စီးပွားရေးထိခိုက်မှုသက်သာစေရေး အစီအစဉ် ဘယ်လောက်အလုပ်ဖြစ်မလဲ

မြန်မာအစိုးရသည် COVID-19ကြောင့် စီးပွားရေးထိခိုက်ခဲ့ရမှုများမှ သက်သာစေရေးအတွက် ရည်ရွယ်သည့် စီမံဆောင်ရွက်ချက်များစွာတို့ကို ထုတ်ပြန်လိုက်ပြီဖြစ်သော်လည်း ယင်းဆောင်ရွက်ချက်များမှာ အတော်လေးကိုသမားရိုးကျဆန်နေပြီး ရုန်းကန်နေရသည့် စီးပွားရေးလုပ်ငန်းများ မပြိုလဲသွားစေရေးအတွက် နောက်ထပ်ဆောင်ရွက်ပေးရန် လိုအပ်ဦးမည်ဖြစ်သည်။

သောမတ်စ် ကင်း(န်)

မြန်မာအစိုးရသည် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများမှ သက်သာရေးဆိုင်ရာ အစီအစဉ်ကို ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကူးစက်ရောဂါကြောင့် စီးပွားရေးထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ၊ အိမ်ထောင်စုများနှင့် လူပုဂ္ဂိုလ်များအား အကူအညီပေးရန် အစီအစဉ်များပါဝင်နေသည်။
စာမျက်နှာ ၁၅ မျက်နှာပါဝင်သည့် ထုတ်ပြန်ချက်တွင် စီးပွားရေးအကျပ်အတည်းတုံ့ပြန်ရေးအတွက် ရည်မှန်းချက် ခုနစ်ခု၊ မဟာဗျူဟာ ၁၀ ခု၊ စီမံဆောင်ရွက်ရန် အစီအစဉ် ၁၀ ခုနှင့် အရေးယူဆောင်ရွက်မှု ၇၆ ခုတို့ပါဝင်သည်။ ယင်းတို့တွင် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား အတိုးနှုန်းနည်းနည်းဖြင့် ချေးငွေထုတ်ပေးခြင်း၊ ကျေးလက်ဒေသများ၌ ငွေချေးသည့် အစီအစဉ်များနှင့် နိုင်ငံတွင်းရှိ အကျပ်ဆိုက်နေသည့် ဘဏ်များအား ကူညီမည့် အချက်များပါဝင်နေသည်။
အစီအစဉ်တွင် COVID-19 ကြောင့် မလွဲှမရှောင်သာဘဲ စီးပွားရေးထိခိုက်ခဲ့ရမှုများမှသက်သာခွင့်ရရေးကိုသာမက တစ်ချိန်တည်းမှာပင် မြန်မာစီးပွားရေး အမြန်ဆုံးဦးမော့လာရေး အခြေခံအုတ်မြစ်ချထားမှုလည်းပါဝင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောဆိုခဲ့သည်။
အစီအစဉ်သည် သက်ဆိုင်သူအားလုံး၏လိုအပ်ချက်များကို ချိန်ညှိပေးပြီး တစ်ချိန်တည်းမှာပင် မည်သူ့ကိုမျှ နောက်ချန်ထားခဲ့မည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုခဲ့သည်။
“အခုအချိန်မှာ ထိထိရောက်ရောက်ပြတ်ပြတ်သားသားတုံ့ပြန်လိုက်ခြင်းအားဖြင့် လူပုဂ္ဂိုလ်တွေနဲ့ အိမ်ထောင်စုတွေကြုံနေရတဲ့ စီးပွားရေးဝန်ထုပ်ကိုလျှော့ချပေးပြီး နိုင်ငံရဲ့သူရဲကောင်းသစ်တွေဖြစ်တဲ့ ရှေ့တန်းကကျန်းမာရေးဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးမှာဖြစ်သလို နိုင်ငံရဲ့စီးပွားရေးရပ်တည်ချက်ကိုလည်း အင်အားကောင်းအောင် လုပ်ဆောင်ပေးမှာဖြစ်တဲ့အတွက် ဒီအကျပ်အတည်းကျော်သွားပြီးတာနဲ့ အနာဂတ်ကို အင်နဲ့အားနဲ့ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်”ဟု သူကပြောဆိုခဲ့သည်။
အစီအစဉ်၏အရေးအပါဆုံးအချက်မှာ မတ်တွင် စတင်တည်ထောင်ခဲ့သည့် ကျပ် ၁၀၀ ဘီလီယံ( ဒေါ်လာ သန်း ၇၀) ချေးငွေရန်ပုံငွေကို ကျပ် ၂၀၀ ဘီလီယံ သို့မဟုတ် ကျပ်ဘီလီယံ ၅၀၀ အထိတိုးမြှင့်ခြင်း၊ အဓိကကျသော အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ပုဂ္ဂလိကနှင့် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု အမြန်ဆုံးဝင်ရောက်စေရန် လုပ်ဆောင်ခြင်း၊ ပုဂ္ဂလိကဘဏ်တချို့မှာ ချေးယူမှုတချို့တွင် အစိုးရက ၅၀ ရာခိုင်နှုန်းကို အာမခံခြင်း စသည်တို့ဖြစ်သည်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်မှုကို ယခင်က ခန့်မှန်းထားသည့် ခြောက်ရာခိုင်နှုန်းမှ တစ်ရာခိုင်နှုန်းသို့ လျှော့ချခန့်မှန်းလိုက်ချိန်တွင် အစိုးရက အဆိုပါ အစီအစဉ်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စီးပွားရေးထိခိုက်မှု ကြီးမား

COVID-19 ကြောင့် တစ်ကမ္ဘာလုံးတွင် စီးပွားရေးထိခိုက်ကျဆင်းနေခြင်းနှင့် ရောဂါမကူးစက်ရေး ပြည်တွင်းတွင် ချမှတ်ကျင့်သုံးနေသည့် နည်းလမ်းများကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် ဆိုးရွားသော သက်ရောက်မှုရှိခြင်းနှင့်ပတ်သက်၍ အစိုးရက အလွန်အမင်းစိုးရိမ်မိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောဆိုခဲ့သည်။
“နိုင်ငံတွင်းက စီးပွားရေးလုပ်ငန်းအားလုံးနီးပါး ကိုရိုနာဗိုင်းရပ်စ်ကြောင့် အတော်လေးကို ထိခိုက်နေကြတယ်၊ တချို့လည်း ပြိုလဲလုနီးဖြစ်နေပြီ၊တချို့လည်း အတော်ကိုခံနေရတယ်၊ လတ်တလောမှာတော့ အထည်ချုပ်လုပ်ငန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေအထိခိုက်ဆုံးဖြစ်နေပါတယ်၊ဒါပေမဲ့ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာလည်း အခြားကဏ္ဍတွေအပေါ် သက်ရောက်မှုတွေရှိလာတော့မှာပါ” ဟု ဧပြီ ၂၈ ရက်တွင် AustCham Myanmar က လက်ခံပြုလုပ်သည့် အွန်လိုင်းဆွေးနွေးပွဲ၌ ဦးအောင်နိုင်ဦးကပြောဆိုခဲ့သည်။
ဦးအောင်နိုင်ဦးသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းက ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် COVID-19 ကြောင့် ဖြစ်လာနိုင်သည့် ထိခိုက်မှုများဖြေရှင်းရေး အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ ယခုကဲ့သို့ ခက်ခဲနေသည့် အချိန်တွင် စီးပွားရေးလုပ်ငန်းများအား တတ်နိုင်သရွေ့ကူညီရန်အတွက် ကော်မတီသည် အခြားဝန်ကြီးဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း သူကပြောဆိုခဲ့သည်။
“စီးပွားရေးအရ ထိခိုက်မှုကကြီးမားတယ်၊ အရင်ကလည်း အဲ့လိုမကြုံဖူးဘူး၊ မမြင်ရတဲ့ စိန်ခေါ်မှုပဲ၊ ဒါပေမဲ့ ဝန်ကြီးအတော်များများလည်းပါဝင်တဲ့ ကျွန်တော်တို့ကော်မတီက COVID-19 ကြောင့် ထိခိုက်နိုင်မှု၊ အထူးသဖြင့် စီးပွားရေးအရ ထိခိုက်မှုကို အကောင်းဆုံးဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ပတ်သက်ပြီး နည်းလမ်းရှာနေသလို အနီးကပ်လည်းပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု သူကဆက်လက်ပြောဆိုခဲ့သည်။
ကျပ် ၁၀၀ ဘီလီယံရန်ပုံငွေထဲမှ ချေးငွေလျှောက်ထားမှု ၃၈၀၀ ကျော်ကို အစိုးရက လက်ခံရရှိခဲ့ပြီးဖြစ်ပြီး ယခုလောလောဆယ်အထိ ကျပ် ၁၀ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ လျှောက်ထားမှု ၂၀၀ ကို အတည်ပြုပေးခဲ့ပြီးဖြစ်ကြောင်း ဦးအောင်နိုင်ဦးကပြောဆိုခဲ့သည်။ချေးငွေအတွက် အတိုးနှုန်းမှာ တစ်ရာခိုင်နှုန်းဖြစ်ပြီး တစ်နှစ်အတွင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။
“စီးပွားရေးလုပ်ငန်းတွေကို ငွေတွေဆက်ချေးနေဦးမှာပါ၊ ဒါဟာကနဦးအဆင့်ပဲရှိပါသေးတယ်၊ နောက်ထပ်လာဦးမှာပါ” ဟု သူကပြောဆိုခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်လျှင်လည်း မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ခွင့်ပြုချက်ပေးရန် လျှောက်ထားမှုများကို လက်ခံပြီး စီစစ်သုံးသပ်နေကာ ဧပြီ ၂၈ ရက်အစောပိုင်းမှာပင် ခွင့်ပြုချက်နှစ်ခုကို အတည်ပြုပေးခဲ့ပြီးဖြစ်ကြောင်း ဦးအောင်နိုင်ဦးကပြောသည်။
၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်အထိ အတည်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးစုစုပေါင်းသည် ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံရှိပြီး ယင်းသည် ယမန်နှစ် ကာလတူအတွင်းရှိခဲ့သည့် ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံမှ တိုးတက်လာခဲ့ခြင်းဖြစ်ကာ နောက်ထပ် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စီမံကိန်းများနှင့်ပတ်သက်၍ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့တင်ပြထားကာ အတည်ပြုချက်စောင့်ဆိုင်းနေကြောင်း သူကပြောဆိုခဲ့သည်။ အရေးပါသော အခြေခံအဆောက်အအုံစီမံကိန်းတချို့နှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေးနွေးနေပြီး လာမည့်လများအတွင်း မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဦးအောင်နိုင်ဦးက ဆက်လက်ပြောဆိုခဲ့သည်။
သို့သော် ကုမ္ပဏီများသည် စီမံကိန်းများကို ရွှေ့ဆိုင်းခြင်း၊ ပြန်လည်သုံးသပ်ခြင်းတို့ကို လုပ်ကိုင်နေသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်တကယ်ဝင်ရောက်မှုကျဆင်းသွားနိုင်ကြောင်း ဦးအောင်နိုင်ဦးကပြောဆိုခဲ့သည်။ ယခုနှစ်ပထမဆုံးလပတ်အတွင်း ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ဒေါ်လာ သန်း ၅၀၀ ရှိခဲ့ပြီး ယမန်နှစ် ကာလတူတွင်ရှိခဲ့သည့် ဒေါ်လာ သန်း ၉၀၀ မှ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
နောက်ထပ်ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုလိုက်ပြီးဖြစ်သော်လည်း တကယ်တမ်းဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် စိန်ခေါ်မှုတစ်ခုဖြစ်လာမည်ကို စိုးရိမ်မှုကြောင်း သူကပြောဆိုခဲ့သည်။

သမားရိုးကျဆန်လွန်းလား

COVID-19ကြောင့် စီးပွားရေးထိခိုက်ခဲ့ရမှုများမှ သက်သာစေရေးအတွက် ရည်ရွယ်သည့် စီမံဆောင်ရွက်ချက်များတွင် ထိခိုက်နစ်နာခဲ့ရသည့် ကုမ္ပဏီများအတွက် လစာထောက်ပံ့ငွေများ၊ အခွန်ရပ်ဆိုင်းပေးထားမှုများမပါဝင်သဖြင့် လေ့လာသူများက သမားရိုးကျဆန်လွန်းသည်ဟုပြောဆိုမှုများရှိခဲ့သည်။ သို့သော် စီးပွားရေးလုပ်ငန်းများအတွက် အခွန်ဆောင်ရမည့် နေ့ရက်ကိုရွှေ့ဆိုင်းပေးထားမှု၊ ဝန်ထမ်းများကို ဆက်လက်ခန့်ထားသည့် လုပ်ငန်းများအတွက် အခွန်သက်သာခွင့်ပေးထားမှု၊လူမှုဖူလုံရေးဘုတ်အဖွဲ့မှတစ်ဆင့် အလုပ်အကိုင်ဆုံးရှုံးရသည့် ဝန်ထမ်းများအား ထောက်ပံ့ပေးမှုများပါဝင်နေသည်။
ထိုနည်းတူပင် လူတိုင်းကိုငွေကြေးလွဲှပြောင်းထောက်ပံ့ပေးသည့် အစီအစဉ်လည်းမပါဝင်ခဲ့ချေ။ သို့သော် အစိုးရသည် စီးပွားရေးထိခိုက်မှုအရှိဆုံး အိမ်ထောင်စုများအား မိုဘိုင်းငွေကြေးလွဲှပြောင်းသည့် စနစ်မှတစ်ဆင့် သင့်တော်သော ပမာဏကို လွဲှပြောင်းပေးသည့် စနစ်ကို ကျင့်သုံးမည်ဖြစ်သည်။ ငွေကြေးကို တတ်နိုင်သရွေ့လွဲှပြောင်းပေးမည့်အချက် နှင့် ယခုနှစ်မကုန်မီတွင် ယင်းအစီအစဉ်ကိုစတင်မည်ဆိုသည့် အချက်များမှလွဲ၍ တိကျစွာထုတ်ပြန်ခြင်းမပြုခဲ့ချေ။
သင်္ကြန်မတိုင်မီတွင် ပြုလုပ်ခဲ့သည့် အခြေခံစားသောက်ကုန်များထောက်ပံ့ပေးခြင်းကို ဆက်လက်ကျင့်သုံးခြင်းနှင့် ကလေးမွေးပြီးခါစ မိခင်များနှင့် သက်ကြီးရွယ်အိုများအား ငွေကြေးထောက်ပံ့ခြင်းတို့အပါအဝင် အိမ်ထောင်စုများအပေါ် စီးပွားရေးအရ သက်ရောက်မှုများသက်သာစေရေး အခြားလုပ်ဆောင်ဖွယ်ရာများပါဝင်နေသည်။ ထို့ပြင် အလုပ်အကိုင်နေရာဖန်တီးပေးသည့် အစီအစဉ်များ၊ ကျေးလက်တွင် ယာယီအလုပ်အကိုင်ပေးသည့် အစီအစဉ်များ၊ လယ်သမားများအား ချေးငွေထုတ်ပေးသည့် အစီအစဉ်များကို အကောင်အထည်ဖော်မည်ဖြစ်သော်လည်း ယင်းစီမံကိန်းများနှင့်ပတ်သက်၍ တိကျစွာထုတ်ပြန်ထားခြင်းမရှိချေ။
COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများအား မည်ကဲ့သို့ တုံ့ပြန်မည်နှင့်ပတ်သက်၍ မူဝါဒဖော်ဆောင်သူများကြား သဘောကွဲလွဲနေကြောင်း Frontier က မတ် ၂၆ ရက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျဆင်းမှုအတွင်း နိုင်ငံခြားအရင်းအမြစ်များထံမှ ငွေများစွာ ချေးယူခြင်းမပြုရန်နှင့် အသုံးစရိတ်လိုငွေပြမှုကို ဗဟိုဘဏ်ထံမှ ချေးယူပြီး ဖြေရှင်းရန် အစရှိသည့် လုပ်ဆောင်ဖွယ်များကို မလုပ်ဆောင်လိုသည့် မူဝါဒဖော်ဆောင်သူများလည်းရှိနေခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်များကိုကျင့်သုံးနေသကဲ့သို့ မြန်မာသည်လည်း အလားတူလုပ်ဆောင်သင့်ကြောင်း အဆိုပြုသူများနှင့် အထက်ပါသမားရိုးကျအမြင်ရှိသူများကြား သဘောထားကွဲပြားနေခဲ့သည်။ လက်ရှိအချိန်တွင် ၂၅ ရာခိုင်နှုန်းရှိနေသည့် ကော်ပိုရေးရှင်းအခွန်နှုန်းထားကို လျှော့ချပေးရေး အလုပ်အမှုဆောင်ကော်မတီက အဆိုပြုထားသော်လည်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကမူ အခွန်ဆောင်ရမည့်ကာလကိုရက်ရွှေ့ဆိုင်းပေးရန်သာ ဆုံးဖြတ်ခဲ့ကြောင်း ဦးအောင်နိုင်ဦးက ပြောဆိုခဲ့သည်။

အသုံးစရိတ်ပြောင်းရွှေ့ထားရှိခြင်း

စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်များအား အစိုးရဝန်ကြီးဌာနတစ်ခုချင်းစီ၏ ၂၀၁၉-၂၀ အသုံးစရိတ်ထဲမှ ၁၀ ရာခိုင်နှုန်းအထိဖြတ်တောက်ပြီး ထောက်ပံ့မည်ဖြစ်ကာ ယင်းရရှိလာသည့် ငွေများကို မတ်တွင် တည်ထောင်ခဲ့သည့် COVID-19 ရန်ပုံငွေထဲသို့ လွှဲပြောင်းထားရှိမည်ဖြစ်သည်။
COVID-19 ကြောင့် အခွန်ရရှိမှုထိခိုက်မည်ဖြစ်သောကြောင့် နောက်ထပ်အသုံးစရိတ်လျာထားခြင်းထက် ရှိပြီးသား ရန်ပုံငွေများကို လွှဲပြောင်းခြင်းကို ပိုမိုလိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၌ လက်ရှိခံစားနေရပြီး ရရှိအောင် အပြင်းအထန်ကြိုးပမ်းထားရသည့် လူမှုရေးနှင့် စီးပွားရေးလွတ်လပ်မှုများမထိခိုက်စေရေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏စီးပွားရေးတုံ့ပြန်မှုတွင် လူမှုအကူအညီပေးမှုများကို လျှော့ချခြင်းနှင့် အခွန်တိုးကောက်ခြင်းတို့ပါဝင်မည်မဟုတ်ကြောင်း သူကပြောဆိုခဲ့သည်။
အသုံးစရိတ်လိုငွေပြမည်ဖြစ်သော်လည်း အစီအစဉ်အရ အစိုးရသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေထုတ်ယူမှုကို တိုးမြှင့်ခွင့်ရရှိမည်ဖြစ်ပြီး ငွေတိုက်စာချုပ်များရောင်းချမှုကို လျှော့ချခွင့်ရမည်ဖြစ်သည်။
အစိုးရသည် နိုင်ငံစုံဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများထံမှ ချေးငွေရမည်ဖြစ်မည်ဖြစ်သော်လည်း အစီအစဉ်အရ ယင်းအရင်းအမြစ်များထံမှ ယခုနှစ်အကုန်ပိုင်းအထိ သင့်တင့်မျှတသောငွေကြေးပမာဏဖြစ်သည့် ဒေါ်လာ သန်း ၅၀ မှ သန်း ၅၀၀ အထိသာ ချေးယူရန် လျာထားထားသည်။ ကမ္ဘာ့ဘဏ်သည် မြန်မာအား ချေးငွေ ဒေါ်လာ သန်း ၅၀ ထုတ်ပေးရန် အတည်ပြုပေးခဲ့ပြီးဖြစ်သည်။ ယင်းငွေများအနက် အများစုအား အထူးကြပ်မတ်ကုသဆောင်များ အဆင့်မြှင့်တင်ရာတွင် အသုံးပြုမည်ဖြစ်သည်။
သက်တမ်းလွန်ဘဏ်ချေးငွေ(NPL) များကြောင့် ထိခိုက်နေသည့် ပုဂ္ဂလိကဘဏ်ကဏ္ဍအား ထောက်ပံ့မည့် အစီအစဉ်လည်းပါဝင်သည်။ ဗဟိုဘဏ်သည် မတ် ၁၂ ရက်မှစ၍ အတိုးနှုန်းကို သုံးရာခိုင်နှုန်းအထိ သုံးကြိမ်လျှော့ချပေးခဲ့ပြီး ဘဏ်များက သက်တမ်းလွန်ဘဏ်ချေးငွေများအရေးဖြေရှင်းရေးအတွက် နောက်ဆုံးရက်သတ်မှတ်ချက်ကို ၂၀၂၃ ခုနှစ် သြဂုတ်အထိ နောက်ထပ်သုံးနှစ်သက်တမ်းတိုးပေးခဲ့သည်။
ထို့ပြင် ပိုင်ဆိုင်မှုအရင်းအမြစ်စီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုကိုတည်ထောင်ပြီး ပုဂ္ဂလိကဘဏ်များ NPL ကြောင့်ထိခိုက်မှုနည်းပါးစေရေးလုပ်ဆောင်ပေးရန် ထူးခြားသော အရေးယူလုပ်ဆောင်မှုတစ်ခုလည်း အစီအစဉ်တွင်ပါဝင်ခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ပိုမိုတိကျသော သတင်းအချက်အလက်များကို ထုတ်ပြန်ခြင်းမပြုခဲ့ချေ။
ထို့ပြင် အစိုးရသည် မြန်မာစီးပွားရေးဘဏ်နှင့် မြန်မာစိုက်ပျိုးရေးဖွံ့ဖြိုးမှုဘဏ်တို့ ပေါင်းစည်းရေးကို အမြန်ဆုံးလုပ်ဆောင်မည်ဖြစ်ပြီး ဈေးကွက်ထဲသို့ ငွေဖြစ်နိုင်စွမ်းကိုပိုမိုထည့်သွင်းပေးနိုင်ရေးအတွက် လုပ်ဆောင်မည်ဖြစ်သည်။

သက်အေး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.