ဗဟိုဘဏ်ဥက္ကဋ္ဌသစ် ဘယ်သူဖြစ်လာမလဲ

ဗဟိုဘဏ်ရဲ့လက်ရှိဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ရဲ့ ရာထူးသက်တမ်း နှစ်လသာ ကျန်ရှိတော့တဲ့အချိန်မှာ ဥက္ကဋ္ဌသစ် ဖြစ်လာနိုင်ဖွယ်ရှိသူတွေကို Frontier က လေ့လာသုံးသပ်မှု ပြုလုပ်ခဲ့ပါတယ်။ တကယ်လို့ လက်ရှိဥက္ကဋ္ဌကိုသာ ဒုတိယသက်တမ်း မတိုးပေးခဲ့ရင်ပေါ့။

ကလဲရ် ဟမ်မွန် ရေးသားသည်။

ငါးနှစ်သက်တမ်းရှိတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးသက်တမ်းဟာ ဇူလိုင် ၃၁ ရက်နေ့ဆိုရင် ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။ လာမယ့် လတွေအတွင်း သမ္မတဦးဝင်းမြင့်က ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီမှုနဲ့ အစားထိုး ခန့်အပ်မှု ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌဟာ ဘဏ္ဍာရေးကဏ္ဍ၊ ဒါထက် လူမှုစီးပွားတစ်ခုလုံးအပေါ်မှာ ကြီးမားတဲ့ သြဇာရှိနေတာကြောင့် ဒီဆုံးဖြတ်ချက်ကို အနီးကပ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

၂ဝ၁၃ ခုနှစ်က ဦးကျော်ကျော်မောင်ကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ချိန်တုံးက ဗဟိုဘဏ်ဟာ အခုလို အဆင့်အတန်းမျိုး မဟုတ်သေးပါဘူး။ အဲဒီအချိန်က အဓိကတာဝန်ဟာ ဘတ်ဂျက်လိုငွေ ဖြည့်ပေးဖို့သာ လုပ်ရတဲ့ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနရဲ့ လက်အောက်ခံ ဌာနတစ်ခုမျှသာ ဖြစ်ပါတယ်။

အဲဒီနှစ် ဇူလိုင်လမှာပဲ ဗဟိုဘဏ်ဟာ ဥပဒေအရ လွတ်လပ်မှုရှိကြောင်း သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး သတ်မှတ်ခဲ့ပါတယ်။ မယုံကြည်သူတွေကတော့ ဒါဟာ ဟန်ပြသက်သက်သာလို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ မှားသွားခဲ့ပါတယ်။ ဗဟိုဘဏ်ဟာ အားကောင်းပြီး အများအားဖြင့် လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာပါတယ်။

ဗဟိုဘဏ်တစ်ခုရဲ့ အကြီးအကဲဟာ ကမ္ဘာ့ဘယ်နေရာမှာမဆို အရေးပါတဲ့ ရာထူးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံလို ထိပ်ပိုင်းက လမ်းညွှန်ထိန်းချုပ်တဲ့ စီးပွားရေးမှာတော့ သူ့ရဲ့ကဏ္ဍက ပါဝါအားလုံး ရှိနေပါတယ်။ ဆုံးဖြတ်ချက်တိုင်းကို ဗဟိုဘဏ်ဥက္ကဋ္ဌက အတည်ပြုရပါတယ်။ ဘဏ်လုပ်ငန်း လုပ်ကိုင်သူတစ်ယောက်ကတော့ ဥက္ကဋ္ဌဟာ ရဲတိုက်ရဲ့သော့တွေကို ကိုင်တဲ့သူလို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ဖူးပါတယ်။

ဦးကျော်ကျော်မောင်ဟာ ပထမတော့ ဒီသော့တွေကို တင်းတင်းကြပ်ကြပ် ထိမ်းသိန်းခဲ့ပါတယ်။ ဝေဖန်သူတွေကတော့ သူ့ရဲ့ မူဝါဒတွေဟာ ၁၉၉၇ ကနေ ၂ဝဝ၇ ခုနှစ်အထိ စစ်အုပ်ချုုပ်ရေးကာလအတွင်း ဗဟိုဘဏ်ကို ကိုင်တွယ်ကတည်းက ပြောင်းလဲမှု သိပ်မရှိခဲ့ဘူးလို့ ဆိုကြပါတယ်။

ဒါပေမယ့် ၂ဝ၁၆ ခုနှစ်က စတင်ပြီး သူဟာ ပြုပြင်ပြောင်းလဲလိုစိတ် ပိုမိုပြသလာဟန်ရှိပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်မှာတော့  ဗဟိုဘဏ်ဟာ ခေတ်မီကောင်းမွန်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဦးကျော်ကျော်မောင် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပေမယ့် စစ်အစိုးရခေတ်ကထက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ရဲ့ အစီအစဉ်တွေနဲ့ ပိုပြီး နီးစပ်ပါတယ်။ ဗဟိုဘဏ်ဥက္ကဋ္ဌတစ်ယောက်ဟာ သက်တမ်းနှစ်ကြိမ်ဆက်တိုက် ထမ်းဆောင်နိုင်တယ်ဆိုတဲ့ ဗဟိုဘဏ်ဆိုင်ရာ ဥပဒေအရ သူကို ပြန်လည် ခန့်ထားနိုင်တဲ့ အလားအလာလည်း ရှိနေပါတယ်။

ဥက္ကဋ္ဌနေရာကို အစားထိုးမထိုးနဲ့ အစားထိုးပါက ဘယ်သူတွေ ဖြစ်နိုင်တယ်ဆိုတာတွေသိရှိဖို့ ခိုင်မာတဲ့ သတင်းရင်းမြစ် တစ်ဒါဇင်လောက်ကို Frontier က မေးမြန်းခဲ့ပါတယ်။ ဖြေကြားမှုတွေက ရောထွေးနေပြီး ဖြစ်လာဖွယ်ရှိသူအချို့ကိုတော့ ပြောကြားကြပါတယ်။

တရားဝင် ဘယ်သူ့ကိုပဲ ရွေးသည်ဖြစ်စေ အရွေးခံရသူဟာ ဗဟိုဘဏ်လုပ်ငန်း၊ ဥပဒေ၊ စာရင်းကိုင်နဲ့ စာရင်းစစ်တာတွေနဲ့ ပတ်သက်လို့တော့ အတွေ့အကြုံ ရှိရမှာဖြစ်ပါတယ်။ လက်တွေ့အနေနဲ့ သူဟာ သမ္မတထက် နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံနိုင်သူလည်း ဖြစ်ရပါမယ်။

သြဂုတ် ၁ ရက်နေ့အထိ ဘာမှမပြောနိုင်သေးပေမယ့် အောက်ဖော်ပြပါပုဂ္ဂိုလ်တွေကတော့ ဒီထိပ်တန်းရာထူးကို ရနိုင်တဲ့ အခွင့်အရေးရှိနေတယ်လို့ Frontier က ယုံကြည်ထားပါတယ်။

ဦးစိုးဝင်း (ဘဏ်လောက အကြိုက်)

Deloitte Myanmar ရဲ့ မန်နေးဂျင်းပါတနာဖြစ်သူ ဦးစိုးဝင်းဟာ နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်ရဲ့ နိုင်ငံခြားငွေ လဲလှယ်ရေးဌာနကို ၁၉၆၁ ခုနှစ်မှာ ဒု မန်နေဂျာတစ်ဦးအဖြစ် ဝင်ရောက်ခဲ့ပါတယ်။ သူဟာ ၁၉၇၆ ခုနှစ်မှာ အင်္ဂလန်က National Westminster Bank နဲ့ Bank of England တို့မှာ လေ့ကျင့်သင်ယူခဲ့ပြီး ၁၉၉၃ ခုနှစ်မှာတော့ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်ရဲ့ အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ခံရပါတယ်။

၁၉၉၆ ခုနှစ်ကတည်းက ပုဂ္ဂလိကကဏ္ဍမှာ သူက ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး Pricewaterhouse Associates ပြီးနောက် Deloitte မှာ လုပ်ကိုင်ခဲ့ပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်ရာမှာ ဦးဆောင်ဖို့ သမ္မတဦးထင်ကျော်က ဖွဲ့စည်းခဲ့တဲ့ အမျိုးသားစီးပွားရေး ညှိနှိုင်းဆောင်ရွက်မှုကော်မတီမှာလည်း အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ Yangon Bar Council ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး စီးပွားရေးပေါ်လစီကို အကြံပေးတဲ့ ဉာဏ်ကြီးရှင် အဖွဲ့တစ်ခုဖြစ်တဲ့ Renaissance Institute ရဲ့ ဘုတ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

(မှတ်ချက်- ဒီဆောင်းပါးကို မေ ၂၄ ရက်နေ့ထုတ် Frontier မဂ္ဂဇင်းမှာ ပထမဆုံး ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ယခုအချိန်မှာတော့ ဦးစိုးဝင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။)

typeof=

ဦးစိုးသိန်း (ပြုပြင်ပြောင်းလဲရေးသမား)

ပြီးခဲ့တဲ့ နှစ်ဇူလိုင်လမှာ သမ္မတက ခန့်အပ်ခဲ့တဲ့ ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ သုံးဦးထဲက တစ်ဦးဖြစ်တဲ့ ဦးစိုးသိန်းကို ပြုပြင်ပြောင်းလဲရေး ဝါဒီတစ်ဦးအဖြစ် ရှုမြင်ကြပါတယ်။ သူဟာ အရည်အချင်းရှိတဲ့ စာရင်းကိုင်တစ်ဦးဖြစ်သလို ၂ဝဝ၉ ခုနှစ်အထိ ဒု ညွှန်ချုပ်တစ်ဦးအဖြစ် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ဋ္ဌာနကို အုပ်ချုပ်ရတဲ့ ရှေ့နေတစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ သူဟာ မြန်မာ့စတော့ဈေးကွက်အဖြစ် လုပ်ဆောင်တဲ့ မြန်မာအာမခံစာချုပ် ရောင်းဝယ်ရေးဌာနရဲ့ အမှုဆောင်ဒါရိုက်တာ ဖြစ်လာခဲ့ပါတယ်။

ဗဟိုဘဏ်ကို မဝင်ရောက်မီ ဦးစိုးသိန်းဟာ ဥပဒေရေးရာနဲ့ ဘတ်ဂျက်ရေးရာတွေမှာ အစိုးရကို အကြံဉာဏ်တွေ ပေးခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်မှာတော့ သူဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ပုဂ္ဂလိကဘဏ်တွေထဲက တစ်ခုဖြစ်တဲ့ AGD ဘဏ်ရဲ့ အမှုဆောင်ဒါရိုက်တာတစ်ဦး ဖြစ်လာခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေအရတော့ ပါတီဟာ ဦးစိုးသိန်းကို ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ဗဟိုဘဏ်ဥက္ကဋ္ဌရာထူးအတွက် စဉ်းစားထားတယ်လို့ ဆိုပါတယ်။

ဦးစိုးမင်း (အတွင်းလူ)

ဗဟိုဘဏ် ဒု ဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဦးစိုးမင်းဟာ အမျိုးသား စီးပွားရေးညှိနှိုင်းမှု ကော်မတီဝင်တစ်ဦးဖြစ်ပြီး ဘဝတစ်လျှောက်လုံး ဘဏ်လုပ်ငန်း လုပ်ကိုင်လာသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဗဟိုဘဏ်ကို မဝင်ရောက်ခင်က သူဟာ မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ရဲ့ မန်နေဂျင်းဒါရိုက်တာ ဖြစ်ခဲ့ပါတယ်။

သူဟာ ဦးစိုးသိန်းလောက် ထင်ထင်ပေါ်ပေါ် နေတတ်သူတစ်ဦးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ MICB မှာ ရေရှည် လုပ်ကိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ဘဏ်လောကရဲ့ အခြေအနေကို နားအလည်ဆုံး လူတစ်ယောက်ဖြစ်တယ်လို့ NLD ရဲ့ စီးပွားရေးအကြံပေးတစ်ဦးက ဆိုပါတယ်။ အဲဒီအကြံပေးကပဲ ဦးစိုးမင်းဟာ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတစ်ဦးဖြစ်တယ်လို့ ပြောပါသေးတယ်။ ဒါ့အပြင် ဦးစိုးမင်းဟာ ရှေးရိုးစွဲတွေနဲ့ ပြုပြင်ပြောင်းလဲရေး ဝါဒီတွေအကြား ညှိနှိုင်းပေးနိုင်စွမ်း ရှိသူတစ်ဦးလို့လည်း ဆိုပါတယ်။

ဦးကျော်ကျော်မောင် (တာဝန် လက်ရှိ ထမ်းဆောင်နေသူ)

ဦးကျော်ကျော်မောင်ဟာ နိုင်ငံတကာနဲ့ ကင်းကွာနေတဲ့ ကာလမှာရော၊ ၂ဝဝ၃ ခုနှစ်၊ ဘဏ်လုပ်ငန်းအကျပ်အတည်း ကာလတစ်လျှောက် ဗဟိုဘဏ်ကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီလို ဦးဆောင်ခဲ့ချိန်မှာ သူဟာ အကျပ်အတည်းကို ကန့်သတ်ဖို့အတွက် လုံလောက်တဲ့ လုပ်ဆောင်ချက်တွေ မလုပ်ခဲ့ဘူးလို့ စွပ်စွဲခံခဲ့ရပါတယ်။ သူ့ကို ပြန်ခန့်၊ မခန့်ဆိုတာနဲ့ ပတ်သက်လို့ ကွဲလွဲတဲ့အမြင်တွေ ရှိနေပါတယ်။

တစ်ဖက်မှာတော့ သူဟာ တခြားသူအားလုံးထက် အတွေ့အကြုံ ပိုရှိပါတယ်လို့ ဗဟိုဘဏ်ရဲ့ ဒါရိုက်တာဟောင်းတစ်ဦးဖြစ်သူ ဦးမော်သန်းက ပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့အသက်အရွယ်ကြောင့်တော့ သူ့နေရာကို အစားထိုးခံရနိုင်တယ်လို့ ဦးမော်သန်းက ထောက်ပြပါတယ်။ ဦးကျော်ကျော်မောင်မှာ ရှည်လျားလှတဲ့ ဘဏ်လုပ်ငန်း အတွေ့အကြုံရှိသူဖြစ်ပြီး သူဟာ ၁၉၇ဝ ပြည့်လွန်နှစ်တွေမှာ မြန်မာ့စီးပွားရေးဘဏ်ကနေ နုတ်ထွက်ကာ ဗဟိုဘဏ်ကို ဝင်ရောက်ခဲ့ပြီး ၂ဝဝ၇ ခုနှစ်မှာ ဥက္ကဋ္ဌအဖြစ် သူ့ရဲ့ ပထမသက်တမ်းကုန်သည်အထိ အဲဒီဘဏ်မှာ လုပ်ကိုင်ခဲ့ပါတယ်။

အရံလူများ

ဦးဆက်အောင် (နိုင်ငံတကာ အကြိုက်)

ဦးဝင်စတန်ဆက်အောင်သည် ယခု နိမိတ်ပြေးနေသူများထဲတွင် အဆင့်အမြင့်ဆုံးဟုဆိုပါက လက်မခံနိုင်သူများလည်း ရှိမှာဖြစ်ပါတယ်။ စီမံ/ဘဏ္ဍာ ဒုဝန်ကြီးနဲ့ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးသလို အနောက်နိုင်ငံများတွင် ပညာသင်ယူခဲ့သူဖြစ်ပါတယ်။ Davos ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်ခဲ့တဲ့ စီးပွားရေး ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သီလဝါအထူးစီးပွားရေးဇုံ စီမံခန့်ခွဲရေးကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်ပြီး အမျိုးသား စီးပွားရေး ညှိနှိုင်းမှုကော်မတီနဲ့ ဖွံ့ဖြိုးမှုအကူအညီ ညှိနှိုင်းရေးယူနစ်တို့မှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်သူဖြစ်ပါတယ်။

ယခင်က သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးဖြစ်ခဲ့ပြီး (ရန်ကုန်အခြေစိုက် Think-tank တစ်ခုဖြစ်တဲ့) Myanmar Development Resource Institute ကို စတင်တည်ထောင်သူလည်း ဖြစ်ပါတယ်။ သူရဲ့ အရည်အချင်း အထောက်အထားများက အထင်ကြီးလေးစားဖွယ်ဖြစ်ပေမယ့် သူ့ကို စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနမှာပဲ ရာထူးတိုး ခန့်ထားဖွယ်ရှိတယ်လို့ အတွင်းအသိုင်းအဝိုင်းက ပြောကြားကြပါတယ်။

ဦးဘိုဘိုငယ် (ငယ်ရွယ်သူ ပါရမီရှင်)

NLD စီးပွားရေးကော်မတီရဲ့ အဖွဲ့ဝင် နောက်တစ်ဦးဖြစ်တဲ့ ဦးဘိုဘိုငယ်ဟာ School of Oriental and African Studies in London မှာ ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို လေ့လာသူကြားခဲ့သူဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်ရဲ့ Risk Management (ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန) အကြီးအကဲအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ NLD အာဏာရပြီး များမကြာမီ ၂ဝ၁၆ ခုနှစ်မှာ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဦးဘိုဘိုငယ်ကို တက်ကြွပြီး အားမာန်ရှိသလို ခေတ်မီတဲ့ ပညာရှင်တစ်ဦးအဖြစ် ဖော်ပြကြပါတယ်။ ဘယ်လိုပင်ဖြစ်စေ အသက်အရွယ်နဲ့ အတွေ့အကြုံကို တန်ဖိုးထားကြတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ သူ့ကို ဥက္ကဋ္ဌရာထူးပေးဖို့ ငယ်လွန်းတယ်လို့ အများစုက ယူဆထားကြပါသေးတယ်။

ဦးသန်းငြိမ်း (တပ်မတော် အကြိုက်)

တပ်မတော် အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ ဦးသန်းငြိမ်းဟာ ဗဟိုဘဏ် ဥက္က္ကဋ္ဌ ရာထူးကို ၂ဝဝ၇ ခုနှစ်မှာ  ဦးကျော်ကျော်မောင်ထံက လွှဲပြောင်းရယူခဲ့ပါတယ်။ သူရဲ့ ရာထူးသက်တမ်း ကုန်ဆုံးတဲ့အခါ ဒု-ဥက္က္ကဋ္ဌအဖြစ် ဆက်လက်ခန့်ထားခဲ့ပါတယ်။ ဒါပေမယ့် လေးငါးလအကြာမှာ ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။ သူဟာ သူရဦးရွှေမန်းရဲ့ ထောက်ခံမှုကို ရရှိထားတယ်လို့လည်း ဆိုကြပါတယ်။ သူရဦးရွှေမန်းဟာ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မရှင် ဥက္က္ကဋ္ဌဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့လို အချိန်မျိုးမှာတော့ ဦးသန်းငြိမ်းတစ်ယောက် ထိပ်ဆုံးရာထူးပြန်ရဖို့ အလားအလာ အလွန်နည်းပါးနေပုံ ရပါတယ်။

ဒေါ်ခင်သီတာမော် (အတတ်ပညာရှင်)

ဒေါ်ခင်သီတာမော်ဟာ ဗဟိုဘဏ်မှာ (၁၉၉၁-၂ဝဝ၈) အနှစ် ၂ဝ နီးပါး လုပ်ကိုင်ခဲ့သူဖြစ်ပြီး မကြာမီကပင် ဒု-ညွှန်ချုပ်ဖြစ်လာပါတယ်။ အဲဒီနောက် ပုဂ္ဂလိကကဏ္ဍကို ပြောင်းရွှေ့ပြီး ကမ္ဘောဇဘဏ်ရဲ့ အထွေထွေမန်နေဂျာအဖြစ် ၂ဝ၁၃ ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။ အဲဒီနှစ်မှာပဲ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (International Finance Corporation) ရဲ့ မြန်မာနိုင်ငံဆိုင်ရာအရာရှိအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဒေါ်ခင်သီတာမော်ဟာ ယခင်ကလည်း ကမ္ဘာ့ဘဏ်မှာ အတွေ့အကြုံရှိခဲ့သူဖြစ်ပြီး ဝါရှင်တန်ရှိ အမှုဆောင်ညွှန်ကြားရေးမှူးရဲ့ အကြံပေးအဖြစ် ၂ဝဝ၅ ကနေ ၂ဝဝ၇ ခုနှစ်အထိ လုပ်ကိုင်ခဲ့ဖူးပါတယ်။

မြန်မာ့ဘဏ္ဍာရေးကဏ္ဍရဲ့ အထက်တန်းရာထူးများတွင် အမျိုးသမီးတွေ အများအပြား လုပ်ကိုင်နေကြပေမယ့်  အခြားအမျိုးသမီးတွေက ဘဏ်ဥက္က္ကဋ္ဌရာထူးအတွက် အလေးအနက်ထား ပါဝင်ယှဉ်ပြိုင်မှု မရှိကြခြင်းက ဝမ်းနည်းဖွယ်ဖြစ်ပါတယ်။ ဘယ်လိုပင်ဖြစ်စေ ယခုမဟုတ်တောင် အနာဂတ်အတွက် ထည့်သွင်းစဉ်းစားသင့်တဲ့ အမျိုးသမီး လေး ငါးယောက် ရှိနေသေးတယ်လို့ Frontier က ယူဆထားပါတယ်။

ဒေါ်ခင်စောဦးဟာ ဗဟိုဘဏ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနဲ့ ဘဏ်များ စည်းကမ်းထိမ်းသိမ်းရေးကို ကြီးကြပ်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ၂ဝ၁၃ ခုနှစ်မှာ ဒု-ဥက္က္ကဋ္ဌအဖြစ် တိုးမြှင့်တာဝန်ပေးခြင်းခံခဲ့ရပါတယ်။ ဒေါ်ခင်စောဦးဟာ ဖြေရခက်တဲ့ မေးခွန်းတွေကို မေးလေ့ရှိသူအဖြစ် နာမည်ရပေမယ့် ဘဏ်လောက၏ လေးစားခြင်းခံရသူလည်း ဖြစ်ပါတယ်။

ဒေါ်မေတိုးဝင်းကတော့ ဘဏ်များ စည်းကမ်းထိမ်းသိမ်းရေးနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဌာနကြီးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး နိုင်ငံခြားငွေစီမံခန့်ခွဲရေးဌာန အကြီးအကဲနှင့် ညွှန်ကြားရေးမှူးချုပ်အဖြစ် မကြာမီက တိုးမြှင့်တာဝန်ပေးခြင်း ခံခဲ့ရသူဖြစ်ပါတယ်။

ခေါင်းစီးဓာတ်ပုံ- တေဇလှိုင်

ကျော်လင်းထွန်း ကူညီရေးသားသည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.