ရန်ကုန်စည်ပင်ရွေးကောက်ပွဲနဲ့ မေးခွန်းထုတ်ဖွယ် မဲဆွယ်အသုံးစရိတ်

ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးကြရာတွင် မဲဆွယ်အသုံးစရိတ် သုံးစွဲမှု၊ ပါတီလိုဂိုသုံးစွဲမှုများနှင့် ပတ်သက်ပြီး သို့လောသို့လော မေးခွန်းများ ပေါ်ထွက်လာသည်။

ရဲမွန်နှင့် ဆုမြတ်မွန်

မတ် ၃၁ ရက်နေ့တွင် ကျင်းပတော့မည့် သမိုင်းဝင် စည်ပင်သာယာရွေးကောက်ပွဲနီးလာချိန်တွင် မဲဆွယ်စရိတ်များ သုံးစွဲမှုတွင် ယိုပေါက်များရှိနိုင်ကြောင်း စိတ်မအေးမှုများရှိနေရာ ရွေးကောက်ပွဲသည် တရားမျှတမှုမှ ရှိပါမည်လော၊ ရွေးကောက်ခံပုဂ္ဂိုလ်သည် အဂတိမကင်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း စိုးရိမ်မှုများဖြစ်ပေါ်နေသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၃၃ မြို့နယ်၏ စည်ပင်ကော်မတီများနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) အမှုဆောင်ကော်မတီဝင်များရွေးချယ်ပွဲသည် ရန်ကုန်မြို့တွင် တစ်နှစ်ကျော်နေထိုင်ခဲ့ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားအားလုံး မဲပေးပိုင်ခွင့်ရှိသည့် ပထမဆုံးသော ရွေးကောက်ပွဲဖြစ်သည်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ နောက်ပိုင်း မြို့တော်တွင် ပထမဆုံးပြုလုပ်သည့် စည်ပင်ရွေးကောက်ပွဲလည်း ဖြစ်သည်။ ထိုအချိန်က ရွေးကောက်ပွဲတွင် အိမ်ထောင်စုတစ်စုလျှင် တစ်ဦးသာ မဲပေးခွင့်ရှိပြီး ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်များသာ အမှုဆောင်ကော်မတီဝင်နေရာကို တင်မြှောက်ခံခဲ့ကြရသည်။

YCDC ကော်မတီများ၏ သက်တမ်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ သက်တမ်းနှင့်အတူတူ တထပ်တည်းဖြစ်သည်ဟု ဥပဒေက ဆိုထားရာ မတ် ၃၁ ရက်နေ့တွင် ရွေးကောက်ခံကြရသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၆ ဦးနှင့် မြို့နယ်အသီးသီးမှ ကော်မတီဝင် သုံးဦးစီတို့သည် ၂၀၂၁ ခုနှစ်အစောပိုင်းတွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ထပ်မံယှဉ်ပြိုင် အရွေးခံကြရဦးမည်ဖြစ်သည်။

YCDC ရွေးကောက်ပွဲများကို ပြီးခဲ့သည့် ဇန်နဝါရီလတွင် YCDC က ခန့်အပ်ဖွဲ့စည်းပေးလိုက်သော ရွေးကောက်ပွဲကော်မရှင်က ကြီးကြပ်ဆောင်ရွက်ပေးမည်ဖြစ်သည်။ ထိုကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မသက်ဆိုင်သည့် သီးခြားအဖွဲ့အစည်းဖြစ်သည်။

စပွန်ဆာငွေများ

ရွေးကောက်ပွဲမဲဆွယ်စရိတ်ငွေကို ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်လောင်းတစ်ဦးလျှင် ကျပ်သိန်း ၂၀၀ ထက် မပိုရန်နှင့် မြို့နယ်ကော်မတီဝင်လောင်းတစ်ဦးလျှင် ကျပ်သိန်း ၁၀၀ ထက်မပိုရန် ကန့်သတ်ထားသည်။

ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

သို့သော်ငြားလည်း ထင်သာမြင်သာလောက်အောင် ငွေကြေးအကုန်အကျခံ မဲဆွယ်နေသူများကမူ ၎င်းတို့တွင် စပွန်ဆာလုပ်သူတွေ စေတနာရှင်များထံမှ ငွေကြေးနှင့် ပစ္စည်းအတွက် အကူအညီ အထောက်အပံ့ ရနေကြောင်း၊ ထိုအသုံးစရိတ်များသည် ရွေးကောက်ပွဲကော်မရှင်က တိုင်းတာသတ်မှတ်သော အသုံးစရိတ်တွင် အကြုံးမဝင်ကြောင်း ပြောကြားနေကြသည်။

ဤအတောအတွင်း မဲဆွယ်ပွဲများကို ကိုယ်စားလှယ်လောင်းများအနေဖြင့် မိမိငွေနှင့် မိမိလုပ်ရမည်ဟုသာ ဖော်ပြထားသော နည်းဥပဒေများကလည်း ဤသို့ အထောက်အပံ့များနှင့် ပတ်သက်၍ အသံတိတ်နေသည်။ ဤသို့သော အထောက်အပံ့များကို ထုံးတမ်းစဉ်လာ မဲဆွယ်အသုံးစရိတ်များနှင့် ခွဲခြားရန် ဖြစ်နိုင်ပါ့မည်လားဟူသည်ကလည်း မေးခွန်းထုတ်စရာဖြစ်နေသည်။ မဲဆွယ်ပွဲအသုံးစရိတ်များကို အမျိုးအစားတစ်ခုချင်းစီခွဲ၍ ရွေးကောက်ပွဲအပြီးတွင် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဖြစ်သည်။

ရန်ကုန်မြို့လည်ရှိ အဓိကလမ်းဆုံလမ်းခွများပေါ်မှ ကြော်ငြာဆိုင်းဘုတ်ကြီး ၅ ခုထက်မနည်းကို ကြည့်လိုက်ပါက တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးမျိုးသော် (ဥက္ကဋ္ဌ၊ ပထမနဂါးငွေ့တန်း- Milky Way ကုမ္ပဏီအုပ်စု) ၏ မဲဆွယ်ကြော်ငြာကြီးများကို တွေ့မြင့်ရသည်။ ထိုကုမ္ပဏီအုပ်စုသည် ရန်ကုန်တလွှား ကြော်ငြာဆိုင်းဘုတ်များ ငှားရမ်းပေးသော ကုမ္ပဏီကြီးဖြစ်သည်။ ထိုဆိုင်းဘုတ်ကြော်ငြာများအား အမည်ထုတ်မပြောသော မိတ်ဆွေတစ်ဦးက တာဝန်ယူ ကူညီပေးခြင်းဖြစ်ကာ သူ့ကုမ္ပဏီက သူ့အတွက် အခမဲ့မဲဆွယ်ကြော်ငြာပေးနေခြင်းမဟုတ်ဟု ဦးမျိုးသော်က Frontier ကိုပြောကြားခဲ့သည်။

“စပွန်ဆာငွေလက်ခံတာဟာ ဥပဒေနဲ့ မငြိစွန်းပါဘူး” ဟုလည်း သူကပြောသည်။

ဦးမျိုးသော် မဲဆွယ်ကြော်ငြာကြီးနှင့် အရွယ်အစားတူ၊ ထင်ပေါ်မှုလည်းတူညီပြီး ဦးမျိုးသော်ကြော်ငြာ၏ ကပ်လျက်ဘေးတွင်ရှိသော ကြော်ငြာဘုတ်များကို ငှားရမ်းသော King Maker ကုမ္ပဏီ၏ အရောင်းအဖွဲ့ထံ Frontier ဖုန်းဆက်ပြီး မေးမြန်းကြည့်ခဲ့သည်။ ဆိုင်းဘုတ်တစ်ခု တစ်လငှားရမ်းခ (ခွင့်ပြုမဲဆွယ်ကာလနှင့်အတူတူ)မှာ ကျပ် ၄၂ သိန်းဖြစ်ပြီး ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများအတွက် Discount အဖြစ် လျော့ပေးခြင်းမရှိပါဟု အရောင်းဝန်ထမ်းက ပြောကြားသည်။ ထိုဆိုင်းဘုတ်ကြီးမျိုး ငါးခု ငှားလိုက်လျင်ပင် တရားဝင်အသုံးစရိတ် ကန့်သတ်ချက် ကျော်လွန်သွားမည်ဖြစ်သည်။

ဥပဒေက မသေချာမရေရာဖြစ်နေရာ သင့်တင့်သော သုံးစွဲမှုအတွက် ရှင်းလင်းသော လမ်းညွှန်ချက်ပေးရန်မှာ YCDC ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဖြစ်သည်ဟု ပုဂ္ဂလိက ကိုယ်စားလှယ်လောင်းအချို့က ပြောကြားကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေမျိုးတော်စပ်သူ ပုဂ္ဂလိကကိုယ်စားလှယ်လောင်း ကိုအောင်ခန့်သည် ဆိုရှယ်မီဒီယာတွင် လူကြိုက်များသူဖြစ်သည်။ မဲဆန္ဒနယ်မြေ အမှတ် (၃) တွင် အခြားပုဂ္ဂလိက ကိုယ်စားလှယ်လောင်းများဖြစ်ကြသည့် ယခင် YCDC ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်လှိုင်၊ ၂၀၁၆ ခုနှစ်က Miss Universe Myanmar ရရှိခဲ့သူသရုပ်ဆောင်၊ မော်ဒယ်နှင့် ရုပ်သံတင်ဆက်သူ မထက်ထက်ထွန်းတို့နှင့်အတူ ယှဉ်ပြိုင်ရမည်ဖြစ်ရာ အတော်ပင် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ကိုအောင်ခန့်။ ဓာတ်ပုံ-သူရဇော်

တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ကိုအောင်ခန့်။ ဓာတ်ပုံ-သူရဇော်

ကိုအောင်ခန့်က မဲဆွယ်ပွဲအတွက် ကျပ်သိန်း ၂၀၀ အကုန်အကျခံ သုံးစွဲမည်မဟုတ်ကြောင်း Frontier ကို ပြောကြားခဲ့ပြီး နှစ်နှစ်သာ သက်တမ်းရှိသော နေရာတစ်ခုအတွက် ဤမျှရင်းနှီးမြှုပ်နှံရန် သင့်လျော်မှုရှိမရှိကိုလည်း သူက မေးခွန်းထုတ်လိုက်သည်။

“YCDC အမှုဆောင်ရာထူးအတွက်တော့ ကိုယ်စားလှယ်လောင်းတစ်ယောက်ဟာ သိန်း ၂၀၀ မသုံးသင့်ဘူးလို့ ထင်တာပဲ” ဟု ကိုအောင်ခန့်က ပြောသည်။

“အပြင်က ထည့်ဝင်ငွေတွေကို လက်ခံလိုက်ပြန်ရင်လည်း အဂတိအန္တရာယ်က ရှိနေတယ်” ဟု သူက ဆက်လက်ပြောကြားသည်။

“ကိုယ်စားလှယ်လောင်းတစ်ယောက်ဟာ လူတစ်ယောက်ဆီကငွေကို လက်ခံလိုက်ရင်၊ သူအရွေးခံရရင် ဒီလူ့ကို တနည်းနည်းနဲ့ ပြန်ပေးရတော့မှာပဲ” ဟု သူကပြောသည်။

မထက်ထက်ထွန်းကလည်း သူ့အနေဖြင့် ကျပ်သိန်း ၂၀၀ အထိ သုံးစွဲရန် မရည်ရွယ်ကြောင်း၊ သူ့ပရိသတ်နှင့် သူ့စီးပွားရေး လုပ်ဖော်ကိုင်ဖက်များက ဆိုင်းဘုတ်ကြော်ငြာအတွက် တာဝန်ယူပေးကြကြောင်း ပြောကြားသည်။ သူ့ကြော်ငြာဆိုင်းဘုတ်များသည် ဦးမျိုးသော်၏ ကြော်ငြာဆိုင်းဘုတ်များနှင့် အရွယ်အစားရော၊ နေရာပါ ယှဉ်နိုင်ကြောင်းလည်း မထက်ထက်ထွန်းက ပြောသည်။ စပွန်ဆာများထံမှ ထည့်ဝင်ကူညီမှုများကို မဲဆွယ်အသုံးစရိတ် ကန့်သတ်ချက်အဖြစ် မထည့်သွင်းထားဟု ရွေးကောက်ပွဲကော်မရှင်က သူ့အား ပြောကြားခဲ့သည်ဟုလည်း မထက်ထက်ထွန်းက Frontier ကို ပြောကြားသည်။

လေ့လာစောင့်ကြည့်ရေးအဖွဲ့အဖြစ် Yangon Watch ကို တည်ထောင်သူဖြစ်ပြီး ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သည့်  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(ဟောင်း) ဒေါ်ညိုညိုသင်းက “ရွေးကောက်ပွဲပြီးသွားလို့ အခြားကိုယ်စားလှယ်တွေ တင်ပြတဲ့ ငွေကြေးအသုံးစာရင်းမှာ ထိန်ချန်တာတွေ၊ မူမမှန်တာတွေ တွေ့ခဲ့ရင် YCDC ရွေးကောက်ပွဲကော်မရှင်ကို ကိုယ်စားလှယ်လောင်းတွေက တိုင်ကြားသင့်ပါတယ်” ဟု Frontier ကိုပြောသည်။

“မဲဆွယ်ပွဲမှာ ငွေတွေ ဘယ်လိုသုံးနေတယ်ဆိုတာကို ကော်မရှင်က စောင့်ကြည့်သင့်တယ်။ ကိုယ်စားလှယ်လောင်းတစ်ယောက်ဟာ အသိမိတ်ဆွေ ငွေတွေသုံးပြီး နိုင်သွားတယ်ဆိုရင် သူဟာ အဲဒီမိတ်ဆွေအတွက် ဝင်ငွေကောင်းတဲ့ စီမံကိန်းတွေရအောင် လုပ်ရလိမ့်မယ်လို့ မျှော်လင့်နိုင်တာပေါ့” ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းဖြစ်သူ သရုပ်ဆောင်၊ မော်ဒယ်နှင့် ရုပ်သံတင်ဆက်သူ မထက်ထက်ထွန်း။ ဓာတ်ပုံ-သူရဇော်

တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းဖြစ်သူ သရုပ်ဆောင်၊ မော်ဒယ်နှင့် ရုပ်သံတင်ဆက်သူ မထက်ထက်ထွန်း။ ဓာတ်ပုံ-သူရဇော်

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်နှင့် လူတွေ့မေးမြန်းခွင့်ရရန် Frontier က ကြိုးစားသော်လည်း မရရှိခဲ့ပေ။ ရွေးကောက်ပွဲပြီးလျှင် အသစ်ဝင်လာမည့် ဗဟိုကော်မတီဝင် ၆ ဦးသည် YCDC ဥက္ကဋ္ဌ မြို့တော်ဝန်အပါအဝင် လက်ရှိ ရွေးကောက်ခံမဟုတ်သော ကော်မတီဝင် ၅ ဦးနှင့်အတူ ဒုမြို့တော်ဝန်ကို အသစ်ရွေးကောက်ခံ ကော်မတီဝင်များထဲမှ လျှို့ဝှက်မဲပေး ရွေးချယ်ကြမည်ဖြစ်သည်။

ခွပ်ဒေါင်းများနှင့် ခြင်္သေ့များ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဗဟိုအမှုဆောင်ကော်မတီဝင် ၆ နေရာအတွက် ယှဉ်ပြိုင်သူ ၂၇ ဦးအနက် အများစုမှာ တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်သူများဖြစ်သည်။ သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြုယှဉ်ပြိုင်သူ ၆ ဦးရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ၁ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။

မြို့နယ် ၃၃ မြို့နယ်မှ ကော်မတီဝင်နေရာများအတွက် ယှဉ်ပြိုင်အရွေးခံမည့်သူ ၂၄၆ ဦးရှိပြီး ၎င်းတို့အနက် ၁၃၆ ဦးမှာ တစ်သီးပုဂ္ဂလများဖြစ်ကာ ၈၆ ဦးမှာ NLD မှဖြစ်ပြီး ၂၄ ဦးမှာ USDP မှဖြစ်သည်။

NLD ပါတီက အနီရောင်နောက်ခံနှင့် ခွပ်ဒေါင်း၊ ကြံခိုင်ရေးပါတီက အစိမ်းရောင်နောက်ခံနှင့် ခြင်္သေ့ပုံတို့ ပါဝင်သည့် ပါတီလိုဂိုများကို အသုံးပြု မဲဆွယ်နေကြသည်။ သို့သော် ပါတီလိုဂိုများကို အသုံးပြုခွင့်ရှိမရှိ အငြင်းပွားမှုမှာ ရန်ကုန်စည်ပင် ဥပဒေသစ်နှင့် ရွေးကောက်ပွဲနည်းဥပဒေများက ရှင်းလင်းမှုမရှိခြင်းကြောင့်ဖြစ်သည်ဟု အပြစ်ဆိုနေကြသည်။

ပါတီလိုဂိုတစ်ခုကို မဲဆွယ်ရာတွင် သုံးခွင့်ရှိမရှိ ရှင်းရှင်းလင်းလင်းမရှိဘဲ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်အဖြစ်သာ ထားရှိထားသည်။ ပါတီလိုဂိုများကို ၂ဝ၁၄ စည်ပင် ရွေးကောက်ပွဲတွင် ပိတ်ပင်ခဲ့သည်။ ဇန်နဝါရီလ ၂၁ ရက်တွင် အသစ်ဖွဲ့စည်းခဲ့သော ကော်မရှင်က လိုဂိုများအသုံးပြုခြင်းအား ပိတ်ပင်ကြောင်း ထပ်မံပြောကြားခဲ့သော်လည်း ဆုံးဖြတ်ချက်ကို ရက်သတ္တပတ်တစ်ပတ်အတွင်း ပြောင်းလဲခဲ့ပြီး ပါတီလိုဂိုများကို ပြန်လည် အသုံးပြုခွင့်ပေးခဲ့သည်။

ရွေးကောက်ပွဲဥပဒေအရ လိုဂိုများအသုံးပြုမှုကို ခွင့်ပြုမပြု ပြဋ္ဌာန်းရန် ကိုအောင်ခန့်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေအရာရှိချုပ်နှင့် တရားလွှတ်တော်ချုပ်တို့အား တိုက်တွန်းခဲ့သည်။ ယှဉ်ပြိုင်အရွေးခံမည့်သူအချို့က ပါတီလိုဂိုများ အသုံးပြုမှုသည် တစ်သီးပုဂ္ဂလများအပေါ် မမျှမတ အခွင့်အရေးယူရာကျသည်ဟု ကိုအောင်ခန့်က ဆိုသည်။ မဲပေးလွှာများတွင် တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်သူများ၏ ရုပ်ပုံနှင့် ရုပ်ပုံဘေးတွင် ၎င်းတို့၏ အမည်ကိုသာ ဖော်ပြပေးသော်လည်း ပါတီတစ်ခုအား ကိုယ်စားပြုသူများကိုမူ ၎င်းတို့၏လိုဂိုများက မည်သူမည်ဝါဆိုသည်ကို ဖော်ထုတ်ပေးနိုင်သည်ဟု သာဓကအနေဖြင့် ၎င်းကထောက်ပြခဲ့သည်။

“လူအများစုက ပါတီလိုဂိုတွေကို သိတယ်။ ယှဉ်ပြိုင်အရွေးခံမယ့်သူတွေရဲ့ အမည်ကိုသာ မဲပေးလွှာပေါ်မှာ ပုံနှိပ်သင့်တယ်” ဟု ကိုအောင်ခန့်က ပြောသည်။ “ကော်မရှင်ဟာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ရှင်းပြဖို့ ပျက်ကွက်ခဲ့တယ်” ဟုလည်း သူကပြောသည်။ ပါတီလိုဂိုများကို အသုံးပြုခွင့်ပေးရန် ဆုံးဖြတ်ခြင်းသည် ရန်ကုန်စည်ပင်ဥပဒေနှင့် နည်းဥပဒေများ၏ အားနည်းချက်ကို ဖော်ပြနေသည်ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးခင်လှိုင်။ ဓာတ်ပုံ-သူရဇော်

တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးခင်လှိုင်။ ဓာတ်ပုံ-သူရဇော်

ယခင်ဥပဒေက ပါတီဝင်များ ယှဉ်ပြိုင်ရွေးကောက်ခံခြင်းကို ပိတ်ပင်ခဲ့ပြီး အကယ်၍ ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုပါက ပါတီဝင်အဖြစ်မှ နုတ်ထွက်ရမည်ဖြစ်သည်။ ယင်းသို့အခြေအနေက ပါတီ၏ အင်အားအပေါ် အားမကိုးနိုင်သော အရည်အချင်းရှိ တစ်သီးပုဂ္ဂလများအတွက် မျှတသည့် ယှဉ်ပြိုင်မှုကို ဖန်တီးပေးကြောင်း ၎င်းကပြောသည်။

လူချစ်လူခင်နည်းတဲ့ YCDC

ယာဉ်ကြောပိတ်ဆို့မှုအား ကိုင်တွယ်မှု၊ အမှိုက်သိမ်းဆည်းမှု၊ ရေမြောင်းနှင့် မြေယာလုပ်ပိုင်ခွင့်တို့မှာ စည်ပင်ရွေးကောက်ပွဲများကို အများသိရှိစေရန်အတွက် မတ် ၂၄ ရက်နေ့က ကျင်းပပြုလုပ်သော ရုပ်သံဆွေးနွေးပွဲ၏ အဓိက အကြောင်းအရာများ ဖြစ်သည်။ စည်ပင်သာယာအဖွဲ့ကိုလည်း ထိုနေ့က ပြစ်ပြစ်နှစ်နှစ် ဝေဖန်ခဲ့ကြသည်။

ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းနှင့် နယူးမြန်မာဖောင်ဒေးရှင်းတို့က စီစဉ်ပြီး ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံတွင် ကျင်းပသည့် အဆိုပါ အခြေအတင်ဆွေးနွေးပွဲသို့ လူရာပေါင်းများစွာ တက်ရောက်ခဲ့သည်။ ပါဝင်ဆွေးနွေးသူများထဲ၌ မဲဆန္ဒနယ်အမှတ်-၃ တွင် စည်ပင်အမှုဆောင်ကော်မတီဝင်နေရာအတွက် ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များဖြစ်သည့် ကိုအောင်ခန့်၊ ဦးခင်လှိုင်နှင့် ဦးလပ်သင်းတို့ ပါဝင်ခဲ့သည်။

ယှဉ်ပြိုင်အရွေးခံမည့်သူများက ရန်ကုန်စည်ပင်၏ လုပ်ဆောင်ချက်ကို ဝေဖန်သည့်အခါ လာရောက်သည့် ပရိသတ်၏ လက်ခုပ်သြဘာသံများရရှိခဲ့သည်။ အထူးသဖြင့် ဦးလပ်သင်းက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ “ရန်ကုန်မှာ နေတဲ့သူတိုင်းကတော့ ရန်ကုန်စည်ပင်ကို မုန်းတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ကောင်းကောင်းမှ အလုပ်မလုပ်တာ” ဟုဦးလပ်သင်းက ပြောသည်။

ယခင်က မြို့တော်စည်ပင်တွင် လုပ်ကိုင်ခဲ့ဖူးပြီး လျပ်စစ်အင်ဂျင်နီယာအပြင် သတင်းစာအယ်ဒီတာအဖြစ်ပါ လုပ်ကိုင်ခဲ့သည့်သူက စည်ပင်၏အားနည်းချက်များကို အတွင်းကျကျသိရှိခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။ “ရန်ကုန်စည်ပင်ကို တိုးတက်အောင် ကျွန်တော်လုပ်ချင်ပါတယ်။ ဒါ့ကြောင့် ဒီၤရွေးကောက်ပွဲမှာ ဝင်အရွေးခံတာပါ” ဟု ဆွေးနွေးပွဲအပြီးတွင် သူက Frontier ကို ပြောကြားခဲ့သည်။

ခေါင်းစီးဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.