ဒီအစိုးရဘာမှ မပြောင်းလဲသေးပါ

လူ့အခွင့်အရေး ကာကွယ်သူများအတွက် ကြမ်းတမ်းခက်ခဲနေဆဲ

အိုလီဗာ ဆလိုး ရေးသားသည်။

 class=

class=

ဇူလိုင်၂၃ ရက်တွင် မစုစုနွေးတစ်ယောက် ပဲခူးတိုင်းမှ ရန်ကုန်သို့ ပြန်လာခဲ့သည်။ အင်းတကော် အရောက်တွင် သူစီးလာသော ဘတ်စကားကို ရဲက အရပ်ခိုင်းပြီး မစုစုနွေး အဖမ်းခံရတော့သည်။ လယ်ယာမြေ အသိမ်းခံရမှုနှင့်ပတ်သက်၍ အင်းတကော်မှ လယ်သမားများကို ၂၀၁၃ ခုနှစ်မှစ၍ အကူအညီပေးနေခဲ့သော မစုစုနွေးမှာ မနှစ်ကပင် အာဏာပိုင်များ၏ မကြာခဏ နှောက်ယှက်မှုခံနေခဲ့ရသည်ဟု သူ့ခင်ပွန်းဖြစ်သူ ကိုမာတီ ခေါ် ကျော်ကျော်ထွေးက ပြောပြသည်။

စစ်တပ်က သိမ်းထားသောမြေကို ပတ်ပတ်လည် ခြံဝင်းခတ်ထားသဖြင့် ဤကွင်းကိုဖြတ်၍ ကျောင်း တက်ရသော ကလေးများမှာ ထိုဝင်းထရံကို ကျော်တက်သွားကြသည်။ ကလေးတွေ ခြံဝင်း ကျော်တက်နေကြရ ပုံကို မစုစုနွေးက ဓာတ်ပုံရိုက်ပြီး သူ၏ဖေ့ဘွတ်တွင် တင်ထားသည်။ စုစုနွေး ဖေ့ဘွတ်ကို မျှဝေသူတွေ ၉,၀၀၀ ကျော် ရှိသည်။ ထိုပုံကြောင့် စစ်တပ်ကို ဒေါသထွက်စေခဲ့သည်ဟု ကိုမာတီက ပြောသည်။ ဇွန်လတွင် တရားရုံး က မစုစုနွေးကို ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲကာ ဆင့်ခေါ်ခဲ့သည်။ သူက တရားရုံးသွားရန် အကြောင်းမရှိဟု ယုံကြည်သဖြင့် ရုံးကို မသွားဘဲ နေခဲ့ရာ အင်းတကော်တွင် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ ဇူလိုင် ၂၉ တွင် မစုစုနွေး အမှုကို စ၍ စစ်သည်။ ပိုင်နက်ကျူးလွန်မှုဖြင့် ပြစ်မှုထင်ရှားပါက စုစုနွေးမှာ ၃ လအထိ ထောင်ကျနိုင်သည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးမှာ ယခင်စစ်အစိုးရလက်ထက်ကလည်း ၂ ကြိမ် ထောင်ချခံခဲ့ရဖူးသည်။

သူ့ဇနီးလို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖို့ ဘာမျှမပြောင်းလဲသေးပါဟု ကိုမာတီက ပြောသည်။

“ အခုလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ပိုရှိလာပေမယ့် အခြေအနေက အရင်ကနဲ့ မထူးပါဘူး။ တံခါးက ဖွင့်တယ်ဆိုပေမဲ့ ဟ ရုံလေး ဟ ထားတာပါ” ဟု ကိုမာတီက Frontier ကို ပြောသည်။ ကိုမာတီသည် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဥပဒေရေးရာဌာနတွင် အတွင်းရေးမှူးအဖြစ် လုပ်ကိုင် နေသည်။

“ တကယ်တော့ ပိုတောင် တင်းကြပ်လာသေးတယ်” အခုကိစ္စကိုပဲ ကြည့်၊ ကျွန်တော့်မိန်းမ ဒီမြေသိမ်း ပြဿနာတွေ လုပ်ဆောင်လာတာ နှစ်အတော်ကြာပြီ။ အခုမှ ထဖမ်းတာ ကြည့်ပေါ့” ဟု ပြောသည်။

 class=

class=

၈၈ မျိုးဆက်အဖွဲ့၏ လှုပ်ရှားမှုများတွင် နိုင်ငံရေးအကျဉ်းသား မိသားစုများကို အကူအညီပေးခြင်းများ လည်း ပါဝင်သည်။ ရုံးအပြင်မှာတော့ ဒေါ်ခင်မြက စောင့်နေသည်။ သူ့သားဖြစ်သူ ကိုစန်းအောင်ဝင်းမှာ ခွင့်ပြုမိန့်မရဘဲ ပုဒ်မ (၅၉) စ ကို ဆန့်ကျင်ဆန္ဒပြမှုဖြင့် လွန်ခဲ့သော ၃ လကပင် အဖမ်းခံခဲ့ရသည်။

ထိုပုဒ်မကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတ အရွေးခံပိုင်ခွင့် မရှိတော့ပေ။ နိုင်ငံခြားအစိုးရကို သစ္စာခံသူ ဗြိတိသျှနိုင်ငံသား (ဒေါ်စု၏သား ၂ ဦး ရှိနေသောကြောင့်ဖြစ်သည်။)

“ သားအဖမ်းခံရတော့ ကျွန်မတို့မှာ ထမင်းဆိုင်လေးတောင် မဖွင့်နိုင်တော့ဘူး။ ဒါပေမဲ့ ကျွန်မသား အတွက် ကျွန်မ ဂုဏ်ယူပါတယ်။ ဒီအစိုးရက ဘာမျှ မပြောင်းလဲပါဘူး၊ အရင်အတိုင်းပါပဲ” ဟု ဒေါ်ခင်မြက ပြောသည်။

စစ်အစိုးရလက်ထက်က လူ့အခွင့်အရေး ကာကွယ်သူများ(HRD) သည် အဖမ်းခံရမည် စိုးသောကြောင့် ပုန်းလျှိုးကွယ်လျှိုး လှုပ်ရှားကြရသည်။ ၂၀၁၁ တွင် အစိုးရသစ်တက်လာပြီး ပြုပြင်ပြောင်းလဲရေးများ လုပ်လာ သောအခါ မြေယာအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနှင့် မီဒီယာလွတ်လပ်ခွင့် စသည့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖို့ အခြေအနေ တိုးတက်လာမည်ဟု မျှော်လင့်ခဲ့ကြသည်။

အားတက်ဖွယ် လက္ခဏာများလည်း မြင်တွေ့လာရသည်။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးသည်။ လွတ်လပ်စွာ စုရုံးခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်များအပေါ် ကန့်သတ်ချက်များ ဖြေလျှော့လာသည်။ ပုံနှိပ် ထုတ်ဝေခြင်းမပြုမီ ဆင်ဆာပြုလုပ်ခြင်းကို ဖယ်ရှားသည်။ ပုဂ္ဂလိက နေ့စဉ်သတင်းစာများကို ထုတ်ဝေခွင့်ပြု သည်။ သို့သော် အဓိကရ မှတ်တိုင်ဖြစ်မည့် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် HRD’s များကို ပိုမို နှိပ်ကွပ်လာသည်ဟု စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။

Burma Partnership and Assistance Association for Political Prisoners အဖွဲ့၏ မကြာမီက ထုတ် ပြန်ခဲ့သော “Who defends the defenders” “ကာကွယ်သူတွေကို ဘယ်သူက အကာအကွယ်ပေးမှာလဲ” ဟု ခေါင်းစဉ်တပ်ထားသော အစီရင်ခံစာတွင် လူ့အခွင့်အရေးကို ကာကွယ်သူများ(သို့မဟုတ်) မြန်မာအစိုးရ၏ ပုံပြင်စကားများကို မေးခွန်းထုတ်သူများ အစိုးရကို ကျောထောက်နောက်ခံ ပေးနေသော စစ်တပ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ သြဇာပါဝါကို မေးခွန်းထုတ်နေသူများသည် ဟိုယခင်ကလိုပင် အန္တရာယ်ကြားမှ လှုပ်ရှားနေ ကြရသည်ဟု ဖော်ပြခဲ့သည်။

ဦးရောဘတ်စန်းအောင် သည် ထင်ရှားသော လူ့အခွင့်အရေး ကာကွယ်ရေး ရှေ့နေတစ်ဦးဖြစ်ပြီး အပြောင်းအလဲ စတင်ချိန်မှစ၍ ထင်ရှားသော လူ့အခွင့်အရေး ကာကွယ်သည့် အမှုကြီးများကို လိုက်ပါ ဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။ သူ လိုက်ပါဆောင်ရွက်သော အမှုများတွင် Unity 5 အမှုလည်း ပါသည်။

“ လွန်ခဲ့သော ၂ နှစ်လောက်နဲ့ စာရင် ဒီနှစ်အခြေအနေ ပိုဆိုးတယ်။ ဒီအစိုးရဟာ လူ့အခွင့်အရေး ကာကွယ်နေသူတွေအပေါ် နှိပ်ကွပ်တဲ့နေရာမှာ ဒီနှစ်အဆိုးဝါးဆုံးပဲ” ဟု ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောသည်။

မတ်လအတွင်းက လက်ပံတန်းမြို့တွင် ပညာရေးဥပဒေသစ်ကို ကန့်ကွက်ဆန္ဒပြနေကြသော ကျောင်းသားများကို ရဲက အကြမ်းဖက်နှိမ်နှင်း ဖမ်းဆီးထောင်ချခဲ့ချိန်မှစ၍ ၎င်းတို့၏အမှုကို လိုက်ပါဆောင်ရွက် ပေးနေခဲ့သော ရှေ့နေ ဦးရောဘတ်စန်းအောင်သည် လူ့အခွင့်အရေး ကာကွယ်သူများကို ချီးမြှင့်သော Martin Ennals Award ဆု ချီးမြှင့်ရန် နောက်ဆုံးလျာထားသူ ၃ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ “Martin Ennals” ဆုသည် Amnesty Internationals အတွင်းရေးမှူးဟောင်းကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် အောက်တိုဘာလ တိုင်း ဂျီနီဗာတွင် ချီးမြှင့်သောဆု ဖြစ်သည်။

အသက်မပြည့်သေးသော ကလေးငယ် ၂ ဦးကို လူကြီးများထားသော အကျဉ်းထောင်တွင် ၂ လကြာ အောင် ထိန်းသိမ်းထားခြင်းနှင့် ဆန္ဒပြကျောင်းသားအချို့ကို တရားမဝင် ဖမ်းဆီးချုပ်နှောင်ထားမှုဖြင့် တိုင်း ဒေသကြီးနှင့် မြို့နယ်အာဏာပိုင်တို့ကို တရားစွဲရန် ဦးရောဘတ်စန်းအောင်က စီစဉ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကာကွယ်သူ HRD များအဖို့ လွတ်လပ်သော တရားစီရင်ရေး အာဏာပိုင်အဖွဲ့ မရှိခြင်းမှာ အဓိက စိန်ခေါ်မှုဖြစ်သည်ဟု ရောဘတ်စန်းအောင်က ပြောပြသည်။

“ တရားသူကြီးကလည်း ရဲဘက်ကို မျက်နှာလိုက်ပြီး ဆုံးဖြတ်မှာပဲ” ဟု ၎င်းက လက်ပံတန်းတွင် အဖမ်းခံရသော ကျောင်းသားများအမှုကို ရည်ညွှန်းပြီး ပြောပြသည်။

“ ကျွန်တော်တို့နိုင်ငံမှာ တရားစီရင်ရေးစနစ်က အစိုးရ၏ သြဇာအာဏာအောက်မှာ ရောက်နေတယ်။ လွတ်လပ်စွာ စီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ရာဇဝတ်မှုနဲ့ စွပ်စွဲခံရသူတွေဟာ ဘာဥပဒေ အကာအကွယ်မှ မရှိ တော့ဘူး” ဟု ၎င်းက ပြောပြသည်။

Who defends the defenders? အစီရင်ခံစာသည် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူများ အပေါ် စွဲချက်တင်ရန် အများဆုံးအသုံးပြုနေသော ဥပဒေများကို မီးမောင်းထိုးပြသည်။ ထိုဥပဒေတွင် ငြိမ်းချမ်းစွာစုရုံးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်ခွင့်ဆိုင်ရာ ၂၀၁၁ ဥပဒေဖြစ်ပြီး လွတ်လပ်စွာစုရုံးခွင့် ဥပဒေဟု ခေါ်တွင်သည်။ လက်ပံတန်းတွင် အဖမ်းခံကြရသော ကျောင်းသားများကို ထိုဥပဒေဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံတော်(သို့မဟုတ်) လူထု အေးချမ်းတည်ငြိမ်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုများကို တားမြစ်သည့် ပြစ်မှုဆိုင်ရာ ပုဒ်မ (၅၀၅)(ခ) ကို စုရုံးခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈(ခ) နှင့်တွဲ၍ HRD များကို စွဲချက်တင်ရာတွင် အသုံးပြုကြသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုံးလှကို ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြပြီးနောက် အဆိုပါ ဥပဒေနှစ်ခုစလုံးဖြင့် ရုံးတင်တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ဒီဇင်ဘာလအတွင်း မုံရွာမြို့အနီးရှိ လက်ပံတောင်းကြေးနီမိုင်းတွင် ဆန္ဒပြနေသော လူအုပ်ကို ရဲက ပစ်ခတ်သဖြင့် ကျေးရွာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်ကို ဒေါ်နော်အုံးလှက ကန့်ကွက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ တရားရုံးက ဒေါ်နော်အုံးလှကို အလုပ်ကြမ်းအပါအဝင် ထောင်ဒဏ် ၄ နှစ် ၄လ ချမှတ်ခဲ့သည်။

 class=

class=

ပုံနှိပ်ထုတ်ဝေခြင်းမပြုမီ ကြိုတင်ဆင်ဆာပြုလုပ်သော စနစ်ကို ၂၀၁၂ တွင် ဖျက်သိမ်းခဲ့ခြင်း၊ နောက်တစ်နှစ်တွင် ပုဂ္ဂလိက နေ့စဉ်သတင်းစာထုတ်ဝေခွင့် လိုင်စင်ချပေးခြင်းတို့ကြောင့် နေ့စဉ်သတင်းစာ ထုတ်ဝေခြင်းလုပ်ငန်းကို အနှစ် ၅၀ တိုင်တိုင် အစိုးရက လက်ဝါးကြီးအုပ် ချုပ်ကိုင်ခဲ့မှု အဆုံးသတ်သွားသဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရကို စောစောပိုင်းတွင် အလွန်သိသာသော ပြောင်းလဲမှုများအဖြစ် ကြိုဆိုခဲ့ကြသည်။ သို့သော် သတင်းသမားများမှာ အာဏာပိုင်များ၏ နှောင့်ယှက်မှု ခြောက်လှန့်မှုတို့ကို ခံနေကြရဆဲဖြစ်ပြီး သတင်းသမားအချို့မှာ မိမိတို့အလုပ်တာဝန်ကို မိမိတို့လုပ်ဆောင်သဖြင့် ထောင်ချခံနေကြရသူများ ရှိနေဆဲ ဖြစ်သည်။

မကွေးတိုင်းဒေသကြီးရှိ စစ်တပ်ပိုင်စက်ရုံတစ်ရုံတွင် ဓာတုလက်နက်များ ထုတ်လုပ်နေသည်ဟု ဖော်ပြမိသဖြင့် ကိုလိုနီခေတ်ကတည်းက ရှိခဲ့သော အစိုးရ လျှို့ဝှက်ချက်ဆိုင်ရာ ဥပဒေဖြင့် ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် ၄ ဦးတို့ကို ၂၀၁၄ ဇူလိုင်လတွင် နှစ်ရှည် အလုပ်ကြမ်း ထောင်ဒဏ် ကို ချမှတ်ခဲ့သည်။ ထိုသတင်း ဖော်ပြချက်ကို အစိုးရက မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

လူထုက ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော ကြားဖြတ်အစိုးရကို ခန့်အပ်လိုက်ပြီဟု မြန်မာ့ ဒီမို ကရက်တစ်လှိုင်း အင်အားစု ၏ ကြေညာချက်ကို ကိုးကားဖော်ပြမိသဖြင့် ဘိုင်မွန်းတည့်နေ ဂျာနယ်မှ သတင်းထောက် ၅ ဦးကို လွန်ခဲ့သော အောက်တိုဘာက ထောင်ချခဲ့ရာ ဇူလိုင် ၃၀ ရက်တွင် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာခဲ့ကြသည်။

လွန်ခဲ့သော အောက်တိုဘာလအတွင်း သတင်းထောက်ကိုပါကြီး ဟု သိကြသော ကိုအောင်ကျော်နိုင် သည် စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထားစဉ်အတွင်း သေဆုံးခဲ့သည်။ ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ခဲ့ရ ခြင်း ဖြစ်သည်ဟု စစ်တပ်က ပြောသည်။ ကိုပါကြီး သေဆုံးရမှုကို စုံစမ်းစစ်ဆေးရန် သမ္မတ ဦးသိန်းစိန်က မြန်မာ့အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို တာဝန်ပေးသည်။ ထိုကော်မရှင်၏ အစီရင်ခံစာကို ကိုပါကြီး၏ ဇနီးမသန္တာက လုပ်ဇာတ်တစ်ခုသာ ဖြစ်သည်ဟု ငြင်းပယ်ခဲ့သည်။ ကိုပါကြီး သေဆုံးရပုံကို အရပ်ဘက် တရားရုံးတစ်ရုံးက ဆက်လက်စုံစမ်းလျက်ရှိသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ကို ပူးတွဲတည်ထောင်သူ ကိုဘိုကြီးသည် HRD အစီရင်ခံစာ ရေးသားရာတွင် ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။ ၎င်းက အစိုးရရော လူထုဘက်ကပါ လူ့အခွင့်အရေး အကြောင်း ပိုမိုနားလည်မှုရှိဖို့ လိုအပ်သည်ဟု တက်ကြွလှုပ်ရှားသူများအား နှိပ်စက်ညှဉ်းပန်း၍ ဝန်ခံခိုင်းမှုများ ရှိနေဆဲ ဖြစ်သည်ဟု ပြောသည်။

 class=

class=

“နိုင်ငံတစ်နံတစ်လျားမှာ HRD တွေကို အကာအကွယ်ပေးမယ့် ယန္တရားတစ်ခုလိုအပ်နေပြီ၊ ကျွန်တော် တို့ အကာအကွယ်မဲ့နေတယ်လို့ ခံစားနေရတယ်” ဟု ကိုဘိုကြည်ကပြောသည်။

တရားစီရင်ရေးစနစ်တွင် လွတ်လပ်မှု ကင်းမဲ့နေပုံကို ရည်ညွှန်းလျက် ကိုဘိုကြည်က “ အရပ်ဘက် အဖွဲ့အစည်းတွေကို သူတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးခွင့်ပြုသင့်ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေဟာ ရန်သူတွေ မဟုတ်ဘူး၊ နိုင်ငံအစိုးရရဲ့ မျက်စိတွေ နားတွေ ဖြစ်တယ်ဆိုတာကို အစိုးရက အသိအမှတ်ပြုဖို့ လိုပါတယ်” ဟု ကိုဘိုကြည်က ပြောသည်။

ဇူလိုင် ၃၀ ရက်က သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကို စိတ်ပျက်မိကြောင်း ၎င်းက ပြောသည်။ တရားမဝင် သစ်ခိုးထုတ်သဖြင့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို ထောင်ဒဏ်တစ်သက် စီရင်ချက်ချထားရာ ၈ ရက်သာ ထောင်ထဲနေလိုက်ရပြီး အားလုံးကို လွှတ်ပစ်ခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်လာသူ ၆,၉၆၆ ရှိရာ နိုင်ငံရေးအကျဉ်းသား ၁၃ ယောက်သာပါသည် ဟု AAPP က ပြောသည်။ ထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျန်ရှိနေဆဲ ဖြစ်ပြီး ၄၄၄ ယောက်မှာ တရားရုံးတွင် စစ်ဆေးခံရန် စောင့်ဆိုင်းနေကြသည်။

“ လွတ်ငြိမ်းချမ်းသာခွင့်က အစစ်အမှန် မဟုတ်ပါဘူး။ နိုင်ငံကို တိုးတက်စေချင်တဲ့ ကျောင်းသားတွေကို ဘာကြောင့် ထောင်ထဲထည့်ထားလဲ။ မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံမဟုတ်ဘူး၊ လုံးဝ အာဏာရှင် နိုင်ငံအဖြစ် ကနေပြီး ဖွဲ့စည်းပုံအရ အာဏာရှင်ဖြစ်နေတဲ့နိုင်ငံ၊ စစ်တပ်က အရာရာကို ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ နိုင်ငံပါ” ဟု ကိုဘိုကြည်က ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.