ဦးကိုကိုကြီး၊ ၈၈ မျိုးဆက်ခေါင်းဆောင်

“အကောင်းဆုံးနည်းလမ်းမှာ အမျိုးသားအစိုးရတစ်ရပ် ပေါ်လာစေဖို့ပင်”

ဟန်းစ် ဟာ့စ် ရေးသားသည်။

ဦးကိုကိုကြီး။ ဓာတ်ပုံ – အန်းဝမ်

နိုင်ငံတကာ အစိုးရများအဖို့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ကြိုးပမ်းမှုများကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွဲ၍သာ မြင်ကြသည်။ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ပြီး သူသည် ၁၉၈၈ ခုနှစ်တွင် မိခင်နေမကောင်းသဖြင့် မြန်မာနိုင်ငံသို့ ပြန်လာစဉ် နိုင်ငံရေး လောကထဲသို့ အမှတ်မထင် ရောက်ရှိလာခဲ့သည်။

ဖခင်၏ နာမည်ဂုဏ်ရှိန်ကြောင့် သူသည် နေ့ချင်းညချင်း နိုင်ငံရေးလောကတွင် နာမည်ကြီးလာခဲ့သည်။ နိုင်ငံတကာမှ မီဒီယာများသည် သူ့ကို လက်ခံခဲ့ကြသည်။ သူ၏ အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်မှုနှင့် မိန်းမဆန် မှုသည် ရက်စက်ကြမ်းကြုတ်သော ဗိုလ်ချုပ်ကြီးများနှင့် လုံးလုံးလျားလျား ဆန့်ကျင်သည်။ သူ့ကြောင့် နိုင်ငံ တကာ မီဒီယာများသည် အကောင်းနှင့် အဆိုး၊ အမည်းနှင့် အဖြူတို့ကို ခွဲခြားဖော်ပြသော သတင်းကောင်းများ ရရှိခဲ့သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီးမှာမူ မတူ ခြားနားသော လမ်းတစ်ခုကို လျှောက်လှမ်းခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူနာမည်ကြီးစေရန် ဖခင်၏ နာမည်ကို အသုံးပြုခဲ့ရသော်လည်း ငယ်ရွယ်သေးသော ကိုကိုကြီးသည် အစိုးရကို ဖြုတ်ချ၍ ရလုနီးနီး ဖြစ်ခဲ့သော နိုင်ငံအနှံ့ လူထုအုံကြွမှုကြီး ဖြစ်ပေါ်စေရန် ကြိုးပမ်းနေခဲ့ရသည်။

မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် All Burma Federation of Students Unions မှ ဘုတ် အဖွဲ့ဝင် မင်းကိုနိုင်နှင့်အတူ ကိုကိုကြီးသည် အစိုးရ၏ လုပ်ငန်းဆောင်တာများကို တန့်ရပ်ပျက်ယွင်းစေမည့် လူထုအုံကြွမှုကို စီစဉ်ခဲ့သည်။ စစ်တပ်က နှိမ်နှင်းချေမှုန်းရန် ဆုံးဖြတ်လိုက်သောအခါ သွေးချောင်းစီးစေခဲ့ သည်။ ၎င်းတို့ နှစ်ဦးစလုံးသည် ၎င်းတို့၏ တက်ကြွလှုပ်ရှားမှုအတွက် ကြီးမားစွာ ပေးဆပ်ခဲ့ရသည်။

All Burma Federation of Students Unions ၏ ဒုဥက္ကဋ္ဌ ကိုကိုကြီးသည် ၁၉၈၉ ခုနှစ် ဧပြီလတွင် အဖမ်းခံခဲ့ရသည်။ ၄၄ ရက် ဖမ်းဆီးထားအပြီး ပြန်လွှတ်ပေးခဲ့သည်။ ထို့နောက် ၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် ထပ်မံအဖမ်းခံခဲ့ရသည်။ ထိုမြေအောက် ကျောင်းသားသမဂ္ဂမှ ဥက္ကဋ္ဌဖြစ်သော မင်းကိုနိုင်ကိုမူ ၂၀၀၅ ခုနှစ်အထိ အကျဉ်းချထားခဲ့သည်။

ကိုကိုကြီးသည် အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။ ထို့နောက်တွင် ထောင်ဒဏ် ကို ၁၀ နှစ်အထိ လျှော့ချပေးခဲ့သည်။ သို့သော် ၂၀၀၅ ခုနှစ်အထိ ထိန်းသိမ်းထားခဲ့သည်။ ၎င်းမှာ နိုင်ငံတော် လုံခြုံရေးကို အန္တရာယ် ပေးနိုင်သူများကို ချမှတ်သော ဥပဒေဖြင့် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် အထူးရဲတပ်ဖွဲ့ တစ်ဖွဲ့သည် သူ့အိမ်တံခါးကို လာခေါက်ခဲ့ပြန်သည်။ တက်ကြွ လှုပ်ရှားသူ ကိုကိုကြီးသည် ထောင်ထဲတွင် ၃ လခန့် ထပ်မံနေခဲ့ရသည်။ ၎င်းမှာ အတော်အတန် အောင်မြင်ခဲ့သော အဖြူရောင်လှုပ်ရှားမှုကို ဦးဆောင်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ယင်းလှုပ်ရှားမှုဖြင့် စစ်အစိုးရအပေါ် ပြည်သူတို့က တိုင်တန်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ယင်း အပြုသဘောဆောင်သော ဝေဖန်မှုများကို စစ်အစိုးရက လက်ခံခဲ့ခြင်း မရှိပေ။

၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် ကိုကိုကြီးသည် ထပ်မံ လွတ်လာခဲ့သည်။ ထိုသို့ဖြင့် အစိုးရကို ဆန့်ကျင် ရန် အခွင့်အလမ်း ရခဲ့သည်။ ၆ လကြာပြီး နောက်တွင် ကိုကိုကြီးသည် ၈၈ မျိုးဆက်မှ တက်ကြွလှုပ်ရှားသူ အနည်းငယ်နှင့်အတူ လောင်စာဆီဈေးများ အဆမတန် တက်လာမှုကို ကန့်ကွက်ဆန္ဒပြခဲ့သည်။ ယင်း ကန့်ကွက်ဆန္ဒပြမှုကို ဘုန်းတော်ကြီးများက စိတ်ဝင်စားလာခဲ့ပြီး ရွှေဝါရောင် တော်လှန်ရေးဟု ခေါ်ဆိုသော ကန့်ကွက်ဆန္ဒပြပွဲ ဖြစ်လာခဲ့သည်။ ရွှေဝါရောင် တော်လှန်ရေးတွင် အစိုးရက အကြမ်းနည်းဖြင့် နှိမ်နှင်းခဲ့သည်။

ထိုအချိန်တွင် ကိုကိုကြီး၊ မင်းကိုနိုင်နှင့် အခြား တက်ကြွလှုပ်ရှားသူများသည် ထောင်ထဲတွင် ရောက်ရှိ နေပြီ ဖြစ်သည်။ ထို့နောက်တွင် ပြစ်ဒဏ်များကို ဖောဖောသီသီ ချမှတ်ခဲ့သည်။ ဒီတစ်ကြိမ်တွင် ကိုကိုကြီးသည် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရသည်။ အထင်ကရ တက်ကြွလှုပ်ရှားသူဖြစ်သော ကိုကိုကြီးသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသောအခါ လွတ်လာခဲ့သည်။

စစ်ကြောမေးမြန်းမှုများနှင့် ထောင်ထဲတွင် နှစ်ရှည်လများ နေထိုင်ခဲ့ရခြင်းတို့သည် ကိုကိုကြီး၏ စိတ်ဓာတ်ကို ချိုးနှိမ်နိုင်ခဲ့ခြင်း မရှိပေ။ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ သူ၏ နေအိမ်တိုက်ခန်းတွင် Frontier နှင့် တွေ့ဆုံ မေးမြန်းရာတွင် ကိုကိုကြီးသည် မေးခွန်းများကို စဉ်းစားချင့်ချိန်ကာ ဖြေကြားပေးခဲ့သည်။ သို့သော် သူ့မျက်နှာတွင် အပြုံးတစ်ခုတော့ အမြဲ ရှိနေခဲ့သည်။

အသက် ၅၁ နှစ် ရှိပြီဖြစ်သော ကိုကိုကြီးသည် မကြာသေးမီက ဖခင်ဖြစ်လာခဲ့သည်။ သူ့ကလေးသည် ထိုအချိန်က အိမ်တွင် မရှိသော်လည်း ကလေးခုတင်တစ်ခုသည် သူ နည်းနည်းသာ အလှဆင်ထားသော အိမ် ၏ ဧည့်ခန်းအလယ်တွင် တွေ့ရှိခဲ့ရသည်။

နံရံပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံများကို ချိတ်ဆွဲထားသည်။ ၎င်းမှာ ထူးခြားမှုတစ်ခု ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကိုကိုကြီးနှင့် ၈၈ မျိုးဆက်မှ အခြားခေါင်းဆောင် ၁၆ ဦးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမတ်လောင်းနေရာ ပေးမည်ဟု ကတိပေးခဲ့သော်လည်း ထိုကတိကို ဒေါ်အောင်ဆန်းစုကြည်က ချိုးဖောက်ခဲ့သည်။

“ ကျွန်တော် ဒီအကြောင်းတွေ မပြောလိုပါဘူး။ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီမိုကရေစီ အင်အားစုတွေကို ကျွန်တော် ထောက်ပံ့ပေးမယ်လို့ ပြောထားပြီးပြီပဲ။ ကျွန်တော်တို့က နိုင်ငံရဲ့ တက်ကြွလှုပ်ရှားသူများကို မဲပေးဖို့ အမြဲတိုက်တွန်းနေပါတယ်။ သူတို့ ပေးဆပ်ခဲ့ရတာတွေ သူတို့ပဲ သိတယ်။ ပုဂ္ဂိုလ်ရေးအရ ကျွန်တော် ဒေါက်တာညိုညိုသင်းကို ထောက်ခံပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ပြည်သူ့လွှတ်တော်မှာ သူ လုံလောက်တဲ့ အတွေ့အကြုံတွေ အများကြီး ရှိပါတယ်” ဟု ကိုကိုကြီးက ပြောပြ သည်။

သူ တစ်သီး ပုဂ္ဂလအဖြစ်ဖြင့် ဘာကြောင့် ဝင်အရွေးမခံရသနည်း။

“ ကျွန်တော် မဲဆန္ဒရှင်တွေကို စိတ်မရှုပ်ထွေးစေချင်ဘူး။ ဒီမိုကရေစီ အင်အားစုတွေကိုလည်း အကွဲအပြဲ မဖြစ်စေချင်ဘူး” ဟု ကိုကိုကြီးက ပြောသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုကိုကြီးက ပြောကြားရာတွင် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲအပြီးတွင် သူသည် ၂၀၂၀ ရွေးကောက်ပွဲ၌ ဝင်ပြိုင်နိုင်ရန် သူ့ကိုယ်ပိုင် ပါတီ တစ်ခု တည်ထောင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

သူက အခြေခံကျသော အရေးကိစ္စ ၃ ခု ဖြေရှင်းရန် လိုအပ်ကြောင်း၊ ယင်းတို့မှာ တိုင်းရင်းသားများ တန်းတူညီမျှမှု ရရှိရေး၊ ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေးကို လေးစားရေးတို့ဖြစ်ကြောင်း ဆိုသည်။ ငြိမ်းချမ်း ရေးမရှိဘဲ ဒီမိုကရေစီ ရရှိရန် မဖြစ်နိုင်ကြောင်း၊ ၁၉၆၂ ခုနှစ်၌ ကျင်းပသော တိုင်းရင်းသားများ၏ တောင်ကြီး ညီလာခံတွင် ပြည်ထောင်စု အစိုးရဖွဲ့ရန် ဆွေးနွေးခဲ့ကြောင်း၊ ထို့နောက်တွင် စစ် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသည်။

ထို့နောက်တွင် စစ်တပ်သည် ၎င်းတို့၏ အုပ်ချုပ်မှုကို ပြည်ထောင်စု မပြိုကွဲရေး ဟူသော အတွေးအခေါ် ဖြင့်သာ အခြေခံအုပ်ချုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူနှင့် စစ်တပ် ဆက်ဆံရေး ကောင်းမွန်ရန် အရေးကြီးကြောင်း ၎င်းက ဆိုသည်။ ယခုအချိန်တွင် စစ်တပ်သည် ထိုအချက်ကို လက်ခံစပြုနေပြီဖြစ်ကြောင်း၊ သို့သော် မည်သည့် ပြည်ထောင်စု အမျိုးအစားမျိုးကို သူတို့က ရည်ရွယ် ပြောဆိုနေသည်ကိုမူ မသိရှိနိုင်ကြောင်း ပြော သည်။

ကိုကိုကြီးက ဆက်လက်၍ သူသည် တပ်မတော်နှင့် စေ့စပ်ဆွေးနွေးမှု တစ်ခုကို ပြုလုပ်လိုကြောင်း၊ ထို့နောက် တပ်မတော်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲခွင့်ပေးရန် တိုက်တွန်းလိုကြောင်း ပြောသည်။

“ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာ ဒီပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါတယ်။ လွှတ်တော်ကနေပဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်းက တစ်ခုတည်းသော နည်းလမ်းမဟုတ်ပါဘူး။ လွှတ်တော် ပြင်ပကနေပြီး စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေ စေ့စပ်ဆွေးနွေးပြီး ဖွဲ့စည်းပုံကို ပြုပြင်ဖို့ လိုပါတယ်။ အဓိက အချက်ကတော့ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲရတဲ့ ဖြစ်စဉ်ကိုပါ ပြင်ဆင်ဖို့ ဖြစ်ပါတယ်” ဟု ကိုကိုကြီးက ပြောသည်။

“စစ်တပ်ဆိုတဲ့ စကားရပ်က ကြီးမားကျယ်ပြန့်ပါတယ်။ အရင်စစ်တပ်ရဲ့ ခေါင်းဆောင်တွေက စီစဉ်ထားတဲ့အတိုင်း ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်နေတာပါ။ စစ်တပ်မှာ အလွန်ဆင်းရဲနေတဲ့ ကျွန်တော့် သူငယ်ချင်းတွေ အများကြီး ရှိပါတယ်။ သူတို့က ရာထူးအဆင့် နိမ့်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံက စစ်တပ်နဲ့ အတိုက်အခံကြားမှာ နိုင်ငံရေး သဘောတူညီမှုတွေ ဘာမျှ မထားရှိခဲ့ဘဲ ပြဋ္ဌာန်းခဲ့တာပါ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလည်း ဒီသဘောပါပဲ။ ယခုအချိန်မှာ NLD က ရွေးကောက်ပွဲအပြီး ကာလအတွက် သဘောတူညီချက်တွေ ဘာမျှ လုပ်ထားတာ မရှိပါဘူး။ ကျွန်တော်တို့က NLD ကို တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျွန်တော်တို့က အတူ ရပ်တည်နိုင်တဲ့ ခြေကုပ်နေရာတစ်ခု ရှာရမှာပါ”  ဟု ကိုကိုကြီးက ပြောသည်။

၎င်း အသစ်တည်ထောင်မည့် နိုင်ငံရေးပါတီတွင် လက်ရှိအတိုက်အခံများနှင့် မူဝါဒချင်း ထပ်နေတာများ ရှိနိုင်မလားဟု မေးသောအခါ သူက သမိုင်း သင်ခန်းစာတစ်ခုကို ထောက်ပြ၍ ပြောသည်။ သူက ဥပမာ ပေးရာတွင် ပြုပြင်ပြောင်းလဲမှုများကို လိုလားသော လက်ဝဲဆန်သည့် ကျောင်းသားများသည် လွတ်လပ်ရေး ရရှိစေရန် လှုပ်ရှားခဲ့ပြီး ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးသောအခါတွင် အုပ်ချုပ်ခဲ့သော ဖက်ဆစ် ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး အသင်းကြီး(ဖဆပလ)၏ လက်ဝဲဆန်မှု များကို ပြောပြသွားသည်။ အသစ်ဖြစ်လာင်မည့် သူ၏ ပါတီသည်လည်း လက်ဝဲဆန်မည်ဖြစ်ကြောင်း ပြောသည်။

“ဒီကိစ္စတွေကို ကျွန်တော် ကြို မပြောချင်ပါဘူး။ ကျွန်တော်တို့က အတွေးအခေါ်ပိုင်းတောင် ဆွေးနွေး ညှိနှိုင်းဆဲ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်း အလွှာတိုင်းက လူတွေပါဝင်ရမယ်။ ၈၈ မျိုးဆက် ခေါင်းဆောင် တချို့လည်း ပါမယ်။ မင်းကိုနိုင်ကတော့ နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်မှာ မဟုတ်ပါဘူး။ သူက လူ့အဖွဲ့အစည်းရဲ့ အလုပ်တွေကိုပဲ အာရုံထား လုပ်ပါလိမ့်မယ်။ ကျွန်တော်တို့ပါတီက အရင် စစ်အစိုးရ အရာရှိဟောင်းတွေကို ပြစ်တင်ဝေဖန်တာ၊ ရှုတ်ချကဲ့ရဲ့တာမျိုးလည်း လုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က သူတို့ကို တိုက်ခိုက်ဖို့ တည်ထောင်တာမျိုး မဟုတ်ပါဘူး”

ကိုကိုကြီးက ခန့်မှန်းပြောကြားရာတွင် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ၌ အတိုက်အခံပါတီသည် ရလဒ်ကောင်း ရရှိမည်ဟု ဆိုသည်။ သူက မြန်မာပြည်သူလူထုသည် စစ်အစိုးရအောက်၌ နေထိုင်လာခဲ့ရသည်နှင့် ပတ်သက်ပြီး စိတ်ခံစားမှုများ ပြင်းထန်လျက်ပင် ရှိနေသေးကြောင်း သူတို့သည် မည်သည့် အာဏာရှင်မျိုးကိုမျှ မလိုချင်တော့ကြောင်း ဆိုသည်။ “၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကိုသာ ကြည့်ပါ။ ပြည်သူတွေက အာဏာရပါတီကို ဆန့်ကျင်တဲ့ မဲတွေသာ ပေးခဲ့တာပါ” ဟု ကိုကိုကြီးက ပြောကြား သည်။

ရွေးကောက်ပွဲ အကြိုကာလတွင် မဲစာရင်းများ အမှားအယွင်းဖြစ်မှုသည် ကြီးမားသော ပြဿနာကြီး တစ်ခု ဖြစ်ခဲ့ကြောင်း၊ ထို့ပြင် မဲရုံများတွင် အထူးအကူရဲတပ်ဖွဲ့ ၄၀,၀၀၀ ခန့် ချထားခြင်းသည်လည်း အာဏာရ ပါတီအတွက် အခွင့်သာမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ရွေးကောက်ပွဲ လေ့လာသူများသည် ကျေးလက်ဒေသကို အာရုံစိုက်ကြမည် ဖြစ်သော်လည်း ပဋ္ဋိပက္ခများ ဖြစ်ပေါ်နေသော နေရာများတွင် ခန့်မှန်းရန် ခက်ခဲကြောင်း ၎င်းက ပြောသည်။

UEC သည် မွတ်စလင် အမတ်လောင်း အများစုကို အရည်အသွေး မပြည့်မီဟု ပယ်ချခဲ့သဖြင့် ဝေဖန်မှုများ ခံခဲ့ရကြောင်း၊ သို့သော် ပြီးခဲ့သော သီတင်းပတ်တွင် မွတ်စလင် အမတ်လောင်း ၁၁ ဦးကို ဝင်ပြိုင်ခွင့်ပေးခဲ့ကြောင်းပြောပြီး USDP နှင့် NLD တို့သည် မွတ်စလင် အမတ်လောင်းများကို နေရာမပေးခြင်းနှင့် UEC သည် တစ်သီးပုဂ္ဂလ မွတ်စလင် အမတ်လောင်းများကို ပယ်ဖျက်ရခြင်းနှင့် ပတ်သက်ပြီး ကိုကိုကြီး၏ သဘောထားကို မေးမြန်းသောအခါ ကိုကိုကြီးက ဤသို့ ပြောကြားသည်။

“ လက်ရှိ ဥပဒေအရ UEC က မွတ်စလင် အမတ်လောင်းတချို့ကို ပယ်ချခဲ့ရပါတယ်။ ဒါကလည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလမှာ နားလည်မှု လွဲမှားတာ၊ ရှုပ်ထွေးတာနဲ့ ပြဿနာဖြစ်မှာကို စိုးရိမ် လို့ လုပ်ရ တာပါ”

မျိုးချစ်စိတ် ပြင်းထန်သော ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာဝင်များနှင့် အငြင်းပွားဖွယ်ရာ ဘုန်းတော်ကြီး ဦးဝီရသူ ဦးဆောင်သော မဘသ လှုပ်ရှားမှုများသည် မွတ်စလင်များကို အခက်တွေ့စေသည်။ ပြီးခဲ့သော သီတင်းပတ် နှစ်ပတ်ခန့်တွင် မဘသ အဖွဲ့အစည်းသည် လူမျိုးရေးနှင့် ဘာသာရေးကို စောင့်ရှောက်သော ဥပဒေဟု ၎င်းတို့ခေါ်ဆိုသော ဥပဒေများ ပြဋ္ဌာန်းနိုင်မှုကြောင့် အောင်ပွဲကျင်းပခဲ့သည်။ ထိုဥပဒေတွင် မွတ်စလင် ဟူသော စကားရပ်ကို ဖော်ပြထားခြင်း မရှိသော်လည်း ယင်းဖော်ပြချက်များသည် ထို မွတ်စလင် ဘာသာဝင် လူနည်းစုကို ရည်ရွယ်ထားမှန်း သိသာလျက်ရှိသည်။ ဗမာ လူမျိုးကြီးဝါဒနှင့် မျိုးချစ်စိတ် ပြင်းထန်မှုများ ထကြွ လာခြင်းနှင့်ပတ်သက်ပြီး ကိုကိုကြီး၏ သဘောထားကို မေးမြန်းကြည့်သည်။

“ ဗြိတိသျှတွေက အိန္ဒိယလူမျိုးစု အများအပြားကို မြန်မာနိုင်ငံထဲကို ခေါ်သွင်းလာခဲ့ပါတယ်။ ဒါကြောင့် လူမျိုးကို စောင့်ရှောက်လိုစိတ်များ ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။ အခုအချိန်မှာ တချို့လူတွေဟာ လူဦးရေ အချိုးအစားနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လာပါတယ်။ လူအုပ်စုတစ်စုရဲ့ ကလေးမွေးဖွားနှုန်းဟာ တဟုန်ထိုး များပြားလွန်းနေပြီး ကျန်တစ်အုပ်စုရဲ့ မွေးဖွားနှုန်းက ကျဆင်းနေပါတယ်။ ဗုဒ္ဒ ဘာသာဝင် လူ့ အဖွဲ့ အစည်းအတွက် ဒါက စိုးရိမ်စရာပါပဲ။ ကျွန်တော်တို့ သူတို့ရဲ့ စိုးရိမ်မှုကို နားလည်ဖို့ လိုပါတယ်။ ဒါပေမဲ့ တကယ့် ပြဿနာ အစစ်က နိုင်ငံသားဖြစ်မှု ဖြစ်လာပါတယ်” ဟု ကိုကိုကြီးက ဖြေကြားသည်။

ယခုနှစ် အစောပိုင်းတွင် ဝှိုက်ကတ်ဟု ခေါ်ဆိုသော ယာယီနိုင်ငံသားကတ်များကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ အများစုမှာ ဘင်္ဂါလီများ ကိုင်ဆောင်ထားသော ကတ်များ ဖြစ်ကြသည်။ ထိုသို့ဖြင့် ၎င်းတို့သည် မဲပေးခွင့် ဆုံးရှုံးသွားပြီး နိုင်ငံမဲ့သူများ ဖြစ်သွားခဲ့ကြသည်။ နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်ပြီး ကိုကိုကြီး၏အမြင် မှာ ဤသို့ဖြစ်သည်။

“ နိုင်ငံသားအားလုံးဟာ ညီမျှတဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင်ရမယ်လို့ ထင်ပါတယ်။ လူမျိုးစုတိုင်းဟာ လည်း နိုင်ငံတော်အပေါ်မှာ သစ္စာရှိရပါမယ်။ ကျွန်တော်တို့ဟာ စုစည်းနေထိုင်နိုင်တဲ့ အသိအမှတ်ပြုမှု တစ်ခုလိုပါတယ်။ ဝှိုက်ကတ်တွေကို အစိုးရက ပြန်ရုပ်သိမ်းခဲ့ပါတယ်။ ဒီတော့ ဒီလူတွေ ဘယ်လိုဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ တချို့က ပန်းရောင်ကတ်တွေ ကိုင်ဆောင်ထားပါတယ်။ ဒါက နိုင်ငံသားဖြစ်မှုကို သက်သေခံ မပေးနိုင်ပါဘူး။ နိုင်ငံသားဖြစ်ဖို့ စိစစ်ဆဲကတ်တွေပါ။

“အစိုးရက ဒါကို ဥပဒေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုပါတယ်။ ဒါမျိုးက ကချင်ပြည်နယ်တို့ ရှမ်းပြည်နယ်တို့မှာ မဖြစ်ပါဘူး။ ကချင်နဲ့ ရှမ်းမျိုးနွယ်စုတွေက မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ အတူ နေထိုင်လာခဲ့လို့ပါပဲ။ သူတို့ရဲ့ တိုင်းရင်းသားဖြစ်မှုနဲ့ နိုင်ငံသားဖြစ်မှုက အသေအချာ သိရှိပြီးသားပါ။ ပြဿနာ က ရခိုင်ပြည်နယ်မှာပါ။ အစိုးရက ပြီးခဲ့တဲ့နှစ်က သန်းခေါင်စာရင်း ကောက်ယူခဲ့တယ်။ တချို့လူတွေက ဘင်္ဂါလီ လို့ စာရင်းတင်သွင်းခံရမှာကို ငြင်းဆိုကြတယ်။ သူတို့ လွယ်ကူစွာ နိုင်ငံသားဖြစ်လို့ ရပါတယ်။ ဒါပေမဲ့ သူတို့က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ တိုင်းရင်းသားရှိတယ်ဆိုတာကို တောင်းခံနေတာဖြစ်တယ်။ ထိုင်းနိုင်ငံ ရောက်နေတဲ့ မြန်မာလူမျိုးက မွေးဖွားတဲ့ မြန်မာလူမျိုးလည်း ထိုင်းနိုင်ငံသား ဖြစ်မလာပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာ ဒုက္ခသည်နဲ့ပတ်သက်ပြီး တရားဝင် မူဝါဒ မရှိပါဘူး။ ဒါကြောင့် ဘယ်သူက နိုင်ငံကူးပြောင်းလာသူလဲ ဘယ်သူက ဒုက္ခ သည်လဲ ဆိုတာ ခွဲခြားဖို့ ခက်နေတာပါ” ဟု ကိုကိုကြီးက ဖြေကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.