ရွေ့လျားငွေကြေးဝန်ဆောင်မှု မြန်မာ့စီးပွားရေး၌ တွင်ကျယ်လာ

Wave Money, KBZ Pay စသည့် ရောင်စုံဆိုင်းဘုတ်လေးများဖြင့် စားသုံးသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် ဘဏ္ဍာရေးနည်းပညာဝန်ဆောင်မှုလုပ်ငန်းများ မြို့ပြဧရိယာများတွင်ရှိလာချိန် ရွေ့လျားငွေကြေးဝန်ဆောင်မှုက စီးပွားရေးလုပ်ငန်းချင်း ဆက်သွယ်ဆောင်ရွက်သည့် ပထမဆုံးလုပ်ငန်း ဖြစ်ဟန်ရှိသည်။

ကွန်းရတ်စတေဟယ်လင်န် ရေးသားသည်။

ကိုကျော်ဇေယျက ငွေသားသုံးစွဲမှုကို ဆန့်ကျင်တိုက်ဖျက်ရာတွင် ရှေ့တန်းမှပါဝင်သူဖြစ်သည်။

နေ့စဉ် ၂၅ နှစ်အရွယ် ကိုကျော်ဇေယျသည် ရန်ကုန်မြောက်ပိုင်း အင်းစိန်မြို့နယ် စီးပွားရေးလုပ်ငန်းများမှ သူ့လစာငွေ ကျပ်သုံးသိန်းထက် အဆများစွာပိုများသော ငွေထုတ်များကို ကောက်ခံသိမ်းဆည်းရသည်။

ငွေစက္ကူများကို ရေတွက်ပြီးနောက် ကိုကျော်ဇေယျသည် စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီ၏ မိုဘိုင်းဘဏ်စာရင်းထဲသို့ လက်ကျန်ကိုပေါင်းထည့်ပြီး ငွေသားကို ရန်ကုန်အခြေစိုက် ဘဏ္ဍာရေးနည်းပညာဝန်ဆောင်မှုကုမ္ပဏီ Ongo မှ အေးဂျင့်တစ်ဦးထံ အပ်နှံရသည်။ ကိုကျော်ဇေယျသည် Ongo ရှိဝန်ထမ်း ၁,၉၀၀ ထဲမှ တစ်ဦးဖြစ်သည်။ Ongo ၏ လုပ်ငန်းဆောင်ရွက်မှုများမှာ နိုင်ငံတစ်ဝန်း မြို့ကြီးမြို့ငယ် ၇၀ ခန့်တွင်ရှိသည်။

ယင်းကုမ္ပဏီကို သင် မကြားဖူးပါက ထိုကုမ္ပဏီက တစ်ဦးချင်းဖောက်သည်များထက် အများအားဖြင့် စီးပွားရေးလုပ်ငန်းများအတွက်သာ ဝန်ဆောင်မှုပေးနေသောကြောင့်ဖြစ်နိုင်သည်။ Wave Money, KBZ Pay ၊ သို့မဟုတ် OK Dollar တို့ကဲ့သို့ မိုဘိုင်းငွေကြေးလုပ်ငန်းဆောင်ရွက်သူများနှင့်မတူ ကွဲပြားသည်မှာ Ongo အမည်၊ သို့မဟုတ် ဝန်ဆောင်မှုများကို ထင်ရှားအောင်မြှင့်တင်ပေးသော ရောင်စုံဆိုင်းဘုတ်လေးများကို မြို့တဝိုက်၌ မြင်ရမည်မဟုတ်ပေ။

မြန်မာနိုင်ငံတွင် မိုဘိုင်းမန်နီးအက်ပလီကေးရှင်းကို အသုံးပြုသူ လွန်စွာများပြားနေပြီဖြစ်သော်လည်း ငွေသားဖြင့် ရောင်းဝယ်မှုမှာ အချင်းချင်း၊ သို့မဟုတ် စီးပွားရေးလုပ်ငန်းက စားသုံးသူသို့ ဝန်ဆောင်မှုများထက် စီးပွားရေးလုပ်ငန်းချင်း ရောင်းဝယ်မှုများတွင်သာ ပထမဆုံးပျောက်ကွယ်နိုင်ခြေရှိသည်။

ယင်းသို့ဖြစ်ရခြင်းမှာ စားသုံးသူများမှာ အပြောင်းအလဲကိုလိုက်ပါရန် နှေးကွေးနေသောကြောင့် ဖြစ်နိုင်သည်။ သို့သော်လည်း မိုဘိုင်းမန်နီးက ကြီးမားသည့် စီးပွားရေးလုပ်ငန်းကြီးများကိုပါ ဆွဲဆောင်နိုင်လေ့ရှိသည်အထိ ထိရောက်မှုများ ရှိနေသည်။ ယင်းစီးပွားရေးလုပ်ငန်းများကလည်း ငွေသားအခြေပြုစနစ်မှ ပြောင်းလဲရန် ၎င်းတို့၏ပါတနာများကို ဖိအားပေးလေ့ရှိသည်။

ယင်းသို့ပြုလုပ်ရန်မှာ ရည်ရွယ်ချက်နှင့်ကိုက်ညီသည့် အခြေခံစင်မြင့် platform တစ်ခုလိုအပ်သည်။ လွန်ခဲ့သည့် သုံးနှစ်က စတင်သည်ဆိုကတည်းက Ongo သည် ကိုကာကိုလာနှင့် ကားတာယာထုတ်လုပ်သူ ဘရစ်ဂျ်စတုံး Bridgestone တို့ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရိတ်ကြီးများမှသည် ပြည်တွင်းစားသောက်ဆိုင်တွဲများအထိ ဖောက်သည် ကော်ပိုရိတ် ၁၅၀ နှင့် စာချုပ်ချုပ်ထားပြီးဖြစ်သည်။ ထို့အပြင် Ongo သည် ဗဟိုဘဏ်၏ ၂၀၁၃ မိုဘိုင်းဘဏ်လုပ်ငန်းညွှန်ကြားချက်နှင့်အညီ ဝန်ဆောင်မှုပေးရန် MOB ဘဏ်နှင့် အကျိုးတူဆောင်ရွက်လျက်ရှိသည်။

Ongo ၏ဝန်ဆောင်မှုကို အသုံးပြုခြင်းအားဖြင့် ဘရစ်ဂျ်စတုံးကဲ့သို့ ကုမ္ပဏီတစ်ခုသည် ၎င်း၏ပစ္စည်းများကို ပြင်ဆိုင်တစ်ဆိုင်သို့ ပေးပို့သည့်အခါ ငွေသားဖြင့် ပေးချေမှုများကို လက်ခံရန်မလိုတော့ပေ။ ထိုစဉ် စားသောက်ဆိုင်တွဲတစ်ခုမှ ဆိုင်ခွဲများကလည်း ၎င်းတို့ရရှိငွေများကို ရုံးချုပ်သို့ အွန်လိုင်းမှပင် ပေးနိုင်သည်။

Ongo သည် စီးပွားရေးလုပ်ငန်းချင်းဝန်ဆောင်မှုပေးသည့်ဈေးကွက် B2B market ကို စူးစိုက်ဆောင်ရွက်သည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော မိုဘိုင်းမန်းနီးဝန်ဆောင်မှုပေးသူဖြစ်သည်။ သို့သော်လည်း စားသုံးသူများ၏ ကမ်းလှမ်းချက်များကြောင့် ၎င်းတို့လည်း B2B products ဝန်ဆောင်မှုများ စတင်ရန် စီစဉ်နေသည်ဟု Wave Money နှင့် True Money တို့က Frontier ကိုပြောသည်။

နည်းပညာအားဖြင့် ယင်းစင်မြင့်များမှာ စီးပွားရေးလုပ်ငန်းရည်ရွယ်ချက်များအတွက် အသုံးပြုပြီးဖြစ်သည်။ အကြောင်းမှာ အားလုံးသောမိုဘိုင်းမန်နီးအက်ပလီကေးရှင်းများမှာ တူညီနေ၍ဖြစ်သည်။ အသုံးပြုသူတစ်ဦးသည် ဒီဂျစ်တယ်အကောင့်တစ်ခုရှိရသည်။ တခါတရံ အီး-ပိုက်ဆံအိတ် e-wallet တစ်ခုအဖြစ် ရည်ညွှန်းသည်။ ယင်းဒီဂျစ်တယ်အကောင့်ကို ဖုန်းနံပါတ်တစ်ခုနှင့်ချိတ်ဆက်ပြီး အသုံးပြုသူတို့က ပူးပေါင်းဆောင်ရွက်သည့်အေးဂျင့်တစ်ခုထံတွင် ငွေသွင်းငွေထုတ်လုပ်ရသည်။ အကောင့်ပိုင်ရှင်သည် မိုဘိုင်အကြွေးကဒ်တွင် ငွေဖြည့်ခြင်း၊ အွန်လိုင်းမှဈေးဝယ်ခြင်းနှင့် အခြားသူတစ်ဦး၏ ငွေစာရင်းထဲသို့ ငွေပေးပို့ခြင်းအပါအဝင် များပြားသည့်အရာများ ဆောင်ရွက်ရန် အီး-ပိုက်ဆံအိတ်မှလက်ကျန်ငွေကို အသုံးပြုနိုင်သည်။

Ongo မှ ကိုကျော်ဇေယျကို Desire Autoworks မှ ကိုထက်ဝေမင်းနှင့်အတူတွေ့ရစဉ်။ ဓာတ်ပုံ - သူရဇော်

Ongo မှ ကိုကျော်ဇေယျကို Desire Autoworks မှ ကိုထက်ဝေမင်းနှင့်အတူတွေ့ရစဉ်။ ဓာတ်ပုံ – သူရဇော်

စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ပြဿနာမှာ ကိုင်တွယ်နေသည့် ငွေသားပမာဏဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လက်လီဝယ်ယူမှုအများစုမှာ ငွေသားများသာဖြစ်နေသောကြောင့် စားသုံးသူကို စူးစိုက်သော စင်မြင့်တစ်ခုအတွက် အေးဂျင့်တစ်ခုမှတဆင့် ယင်းငွေသားအားလုံးပေးသွင်းမှုမှာ အချိန်နှင့် လူအင်အားလိုအပ်ရာ ဘဏ်တစ်ခုကို အသုံးပြုခြင်းထက် ပို၍လွယ်ကူခြင်းမျိုးမရှိနိုင်ပေ။

ယင်းနေရာက ကိုကျော်ဇေယျဝင်လာသောနေရာဖြစ်ပြီး သူက Ongo အသုံးပြုသော အင်းစိန်မှ ကုန်သည် ၃၀ ထံမှ ငွေသားကောက်ခံသိမ်းဆည်းရန် တာဝန်ရှိသော Ongo ဝန်ထမ်းနှစ်ဦးအနက် တစ်ဦးဖြစ်သည်။

“နေ့တိုင်း သူတို့လို လူခြောက်ဦးလောက်ဆီကို ကျွန်တော်သွားပါတယ်။ စီးပွားရေးလုပ်ငန်းအများစုဆီကိုတော့ တစ်ပတ်မှ တစ်ကြိမ်လောက်ပဲ သွားပါတယ်” ဟု သူကဆိုသည်။ သူ့ကျောပိုးအိတ်ထဲမှာ ဝိုင်ကေကေအို ဆိုင်ခွဲတစ်ခုထံမှ ကောက်လာခဲ့သည့် ကျပ်တစ်သန်းကျော်ရှိနေသည်ဟု ကိုကျော်ဇေယျက Frontier ကို ပြောသည်။

နောက်တစ်နေရာဖြစ်သော ခရီးသွားအေဂျင်စီတစ်ခုသို့ ရောက်သောအခါ မန်နေဂျာမှာ ရုံးပြင်ပသို့ရောက်နေသဖြင့် “နောက်နှစ်နာရီအတွင်း ပြန်လာမယ်” ဟုကိုကျော်ဇေယျက ပြောပြီးသူက ဘေးနားကပ်လျက်က ကဖေးဆိုင်ထဲသို့ လျှောက်သွားခဲ့သည်။ ဆိုင်ရှင်က သူ့အသုံးစရိတ်ငွေတပုံတပင်ကြီးကို ငွေသားဖြင့်သာ ပေးချေသော်လည်း သူအော်ဒါမှာသည့် သစ်သီးအနှစ်ထုတ်လုပ်သူကမူ ကျသင့်ငွေ ကျပ် ၁၃၂,၀၀၀ ကို Ongo မှတဆင့် ပေးချေရန်လိုလားကြောင်းဆိုသည်။  

“Ongo ဝန်ဆောင်မှုမရှိစဉ်က ကျွန်တော်တို့ရဲ့ ဖောက်သည်တွေစုထားတဲ့ ငွေတပုံတပင်ကြီးကို သယ်ယူပို့ဆောင်ရတယ်။ အကြိမ်များစွာရေရတယ်။ နောက်ရက်နည်းနည်းကြာမှ ကုမ္ပဏီဘဏ်စာရင်းမှာ ဒီငွေကို စာရင်းသွင်းရတယ်” ဟု Ongo စီအီးအို မစ္စတာအာ့လင်ဂီးလ်စထရက်က Frontier ကိုပြောသည်။

“အခုတော့ ကျွန်တော်တို့ဖောက်သည်တွေ စုသိမ်းမှုက ရာနှုန်းပြည့် ဒစ်ဂျစ်တယ်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ အက်ပလီကေးရှင်းနဲ့ ရောင်းဝယ်မှုတိုင်းမှာ ပေးချေမှုကိုလည်း အချိန်နဲ့တပြေးညီ လက်ခံရရှိပါတယ်။ Ongo ကာစတန်မာတွေဟာ ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်လုပ်ငန်းစဉ်ကြောင့် လုပ်ငန်းထိရောက်မှု ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်း ပိုရှိလာတာကို ခံစားနေရပါတယ်” ဟုသူကပြောသည်။

နေ့တစ်နေ့ကုန်ဆုံးချိန်မတော့ ကိုကျော်ဇေယျသည် ကောက်ယူလာသည့် ငွေကျပ်ဆယ်သန်းခန့်ကို မိုဘိုင်းမဟုတ်သော Ongo အေးဂျင့်တစ်ဦးထံသို့ လွှဲအပ်လိုက်သည်။ ထိုသူမျိုးမှာ အင်းစိန်တစ်မြို့နယ်ထဲမှာပင် ဆယ်ဦးရှိသည်။ သူတို့က ကော်မရှင်စားစနစ်ဖြင့် အလုပ်လုပ်နေခြင်းဖြစ်သည်။

တစ်ဦးချင်းအသုံးပြုသူများအပါအဝင် Ongo အက်ပလီကေးရှင်းအသုံးပြုသူ မည်သူမဆို ယင်းအေးဂျင့်များထံ၌ အခြားမိုဘိုင်းမန်နီးပလက်ဖောင်းများတွင် လုပ်နိုင်သကဲ့သို့ ငွေသွင်းငွေထုတ်လုပ်နိုင်သည်။ Ongo အေးဂျင့်များနှင့် ခြားနားချက်မှာ သူတို့က မိုဘိုင်းမန်နီးကို သီးသန့်စူးစိုက်လုပ်ဆောင်ခြင်းဖြစ်သည်။ သူတို့က သောက်စရာများ၊ ပီကေများ Chewing gum ၊ သို့မဟုတ် အာလူးကြော်များလည်း မရောင်းသကဲ့သို့  အခြားမိုဘိုင်းမန်နီးဝန်ဆောင်မှုများအတွက် အေးဂျင့်များအဖြစ်လည်း လုပ်ဆောင်မှုမရှိပေ။

သူတို့မှာ ကုမ္ပဏီဝန်ထမ်းများဖြစ်ပြီး အစိမ်းရောင်နှင့် အနက်ရောင်ပါသည့် Ongo လိုဂိုတံဆိပ်ပါ မီးခိုးရောင်ရှပ်ကို ဝတ်ကြပြီး ပုံမှန်သင်တန်းလည်းတက်ကြရသည်။

ယင်းမှာ B2B ဈေးကွက်ကို ဝန်ဆောင်မှုပေးရာတွင် အရေးကြီးသည့် ခြားနားချက်ဖြစ်သည်ဟု ဂီးလ်စထရက်က ပြောသည်။

“စားသုံးသူတွေက Ongo မဟုတ်တဲ့ များပြားလှတဲ့ မိုဘိုင်းမန်နီးအေးဂျင့်ရှိရာနေရာတွေဆီ ဝင်လာပြီး မိုဘိုင်းမန်းနီးအရောင်းအဝယ် တစ်ခုလုပ်ချင်တဲ့အခါ မကြာခဏဆိုသလို ကောင်တာနောက်က လူငယ်စာရေးက ခင်ဗျားဘာအကြောင်းပြောနေတယ်ဆိုတာ မသိဘူး” ဟု သူက Frontier ကိုပြောသည်။ ဖောက်သည်များဟန်ဆောင်ပြီး သုတေသီများနှင့်အတူ Ongo ကပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုကို ကိုးကား၍ သူကပြောခြင်းဖြစ်သည်။

“မကြာခဏပဲ တကယ်လို့ ခင်ဗျားက ငွေသားထုတ်ချင်တယ်ဆိုရင် တစ်နေ့တာအတွင်း သူ့ဆိုင်က ရောင်းရတဲ့ငွေကိုသာ အေးဂျင့်က သုံးနိုင်တာဖြစ်လို့ ငွေမလုံလောက်တတ်ပါဘူး။ ဘဏ်တစ်ခုလိုပဲ Ongo က သူ့အေးဂျင့်ဝန်ထမ်းတွေကို သီးခြားငွေသားတချို့ ပေးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကော်ပိုရိတ်ဖောက်သည်တွေအတွက် ဝန်ဆောင်မှုပေးရာမှာ မရှိမဖြစ်လိုအပ်ပြီး သူတို့က တခါတရံ မလုံလောက်ဖြစ်တာမျိုးကို သည်းခံမှာ မဟုတ်လို့ပါ” ဟု သူကပြောသည်။

Ongo ကိုအသုံးပြုခြင်းဖြင့် ဘရစ်ဂျ်စတုံးအတွက် လုပ်ငန်းလည်ပတ်ရာတွင် ပိုမိုထိရောက်သော်လည်း အင်းစိန်က ပြင်ဆိုင် Desire Autoworks အတွက်မူ အကျိုးအမြတ်ကိစ္စမှာ သိပ်မရှင်းလှချေ။

စတိုးဆိုင်မန်နေဂျာ ကိုထက်ဝေမင်းမှာ တာယာများအတွက် ငွေရေတွက်စရာ ရှိနေသေးသည်။ သည့်အရင်က သူသည် ထိုငွေကို ဘရစ်ဂျ်စတုံးမှ ငွေသားကောက်ခံသူတစ်ဦးအား ပေးခဲ့ရပြီး ယခုတော့ သူသည် ကိုကျော်ဇေယျ၊ သို့မဟုတ် နောက်ထပ် Ongo ဝန်ထမ်းတစ်ဦးကို ပေးရသည်။ ယခုအခါ သူသည် ဖုန်းအက်ပလီကေးရှင်းကို စီမံကာ Ongo ဝန်ထမ်းကို လက်ခံတွေ့ဆုံရသည်။

ကုန်သည်များအတွက် မည်သို့အကျိုးရှိသည်ဟု မေးသောအခါ “အင်း သူတို့ဟာ ဒစ်ဂျစ်တယ်စနစ်နဲ့ ကောက်ယူတဲ့ ကုမ္ပဏီတွေဆီကနေ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ ဝယ်ယူနိုင်တယ်” ဟု ဂီးလ်စထရက်က ပြောသည်။

ကုန်သည်များသည် ယင်းလက္ကားရောင်းချသူများနှင့် ဖြန့်ချိသူများနှင့် အလုပ်ဆက်လုပ်လိုပါက Ongo ကို မဖြစ်မနေ အသုံးပြုရမည်သာဖြစ်သည်။

သို့သော်လည်း ဂီးလ်စထရက်က “Ongo အက်ပလီကေးရှင်းကို အသုံးပြုနေတဲ့ ကုန်သည်တွေဟာ ကျသင့်ငွေပေးချေမှု၊ ကတ်ငွေဖြည့်မှုနဲ့ Ongo နဲ့ အချင်းချင်းငွေလွှဲမှုတွေကို အဆင်ပြေပြေလုပ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိပါတယ်။ နောက်ပြီးတော့ ဒီအက်ပလီကေးရှင်းကို ခြောက်လကြာသုံးပြီးတဲ့ ကုန်သည်ဟာ ကျွန်တော်တို့ရဲ့ ငွေချေးပေးတဲ့ဖောက်သည်တစ်ဦးဆီကနေ ငွေသားချေးငွေ တစ်ခုရယူဖို့အတွက်လည်း အရည်အချင်းပြည့်မီသွားမှာဖြစ်ပါတယ်” ဟု သူကပြောသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မိုဘိုင်းမန်းနီးအော်ပရေတာ Ongo မှ ကိုကျော်ဇေယျက အင်းစိန်မြို့နယ်ရှိ ဝိုင်ကေကေအို ဆိုင်ခွဲ၌ အောက်တိုဘာ ၁၀ ရက်က ငွေရေနေစဉ်။ ဓာတ်ပုံ – သူရဇော်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.