“ဒီအစိုးရအတွက် အရှုပ်ထုပ်ကြီး ကျန်ခဲ့တယ်”

သဘာဝသယံဇာတ စီမံအုပ်ချုပ်မှုအင်စတီကျု (NRGI) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဟာမိတ် ဉာဏ်ကြီးရှင်အဖွဲ့ ဖြစ်သည့် Renaissance Institute တို့က နိုင်ငံ၏ သဘာဝသယံဇာတလုပ်ငန်းနှင့် သက်ဆိုင်သည့် State-owned Economic Enterprise Reform in Myanmar: The Case of Natural Resource Enterprises အမည်ရှိ အတွေးသစ်၊ အမြင်သစ်များ ပါဝင်သော အစီရင်ခံစာ တစ်စောင်ကို ဇူလိုင် ၁ဝ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယင်းအစီရင်ခံစာတွင် နိုင်ငံပိုင်လုပ်ငန်းများအား ကျယ်ပြန့်သည့် ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် တောင်းဆိုထားပြီး ထိုအထဲတွင် ကောင်းမွန်သည့် တာဝန်ယူမှုနှင့် ကြီးကြပ်မှုတို့နှင့် ပတ်သတ်သည်များလည်း ပါဝင်သည်။ ဗဟိုအစိုးရ၏ ပုံမှန်ဘတ်ဂျက်တွင် မပါဝင်ဘဲ သီးခြားအေဂျင်စီများထံမှ ဘတ်ဂျက်ဖြင့် လည်ပတ်နေသည့် နိုင်ငံပိုင်လုပ်ငန်းများနှင့် ပတ်သက်သည့် ပြဿနာများ၊ ယခင်ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်များ မအောင်မြင်ရသည့်အကြောင်းရင်းနှင့် နိုင်ငံပိုင်လုပ်ငန်းများ၏ အကျိုးအမြတ်များကို ပို၍ ကောင်းမွန်စွာ အသုံးပြုနိုင်ပုံတို့နှင့် ပတ်သက်ပြီး NGRI ၏အကြံပေးနှင့် ယခင်အကြီးတန်း စီးပွားရေးလေ့လာဆန်းစစ်သူဖြစ်ကာ ပူးတွဲစာတမ်းရေးသူ မစ္စတာအင်ဒရူးဘောင်ဝါကို Frontier က တွေ့ဆုံမေးမြန်းခဲ့သည်။

ဒီအစီရင်ခံစာကို ပြုစုရေးသားဖို့ အစိုးရရဲ့ အချက်အလက်နဲ့ အေဂျင်စီတွေဆီ ရှားရှားပါးပါး သွားယောက်ရယူခွင့်ကို ခင်ဗျား ရရှိခဲ့ပြီး ခင်ဗျားဖော်ထုတ်ခဲ့တဲ့ တချို့အချက်တွေက မသေချာမရေရာဘဲ စိတ်ကသိကအောက် ဖြစ်စရာတွေပါ။ ဒီအစီရင်ခံစာက ဘယ်လိုဖြစ်ပေါ်လာတာပါလဲ။

Renaissance Institute နဲ့ ကျွန်တော်တို့ စကားပြောနေခဲ့တာ အတော်လေးကြာပြီး သူတို့ဘက်က နိုင်ငံပိုင်လုပ်ငန်း ပြုပြုင်ပြောင်းလဲရေး၊ အထူးသဖြင့် သဘာဝသယံဇာတကဏ္ဍမှာ လုပ်ဖို့ စိတ်ဝင်စားမှုရှိပါတယ်။

လွန်ခဲ့တဲ့ ၁၈ လလောက်က နိုင်ငံပိုင်လုပ်ငန်းတွေရဲ့ ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှုတွေကို စတင်လေ့လာဖို့၊ မေးခွန်းတွေမေးဖို့နဲ့ လုပ်ဆောင်ပုံကို အောက်ခြေအထိ သွားလေ့လာဖို့၊ နိုင်ငံပိုင်လုပ်ငန်းတွေက လုပ်ဆောင်မှုတွေနဲ့ လုပ်ရပ်တွေ ဘာလဲဆိုတာသိဖို့နဲ့ သူတို့ရဲ့ ဘဏ္ဍာရေးကို ဆန်းစစ်လေ့လာဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဆီက ခွင့်ပြုချက်ကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်။

ဒီမှာ ပြောနေတဲ့ ငွေကြေးပမာဏက အတော်လေး မြင့်မားနေတော့ ကိန်းဂဏန်းတွေအပေါ် အများကြီး အာရုံစိုက်လေ့ ရှိပါတယ်။ နိုင်ငံပိုင်လုပ်ငန်းတွေဟာ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလက သူတို့ရဲ့ အပ်ငွေစာရင်းမှာ ကျပ်ငွေ ၁၁ ဒသမ ၅ ထရီလျံရှိပြီး ကျပ်ငွေတန်ဘိုးကျဆင်းမှုကြောင့်  ဒေါ်လာဘီလျံတချို့  ဆုံးရှုံးခဲ့ပါတယ်။ တခြားဘယ်လို စိုးရိမ်စရာကိစ္စတွေကို ခင်ဗျား ဖော်ထုတ်ခဲ့ပါသလဲ။

ငုပ်နေတဲ့ ပြဿနာကတော့ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို နိုင်ငံတကာစံနှုန်းနဲ့ဆို ဆိုးဝါးညံ့ဖျင်းစွာ လုပ်ဆောင်နေကြတာပါ။ ကျွန်တော်တို့ဆိုလိုတာက အဲဒီလုပ်ငန်းတွေက ထိရောက်မှုမရှိဘူးလို့ ပြောချင်တာပါ။ တချို့ကိစ္စတွေမှာ ကုန်ကျစရိတ်က မယုံနိုင်လောက်အောင် မြင့်မားပါတယ်။

သူတို့က ကောက်သင့်တာထက် အခွန်ကို အများကြီး လျှော့ကောက်တယ်။ အထူးသဖြင့် မြန်မာကျောက်မျက်ရတနာလုပ်ငန်းလို အခွန်ကောက်မယ်လို့ ယူဆရတဲ့ လုပ်ငန်းတွေပါ။ တိုင်းတာလို့ရတဲ့ အများဆုံးဖြစ်တဲ့ အညွှန်းကိန်းတွေကို အခြေခံပြီးပြောရရင် ထိုင်း၊ ဗီယက်နမ်၊ တရုတ်နဲ့ တခြားအာဆီယံနိုင်ငံက နိုင်ငံပိုင်လုပ်ငန်းတွေထက် လုပ်ဆောင်ချက်က ပိုပြီးညံ့ဖျင်းပါတယ်။ ဒီလိုအခြေအနေက ၁၉၉ဝ ပြည့်လွန် နှစ်တွေကတည်းက ဖြစ်နေတာပါ။

ဒီတော့ တကယ်လိုအပ်နေတာက နိုင်ငံပိုင်လုပ်ငန်းတွေ သူတို့ဘာလုပ်တယ်ဆိုတာသိဖို့ အကဲဖြတ်မှုပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ထဲက အများအပြားဟာ တကယ်တော့ လုပ်ငန်းတွေ မဟုတ်ပါဘူး။ သူတို့ဟာ စည်းကမ်းထိန်းတွေ၊ အခွန်ကောက်တွေ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်ပြီးတော့ အမြတ်ငွေတွေရနေတဲ့ အဖွဲ့တွေပါ။ သူတို့နဲ့အတူ ဘာလုပ်ရမယ်ဆိုတာ သိအောင်လုပ်ရမှာ ဖြစ်ပါတယ်။

ပြီးတော့ ကျွန်တော်တို့ဟာ ကြီးကြပ်ကွပ်ကဲမှုကို တိုးတက်မှုရှိအောင် လုပ်ဖို့လိုပါတယ်။ သာဓကအနေနဲ့ ပြောရရင် ကန်ထရိုက်စာချုပ်တွေကို ကြီးကြပ်မှုမပါဘဲ အဖွဲ့ဝင်သုံးဦးပါ စီမံခန့်ခွဲရေးကော်မတီက လုပ်လို့မရဘူးဆိုတာ သေချာအောင် လုပ်ဖို့ပါ။ နောက်ပြီး မြန်မာအခွန်ထမ်းတွေအတွက် ကန်ထရိုက်စာချုပ်တွေက ငွေတန်ဘိုးကို ကိုယ်စားပြုတယ်ဆိုတာ သေချာစေဖို့ လိုပါတယ်။

သူတို့ အခွန်ကောက်နေတယ်လို့ ပြောတဲ့အခါ သူတို့ အမှန်တကယ်အခွန်ကောက်တယ်ဆိုတာ သေချာအောင်လုပ်ဖို့ လိုပါတယ်။ တော်တော်များများကိစ္စတွေမှာ သူတို့မကောက်ပါဘူး။ သူတို့က အဝတ်အထည်တွေ ထုတ်လုပ်နေတယ်၊ ဒါမှမဟုတ် ရထားလမ်းတွေ ခင်းတော့မယ်လို့ ပြောတဲ့အခါ အဝတ်အထည်တွေ၊ ရထားလမ်းတွေ ခင်ဗျားတို့ တကယ်ရတယ်ဆိုတာ ကျွန်တော်တို့ သေချာအောင်လုပ်ဖို့ လိုပါတယ်။

ပြည်သူတွေ သယ်ယူယူပို့ဆောင်ရေးအတွက် သင်္ဘောတွေ၊ မော်တော်တွေနဲ့ ပြေးဆွဲပေးမယ်လို့ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးက ပြောတဲ့အခါ သူတို့ပေးတဲ့ ဝန်ဆောင်မှုက ကောင်းမွန်တဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်တယ်ဆိုတာ သေချာဖို့ လိုပါတယ်။ အခု အဲဒီလိုမဖြစ်ဘူး။ တကယ့်တကယ်  ဒီနိုင်ငံပိုင်လုပ်ငန်းတွေက မန်နေဂျာတွေ လုပ်ချင်ရာလုပ်ခွင့်ရတဲ့ စနစ်မျိုးဖြစ်လာပြီး ဒေသဆိုင်ရာ အစိုးရရုံးတွေနဲ့၊ စာရင်းစစ်ချုပ်ရုံးလို ကြီးကြပ်ရေးတာဝန်ရှိ အဖွဲ့အစည်းတွေကလည်း အမှားအယွင်းလုပ်ရင်တောင် အပြစ်ပေးမခံရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

ကြီးကြပ်ရတဲ့ အဖွဲ့အစည်းအချို့အနက် သာဓကအနေနဲ့ စာရင်းစစ်ချုပ်ရုံးဆိုပါစို့၊ လေ့လာဆန်းစစ်မှု အများကြီးမလုပ်ဘဲ စံချိန်အနိမ့်ဆုံးနဲ့ အလုပ်တွေအများကြီး ပြီးအောင်လုပ်တာ။ ဒါဟာ အလုပ်မှာ စိတ်ကိုနှစ်ထားတဲ့ အစိုးရအရာရှိတွေရဲ့ အပြစ်မဟုတ်ပါဘူး။ ဒါက သူတို့အလုပ်ပါ။ သူတို့အလုပ်က အစီရင်ခံစာကို ပြီးအောင် ဖြည့်စွက်မယ်။ ပြီးတော့ သူတို့တင်ရမယ့် သူတွေဆီတင်မှာပဲ။ အဲဒီအစီရင်ခံစာတွေဟာ အသုံးဝင်လား၊ အဓိပ္ပါယ်ရှိလားဆိုတာ အမြဲတမ်း သူတို့ အလုပ်မဟုတ်ပါဘူး။

အခုချိန်မှာ ဒီဝန်ကြီးဌာနတွေက ဝန်ထမ်းတွေကို ကျွန်တော် အပြစ်မတင်ပါဘူး။ ပြီးတော့ ဒီအေဂျင်စီတွေက ဝန်ထမ်းတွေကိုလည်း ကျွန်တော် အပြစ်မတင်ပါဘူး။ ထိထိရောက်ရောက် လုပ်လို့မရအောင် ခေတ်မမီတဲ့ စည်းမျဉ်းဥပဒေတွေက သူတို့ကို ဟန့်တားနေတာပါ။ သူတို့လိုအပ်တဲ့ အရင်းအမြစ်တွေ သူတို့မှာမရှိတဲ့အတွက် သူတို့မှာ လုပ်ဆောင်နိုင်စွမ်း မရှိပါဘူး။

သူတို့အတွက် အောင်မြင်အောင် လုပ်လို့မရတဲ့ နည်းလမ်းတစ်ခုနဲ့ စနစ်ကို တည်ဆောက်ထားတာပါ။ ဒီတော့ ဒီအစိုးရက မျှော်လင့်တကြီးနဲ့ လုပ်နိုင်တာက ဒါကို အလှည့်အပြောင်း လုပ်ဖို့ပါ။ အခုချိန်မှာ တိုက်တန်းနစ်ကြီးကို လှည့်နေရသလိုပါ။ အပေါက်ကို ဖာထေးပြုပြုင်ပြီး ဦးလှည့်ဖို့က အချိန်အကြာပြီး ယူရအုံးမှာပါ။ ဒါပေမယ့် လုပ်လို့ ရနိုင်ပါတယ်။

NGRI ၏အကြံပေးနှင့် ယခင်အကြီးတန်း စီးပွားရေးလေ့လာဆန်းစစ်သူဖြစ်ကာ ပူးတွဲစာတမ်းရေးသူ မစ္စတာအင်ဒရူးဘောင်ဝါ

NGRI ၏အကြံပေးနှင့် ယခင်အကြီးတန်း စီးပွားရေးလေ့လာဆန်းစစ်သူဖြစ်ကာ ပူးတွဲစာတမ်းရေးသူ မစ္စတာအင်ဒရူးဘောင်ဝါ

ပြောင်းလဲဖို့လိုအပ်နေတဲ့ စနစ်ထဲမှာ ဘယ်အတိုင်းအတာထိ အသိအမှတ်ပြုမှုတစ်ခု ရှိနေတယ်လို့ ထင်ပါသလဲ။

သူတို့မှာ ကန့်သတ်ချုပ်ချယ်မှုတွေရှိရင်တောင် ဝန်ထမ်းတွေက အကောင်းဆုံး လုပ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ စနစ်ကို တိုးတက်အောင်လုပ်ဖို့ သူတို့အတွက် မက်လုံးတွေအများကြီး ရှိနေတယ်လို့ ကျွန်တော် မထင်ပါဘူး။ သိထားရမှာက မြန်မာနိုင်ငံက အစိုးရဝန်ထမ်းတွေဟာ ပိုက်ဆံနည်းနည်းသာ ရကြတာပါ။ ပြီးတော့ လုပ်ဆောင်ချက်တွေ တိုးတက်မှုရှိအောင်လုပ်ဖို့ သူတို့အတွက် မက်လုံးတကယ်ကို မရှိတာပါ။ ပြုပြင်ပြောင်းလဲရေးတွေက အထက်ကနေ လာဖို့ရှိပါတယ်။ ဒါဟာ ပြုပြင်ပြောင်းလဲဖို့ တစ်ခုတည်းသောနည်းလမ်းပါ။

NLD အစိုးရရဲ့ ပထမသက်တမ်း နှစ်နှစ်အတွင်း နိုင်ငံပိုင်လုပ်ငန်း ပြုပြင်ပြောင်းလဲမှုမှာ တိုးတက်မှုရှိနေပြီလို့ ပြောလို့ရလား။

အတိတ်ရဲ့အမွေတစ်ခုအဖြစ် ဒီအစိုးရအတွက် အရှုပ်ထုပ်ကြီးတစ်ခု ကျန်ခဲ့ပါတယ်။ ပြသနာတွေကို အကဲဖြတ်နေတာ၊ ဘာတွေ ဖြစ်နေတယ်ဆိုတာ နားလည်အောင် ကြိုးစားဖို့ အစိုးရက ပထမနှစ်နှစ်ကို အသုံးပြုနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ မြန်မာအစိုးရနဲ့ မြန်မာ့အုပ်ချုုပ်မှုစနစ်တွေက ကမ္ဘာပေါ်က နားလည်ဖို့ အခက်ဆုံးတွေထဲမှာ ပါပါတယ်။ ဒါကြောင့် သူတို့က ဘာတွေမှားနေလဲ၊ ပြဿနာရဲ့ အတိမ်အနက်ကို သိဖို့ ဒီလောက် အချိန်ယူတာပါ။ နောက်ပြီး အခုချိန်က ဖြေရှင်းဖို့ နည်းလမ်းတွေကို စတွေ့နေတဲ့ အဆင့်ကို ရောက်နေပြီလို့ ကျွန်တော် ထင်ပါတယ်။

စီမံဘဏ္ဍာဝန်ကြီးသစ် ဦးစိုးဝင်းက Renaissance Institute ရဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးပါ။ သူက အစီရင်ခံစာရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်မယ်လို့ ကတိပြုထားလား။

ဇူလိုင် ၁ဝ ရက်နေ့က နေပြည်တော်မှာ ကျွန်တော်တို့ရဲ့ အစီရင်ခံစာကို ဝန်ကြီးက ထုတ်ပြန်ခဲ့တာပါ။ Renaissance ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဝန်ကြီးဟာ လုံလောက်တဲ့ သက်ဆိုင်ရာ သတင်းအချက်အလက်တွေ ရနေပြီး အဆုံးအဖြတ်ပေးတဲ့ သူတွေထဲမှာ ပါပါတယ်။ ပြီးတော့ သူက ဒီကဏ္ဍမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကောင်းကောင်းသိပါတယ်။ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ဖို့ သူ့ရဲ့ စိတ်အားထက်သန်မှုနဲ့ ပတ်သက်ပြီး သိချင်ရင်တော့ ခင်ဗျားသူ့ကို မေးဖို့ လိုအပ်လိမ့်မယ်။ ဒါပေမဲ့ ဝန်ကြီးက သိပ်ကို နားလည်ပါတယ်။

ဒီစနစ်အတွင်းမှာ ပြုပြင်ပြောင်းလဲရေးကို မြင်ရဖို့ လုပ်ဆောင်ရာမှာ အတိုက်အခံတွေ ဘယ်လောက်တောင် ရှိနေပါလဲ။

ဒါက သိပ်ကောင်းတဲ့ မေးခွန်းတစ်ခုပါ။ အစိုးရက ကြီးမားတဲ့ အပြောင်းအလဲတွေကို ပြုလုပ်ဖို့ ဆုံးဖြတ်ရင် ဒါဟာ ကျွန်တော်တို့ သိရမယ့်အရာလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြင်းပြတဲ့ မျှော်လင့်ချက်က သူတို့ဟာ အဲဒီ ပြုပြင်ပြောင်းလဲမှုတွေ လက်ကိုင်ပြုဖို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ စောင့်တော့ ကြည့်ရမှာပါ။ ဒီအစိုးရရဲ့ ထူးခြားချက် အားလုံးကတော့ သူတို့က ဒီပြဿနာကို အသိအမှတ်ပြုတယ်။ နောက်ပြီး သူတို့က ဒါကို ပြင်ချင်တယ်။ သူတို့ မှန်မှန်ကန်ကန် လုပ်လိမ့်မယ်လို့ အကောင်းဘက်က ရှုမြင်ပါတယ်။

အဓိကပြဿနာတစ်ခုနဲ့  ပြုပြင်ဖို့ အလွယ်ကူဆုံး၊ ဒါမှမဟုတ် အမြန်ဆုံး ဖြစ်နိုင်တာတစ်ခုကတော့ အခြားသော ငွေစာရင်းနဲ့ နိုင်ငံပိုင်လုပ်ငန်းတချို့က ရထားတဲ့ ကြီးမားတဲ့ အမြတ်ငွေတွေကို အသုံးပြုခြင်းဖြစ်ပါတယ်။ ဒီငွေစာရင်းတွေ ဘယ်လို အလုပ်လုပ်သလဲ၊ ဘာ့ကြောင့် သူတို့က ပြဿနာတစ်ခုဖြစ်နေတာလဲ။

အခုဒီစနစ် အလုပ်လုပ်နေတာကတော့ နိုင်ငံပိုင်လုပ်ငန်းတွေရဲ့ အမြတ် ၅၅ ရာခိုင်နှုန်းဟာ မြန်မာ့စီးပွားရေးဘဏ်(MEB)မှာ Union Financial Account-Other Account ဆိုတဲ့ စာရင်းထဲ ရောက်သွားပါတယ်။ ဒီစာရင်းက ငွေစုဘဏ်စာရင်း တစ်ခုနီးပါးနဲ့ တူပါတယ်။

ကျွန်တော်တို့မေးသင့်တဲ့ မေးခွန်းက ဒါဟာ အရင်းအမြစ်တွေကို မှန်ကန်တဲ့ ခွဲဝေမှုဖြစ်သလားဆိုတာပါ။ ဒီငွေတွေကို MEB မှာ အပ်ထားပြီး နိုင်ငံပိုင်လုပ်ငန်းတွေအတွက် စုငွေအဖြစ် ထားသင့်သလား။ ဒါမှမဟုတ် ဒီငွေကို ပိုပြီး ကောင်းကောင်းအသုံးပြုဖို့က အစိုးရငွေတိုက်ဆီပို့ပြီး ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံ အဆောက်အအုံတွေဆီသွားတဲ့ ဘတ်ဂျက်အရ ခွဲဝေချထားသင့်သလား။ ဒါက ကျွန်တော်တို့ မေးနေတဲ့ မေးခွန်းပါ။

ဒီအမြတ်ငွေတွေကို အတိုးမရတဲ့ စာရင်းရှင်အပ်ငွေထဲထည့်တဲ့ တိုက်ရိုက် ကုန်ကျမှုက ဘာပါလဲ။

နိုင်ငံပိုင်လုပ်ငန်းအမျိုးမျိုးမှာ အဲဒီ Other Accounts စာရင်းအမျိုးမျိုးရှိပါတယ်။ သာဓကအနေနဲ့ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလက စပြီး ကျွန်တော်တို့ရဲ့ နောက်ဆုံးစာရင်းတွေအရ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းမှာ ကျပ်ငွေ ၅ ဒသမ ၄ ထရီလီယံ ရှိပါတယ်။ ဒါက အတိုးမရပါဘူး။

အနောက်နိုင်ငံတွေက ပုံမှန်ငွေစုဘဏ်တစ်ခုဟာ အမေရိကန်ဒေါ်လာတွေအပေါ် တစ်နှစ်ကို တစ်ရာခိုင်နှုန်း၊ ဒါမှမဟုတ် နှစ်ရာခိုင်နှုန်း အတိုးပေးပါတယ်။ ခင်ဗျားမှာ ဒီလောက်များတဲ့ ငွေတွေအများကြီးရှိတဲ့အခါ ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါ။

ဒါပေမယ့် ကြီးမားတဲ့ ပြဿနာက အခွင့်အလမ်း ကုန်ကျစရိတ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီငွေတွေကို ဘယ်လိုအသုံးပြုလို့ ရမလဲ။ အရေးကြီးဆုံးကတော့ လွှတ်တော်က အတည်ပြုပြီး တာဝန်ခံတဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့ နည်းလမ်းတစ်ခုနဲ့ ဒါကို အသုံးပြုသင့်သလားဆိုတာပါ။

မြန်မာ့စီးပွားရေးဘဏ် MEB မှာ အပ်ထားတဲ့ငွေတွေကို ဘယ်လိုသုံးနေတယ်ဆိုတာကို သိနိုင်ပါရဲ့လား။

MEB မှာ ကဏ္ဍ နှစ်ခု ရှိပါတယ်။ ငွေတိုက်လုပ်ငန်းကဏ္ဍနဲ့ ငွေထုတ်ချေးတဲ့ ကဏ္ဍတွေပါ။ ငွေတိုက်တာဝန်တွေကိုတော့ ကျွန်တော်တို့ သိပါတယ်။ SOE ငွေတွေဟာ SOE ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေဖြစ်ပြီး MEB ၏ ပေးရန်တာဝန် ဖြစ်ပါတယ်။ ဒါပေမဲ့ MEB ရဲ့ ထုတ်ချေးမှုကဏ္ဍကိုတော့ ကျွန်တော်တို့ သိပ်မသိပါဘူး၊ နောက်ပြီး သုတေသနတွေ လုပ်ဖို့ လိုပါသေးတယ်။

ထုတ်ချေးတဲ့ ကဏ္ဍမှာ MEB က ဘယ်သူ့ကို တာဝန်ခံရသလဲ။

MEB က နိုင်ငံပိုင်လုပ်ငန်းပါ။ အခြားနိုင်ငံပိုင် လုပ်ငန်းတွေအားလုံးလိုပဲ သက်ဆိုင်ရာဝန်ကြီးဌာနကို တာဝန်ခံရပါတယ်။ ဒီနေရာမှာတော့ စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနပေါ့။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ အရပေါ့။

SOE အကျိုးအမြတ် စီမံခန့်ခွဲမှုကို အောက်တိုဘာ ၁ ရက် စတင်မယ့် နောက်ဘဏ္ဍာရေးနှစ်မတိုင်မီ ပြုပြင် ပြောင်းလဲလိုက်မယ်ဆိုရင် ဘတ်ဂျက်အပေါ် ဘယ်လိုသက်ရောက်မှု တွေရှိနိုင်လဲ။

စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနက အမြဲပြောခဲ့သလိုပဲ SOE တွေထံက ဒီငွေတွေကို MEB ထံ လွှဲပြောင်းမပေးဘဲ အခြားဝန်ကြီးဌာနတွေထံ လွှဲပြောင်းပေးလိုက်ရင်လည်း နောက်ဆုံးပိတ် ဘတ်ဂျက်လိုငွေအပေါ် သက်ရောက်မှု မရှိနိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ MEB ငွေကို ဘတ်ဂျက်ရဲ့ အစိတ်အပိုင်းအဖြစ် ယူဆထားလို့ပါပဲ။ ဒါပေမယ်လို့ ငွေစာရင်းပြဿနာတော့ ဖြစ်တယ်။ ကျွန်တော်တို့ စိတ်ပူတာက ငွေစာရင်းကိစ္စ မဟုတ်ပါဘူး။ လူထုတွေရဲ့ ဘဝအပေါ် ဒီငွေတွေရဲ့ သက်ရောက်မှုပါ။ ဒီငွေတွေကို မှန်မှန်ကန်ကန် ခွဲဝေချထားပေးရင် သက်ရောက်မှုတွေ အများကြီးရှိနိုင်ပါတယ်။ လူထုတွေ ဘဝအပေါ် ချက်ချင်းလက်ငင်း သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

ဦးသိန်းစိန်အစိုးရက ဘာလို့ အခြားသောငွေစာရင်းဆိုတာကို ဖွင့်ခဲ့တာလဲ။

SOE အမြတ်အစွန်းတွေရဲ့ အစိတ်အပိုင်းအတော်များများကို MEB ထံ လွှဲပြောင်းပေးတဲ့ ၂ဝ၁၂ ပြုပြင်ပြောင်းလဲမှုရဲ့ အတွေးအခေါ်စိတ်ကူးကတော့ နိုင်ငံပိုင်လုပ်ငန်းတွေ ဘဏ္ဍာရေးအရ အမှီအခိုကင်းဖို့ ရည်ရွယ်တာပါပဲ။ ဒါပေမယ့် ကံမကောင်း အကြောင်းမသင့်လို့ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ နိုင်ငံပိုင်လုပ်ငန်းတွေက ငွေကို ငွေစုစာရင်းထဲ ထည့်လိုက်ရုံနဲ့ လုပ်ဆောင်မှုတွေ တိုးတက်မလာပါဘူး။ ဆုတ်ယုတ်တောင် သွားနိုင်ပါသေးတယ်။ ၂ဝ၁၂ အပြောင်းအလဲတွေကြောင့် ပိုဆိုးသွားတယ်လို့ မပြောဘူးနော်။ ဘာမှ ပြောင်းလဲမသွားခဲ့ဘူးလို့ ပြောချင်တာပါ။ သူတို့ ရည်မှန်းချက်ကတော့ ရမသွားဘူး။ ဒီလိုရအောင် လုပ်တာမှ ဟုတ်ရဲ့လားလို့ မေးစရာတောင်ဖြစ်နေတယ်။ ဖြစ်သင့်တာက SOE တွေကို ကောင်းကောင်း ကြီးကြပ်မှု ပေးသင့်တယ်။ ပွင့်လင်းမြင်သာ ရှိသင့်တယ်။ သူတို့ကိုယ်တိုင် အောင်မြင်အောင် လုပ်နိုင်ကိုင်နိုင်အောင် သူတို့ လိုအပ်တာတွေ ဖြည့်ဆည်းပေးသင့်တယ်။ ဒီပေါ်လစီကတော့ ဒီရည်မှန်းချက်တွေ အောင်မြင်စေမယ့် မှန်ကန်တဲ့ ပေါ်လစီလို့ ကျွန်တော်တို့ မယူဆဘူး။ ဆန့်ကျင်ဘက် ရလဒ်ပဲ ရမှာပဲ။ တကယ်ဖြစ်လာတာကတော့ SOE တော်တော်များများဟာ လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်း တာဝန်ခံမှုတွေ ပိုလျော့ကျလာခဲ့တယ်။ ၂ဝ၁၂ ခုနှစ် ကစလို့ NLD တာဝန်မယူခင် အထိပေါ့။

ဒီလုပ်ငန်းတွေ တာဝန်ခံမှု ဘယ်လိုလျော့ကျသွားတာလဲ။

ဒီ SOE တွေ – မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၊ မြန်မာ့မီးရထား၊ မြန်မာအမျိုးသား လေကြောင်းလိုင်း၊ ရန်ကုန်နဲ့ မန္တလေး လျှပ်စစ်ကော်ပိုရေးရှင်း- ဒါတွေ အားလုံးဟာ ခုအခါမှာ လုံးဝ ဘတ်ဂျက်အပြင်ဘက် ရောက်နေတယ်။ ဘာဖြစ်လာလဲ။ ကျွန်တော်တို့ နားလည်သလောက်ပြောရရင် သူတို့ ပိုင်ဆိုင်ငွေတွေ သူတို့ ယူတယ်။ သူတို့ ပေးချေစရာတွေကိုတော့ အစိုးရငွေထဲက ပေးရတယ်။ ဒေါ်လာတွေ ဘီလျံပေါင်းများစွာ ပေးရတာပါ။ သိပ်စိုးရိမ်ဖို့ ကောင်းတဲ့အချက်က ဒီ SOE တွေဟာ အစိုးရဘတ်ဂျက်ရဲ့ အစိတ်အပိုင်းဖြစ်တယ်။ စနစ်ကြီးတစ်ခုလုံးရဲ့ အစိတ်အပိုင်းဖြစ်နေလျက်သားနဲ့ သူတို့ရဲ့ လုပ်ဆောင်မှုတွေအပေါ် ကြီးကြပ်ကွပ်ကဲမှု၊ စောင့်ကြည့်မှုတွေ အရင်ကထက် များစွာလျော့နည်းသွားခဲ့တယ်။ ဒီတော့ ဒီလုပ်ငန်းက မန်နေဂျာတွေဟာ ဘယ်လူမှ မသိရှိဘဲ သူတို့ လုပ်ချင်တာ လုပ်နိုင်တဲ့ အခွင့်အရေးတွေ ရှိနေတာပဲ။ ကျွန်တော်တို့ စိုးရိမ်တာတစ်ခုက ဘတ်ဂျက်အပြင်ဘက်က SOE တွေ များလာမယ်၊ တာဝန်ခံမှုတွေ ပိုလိုအပ်နေချိန်မှာ တာဝန်ခံမှုတွေ ပိုလျော့ကျသွားကြမှာကိုပဲ။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ-စတိဗ် တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.