မြေအသုံးချရေးမူဝါဒ အသက်ဝင်လာရေး

မသေချာမရေရာနှင့် နှစ်နှစ်ကျော် ကြာညောင်းခဲ့ပြီးနောက် ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခံခဲ့ရသော အမျိုးသား မြေအသုံးချရေးမူဝါဒ၏ အခြေခံမူဝါဒများနှင့်အညီ အမျိုးသား မြေယာဥပဒေကို ချမှတ်ကျင့်သုံးရန် အစိုးရက ဆုံးဖြတ်လုပ်ဆောင်လျက်ရှိသည်။

အီဗာ ဟီရ်ရှီ ရေးသားသည်။

မြေယာနှင့်ပတ်သက်လာလျှင် မြန်မာနိုင်ငံ၏ ဥပဒေမူဘောင်များမှာ ခေတ်နှင့်မလျော်ညီတော့ခြင်း၊ တပိုင်းတစစီဖြစ်နေခြင်း၊ ရှေ့နောက်မညီခြင်းတို့ဖြင့်သာ ပြည့်လျက်ရှိသည်။ စာအုပ်များထဲမှာတော့ ဥပဒေပေါင်း ၄၀ ကျော်ရှိနေသည်။ အချို့ဥပဒေတို့မှာ ကိုလိုနီခေတ်က ဥပဒေများဖြစ်သည်။ အစိုးရဌာနအသီးသီး၊ အဖွဲ့အစည်းအမျိုးမျိုးတို့က ထိုဥပဒေများကို စီမံအုပ်ချုပ်လျက်ရှိသည်။

ဥပဒေများကိုယ်တိုင်က ရှုပ်ထွေးရသည့်အထဲ ဥပဒေကို အကန့်အသတ်နှင့်သာ အသုံးပြုခြင်း၊ မမှန်မကန် အသုံးပြုနေခဲ့ကြခြင်းကြောင့် ဆိုးဝါးပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်လျက်ရှိသည်။ သြဇာအာဏာရှိသူများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများက မြေယာကို မတရားသိမ်းယူကြသဖြင့် အားကိုးရာမဲ့၊ ပစ္စည်းမဲ့လူတန်းစားများမှာ မြေမဲ့၊ ယာမဲ့ဘဝရောက်ကာ ဒုက္ခတွေ့ကြရသည်။

မကြာမီကမှ ပြဋ္ဌာန်းခဲ့သော မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှုဥပဒေနှင့် ၂၀၁၂ လယ်ယာမြေ ဥပဒေသည်ပင် နိုင်ငံတဝှမ်း မြေသိမ်း၊ ယာသိမ်း လွယ်ကူအောင် ရေးဆွဲပြဋ္ဌာန်းခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။ ပြုပြင်ပြောင်းလဲရေးအတွက် ကျယ်ကျယ်လောင်လောင် တောင်းဆိုသံများကို အထူးသဖြင့် အရပ်ဘက်အဖွဲ့အစည်းများထံမှ ကြားရသည်။ မြေယာဆိုင်ရာ အမျိုးသားဥပဒေ လိုအပ်လျက်ရှိပုံကို အထူးထောက်ပြခဲ့ကြသည်။ မြေယာကဏ္ဍကို အားလုံးခြုံငုံမိစေမည့် ယင်းသို့သောဥပဒေတစ်ရပ် ရေးဆွဲရေးကို အင်န်အယ်လ်ဒီအစိုးရက မကြာမီက နေပြည်တော်တွင် ဆုံးဖြတ်ခဲ့ကြသည်။

တိုးတက်သောမူဝါဒ

အမျိုးသား မြေဥပဒေကို ၂၀၁၆ ဇန်နဝါရီလတွင် ယခင်အစိုးရချမှတ်ခဲ့သော အမျိုးသား မြေအသုံးချရေးမူဝါဒ National Land Use Policy – NLUP အပေါ်တွင် အခြေခံမည်ဖြစ်သည်။ ယင်းမူဝါဒများသည် မြန်မာနိုင်ငံ၌ မြေအသုံးချမှုနှင့် မြေငှားရမ်းလုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်မည်၊ မည်သို့စီမံခန့်ခွဲရမည်၊ မည်သို့အကောင်အထည်ဖော်ရမည်တို့ကို ဖော်ပြပေးထားသည်။ မလိုက်နာမနေရ မဟုတ်သော်လည်း မြန်မာပြည်တွင် လူမှုရေးအရ အတိုးတက်ဆုံး ပေါ်လစီများဟု ယူဆလက်ခံထားကြပြီး ထုံးတမ်းစဉ်လာ မြေလုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုခြင်း၊ မြေယာအုပ်ချုပ်ရေးတွင် အမျိုးသမီးများ ပါဝင်ခွင့်ပေးထားခြင်း၊ တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးကို အသိအမှတ်ပြုထားခြင်းတို့ ပါဝင်ကြသည်။

NLUP သည် အသက်ဝင်ကျင့်သုံးနေဆဲ မူဝါဒဖြစ်ပြီး အချိန်နှင့်အမျှ မြေပြင်ပေါ်မှ အရှိတရားများ ပြောင်းလဲလာခြင်း၊ နောက်ထပ်အချက်အလက်များ ရရှိလာခြင်းတို့အရ ပြန်လည်သုံးသပ်ပြီး ခေတ်နှင့်အညီ ပြုပြင်သွားရမည်ဟု ဖော်ပြခဲ့ကြသည်။ သို့သော် ယင်းမူဝါဒ ချမှတ်ခဲ့သည့်နေ့မှစ၍ ရှင်သန်ခြင်းမရှိခဲ့တော့ချေ။ အမျိုးသားမြေဥပဒေ ရေးဆွဲရေးညှိနှိုင်းရန် အမျိုးသား မြေအသုံးချရေးကောင်စီ ဖွဲ့ရမည်ဟု မူဝါဒသတ်မှတ်ထားသည်။ သို့သော် မူဝါဒချမှတ်ပြီး နှစ်နှစ်ကျော်ကြာပြီးခဲ့သည့် ဇန်နဝါရီလကမှ ယင်းကောင်စီကို ဖွဲ့ရသည်။ ကောင်စီ၏ ပထမဆုံးအစည်းအဝေးကို ဧပြီလတွင် ပြုလုပ်ခဲ့ပြီးနောက် အမျိုးသား မြေအသုံးချရေးဖိုရမ်ကို ကျင်းပပေးရန် စီစဉ်လိုက်သည်။ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် မူဝါဒချမှတ်သူများအကြား သတင်းအချက်အလက်နှင့် အတွေးအခေါ် အယူအဆများ ဖလှယ်နိုင်ကြရန် ရည်ရွယ်ခြင်းဖြစ်သည်။

ဒုသမ္မတက ပြဿနာများ ချပြ

ယင်းသို့သောနောက်ခံအခြေအနေတွင် အောက်တိုဘာ ၂ ရက်နှင့် ၃ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော ဖိုရမ်ဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏မြေရပိုင်ခွင့်နှင့် မူဝါဒချမှတ်ရေး၌ သမိုင်းမှတ်တိုင် တစ်ခုဖြစ်ခဲ့ပြီး ထိုမူဝါဒကို အကောင်အထည်ဖော်ရေးအတွက် ပထမခြေလှမ်းဖြစ်ခဲ့သည်။

အမျိုးသား မြေအသုံးချရေးကောင်စီတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပိုင်ဆိုင်မှုအငြင်းပွားကိစ္စများ၊ စီမံခန့်ခွဲမှုအခက်အခဲများ၊ အချင်းချင်း ဝိရောဓိဖြစ်နေသော ဥပဒေများနှင့် အဂတိလိုက်စားမှုများအပါအဝင် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသော မြေယာစီမံခန့်ခွဲမှုပြဿနာများကို ချပြခဲ့သည်။

နေပြည်တော်၌ကျင်းပသည့် အမျိုးသား မြေအသုံးချရေးဖိုရမ်သို့ တက်ရောက်လာသူများက အစုအဖွဲ့လိုက် ဆွေးနွေးညှိနှိုင်းကြသည်။ ဓာတ်ပုံ - အီဗာ ဟီရ်ရှီ

နေပြည်တော်၌ကျင်းပသည့် အမျိုးသား မြေအသုံးချရေးဖိုရမ်သို့ တက်ရောက်လာသူများက အစုအဖွဲ့လိုက် ဆွေးနွေးညှိနှိုင်းကြသည်။ ဓာတ်ပုံ – အီဗာ ဟီရ်ရှီ

ဒုသမ္မတက ဖိုရမ်တက်ရောက်လာသူများအား ၎င်း၏ဖိုရမ်အဖွင့်မိန့်ခွန်းတွင် အမျိုးသား မြေအသုံးချရေးမူဝါဒ NLUP ၏ အခြေခံမူဝါဒများ၊ ရည်ရွယ်ချက်နှင့် လမ်းညွှန်ချက်များကို အကောင်အထည်ဖော်နိုင်မည့် သင့်တော်သော မြေယာအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုစနစ်တစ်ခု ဖော်ဆောင်နိုင်ရေးအတွက် ဆွေးနွေး၍ အကြံဉာဏ်ကောင်းများပေးကြပါရန် တိုက်တွန်းခဲ့သည်။

ဖိုရမ်ကို အမျိုးသား မြေအသုံးချရေးကောင်စီဝင် ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် အဓိကသက်ဆိုင်သူများ တက်ရောက်ခဲ့ကြသည်။

အဖွဲ့ ရှစ်ဖွဲ့ခွဲ၍ အချက်အလက်များ ဖလှယ်ဆွေးနွေးကြပြီးနောက် မေးခွန်းများ မေးမြန်းဖြေကြားခဲ့ကြသည်။ မူဝါဒချမှတ်ရာတွင် မျက်နှာချင်းဆိုင် ဆွေးနွေးပြောဆိုမှုဟူ၍ ခေတ်တလျှောက်လုံး မရှိခဲ့ဖူးပါဘဲလျက် ဖိုရမ်၌ ပါဝင်ဆွေးနွေးသူအားလုံး ကြိုတင်ခွင့်ပြုချက်မလိုဘဲ လွတ်လပ်စွာ မေးခွန်းများမေးမြန်းနိုင်ခြင်းမှာ ထူးခြားလှပြီး ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးများကလည်း မေးခွန်းအားလုံးကို အလေးအနက်ထား ဖြေကြားခဲ့ကြသည်။

အစုအဖွဲ့ ဆွေးနွေးပွဲခေါင်းစဉ်များမှာ မြေယာအုပ်ချုပ်ရေးဆိုင်ရာဥပဒေများ တပြေးညီဖြစ်ရေး၊ မြေအသုံးချရေးဇုန်များ အကောင်အထည်ဖော်ရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်ကဲ့သို့သော NLUP ၏ အဓိက အခြေခံမူများကိုသာ ဗဟိုပြုနေသည်။ လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှုဥပဒေကို ဆန်းစစ်ကြသည်။ တိုင်းရင်းသားများနှင့် သဘာဝပတ်ဝန်းကျင်တို့အရေးကို အတူတကွ မြှင့်တင်ရေး၊ ကချင်ပြည်နယ်လုပ်ငန်း ထိန်းသိမ်းရေးအဖွဲ့နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကမိုးသွေးဒေသမှ တိုင်းရင်းသားများ အတူတကွ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအများစုမှာ မြေလုပ်ပိုင်ခွင့်၊ ခိုင်မာရေးကို အာရုံပြုထားသဖြင့် NLUP ၏ ပထမအခြေခံမူကို ဖော်ပြနေကြသည်။ မြေအနည်းငယ်သာရှိသော လယ်သမားများ၊ ဆင်းရဲသားများ၊ တိုင်းရင်းသားလူမျိုးစုများနှင့် အမျိုးသမီးများကဲ့သို့သော နွမ်းပါးအားနည်းသူများကို အထူးအာရုံထား၍ ဒေသခံလူ့အဖွဲ့အစည်းက အသိအမှတ်ပြုထားသည့်အတိုင်း လူထု၏ တရားဝင်မြေလုပ်ပိုင်ခွင့်ကို အကာအကွယ်ပေးရန်နှင့် တရားဝင်အသိအမှတ်ပြုရန်တို့ပင် ဖြစ်သည်။

တစ်ဦးတစ်ယောက်တည်းစ မြေပိုင်ခွင့်ရှိရေး၊ ပူးတွဲပိုင်ဆိုင်ခွင့်ရှိရေး၊ ကွာရှင်းပြတ်စဲပါက မြေကိုခွဲခြမ်းရေး၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးနှင့် ထုံးတမ်းစဉ်လာမြေလုပ်ပိုင်ခွင့် အသိအမှတ်ပြုရေးများကိုလည်း ဆွေးနွေးခဲ့ကြသည်။

မရှင်းလင်းသော မူကြမ်းရေးဆွဲရေး လုပ်ငန်းစဉ်မျာ

ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆွေဆွေအောင်က အမျိုးသား မြေဥပဒေမူကြမ်းကို သူတို့ရုံးမှ ပြုစုရေးဆွဲပြီးဖြစ်ကြောင်း၊ ယင်းမူကြမ်းကို လူထုထံမတင်ပြမီ အခြားမြေဥပဒေများတွင် မည်သို့သော ပြင်ဆင်ချက်များပြုလုပ်မည်ကို စောင့်ကြည့်နေခြင်းသာဖြစ်ကြောင်း ထုတ်ဖော်ပြောလိုက်ရာ ရှုပ်ထွေးမှုများ ဖြစ်သွားခဲ့သည်။ အချို့က စိုးရိမ်စိတ်များဖြစ်ကြသည်။ အကြောင်းမှာ အမျိုးသား မြေယာဥပဒေနှင့်ပတ်သက်၍ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှု မပြုလုပ်ရသေး၍ဖြစ်သည်။

သို့သော် ဒေါက်တာဆွေဆွေအောင်ပြောသည့် ဥပဒေမူကြမ်းမှာ NLUP အပြီးမသတ်မီကပင် ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က ရေးဆွဲခဲ့သော ကနဦးမူကြမ်း Zero Draft ကို ရည်ညွှန်းပြောဆိုနေခြင်းဖြစ်သည်။ လုပ်ငန်းကော်မတီသည် မြေယာဥပဒေ ပထမမူကြမ်း ရေးဆွဲရာတွင် ယင်း Zero draft ကို အသုံးပြုပါမည်လော၊ အသုံးပြုခဲ့လျှင် မည်သို့အသုံးပြုမည်ဆိုသည်မှာလည်း မရှင်းလင်းချေ။ ညှိနှိုင်းဆွေးနွေးမှုကို NLUC က သဘောပေါက်လက်ခံပုံရသော မူကြမ်းမရေးဆွဲမီပြုလုပ်ရန် ဖိုရမ်၌ ပါဝင်သူများက ထောက်ခံတင်ပြကြသည်။

နောက်ပြဿနာတစ်ခုမှာ ဝန်ကြီးဌာနအသီးသီးက သူတို့အလိုရှိသော အချက်အလက်ကိုသာ စုဆောင်းခဲ့ကြပြီး စံသတ်မှတ်မှု မထားရှိခဲ့ကြသဖြင့် တိကျသောမြေပုံနှင့် စာရင်းအင်းမရှိခြင်းပင်ဖြစ်သည်။ ထိုကိစ္စတွင် ဖြည်းဖြည်းချင်း တိုးတက်မှုများ ရရှိနေသည်။ ဖိုရမ်သည် နောက်ဆုံးထုတ်မြေပုံကို OneMap Myanmar မှ ရရှိခဲ့သည်။ အချက်အလက်များကို ရင်းမြစ်အသီးသီးမှ အွန်လိုင်းတွင်စုစည်း၍ ၂၀၁၅ ၌ စတင်ခဲ့သည်။ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ အချက်အလက်များရရှိသည်။ ရှစ်နှစ်ကြာမည့် ယင်းစီမံကိန်းကို Myanmar Organization Land Core Group နှင့် University of Berne တို့ ပူးပေါင်းလုပ်ဆောင်နေသည်။

ချီးကျူးသံများနှင့် ဝေဖန်သံများ

အစုအဖွဲ့များသည် နောက်ဆုံးအခြေအနေ၊ အချက်အလက်များကို ပေးကြသော်လည်း သီဝရီအယူအဆပိုင်းက အားသာလွန်းနေသည်။ ယင်းနောက် ဒုတိယနေ့တွင် အုပ်စုလိုက် ဆွေးနွေးပွဲများပြုလုပ်သည်။ ထိုဆွေးနွေးပွဲ၌ တက်ရောက်သူများက အပြန်အလှန်ဆွေးနွေးခြင်း၊ ထောက်ခံအကြံပြုချက်များ ဖော်ထုတ်ခြင်း ပြုလုပ်နိုင်ကြသည်။ လူထုအစည်းအဝေးထင်မှတ်၍ သွားခဲ့ကြသူအချို့မှာ ပူးတွဲအကြံပြုမှု မတွေ့ခဲ့ကြ၍ စိတ်ပျက်ခဲ့ကြရသည်။

“ဒီဖိုရမ်က သက်ဆိုင်သူမျိုးစုံ တွေ့ဆုံပြောဆိုပွဲအတွက် အစပြုပေးလိုက်တာပါပဲ” ဟု Land Core Group (LCG) ၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးရွှေသိန်းက ပြောသည်။ LCG သည် မြန်မာနိုင်ငံတွင် မြေယာစီမံခန့်ခွဲရေးပြဿနာများကို လုပ်ကိုင်နေသော အရပ်ဘက်လူမှုအဖွဲ့အစည်းဖြစ်သည်။ ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့၌ ပါဝင်ခဲ့သော ဦးရွှေသိန်းက ဖိုရမ်ပွဲကိုကျေနပ်ကြောင်း၊ မြေယာပြဿနာများ၌ ပါဝင်လုပ်ဆောင်ရေးလုပ်ငန်းစဉ် အစပျိုးလိုက်ခြင်းပင်ဖြစ်ကြောင်းပြောသည်။

၂၀၁၁ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ စတင်ကတည်းက မြေယာဆိုင်ရာ ဆန္ဒပြပွဲများ အထူးတလည် ဆင်နွှဲလာကြသည်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

၂၀၁၁ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ စတင်ကတည်းက မြေယာဆိုင်ရာ ဆန္ဒပြပွဲများ အထူးတလည် ဆင်နွှဲလာကြသည်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

အချို့အရပ်ဘက်အဖွဲ့ ကိုယ်စားလှယ်များက ဆွေးနွေးပွဲတွင် ပါဝင်ခွင့်ရသည်ကို ကျေးဇူးတင်ကြောင်း၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်ကဲ့သို့သော အဆုံးအဖြတ်ပေးသူများနှင့် ပါဝင်ပြောဆိုခွင့်ရသည်ကို ဝမ်းမြောက်ကြောင်း၊ အလွန်ထူးခြားကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့မှ  မမေသင်းယုမွန်က Frontier ကိုပြောသည်။

ဝေဖန်မှုများလည်း ရှိခဲ့သည်။ ဖိုရမ်သည် ဆွေးနွေးမှုထက် တင်ပြမှုများကိုသာ အလေးပေးနေ၍ စိတ်ပျက်ရသည်ဟု ပါဝင်သူအချို့က Frontier ကိုပြောသည်။ “ဖိုရမ်မှာ အားလုံးပါဝင်ခွင့်ရတာကိုတော့ ချီးကျူးပါတယ်။ ဒါပေမဲ့ ဖိုရမ်တက်လာတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်နိုင်မှုတွေကိုတော့ သူတို့လျှော့တွက်ထားကြပုံရတယ်။ ကျွန်မတို့က မြေယာအခွင့်အရေး၊ မြေယာအသုံးချမှုတွေနဲ့ပတ်သက်ပြီး လုပ်နေကြတာ။ ဒါကြောင့် အဖွဲ့ဝင်တချို့တင်ပြနေကြသလို မြေယာဥပဒေတွေ၊ အခြေခံအချက်အလက်တွေကို ပြောပြနေစရာ မလိုပါဘူး” ဟု Public Legal Aid Network (PLAN) အဖွဲ့မှ မသင်ဇာဦးက ပြောသည်။

“ဖိုရမ်က ဗျူရိုကရေစီစနစ်တွေ လွှမ်းမိုးနေတာဘဲ၊ ဒီမိုကရေစီနည်းထက် ဗျူရိုကရေစီ ပိုဆန်နေတယ်” ဟု မကွေးတိုင်းဒေသကြီး ပြန်လည်စစ်ဆေးရေးကော်မတီမှ ဦးအောင်ကျော်ကျော်က ပြောသည်။ ဒီမိုကရေစီဆန်အောင် ဘယ်လိုလုပ်ရမလဲဟု မေးသောအခါ သူက “ဒီမိုကရေစီအခြေခံမူတွေဟာ NLUP မှာသာမက ဒီဖိုရမ်စည်းရုံးရာမှာပါ ထင်ဟပ်သင့်ပါတယ်။ ဥပမာပြောရရင် ဒီဖိုရမ်တက်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေလျှောက်ထားဖို့ အချိန်ကသိပ်နည်းတယ်။ ရက်အနည်းငယ်ပဲရတယ်။ နောက်ပြီး ပါဝင်ရမယ့်သူတွေကို ရွေးချယ်ရာမှာလည်း ပွင့်လင်းမြင်သာမှုမရှိဘူး”

အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်တက်ရန် လျှောက်လွှာပုံစံများကို ပွဲမစမီရက်အနည်းငယ် ကြိုတင်၍ အွန်လိုင်းတင်ပေးသည်။ သစ်တောဦးစီးဌာန၏ ဝက်ဘ်ဆိုက်နှင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတို့တွင် တင်ပြီးနောက် အရပ်ဘက်အဖွဲ့အစည်းများအကြား ပျံ့နှံ့သွားသည်။ သို့သော် အဖွဲ့အချို့တော့ နောက်ကျပြီးမှ သိကြရသည်။ ဖိုရမ်၏အစီအစဉ်နှင့် မှတ်ပုံတင်ခြင်းတို့ကို နောက်ဆုံးအချိန်ကပ်ပြီး ကြေညာခဲ့သည်။ ရည်ရွယ်ချက်မှာလည်း ရှင်းလင်းမှုမရှိဟုဆိုကာ အရပ်ဘက်အဖွဲ့အစည်းအချို့က ဖိုရမ်ကို သပိတ်မှောက်ခဲ့ကြသည်။

“ဒီဖိုရမ်က လူတွေရဲ့ပါဝင်မှုကို ထိန်းချုပ်ဖို့ ရည်ရွယ်တာပဲ။ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုလည်း အားနည်းတာတွေ့ရတယ်” ဟု ဒေသတွင်းမှ အင်န်ဂျီအိုတစ်ဖွဲ့ဖြစ်သော Land In Our Hands အဖွဲ့၏ ထုတ်ပြန်ချက်၌ဖော်ပြသည်။

သို့သော် ဖိုရမ်တက်ဖို့ လျှောက်လွှာတင်ခဲ့ကြသော အရပ်ဘက်အဖွဲ့အရေအတွက်မှာ စီစဉ်သူတို့ မျှော်လင့်သည်ထက်ပင် များစွာပိုနေပေသည်။ လျှောက်လွှာပေါင်း ၁၃၀ အနက်မှ ၇၀ ကို ခွင့်ပြုပေးခဲ့သည်။ မူလက ၄၀ သာ ခွင့်ပြုရန် ရည်ရွယ်ခဲ့ရာ သိသိသာသာ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။ ပါဝင်မည့်သူများအား မည်ကဲ့သို့ ရွေးချယ်ခဲ့သည်ဆိုသည်ကတော့ မရှင်းလှချေ။

ရေရှည်မျှော်မှန်းချက်မျာ

ဖိုရမ်သည် မြေယာစီမံအုပ်ချုပ်မှုနှင့် အမျိုးသား မြေအသုံးချရေးမူဝါဒ NLUP တခုလုံးကို အကောင်အထည်ဖော်ရန် အစိုးရက တာဝန်ယူထားပုံ ပြသနေရာ ဖွဲ့စည်းပုံဆိုင်ရာ အဓိကစိန်ခေါ်မှုများအပေါ် အလေးထားခဲ့သည်။ ဤတွင် အမျိုးသား မြေယာဥပဒေရေးဆွဲရေးနှင့် မြေယာနှင့်ပတ်သက်သော အခြားဥပဒေများနှင့် သဟဇာတဖြစ်ရေးတို့ ပါဝင်ပေသည်။

ယင်းဖိုရမ်သည် အောင်မြင်မှုရရှိသည်၊ မရရှိသည်ကိုမူ အချိန်က ပြသလာပေလိမ့်မည်။ ဥပမာအားဖြင့် နိုဝင်ဘာလတွင် နောက်တစ်ကြိမ်တွေ့ဆုံစည်းဝေးကြမည့် အမျိုးသားမြေ အသုံးချရေးကောင်စီသည် အမျိုးသား မြေယာဥပဒေမူကြမ်းကို စတင်ရေးဆွဲမည်။ ဖိုရမ်တွင် ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများကို သွင်းအားစုအဖြစ် မူကြမ်းတွင် ကောင်စီက အသုံးပြုပါမည်လား။ ဒါကတော့ စောင့်ကြည့်ရမည်။ အရပ်ဘက်အဖွဲ့အစည်းများကမူ ယင်းဖိုရမ်မှာ ကနဦး အစသာဖြစ်ပြီး ဥပဒေရေးဆွဲမှု အရှိန်ရလာသည်နှင့်အမျှ နောက်ထပ်ဆွေးနွေးညှိနှိုင်းမှုများ လုပ်လာလိမ့်မည်ဟု မျှော်လင့်လျက်ရှိလေသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.