြစ်ပေးခံရတဲ့ကိစ္စအပေါ် နားလည်လက်ခံပေးလို့မရဘူးလို့ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဦးဝင်းမြင့်အောင်က ပြောပါတယ်။

အိုက်ယန်ဟာ အသက်မပြည့်သေးတဲ့အတွက် စီရင်မယ်ဆိုရင်တောင် မြို့နယ်တရားရုံးအစား ကလေးသူငယ်တရားရုံးကို ပို့ဆောင်ရမှာဖြစ်ပြီး ဒီလို တိုင်းရင်းသားဒေသမှာ နေထိုင်တဲ့ ကလေးတစ်ယောက်ကို မတရားသင်းအက်ဥပဒေနဲ့ စွဲဆိုပြစ်ဒဏ်ချမှုဟာ အဲ့ဒီဒေသက တခြားကလေးငယ်တွေအပေါ်မှာပါ ရိုက်ခတ်မှုတွေ  ဖြစ်လာနိုင်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပြန်ပါတယ်။

ဒီအမှုကို ပြန်လည်စစ်ဆေးပေးဖို့အတွက်လည်း ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD)ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်က ပြည်ထောင်စုလွှတ်တော်ရဲ့ အထူးကော်မရှင်တစ်ခု ဖြစ်တဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ စောင့်ကြည့်လေ့လာရေး ကော်မတီထံ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့က စာပေးပို့ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး “အခု အထူးကော်မရှင်က လေ့လာသုံးသပ်ပြီး အကြောင်းပြန်ထားချက်အရ သူ့ကိုယ်၌ကိုက တပ်ဖွဲ့ဝင် ဖြစ်ပါကြောင်း ဝန်ခံထားပြီးတဲ့ ကိစ္စဖြစ်တာကြောင့် တရားရုံးဘက်က အဆင့်ဆင့် အယူခံဝင်တဲ့ ကိစ္စလောက်ထိတော့ ကူညီနိုင်မယ့် အနေအထား မရှိတော့ဘူးလို့ ယူဆပါတယ်” လို့ SNLD ပါတီ၊ လွှတ်တော်ရေးရာ အထောက်အကူပြု ကော်မတီ ခေါင်းဆောင် ဦးစိုင်းသီဟကျော်က ပြောပါတယ်။

ဒီအမှုကို သက်သေအဖြစ် တင်သွင်းတဲ့ ဓာတ်ပုံတွေရယ်၊ အိုက်ယန်ရဲ့ ဝန်ခံချက်ရယ်အပေါ်ပဲ ကြည့်ပြီး စီရင်ချက်ချတဲ့ အပေါ်  Fortify Rights က ကိုနစ်ကီက “ဖုန်းထဲမှာ ဓာတ်ပုံတွေ့တယ်ပေါ့။ တွေ့တယ်ဆိုတာက မျိုးစုံ ဖြစ်နိုင်တယ်။ သူကိုယ်တိုင် ရိုက်ထားတာလည်း ဖြစ်နိုင်သလို အင်တာနက်ကဟာမျိုးလည်း ဖြစ်နိုင်တယ်။ Facebook က ရတာလည်း ဖြစ်နိုင်တယ်။ နောက်ပြီး သူရဲ့ ဝန်ခံချက်။ မြန်မာစကား ကောင်းကောင်းမပြောတတ်တဲ့ ကလေးကို ဘယ်လို စစ်ဆေးလဲပေါ့။ ဘာသာပြန်နဲ့ စစ်ဆေးတာလား၊ ဒါမှမဟုတ် ဒီတိုင်း စစ်ဆေးတာလား။ သူက မြန်မာစကား မပြောတတ်ပါဘူးဆိုမှ မြန်မာလို မေးပြီး စစ်ဆေးလို့ ရလာတဲ့ အထောက်အထားတွေက ဘယ်လောက်ထိ ခိုင်မာမလဲ ဆိုတာ သံသယ ဖြစ်စရာတွေ များတယ်” လို့ Frontierကို ပြောပါတယ်။

အိုက်ယန်ရဲ့အမှုကို ဒီဇင်ဘာ ၅ ရက်နေ့မှာ တအာင်း ဥပဒေအထောက်အကူပြုအဖွဲ့က ကျောက်မဲခရိုင် တရားရုံးမှာ အယူခံတင်ခဲ့ပေမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ တရားရုံးက အယူခံကို ပလပ်ခဲ့ပါတယ်။ အခြေအနေက ပိုအဆင်မပြေလာတဲ့အပြင် ဒီဇင်ဘာ ၂၁ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမူတုန်ရပ်ကွက်က လောင်းကစားရုံအနီး ဖြစ်ပွားခဲ့တဲ့ အမှုကို စစ်ဆေးချိန် CCTV မှာ ကားနံပါတ်ကို တွေ့တယ်ဆိုပြီး ကူညီပေးနေတဲ့ ရှေ့နေထဲကတစ်ယောက်ဖြစ်တဲ့ ကိုမိုင်းမျိုးအောင်အပါအဝင် လူသုံးဦးကို အဲဒီလူသတ်မှုနဲ့ ပတ်သတ်ပြီး ဖမ်းဆီးအမှုဖွင့်ခဲ့ပါတယ်။

ကံကြမ္မာက မျက်နှာသာမပေးတဲ့ အခက်အခဲတွေရှိပေမယ့် ကျန်ရှေ့နေတစ်ဦး ဖြစ်တဲ့ ဦးဝင်းမြင့်အောင်က “တရားရေးမှာ ပြဌာန်းထားတဲ့ ဥပဒေတွေကို တောက်လျှောက် တောင်းဆိုသွားဖို့ရှိတယ်။ ဥပမာ ကလေးသူငယ်တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာကို တရားရေးဘောင်ထဲက တောင်းဆိုသွားမယ်။ ခရိုင်ရုံးက မပေးဘူးဆို ပြည်နယ်ရုံးကို ဆက်တက်သွားမှာပေါ့” ဆိုပြီး ပြောပါတယ်။

ဦးဝင်းမြင့်အောင်က အိုက်ယန်ရဲ့ မိခင်ဖြစ်သူ ဒေါ်အေးကျိုးကို သွားတွေ့တဲ့အခါမှာ မိခင်ဖြစ်သူက သူ့သားက ဘာမှ မလုပ်မိတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်းနဲ့ ကျောင်းအမြန် ပြန်တက်စေချင်ကြောင်း တွင်တွင် ပြောကြားတယ်လို့ Frontier ကို ဦးဝင်းမြင့်အောင်က ပြန်ပြောင်း ပြောပြပါတယ်။

 

 

မန္တလေး လူငယ်သင်တန်းကျောင်းက ဒုကျောင်းအုပ်ကြီးနဲ့ တွေ့ပြီး အိုက်ယန်အတွက် အယူခံပြင်နေတာကြောင့် ကလေးကို ကျောင်းတော့ ဆက်တက်ခိုင်းပါလို့ တောင်းဆိုခဲ့ပေးမယ့် “ကျောင်းတက်ခွင့်မရ” လို့ပဲ အကြောင်းပြန်ခဲ့တယ် လို့ သိရပါတယ်။

Fortify Rights က ကိုနစ်ကီကတော့ “တိုင်းပြည်က ဒီလိုအမျိုးသားရင်ကြားစေ့ရေးကို သွားနေတဲ့အချိန်မှာ ဒီလို တိုင်းရင်းသား လူငယ်တစ်ယောက်ကို လူ့အခွင့်အရေးချိုးဖောက်ပြီး၊ ကလေး သူငယ်အခွင့်အရေး ချိုးဖောက်ပြီး၊ ဒီလို အပြစ်ပေးစေချင်တာက ကျွန်တော်တို့ လိုချင်တဲ့ တကယ့်ငြိမ်းချမ်းရေးတွေ၊ ရင်ကြားစေ့ရေးတွေကို သွားဖို့ ကြိုးစားနေတာလားဆိုတဲ့ နောက်ဆက်တွဲ မေးခွန်းတွေ အများကြီး ဖြစ်စေတယ်။ အဲဒါကြောင့် တောင်းဆိုချင်တာက ဒီကလေးကို အမြန်လွှတ်ပေးပြီး၊ သူခံစားတွေ့ကြုံခဲ့ရတာတွေကို ပြန်လေ့လာပြီး၊ လူ့အခွင့်အရေးချိုးဖောက်ခဲ့တာတွေကို ပြန်လည် ကုစားပေးစေချင်တယ်” လို့ သူ့အမြင်ကို ပြောပါတယ်။

အခုလက်ရှိမှာတော့ ဒီအမှုကို တောင်ကြီးမြို့မှာရှိတဲ့ ပြည်နယ်တရားရုံးထံ ထပ်မံတင်သွင်းသွားမယ်လို့ သိရပါတယ်။ ဒီကိစ္စဟာ မီဒီယာစာမျက်နှာတွေ အပေါ်မှာ ထင်သလောက် လှုပ်လှုပ်ခတ်ခတ် မဖြစ်ပေမယ့် လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေ၊ အထူးသဖြင့် ကလေးသူငယ်အခွင့်အရေး လေ့လာသူတွေက ဒီအမှုအပေါ် အထူးအာရုံစိုက်နေကြပါတယ်။ တရားရေးအရရော၊ လူ့အခွင့်အရေးအရပါ မေးခွန်း ထုတ်စရာတွေရှိနေတဲ့ ဒီအမှုကို အစိုးရဘက်က ဘယ်လို တုံ့ပြန်မလဲ၊ ၁၄ နှစ်သား မိုင်းချိုမင်းထွေး၊ ခေါ် အိုက်ယန်ရဲ့ ပညာရေးနဲ့ အနာဂတ်အပေါ် ဘယ်လို သက်ရောက်မှု ရှိလာမလဲ၊ သူ့လို ကလေးသူငယ်အတွက် တရားမျှတမှုက ရောက်ရှိလာမှာလားဆိုတာကိုတော့ အားလုံးက ဆက်လက် စောင့်ကြည့်ရဦးမှာပါ။

ခေါင်းစီးဓာတ်ပုံ- ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA တပ်သားအချို့အား ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.