မြေယာဥပဒေပြောင်းလဲမှုကြောင့် မြေယာပေါ်မှ နှင်ခံရမှာ စိုးရိမ်နေကြ

မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့်ပတ်သက်သော မြေယာဥပဒေအပြောင်းအလဲသည် မြေဧကအနည်းငယ်သာ လုပ်ကိုင်နေကြရသော သန်းချီသည့် လယ်ယာသမားလေးများအား တရားမဝင် ကျူးကျော်သူများဘဝ ရောက်သွားစေရန် ခြိမ်းခြောက်လျက်ရှိသည်။

ဘန်ဒူးနန့် ရေးသားသည်။

အစိုးရစာရင်းဇယားများအရ မြန်မာ့မြေထု သုံးပုံတစ်ပုံရှိ မြေဧကသန်း ၅၀ နီးပါးသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများဖြစ်ကြသည်ဟုဆိုသည်။ ထိုမြေများမှာ အလဟဿ ဖြစ်နေပုံရသည်။ နိုင်ငံအတွက် အစားအစာနှင့် ဝင်ငွေထုတ်လုပ်ပေးနိုင်မည့် အလားအလာကို ဖြုန်းတီးပစ်နေသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းနေပြီး ပြည်တွင်းစီးပွားရေးကလည်း နှေးကွေးနေချိန်တွင် အချည်းနှီးဖြစ်နေသော မြေလွတ်၊ မြေရိုင်းများမှာ မြန်မာတို့မတတ်နိုင်သော အသုံးမဝင်သည့် တန်ဖိုးကြီးအပိုပစ္စည်းသဖွယ် ဖြစ်နေလေသည်။

သို့သော် စိုက်ပျိုးမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာန၏ ဖုန်တက်နေသော မြို့နယ်ရုံးခွဲများတွင် သိမ်းဆည်းထားသည့်မြေပုံနှင့် မြေစာရင်းမှတ်ပုံတင်များသည် မြေပြင်တွင် တကယ်ရှိနေသော အမှန်တရားနှင့် အခြေခံကျကျပင် ဝိရောဓိဖြစ်လျက်ရှိသည်။ ဌာနစာရင်းအင်းများအရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းအဖြစ် သတ်မှတ်ထားသောမြေ၏ ၈၂ ရာခိုင်နှုန်းသည် တိုင်းရင်းသားတို့နေထိုင်ရာ ပြည်နယ်များ၌ ရှိနေကြသည်။ ထိုမြေအများစုကို လယ်ယာစိုက်ပျိုးရေး၊ ဥယျာဉ်ခြံ၊ သစ်သီးခြံ၊ ထုတ်ယူသစ်တော၊ ကျေးရွာဘုံမြေအဖြစ် အသုံးပြုလျက်ရှိရာ ထုံးတမ်းစဉ်လာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်နေကြခြင်းဖြစ်ပြီး နိုင်ငံတော်ကလည်း ပါဝင်စွက်ဖက်မှု မပြုသလောက်ပင်ဖြစ်သည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူ့အဖွဲ့အစည်းများကြားတွင် ထုံးတမ်းစဉ်လာ မြေပိုင်ဆိုင်မှုစနစ်မှာ အတော်ပင် ကွဲပြားခြားနားကြသည်။ အထူးသဖြင့် ဘုံပိုင်ဆိုင်ခွင့်နှင့် တစ်ဦးချင်းပိုင်ဆိုင်ခွင့်တို့ကို ဆုံးဖြတ်ရာတွင် ဆုံးဖြတ်ပုံချင်း မတူကြချေ။ အများထင်သလို တရားမဝင်၊ ပုံစံမကျ၊ စည်းကမ်းမရှိ မထိရောက်သော ထုံးတမ်းစဉ်လာများမဟုတ်ဘဲ ယင်းစနစ်များသည် တခါတရံ အလွန်ရှုပ်ထွေးပြီး၊ ကျပ်တည်းစွာ စည်းမျဉ်းစည်းကမ်း ချမှတ်ထားသည်။

အစွန်အဖျားကျသော ဂေဟဗေဒအရ ထိခိုက်လွယ်သည့် ကုန်းမြင့်ဒေသများအတွက် အထူးစီမံထားသော စနစ်များဖြစ်သည်။ သို့တစေ ယင်းစနစ်များနှင့် ယင်းစနစ်က ထောက်ပံ့ပေးထားသော အခွင့်အရေးများသည် ဥပဒေနယ်ပယ်တွင် ပါဝင်ခြင်းမရှိကြချေ။ ၂၀၁၂ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှုဥပဒေကို မကြာမီက ပြင်ဆင်ချက်သည် ထုံးတမ်းစဉ်လာ မြေအသုံးချစနစ်ကို ကင်းလွတ်ခွင့် ပေးထားသည်ဟု ထင်ရသော်ငြားလည်း နယ်စပ်ဒေသရှိ တိုင်းရင်းသားအငယ်စား လယ်သမားလေး သန်းပေါင်းများစွာအား ပြစ်မှုကျူးလွန်သူများအဖြစ် လယ်မဲ့ယာမဲ့ဘဝ ရောက်လိမ့်မည်လားဟု မြေယာလုပ်ပိုင်ခွင့် တက်ကြွလှုပ်ရှားသူများနှင့် လယ်သမားအသင်းအဖွဲ့များက စိုးရိမ်လျက်ရှိသည်။

လယ်ယာသမားဘဝမှ ပိုင်နက်ကျူးလွန်သူ ဖြစ်ရတော့မည်လော

စက်တင်ဘာ ၁၁ ရက်နေ့က ပြင်ဆင်ပြဋ္ဌာန်းလိုက်သော ဥပဒေအရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဟု သတ်မှတ်ထားသော မြေပေါ်တွင် နေထိုင်လုပ်ကိုင်နေသူအားလုံးသည် အစိုးရဌာနများဖြင့် ဖွဲ့စည်းထားသော မြေယာစီမံခန့်ခွဲမှုကော်မတီထံ မြေအသုံးပြုခွင့်ကို လျှောက်ထားကြရမည်။ လျှောက်ထားရန်ပျက်ကွက်ခဲ့ပါက ပိုင်နက်ကျူးလွန်မှုဖြင့် အရေးယူခံရမည်ဖြစ်သည်။ ခွင့်ပြုမိန့်များသည် ရောင်းခွင့်ဝယ်ခွင့်များအတွက်သာ အဓိကပြုလုပ်ထားသည်။ အနှစ် ၃၀ တစ်ခါ အသစ်ထပ်မံလျှောက်ထားရမည်။ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း မပြုရ။ အစိုးရ၏ ခွင့်ပြုချက်မရဘဲ မိသားစုဝင် အချင်းချင်းကိုပင် ရောင်းချခြင်း၊ လွှဲပြောင်းခြင်းမပြုရ။

မြေအကျယ်အဝန်းနှင့် အသုံးချပုံ အချက်အလက်အသေးစိတ်နှင့်အတူ လျှောက်လွှာတင်ရန် ပျက်ကွက်သူ၊ သို့မဟုတ် လျှောက်လွှာပယ်ချခြင်းခံရသူများသည် မြေပေါ်မှ အမြန်ဆုံးဖယ်ရှားပေးရန် သတိပေးစာပို့မည်။ အယူခံခွင့်လည်း ဖော်ပြမထားပေ။ ပိုင်နက်ကျူးလွန်ကြောင်း ထင်ရှားပါက အများဆုံးထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ၅ သိန်း ပေးဆောင်ရနိုင်သည်။

ဥပဒေပြင်ဆင်ချက်မပြုလုပ်မီက ပိုင်နက်ကျူးလွန်မှုများသည် အစိုးရက ဥပဒေအရ တရားဝင်ခွင့်ပြုထားသော မြေအသုံးချပိုင်ခွင့်များနှင့်သာ သက်ဆိုင်သည်။ ယခုအခါ မည်သူမဆို မြေလွတ်၊ မြေလပ်၊ မြေရိုင်းဟု အစိုးရက သတ်မှတ်ထားသော မြေဧကသန်း ၅၀ နီးပါးပေါ်တွင် အသုံးချမှု၊ သို့မဟုတ် ဖြတ်လျှောက်မှုပင် ပြုလုပ်မိပါက ပိုင်နက်ကျူးလွန်မှုဖြင့် အရေးယူခံရနိုင်သည့် အခြေအနေတွင် ရှိနေလေသည်။

သက်ဆိုင်ရာမြေသည် အမှန်တကယ် မြေအသုံးချခွင့်ပြုထားသည့်မြေ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ လယ်လုပ်သူကိုယ်တိုင်က မြေအတန်းအစားခွဲခြားထားမှုကို သိရှိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ တရားစွဲခံရနိုင်ခြေ ရှိနေလေတော့သည်။

ဥပဒေပြင်ဆင်ရေးအဆိုကို လွှတ်တော်တွင် ပယ်ချပေးရန် အရပ်ဘက်အဖွဲ့အစည်းများက ပြည်ထောင်စုလွှတ်တော်၌ အများစုဖြစ်နေသော အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်များကို တိုက်တွန်းဆွဲဆောင်ခဲ့ကြပါသေးသည်။ အင်န်အယ်လ်ဒီပါတီသည် အငယ်စားလယ်သမားလေးများ၏ လုပ်ပိုင်ခွင့်ကို အကာအကွယ်ပေးရေး၊ မြေယာအငြင်းပွားမှုများကို အဆုံးအဖြတ်ပေးရေးတို့ကို ပါတီ၏ အဓိကပေါ်လစီအဖြစ် ၂၀၁၀ ရွေးကောက်ပွဲမဲဆွယ်စဉ်က ဖော်ပြခဲ့ကြပါသည်။ သို့ဖြင့် အင်န်အယ်လ်ဒီအမတ်တို့က ဥပဒေပြင်ဆင်ချက်ကို လွှတ်တော်တွင် အတည်ပြုပေးခဲ့ကြပါသည်။

မြန်မာ့ဗျူရိုကရေစီစနစ်၏ ထူးခြားချက်လက္ခဏာ တစ်ရပ်ဖြစ်သော နှောင့်နှေးကြန့်ကြာတတ်သည့် သဘောအရ ယင်းဥပဒေအကောင်အထည်ဖော်ရေးမှာလည်း ကြန့်ကြာလိမ့်ဦးမည်ဟု အများက ယူဆထားကြပါသည်။ သို့သော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝဝန်ကြီးဌာနက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ခွင့်ပြုမိန့်ပါမစ်ထုတ်ပေးသည့် အဖွဲ့အစည်းဖြစ်သော မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲရေး ဗဟိုကော်မတီက အောက်တိုဘာ ၃၀ ရက်၌ သတိပေးနှိုးဆော်စာ ထုတ်ပြန်ခဲ့သည်။

ထိုစာတွင် ခွင့်ပြုမိန့်လျှောက်လွှာများကို ဥပဒေအတည်ပြုပြဋ္ဌာန်းသည်မှ ၆ လအတွင်း တင်ပြလျှောက်ထားရမည်။ ပျက်ကွက်ပါက ပိုင်နက်ကျူးလွန်မှုဖြင့် အပြစ်ပေးခံကြရမည်ဟုလည်း ထပ်လောင်းသတိပေးခဲ့သည်။

အငယ်စားလယ်လုပ်သူများကွန်ရက်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော Land in Our Hands အဖွဲ့က ၂၀၁၉ မတ်လ ၁ ရက်တွင် နောက်ဆုံးရက် ကုန်ဆုံးတော့မည်ဖြစ်ကြောင်း ဖေ့ဘွတ်ခ်ပေါ်တွင် မြန်မာ၊ အင်္ဂလိပ်၊ တိုင်းရင်းသားဘာသာများဖြင့် သတိပေးချက်များ အကြိမ်ကြိမ်ထုတ်ပြန်တင်ပေးခဲ့သည်။ နိုဝင်ဘာ ၁၆ ရက်က စာမျက်နှာတွင် သင်လုပ်ကိုင်နေသောမြေကို တိုင်းရင်းသားလူမျိုးများ၏ အစဉ်အလာမြေပိုင်ဆိုင်ခွင့် ထာဝရဆုံးရှုံးသွားရန် ၁၁၆ ရက်သာလိုတော့သည်ဟု သတိပေးထားပါသည်။

သို့ရာတွင် သမ္မတကြီးဦးဝင်းမြင့်က နောက်ဆုံးအချိန်မှကပ်၍ ဝင်ရောက်ကယ်တင်လိုက်သောအားဖြင့် ဥပဒေပြင်ဆင်ချက်မူကြမ်းကို လက်မှတ်မထိုးသေးဘဲ လွှတ်တော်သို့ ပြန်ပို့လိုက်သည်။ ဥပဒေတွင် ဖြည့်စွက်ချက်ပုဒ်မ တစ်ခုကို ထပ်ထည့်ပေးခဲ့သည်။ တိုင်းရင်းသားတို့၏ အစဉ်အလာယဉ်ကျေးမှုအရ သတ်မှတ်ထားသော မြေယာများသည် ဤဥပဒေပါပြဋ္ဌာန်းချက်များမှ ကင်းလွတ်စေရမည် ဟု ဖြည့်စွက်ပြဋ္ဌာန်းခဲ့သည်။

ယင်းလုပ်ရပ်သည် ထုံးတမ်းစဉ်လာ မြန်မာ့မြေပိုင်ဆိုင်ခွင့်ကို ပထမဆုံးတိုက်ရိုက် ရည်ညွှန်းချက်ပင်ဖြစ်သည်။ သို့သော် ယင်းမှာ ကင်းလွတ်ခွင့်သက်သက်သာဖြစ်သည်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေမှ ထုံးတမ်းစဉ်လာမြေပိုင်ခွင့်ကို ဖယ်ရှားပေးထားသည်။ သို့သော် အခြားဥပဒေတစ်ခုခုဖြင့် ကာကွယ်ပေးမထားချေ။ ထုံးတမ်းစဉ်လာမြေပိုင်ခွင့်မှာလည်း ဥပဒေဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိသေးချေ။ သို့ဖြစ်ရာ ကင်းလွတ်ခွင့်အတွက် အုပ်ချုပ်ရေးပိုင်းမှ အဆုံးအဖြတ်များသည် တသမတ်တည်း ဖြစ်နိုင်ဖွယ်ရာမရှိချေ။

ထုံးတမ်းစဉ်လာရပိုင်ခွင့်ကို တောင်းဆိုသောလယ်သမားများသည် စွန့်စား၍ အလောင်းအစားပြုရမည်ကဲ့သို့ ဖြစ်နေသည်။ သူတို့သည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းပေါ်တွင် နေထိုင်လုပ်ကိုင်နေသည်ကို အစကတည်းက သိနေသောကြောင့်ဖြစ်သည်။

အပြစ်မဲ့လူပုဂ္ဂိုလ်များနှင့် လူ့အသိုက်အဝန်းများကို မြေပေါ်မှနှင်ထုတ်ခြင်း၊ ထောင်ချခြင်းတို့မှ ဟန့်တားနိုင်ရန်နှင့် ဥပဒေဖြင့် ပုဂ္ဂလိကအဖွဲ့များထံ မြေလုပ်ပိုင်ခွင့်အသစ်များ ချထားပေးခြင်းတို့ကို ယာယီဆိုင်းငံ့ထားနိုင်ရန်အလို့ငှာ ဤဥပဒေကို လက်တွေ့အကောင်အထည်ဖော်ခြင်းမှ ရပ်ဆိုင်းထားပါရန် မြန်မာနှင့် နိုင်ငံတကာ အင်န်ဂျီအို ၄၁ ဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများက လက်မှတ်ရေးထိုးထားသော နိုဝင်ဘာ ၁၆ ရက်စွဲပါ အိပ်ဖွင့်ပေးစာတစ်စောင်ကို အစိုးရထံ ပေးပို့ခဲ့သည်။

ဖော်ပြပါ မြေယာအများစုသည် တိုင်းရင်းသားလူမျိုးစုတို့နေထိုင်ရာ နယ်စပ်ဒေသတွင် ရှိနေကြသည်ကို ထောက်ပြပြီး ဤပြင်ဆင်ချက်ဥပဒေသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပါ ထိခိုက်နိုင်သည်။ အကြောင်းမှာ တိုင်းရင်းသားခေါင်းဆောင်များက ထုံးတမ်းစဉ်လာမြေယာများကို ဦးစားပေးအလေးထားကြသည်။ ထို့ပြင် ပဋိပက္ခကြောင့် နေရာပြောင်းရွှေ့နေထိုင်ကြရသူများသည် ယခုအခါ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဟု သတ်မှတ်ထားသော မြေများပေါ်တွင် နေထိုင်လျက်ရှိကြပြီး မည်သို့သော တောင်းဆိုမှုပြုသည်ဖြစ်စေ သူတို့ဘက်က အရှုံးချည်းသာ ရင်ဆိုင်ကြရမည်ဖြစ်သည်ဟု အဆိုပါစာတွင် ရေးသားတင်ပြထားသည်။

တဖက်စောင်းနင်း ကစားကွင်း

ဥပဒေပြင်ဆင်ရသည့် ရည်ရွယ်ချက်ကို ဖော်ပြမထားသဖြင့် ရှင်းရှင်းလင်းလင်းမသိရချေ။ သို့သော် သတ်မှတ်ထားသည့် ပြစ်ဒဏ်များမှာ ပြင်းထန်လှသဖြင့် အမှန်အကန်သာ ချမှတ်ခဲ့လျှင် နယ်စပ်ဒေသများ၌ တရားမဝင် သယံဇာတ အလွန်အကျွံထုတ်ယူခြင်းနှင့် တရားမဝင် သီးပင်စားပင် စိုက်ပျိုးခြင်းများကို ထိန်းချုပ်ရာတွင် အသုံးဝင်နိုင်ပေသည်။

ကချင်ပြည်နယ် နေရာဒေသအချို့တွင် တရုတ်ရင်းနှီးမြှုပ်နှံသူတို့ ကြီးကြပ်မှုဖြင့် စိုက်ပျိုးထုတ်လုပ်နေသော တစ်သျှူးပြုပြင် ငှက်ပျောစိုက်ခင်းများ တိုးပွားလာနေသဖြင့် ပတ်ဝန်းကျင်ပျက်စီးနိုင်ပေရာ ဤဥပဒေဖြင့် ထိန်းချုပ်ရန် ရည်ရွယ်ခြင်းဖြစ်နိုင်ပေသည်။ ယင်းငှက်ပျောစိုက်ခင်းများမှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေအောက်တွင် ပွင့်လင်းမြင်သာမှုမရှိလှဘဲ ခွင့်ပြုထားသောမြေများပေါ်တွင် စိုက်ပျိုးနေကြခြင်းဖြစ်သည်ဟု ကြားသိနေရသည်။

သို့သော်ဥပဒေက ယခုရှိနေသည့်အတိုင်းဆိုပါက အငယ်စားလယ်သမားများနှင့် ကုမ္ပဏီကြီးများကို တတန်းတည်းထားနေပေသည်။ လယ်လေးတစ်ကွက်အတွက် ကချင်ပြည်နယ်အရှေ့ပိုင်းမှ မုန်ညင်းစိုက်ပျိုးစားသူ ကချင်တိုင်းရင်းသားတစ်ဦးသည် တပ်မတော်နှင့် ဆက်နွယ်နေသော ကုမ္ပဏီကြီးတစ်ခုနှင့်တန်းတူ ဤဥပဒေအရ အပြစ်ပေးခံရတော့မည်ဖြစ်သည်။

ယခုဥပဒေပြင်ဆင်ချက်သည် လက်ရှိလွှတ်တော်အစည်းအဝေးများတွင် ပြင်ဆင်ရန်စီစဉ်လျက်ရှိသော ၁၈၉၄ ခု မြေဝယ်ယူပိုင်ဆိုင်မှုဥပဒေနှင့် ၂၀၁၂ လယ်ယာမြေဥပဒေတို့နှင့်အတူ အမျိုးသားမြေအသုံးချရေး ပေါ်လစီ NLUP ကို ထိခိုက်လျော့ပါးစေနိုင်မည့်အရေး တွေးပူလျက်ရှိကြသည်။ ဤပေါ်လစီကို ၄ နှစ်ကြာအောင် ပင်ပန်းခက်ခဲစွာ အချိန်ယူရေးဆွဲခဲ့ကြရပြီး ယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရက ၂၀၁၆ ဇန်နဝါရီလတွင် လက်မှတ်ရေးထိုး အတည်ပြုထားခဲ့ခြင်းဖြစ်သည်။

အမျိုးသားမြေအသုံးချရေး ပေါ်လစီ NLUP က ယင်း၏ပင်မရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံ၏ မြေဥပဒေအသီးသီးကို မြို့ပြနှင့်ကျေးလက်ဒေသရှိ လူအားလုံးအတွက် မြေလုပ်ပိုင်ခွင့်ခိုင်မာစေရေး၊ တိုင်းရင်းသားလူမျိုးစုများ၏ ထုံးတမ်းစဉ်လာ မြေပိုင်ဆိုင်လုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ်နည်းများကို အသိအမှတ်ပြုရေးနှင့် ကာကွယ်ရေးတို့ကို ဆောင်ကြဉ်းပေးနိုင်မည့် တစ်ခုတည်းသော အမျိုးသားမြေဥပဒေ ပေါ်ပေါက်ရေးဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။

NLUP က အမျိုးသားမြေဥပဒေ National Land Law ကို ပင်တိုင်ရေးဆွဲမည့်အဖွဲ့အဖြစ် ရည်မှန်းထားခဲ့သော အမျိုးသား မြေအသုံးချရေးကောင်စီ NLUC ကို ယခုနှစ်ထဲမှသာ စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ အောက်တိုဘာလအတွင်းက နေပြည်တော်တွင်ကျင်းပခဲ့သော အမျိုးသား မြေအသုံးချရေးဖိုရမ်တွင် NLUC ဥက္ကဋ္ဌ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ဤဥပဒေကို ရေးဆွဲရန် အဓိဋ္ဌာန်ပြုတာဝန်ယူခဲ့သည်။

ယခုလထဲတွင် ကောင်စီအစည်းအဝေး ထပ်မံလုပ်ပါဦးမည်။ အမျိုးသား မြေအသုံးချရေးကောင်စီသည် တစ်ခုနှင့်တစ်ခု အပြိုင်ဖြစ်နေသော၊ မဲတင်းပေးထားပုံရသော၊ မြေဥပဒေများ ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို ပြည်ထောင်စုလွှတ်တော်၌ ထိန်းချုပ်နိုင်စွမ်းရှိမရှိကိုမူ စောင့်ကြည်ရန်သာ ရှိတော့သည်။

ခေါင်းစီးပုံ- ပဲခူးတိုင်းအတွင်း ကျွန်းပင်အကြွင်းအကျန်လေးများ လိုက်လံစုဆောင်းနေသော အလုပ်သမားတစ်ဦး။ ဓာတ်ပုံ – အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.