ရှေ့သို့လှမ်းလာသော မြေစမ်းခရမ်းပျိုး မအူပင်စက်မှှုဇုန်

ဧရာဝတီတိုင်းဒေသကြီးရှိ လယ်ယာမြေပေါ်မှာ ပုဂ္ဂလိကပိုင်ဆိုင်သည့် စက်မှုဇုန်များစီမံခန့်ခွဲနိုင်မည့် အခက်အခဲကို ပြည်ထောင်စုအဆင့်ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဖယ်ရှားပေးနိုင်ခဲ့ပြီး ယင်းသို့အစပျိုးဆောင်ရွက်နိုင်ခြင်းကလည်း တရုတ်နိုင်ငံမှ ရင်းနှီးမြှပ်နံှသူတို့၏ စိတ်ဝင်စားမှုကို များစွာမြှင့်တက်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ဟိန်းကိုစိုး ရေးသားသည်။

လယ်ယာမြေဧက ရာပေါင်းများစွာကို စက်မှုလုပ်ငန်းအတွက် သင့်တော်သောနေရာအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရန် စက်မှုဇုန်တစ်ခုတည်ထောင်ရေးမှာ အဓိကခြေလှမ်း တစ်ခုဖြစ်ခဲ့သည်။

အမျိုးသား မြေယာအရင်းအမြစ် စီမံခန့်ခွဲရေးဗဟိုကော်မတီက ဇူလိုင်လတွင် ဆုံးဖြတ်ချက်ချမှတ်ပြီးနောက် လုပ်ငန်းများကို လာမည့်နှစ် နှစ်ဦးပိုင်းတွင် လုပ်ငန်းများစတင်ရန် ရည်မှန်းထားသည်။

ရန်ုကုန်မြို့အနောက်ဘက် ကီလိုမီတာ ၉၀ အကွာမှကျယ်ပြောသော ဧရာဝတီမြစ်ဝကျွန်းပေါ်လွင်ပြင်ရှိ နယ်မြို့နယ်တစ်ခု၏ ဧရိယာ ဧက ၂၅၀ (၁၀၁ ဟက်တာ)ပေါ်တွင် စက်မှုဇုန်တစ်ခု ထူထောင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုချက်ကို မအူပင်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ MDPC က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက လက်ခံရရှိခဲ့သည်။

MDPC ကို ဖက်စပ်ကုမ္ပဏီအဖြစ် ထူထောင်ရာတွင် Shanghai Yangon Investment Co.,Ltd က ရှယ်ယာ ၅၅ ရာခိုင်နှုန်းဖြင့် စီမံကိန်း၌ပါဝင်ကြောင်းနှင့် ရှယ်ယာပိုင်ရှင်များအနက် ၁၃၆ ဦးမှာ တောင်သူလယ်သမားများ ဖြစ်ကြကြောင်း ၂၀၁၇ ခုမေလကထုတ်ဝေသော ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စက်မှုဇုန်အတွင်း စက်ရုံ ၅၀ တည်ဆောက်ရန်ရှိသည့်အနက် ၄၂ ခုမှာ အထည်ချုပ်စက်ရုံများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စက်မှုဇုန်သည် မအူပင်-ကျိုက်လတ် မော်တော်ကားလမ်းဘေးတွင်ရှိပြီး ကနဦးကုန်ကျစရိတ် အမေရိ ကန် ဒေါ်လာ ၂၈ သန်းရှိကြောင်း မြန်မာတိုင်းမ် the Myanmar Times တွင် ယခင်နှစ် နိုဝင်ဘာက ဖော်ပြခဲ့သည်။

စက်မှုဇုန်တည်ဆောက်ရန် ၂၀၁၄ ခုနှစ်က အဆိုပြုခဲ့သော်လည်း မြေနေရာများကို လယ်ယာမြေအဖြစ် သတ်မှတ်ထားသဖြင့် စက်မှုလုပ်ငန်းအဖြစ် အသုံးပြုခွင့်မရသဖြင့် ကြန့်ကြာနေခဲ့သည်။

စီမံကိန်းအဖြစ် သတ်မှတ်ထားသော မြေနေရာကို စက်မှုမြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် MDPC ၏ လျှောက်ထားချက်ကို ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထ်ီးယူပါဝင်သော အမျိုးသားမြေယာအရင်းအမြစ် စီမံခန့်ခွဲရေးဗဟိုကော်မတီက ဇွန် ၁၈ ရက်တွင် အတည်ပြုပေးခဲ့သည်။

ကုမ္ပဏီအတွက် နောက်တစ်ဆင့်မှာ နေပြည်တော်အစိုးရအဖွဲ့ထံမှ စက်မှုဇုန်အတွက် အတည်ပြုချက် ရယူရန်ဖြစ်ကြောင်း MDPC ၏ညွှန်ကြားရေးမှူး ဦးမြင့်ဦးကပြောသည်။

ပထမအဆင့်ကို ၂၀၁၉ ခုနှစ်မတ်လတွင် စတင်နိုင်မည်ဟု ခန့်မှန်းထားပြီး အထည်ချုပ်စက်ရုံ ခြောက်ရုံမှ ၁၀ ရုံအထိ တည်ဆောက်မည်ဖြစ်သည်။ ဒုတိယအဆင့်နှင့် တတိယအဆင့်တို့ကို ၂၀၂၀ ပြည့်နှစ်မတ်လ၌ အပြီးသတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးမြင့်ဦးကပြောသည်။

စက်မှုဇုန်က အလုပ်အကိုင် ၇၀,၀၀၀ ကို ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတို့နှင့် ဆက်သွယ်ပြောဆိုနိုင်ရန် တရုတ်ဘာသာစကားသင်တန်းများကို စက်ရုံလုပ်သားများအတွက် စီစဉ်ထားကြောင်း MDPC ဥက္ကဋ္ဌ ဦးရန်ဝင်း၏ပြောကြားချက်ကို ကိုးကား၍ ၂၀၁၇ ခုမေလက ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

MDPC ဒါရိုက်တာဘုတ်အဖွဲ့တွင် ဦးမြင့်ဦးအပါအဝင် ဒါရိုက်တာ ၁၁ ဦးပါဝင်လျက်ရှိရာ ကုမ္ပဏီသို့ မြေရောင်းချသူ လယ်သမားနှစ်ဦးနှင့် ထင်ရှားသောလုပ်ငန်းရှင်ဖြစ်သည့် မြန်မာဟိုတယ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးရန်ဝင်းအပါအဝင် မအူပင်မှ စီးပွားရေးလုပ်ငန်းရှင် အများအပြားပါဝင်သည်။

“စက်မှုဇုန်က ကျွန်တော်တို့ မအူပင်ဒေသခံတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးမှာဖြစ်ပါတယ်။ အလွန်တိုတောင်းတဲ့ကာလအတွင်းမှာ အကောင်အထည်ပေါ်လာတော့မှာပါ”ဟု ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြု မအူပင် -၂ မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သူဦးရန်ဝင်းက ပြောသည်။

စီမံကိန်းရည်မှန်းချက်မှာ အဆင့်ဆင့်တိုးချဲ့ပြီ းနောက်ဆုံးဧက ၃,၅၀၀ (၁,၄၁၆ ဟက်တာ) ကျယ်ဝန်းသော စက်မှုဇုန်တစ်ခုကို တည်ဆောက်ရန်ဖြစ်ကြောင်း ဦးမြင့်ဦးကပြောသည်။

MDPC သည် တစ်ဧကကို အနှစ် ၅၀ အတွက် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ နှုန်းဖြင့် မြေကွက်များကို အငှားချထားသွားမှာဖြစ်ကြောင်း ဦးမြင့်ဦးကပြောသည်။ စက်မှုဇုန်အတွက်မြေများကို၂၀၁၄ ခုနှစ်၌ ကနဦးသိမ်းယူစဉ်က လယ်သမားများအား တစ်ဧကကို ကျပ် ၆၅ သိန်းသာ ပေးခဲ့ကြောင်း သူကပြောသည်။

“စီမံကိန်းဧရိယာ ၂၈၃ ဧကအနက် ၆၀ ရာခိုင်နှုန်းကို စက်ရုံများဆောက်လုပ်ရန် မြေအငှားချထားပြီးပါပြီ” ဟု ဦးမြင့်ဦးကပြောပြီး အငှားစာချုပ် ချုပ်ဆိုသောကုမ္ပဏီအများစုမှာ တရုတ်ကုမ္ပဏီများဖြစ်ကြောင်း ဆိုသည်။

“မအူပင်က ပထမဆုံး ပုဂ္ဂလိကဇုန်ဖြစ်မှာမို့ ကျွန်တော်တို့က ရှေ့ဆောင်သူတွေဖြစ်လာမှာပါ။ ပြီးတော့ ဒါက မြေကို ဆောက်လုပ်သူတွေထံရောင်းပြီး ဘာမှဖြစ်မလာတဲ့ စက်မှုဇုန်မျိုး မဟုတ်ပါဘူး။  စက်ရုံတွေ လည်ပတ်နေတာကို တွေ့ရတော့မှာပါ” ဟု သူကပြောသည်။

မအူပင်သည် ပထမဆုံးပုဂ္ဂလိက စက်မှုဇုန်ဖြစ်သည် ဆိုသောအချက်ကို Frontier က အတည်မပြုနိုင်သေးပါ။ ဤအချက်မှာ မှန်ကန်သည်ဟု သူယုံကြည်ကြောင်း ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဝင်တစ်ဦးက ပြောသည်။ ယခင်က စက်မှုဇုန်အားလုံးကို အစိုးရကထူထောင်ခြင်းဖြစ်ကြောင်း သူကဆိုသည်။

“ရင်းနှီးမြှုပ်နံချင်တဲ့သူတိုင်းက စက်မှုဇုန်ထဲကမြေကို အစိုးရဆီက လျှောက်ရပါတယ်။ ဒါက ပြည်နယ်နဲ့ တိုင်းဒေသကြီးတိုင်းမှာ ဒီလိုပဲဖြစ်နေတာပါ” ဟု အဆိုပါရွှေလင်ပန်းစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဝင်က ပြောသည်။

သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးက MDPC အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ကြောင်း သူကပြောသည်။

“မအူပင်မှာ ဆိပ်ကမ်းမရှိပါဘူး။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ရန်ကုန်ကနေတဆင့် ပြန်တင်ပို့ရမှာဖြစ်လို့ ကုန်ကျစရိတ် ပိုလာနိုင်ပါတယ်” ဟု အဆိုပါကော်မတီဝင်ကပြောသည်။

တစိတ်တပိုင်းအားဖြင့် အလုပ်အကိုင်များ ဖန်တီးပေးပြီး ဒေသတွင်းစီးပွားရေးကို အထောက်အကူပြုနိုင်၍ တိုင်းဒေသကြီးအစိုးရက ၂၀၁၆ ခုနှစ်တွင် စီမံကိန်းကို အတည်ပြုပေးခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးဝင်းဌေးကပြောသည်။

မအူပင်နှင့် ပတ်ဝန်းကျင်တွင် နေထိုင်ကြသူအများစုသည် ရန်ကုန်သွား၍ အလုပ်ရှာဖွေနေရကြောင်း သူကပြောသည်။

စီမံကိန်းသည် စစ်မှန်မှုရှိမရှိနှင့် နိုင်ငံခြားသားများအား မြေရောင်းစားရန် ဆောင်ရွက်ထားသော အစီအစဉ် ဟုတ်မဟုတ် သေချာစွာသိရအောင် စီမံကိန်းအဆိုပြုချက်ကို တိုင်းဒေသကြီးအစိုးရက အနီးကပ် စစ်ဆေးလျက်ရှိကြောင်း ဦးဝင်းဌေးကပြောသည်။

တည်ဆောက်သူသည် စက်မှုဇုန်အတွင်းရှိ စက်ရုံများအတွက် လိုအပ်သော အခြေခံအဆောက်အအုံအားလုံးကို ဆောင်ရွက်ပေးရမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရက ကြီးကြပ်သူအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သူကပြောသည်။

“တကယ်လို့ စက်မှုဇုန် အကောင်အထည်ပေါ်မလာဘူးဆိုရင်တော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က အရေးယူမှာပါ” ဟု ဦးဝင်းဌေးကဆိုသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လှိုင်သာယာနှင့် ကျိုက်လတ်ကို ၂၃၀ ကေဗီအေ ဓာတ်အားဖြန့်ဖြူးရေး လိုင်းသစ်သွယ်တန်းပေးပြီးနောက် မအူပင်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးက ဇူလိုင်မှစ၍ ထူးထူးခြားခြား တိုးတက်ကောင်းမွန်လာသည်။ လိုင်းသစ်သွယ်တန်းမပြီးမီက ရရှိသောလျှပ်စစ်ဗို့အားမှာ အမြဲတန်း နိမ့်ကျနေသည့်အတွက် မြို့နေလူထု၏ ကန့်ကွက်ပြောဆိုမှုများ ရှိခဲ့သည်။

စက်မှုဇုန်မှ လျှပ်စစ်ဓာတ်အား ထပ်မံလိုအပ်ချက်က လက်ရှိလျှပ်စစ်ဓာတ်အား အခြေခံအဆောက်အအုံတွင် ဝန်ထုပ်ဝန်ပိုးပိုလာပြီး မြို့နေလူထုအတွက် အခက်အခဲများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း မြို့နေလူထုက ပြောသည်။

“အရင်တုံးက လျှပ်စစ်ဗို့အားက အရမ်းလျော့ကျနေခဲ့တာပါ။ အဲဒီအခြေအနေမျိုး ပြန်ရောက်သွားမှာကို ကျွန်တော်တို့ စိုးရိမ်နေကြပါတယ်” ဟု မအူပင်မြို့ခံ ကိုစိုးထိုက်ကပြောသည်။

မြေငှားထားသော တရုတ်များက စက်ရုံမဆောက်ဘဲထားမည်ကိုလည်းကောင်း၊ သို့တည်းမဟုတ် စက်မှုဇုန်က သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာမည်ကိုလည်းကောင်း စိုးရိမ်နေကြသည်။

လူအများစုက ကိုယ့်မြေပေါ်တွင် တောင်သူလယ်သမားများအဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိနေသဖြင့် စက်မှုဇုန်ရှိ စက်ရုံများအတွက် အလုပ်သမားရှာဖွေရာတွင် အခက်အခဲရှိနိုင်ကြောင်း သူကပြောသည်။

စက်မှုဇုန်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ပါမယ်လား ဟူသောအချက်ကို သံသယဝင်မိကြောင်း မအူပင်မြို့နေ ဦးကျော်သူရကပြောသည်။

“ဒီစီမံကိန်းက တရုတ်တွေကို မြေရောင်းစားဖို့ နည်းလမ်းရှာတာလို့ ကျွန်တော်ထင်ပါတယ်” ဟု သူက ပြောသည်။

အကောင်အထည်ပေါ်လာပါကလည်း ရေဆိုးစီမံခန့်ခွဲရေး၊ အထူးသဖြင့် မြစ်များ၊ ချောင်းများထဲသို့ ညစ်ညမ်းရေဆိုးများ စွန့်ပစ်မည့်အလားအလာကို စိုးရိမ်ကြောင်း သူကပြောသည်။

ဒေသခံများ၏ စိုးရိမ်မှုကို သူမျှဝေခံစားမိသော်လည်း “စက်ရုံများ အမှန်တကယ် တည်ဆောက်နိုင်ပြီး အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်ဆိုပါက စက်မှုဇုန်ကိုကြိုဆိုရမည်” ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး  လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး(မအူပင် – ၁၊ အင်န်အယ်လ်ဒီ)ကပြောသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ဧရာဝတီတိုင်းဒေသကြီး မြို့အနီးရှိ မအူပင်စက်မှုဇုန်ကြော်ငြာဆိုင်းဘုတ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.