“ကမ္ဘာ့ဘဏ်က လုပ်ပေးနိုင်တာတွေ အများကြီး ရှိပါတယ်”

ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာဖြစ်သူ မစ္စတာအဗ္ဗဒူလာ ဆက်ခ်ကို  Frontier က တွေ့ဆုံမေးမြန်းတင်ပြထားသည်။

ပီတာ ဂျင်ဆင် လူတွေ့မေးမြန်း ရေးသားသည်။

ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေသစ်ကို ပြန်လည်သုံးသပ်ရန် လိုအပ်နေချိန်တွင် လတ်တလော နှစ်များအတွင်း အလျင်အမြန် တိုးတက်လာခြင်းကို မစိုးရိမ်သင့်ပုံနှင့် မြန်မာနိုင်ငံ ဗဟိုဘဏ်က ဘဏ်များကို ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိသော လုပ်ငန်းပတ်ဝန်းကျင်တစ်ရပ်အတွက် မည်သည်ကို ပြင်ဆင်သင့်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာဖြစ်သူ မစ္စတာအဗ္ဗဒူလာ ဆက်ခ်က တင်ပြဆွေးနွေးထားသည်။

၂၀၁၂ ခုနှစ်တွင်  စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျော့ခြင်းနှင့်အတူ ကမ္ဘာ့ဘဏ်သည်လည်း ခမ်းနားသော လမ်းကြောင်းပေါ် ရောက်နေသည့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကာ ၂၀၁၃ မှ ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံမျှ လွှဲအပ်ပေးခဲ့သည်။ ကမ္ဘာ့ဘဏ်သည် ဖွံ့ဖြိုးရေး စီမံချက်များအတွက် ဘဏ္ဍာငွေ ထောက်ပံ့ပေးခြင်းအပြင် စီးပွားရေး ဖွံ့ဖြိုးမှုနှင့်ပတ်သက်၍လည်း ယခင်အစိုးရနှင့် လက်ရှိအစိုးရ နှစ်ရပ်စလုံးအတွက် အကြံပေးတစ်ဦးအဖြစ် အရေးပါသော အခန်းကဏ္ဍတစ်ရပ်တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

ဥပမာအားဖြင့် ကမ္ဘာ့ဘဏ်သည် အမျိုးသားလွှတ်တော်က ပြဋ္ဌာန်းပေးခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေသစ်ကို မူကြမ်းရေးဆွဲရာတွင် အချက်အချာနေရာမှ ပါဝင်ဆောင်ရွက်သူတစ်ဦး ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာဖြစ်သူ မစ္စတာ အဗ္ဗဒူလာ ဆက်ခ်အား Frontier က ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေသစ်နှင့် မြန်မာနိုင်ငံ၏ အရေးပါသော်လည်း အားနည်းနေသေးသည့် ဘဏ္ဍာရေးကဏ္ဍတို့အကြောင်း တွေ့ဆုံမေးမြန်းခဲ့သည်။

စီးပွားရေးဘွဲ့ရ တစ်ဦးဖြစ်သော်လည်း အဗ္ဗဒူလာမှာ ရန်ကုန်သို့ ရွှေ့ပြောင်းခန့်ထားခြင်း မခံရမီ အရှေ့ဥရောပဒေသရှိ မော်ဒိုဗာနိုင်ငံတွင် ကမ္ဘာ့ဘဏ် မန်နေဂျာတစ်ဦး ဖြစ်ခဲ့သည်။ ဆီနီဂေါနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးသို့ ၁၉၉၃ ခုနှစ်တွင် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ 

ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေသစ်ကို ကမ္ဘာ့ဘဏ်က ရေးဆွဲပေးခဲ့တယ်လို့ တချို့က ပြောဆိုနေကြပါတယ်။ ဒီလိုပြောဆိုမှုက ရည်ရွယ်ချက်ရှိရှိ ဝေဖန်ခဲ့တာလို့ ကျွန်တော် မထင်ပေမဲ့ ဒီဥပဒေကို မူကြမ်းရေးဆွဲတဲ့ အခန်းကဏ္ဍမှာ ဘယ်အတိုင်းအတာအထိ ခင်ဗျားတို့ ပါဝင်ဆောင်ရွက်ခဲ့သလဲ။

၂၀၁၃ ခုနှစ် အစောပိုင်းလောက်မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် CBM ရဲ့ တောင်းဆိုချက်အရ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးအဖွဲ့အစည်းများ ဥပဒေမူကြမ်းကို အာဏာပိုင်တွေ ရေးဆွဲရာမှာ သူတို့အတွက် ဆန်းစစ်ချက်တွေ၊ နည်းပညာ အထောက်အပံ့တွေနဲ့ ကမ္ဘာလုံးဆိုင်ရာ အသိပညာတွေကို ကမ္ဘာ့ဘဏ်က ပေးအပ်ခဲ့တာပါ။

အဲဒီ အကူအညီတွေထဲမှာ ဘဏ်တွေ၊ ဥပဒေပညာရှင်တွေ၊ ရှေ့နေချုပ်ရုံး၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ လွှတ်တော်တို့နဲ့ ပြုလုပ်တဲ့ CBM ရဲ့ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုတချို့အတွက် CBM ကို ဆန်းစစ်လေ့လာရေး အကူအညီပေးတာလည်း ပါဝင်ပါတယ်။ ဥပဒေမူကြမ်းကို အချောမသတ်ခင်မှာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ သဘောထားမှတ်ချက်တွေနဲ့လည်း ပေါင်းစပ်ခဲ့ပါသေးတယ်။ အဓိက ဆက်စပ်ပါဝင်သူများစွာနဲ့ အလုပ်ရုံ ဆွေးနွေးပွဲတချို့ကိုလည်း မူကြမ်းအချောမသတ်ခင် ကျင်းပပေးခဲ့ပါသေးတယ်။

၂၀၁၄ ခုနှစ် အောက်တိုဘာလထဲမှာတော့ CBM က ဥပဒေမူကြမ်းကို ဝန်ကြီးများအဖွဲ့ထံ တင်ပြခဲ့ပြီး အဲဒီနောက်မှာ CBM ရဲ့ အဖွဲ့တွင်း ဆွေးနွေးချက် ရလဒ်တွေနဲ့ လွှတ်တော်ဥပဒေ မူကြမ်းကော်မတီက ပြုလုပ်ခဲ့တဲ့ အပြောင်းအလဲတွေအရ ပြန်လည်သုံးသပ်မှုတွေ ထပ်လုပ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ လွှတ်တော်က ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပါတယ်။

ခြုံကြည့်လိုက်ရင် လွှတ်တော်ထဲမှာ အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့ပေမဲ့ ဒီဥပဒေက မြန်မာနိုင်ငံမှာ ဘဏ်တွေနဲ့ သက်ဆိုင်တဲ့ နည်းဥပဒေတွေ၊ ကြီးကြပ်ဆောင်ရွက်မှုတွေအတွက် ခေတ်သစ်တစ်ခုအဖြစ် မှတ်ကျောက်တင်ထားပါတယ်။ ဒီဥပဒေသစ်ကို ၁၉၉၀ ပြည့်နှစ်ဥပဒေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာလည်း လုံးဝဥဿ      ုံ ပြောင်းလဲသွားတယ်လို့ စဉ်းစားမှတ်ယူနိုင်ပါတယ်။ နိုင်ငံတကာ စံသတ်မှတ်ချက်ကောင်းတွေနဲ့နီးစပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေကို ဆောင်ကြဉ်းပေးခဲ့တဲ့ ကြိုးပမ်းမှုအတွက်လည်း CBM ကို ဂုဏ်ပြုသင့်ပါတယ်။

ဥပဒေသစ်မှာ အထက်က ဖော်ပြခဲ့တဲ့ ဂုဏ်အင်္ဂါရပ်တွေ ရှိနေပေမဲ့လည်း ဒီဥပဒေထဲမှာ CBM ရဲ့ မူလမူကြမ်းနဲ့ ကွဲလွဲတဲ့ အပြောင်းအလဲ တချို့ ပါဝင်နေပါတယ်။ အဲဒီအနေအထားက စိုးရိမ်မှုတချို့ကို ပေါ်ပေါက်စေခဲ့သလို အဲဒီဥပဒေထဲမှာ အားနည်းချက်တွေ၊ ကွာဟချက်တွေ၊ မရှင်းလင်းတာတွေ၊ မသေချာတာတွေကို အစပျိုးပေးခဲ့ပါတယ်။

အထူးသဖြင့် ဘဏ်မဟုတ်တဲ့ ငွေကြေးအဖွဲ့အစည်းတွေ ပြန်လည်ထူထောင်ရေးနဲ့ ကြွေးမြီဆပ်ဖို့ ငွေကြေး မလုံလောက်တာတွေနဲ့ ဆက်စပ်နေတဲ့ အပိုင်းတွေမှာပါ။ ဒီအချက်တွေက အဲသည်ဥပဒေကို တချို့အပိုင်းတွေမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အပြည့်အဝ မကိုက်ညီစေတော့ပါဘူး။ အခုလို အားနည်းချက်တွေနဲ့ ကွာဟချက်တွေထဲက အချက်များစွာကိုလည်း CBM နည်းဥပဒေတွေ၊ ညွှန်ကြားချက်တွေနဲ့ လမ်းညွှန်ချက်တွေကနေ ကြားကာလအတွင်းမှာ ဖြေရှင်းသွားဖွယ်ရှိပါတယ်။ ဒါပေမဲ့ ရေရှည်မှာတော့ ဒီလိုပြဋ္ဌာန်းချက်တွေကို နိုင်ငံတကာ စံညွှန်းတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ပေးဖို့ လိုအပ်ဖွယ်ရှိပါတယ်။

မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေက မြန်မာ့ဘဏ်စနစ်မှာ တစ်ခုတည်းသော လက်ခံနိုင်ဖွယ်ရာ အပေါင်ခံပစ္စည်းတွေ ဖြစ်ပုံရပါတယ်။ အပေါင်ခံပစ္စည်း အနက်ဖွင့်ဆိုချက်ကို ပိုမိုကျယ်ပြန့်စေဖို့ ဗဟိုဘဏ်က ဘာတွေများ ဆောင်ရွက်နိုင်ဦးမလဲခင်ဗျ။

တာဝန်ရှိသူတွေ၊ ဘဏ်လုပ်ငန်းတွေနဲ့ ကျွန်တော်တို့ ဆွေးနွေးပြီးသလောက်ကတော့ ဘဏ်တွေက လက်ခံနိုင်တဲ့ အပေါင်ခံပစ္စည်း အမျိုးအစားကို ဥပဒေကြောင်းဆိုင်ရာ ကန့်သတ်တားမြစ်ချက်တွေ မရှိပါဘူး။ ဘဏ်တွေကသာ ငွေချေးတဲ့အခါ စွန့်စားရတဲ့ အန္တရာယ်ကို လျှော့ချဖို့ အပေါင်ခံပစ္စည်းအဖြစ် အိမ်ရာဈေးကွက်အပေါ် မှီခိုကြတာပါ။ အတိုးနှုန်း ကန့်သတ်ချက်တွေ၊ ဌာနတွင်း ကန့်သတ်ချက်တွေ၊ စာနဲ့ရေးမထားတဲ့ ကန့်သတ်တားမြစ်ချက်တွေက ငွေချေးတဲ့အခါ၊ အပေါင်ခံပစ္စည်း လက်ခံတဲ့အခါ ဘဏ်တွေရဲ့ ကျင့်သုံးဆောင်ရွက်ပုံ နည်းလမ်းမှာ အရေးပါနေပုံ ရပါတယ်။ 

နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF အဆိုအရ ငွေချေးတဲ့ ကဏ္ဍကလည်း ၂၀၁၂ ခုနှစ်ကတည်းက နှစ်စဉ် ၅၀ ရာခိုင်နှုန်း တိုးလာခဲ့ပြီးပါပြီ။ ဒီချေးငွေတွေက ဘယ်တွေကို ရောက်သွားတာလဲ။ 

ပုဂ္ဂလိကကဏ္ဍအတွက် ငွေချေးတာက ၂၀၁၂-၁၃ နဲ့ ၂၀၁၃-၁၄ ခုနှစ်တွေမှာ နှစ်စဉ် ၅၀ ရာခိုင်နှုန်းလောက် လျင်လျင်မြန်မြန် တိုးတက်ခဲ့သလို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာလည်း ၃၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ မတိုင်ခင် ပုဂ္ဂလိကကဏ္ဍအတွက် ငွေချေးငှားမှု တိုးတက်နှုန်းက(နှစ်စဉ်နှုန်းထားအရ) ၂၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး ဒီဖြစ်စဉ်က ၂၀၁၅-၁၆ ခုနှစ် အကုန်ပိုင်းမှာ ချေးငွေလိုအပ်ချက် နည်းပါးသွားမှုနဲ့ ဆက်စပ်နေပါတယ်။

ပုဂ္ဂလိက ချေးငွေကဏ္ဍမှာ ခပ်မြန်မြန် တိုးတက်လာတာက အစဉ်အလာအနေနဲ့ နည်းပါးလှတဲ့ ဘဏ်တွေရဲ့ စုဆောင်းငွေ လက်ခံတာနဲ့ ပြန်ချေးငှားတာတွေပေါ်မှာ အခြေခံတဲ့ ရလဒ်တစ်ခု ဖြစ်ခဲ့ပြီးပါပြီ။ ဘဏ်လုပ်ငန်းကဏ္ဍကလည်း ငွေကြေးကဏ္ဍရဲ့ ထိရှလွယ်တာတွေကို ထိန်းကျောင်းတဲ့ အကန့်အသတ်ရှိတဲ့ ငွေချေးလုပ်ငန်းစဉ်တွေနဲ့အတူ အရမ်းသေးငယ်ပါတယ်။

ငွေချေးငှားမှုအပိုင်းမှာလည်း အကန့်အသတ်တွေ ရှိနေပါတယ်။ ချေးငွေပြန်ဆပ်ဖို့ ပျက်ကွက်ကြတဲ့ အန္တရာယ်တွေ ရှိနေတဲ့ ကုန်သွယ်ရေးဆိုင်ရာ ငွေကြေးကဏ္ဍကလည်း ငွေချေးငှားမှု အစုစုရဲ့ သုံးပုံတစ်ပုံလောက် ရှိနေတာပါ။ အန္တရာယ် ပိုများနိုင်မယ်လို့ ယူဆရတဲ့ အရှိန်ပြင်းပြင်း တိုးတက်လာနေတဲ့ ဆောက်လုပ်ရေးကဏ္ဍနဲ့ အိမ်ခြံမြေကဏ္ဍအတွက် ငွေချေးတာက အတော်လေးကို နည်းပါတယ်။

မြန်မာနိုင်ငံမှာ ဘဏ်တွေက လိုနေတာလည်းရှိ၊ ပိုလျှံနေတာလည်း ရှိနေပုံရပါတယ်။ လိုင်စင်ရတဲ့ ဘဏ်သစ်များစွာ ရှိနေပေမဲ့ အဲဒီစနစ်မှာ လူသားရင်းမြစ်ပိုင်းအရ အကန့်အသတ် ရှိနေပြန်ပါတယ်။ မဖြစ်မနေ ဆောင်ရွက်ရမယ့် “ထိန်းညှိမှု” တစ်ခုခုများ ရှိပါသလား။ ဒါမှမဟုတ် လူတိုင်းကြီးပွားနိုင်ဖို့အတွက် လုံလောက်တဲ့ အနေအထားကော ရှိပါသလား။ တခြားအကြပ်အတည်းကော ဖြစ်လာနိုင်ပါသလား။

ဒီမေးခွန်းအတွက် အဖြေက အတော်လေး ရှုပ်ထွေးပါတယ်။ ဘဏ်လုပ်ငန်းစနစ် အခြေမခိုင်မီအထိ ဘဏ်လုပ်ငန်းလိုင်စင် ချပေးတာကို ရပ်တန့်တာကလွဲပြီး ဘဏ်အရေအတွက် လျှော့ချနိုင်မယ့် နည်းလမ်း မဆိုသလောက်သာ ရှိပေမဲ့ ဘဏ်လုပ်ငန်းစနစ်ရဲ့ တည်ငြိမ်ခိုင်မာမှုကို သေချာစေဖို့အတွက် CBM က ဆောင်ရွက်နိုင်တာတွေ အများကြီး ရှိပါတယ်။

ဘဏ်တစ်ခုချင်းစီအတွက် အန္တရာယ်ကင်းတဲ့ ဂရုစိုက်ဖို့ လိုအပ်တဲ့ အချက်တွေကို တိုးမြှင့်ချမှတ်ပေးဖို့က CBM အတွက် သိပ်ကို အရေးကြီးပါတယ်။ ဒီလိုမျိုး လုပ်ဖို့ဆိုရင် CBM က အရေးကြီးတဲ့ နည်းဥပဒေတွေကို အလျင်အမြန် ထုတ်ပြန်ပေးဖို့ အရမ်းအရေးကြီးပါတယ်။ CBM အနေနဲ့ ဘဏ်တွေကို ကြီးကြပ်ဆောင်ရွက်ဖို့နဲ့ ဘဏ်တွေဆီက ပိုမိုပြည့်စုံတဲ့ အချက်အလက်တွေကို ကောက်ယူစုဆောင်းဖို့တွေအတွက် သူ့ရဲ့အရည်အသွေးကို တိုးမြှင့်ဖို့လည်း လိုအပ်ပါသေးတယ်။ ဘဏ်လုပ်ငန်းပိုင်းမှာ သူတို့ကိုယ်ပိုင် အိုင်တီအခြေခံအဆောက်အအုံတွေ၊ လုပ်ငန်းတွင်း စီမံခန့်ခွဲမှုတွေ၊ အုပ်ချုပ်မှုတွေ၊ ဆုံးရံှုးမှု လျော့နည်းစေမယ့် စီမံခန့်ခွဲမှုတွေနဲ့ လုပ်ငန်းတိုးတက်မှုတွေကို အဆင့်မြှင့်တင်ဖို့ ရင်းနှီးမြုပ်နှံမှုတွေ လိုအပ်ပါတယ်။ 

အင်န်အယ်လ်ဒီက စိုက်ပျိုးရေးကဏ္ဍကို အားပေးမြှင့်တင်ဖို့ စိတ်အားထက်သန်နေပါတယ်။ စိုက်ပျိုးရေး အခြေပြု ချေးငွေလုပ်ငန်းကို အားပေးမြှင့်တင်ဖို့အတွက် ဘာတွေများ ဆောင်ရွက်နိုင်မလဲ။ 

စိုက်ပျိုးရေးက အလွှာပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက် အလွန် အရေးကြီးပါတယ်။ ဆင်းရဲနွမ်းပါးသူ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းထက်မနည်းက ကျေးလက်ဒေသတွေမှာ နေထိုင်ပြီး စိုက်ပျိုးရေးကဏ္ဍက အလုပ်အကိုင် စုစုပေါင်းရဲ့ ထက်ဝက်ကျော်ကို ဖန်တီးပေးသလို ဂျီဒီပီရဲ့ ၃၇ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

ဒါပေမဲ့လည်း စိုက်ပျိုးရေးကဏ္ဍ လုပ်သားထုတ်လုပ်နိုင်စွမ်းက ကဏ္ဍအားလုံးမှာ အနိမ့်ဆုံး ဖြစ်နေပါတယ်။ တစိတ်တပိုင်း အနေနဲ့ကတော့ စက်အသုံးပြု လုပ်ဆောင်မှုတွေနဲ့ ခေတ်မီကိရိယာ အသုံးပြုမှုတွေ နည်းပါးတာကြောင့်ပါ။ မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးမှုဘဏ် MADB က စိုက်စရိတ်ချေးငွေ ထုတ်ပေးမှုကို ချုပ်ကိုင်ထားပေမဲ့ စပါးစိုက်တဲ့ အသေးစား လယ်သမားတွေကိုပဲ ရေတိုချေးငွေ ထုတ်ပေးနေတာပါ။

အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ လယ်ယာစီးပွား လုပ်ငန်းတွေနဲ့ ဈေးကွက်တွင်း ဝင်ရောက်ဆောင်ရွက်နေသူတွေနဲ့တော့ များသောအားဖြင့် မသက်ဆိုင်သေးပါဘူး။ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေသစ်က ဘဏ်လုပ်ငန်းရဲ့ ဥပဒေမူဘောင်ကို သိသိသာသာ အားကောင်းလာစေသလို ဘဏ္ဍာရေး ထုတ်ကုန်သစ်တွေနဲ့ ဝန်ဆောင်မှုသစ်တွေ ဖွံ့ဖြိုးလာစေဖို့ ဘဏ်တွေကို အားပေးတာ မှန်ပေမဲ့ MADB အပါအဝင် နိုင်ငံပိုင်ဘဏ်လုပ်ငန်းကဏ္ဍကို ပြုပြင်ပြောင်းလဲခြင်းကလည်း ပုဂ္ဂလိကဘဏ်တွေကို အခုလို အရေးကြီးတဲ့ ဈေးကွက်အစိတ်အပိုင်းရဲ့ အပြင်ဘက်မှာ စုပြုံမနေစေဖို့အတွက်လည်း အရေးကြီးပါတယ်။

နောင်လာမယ့် ငါးနှစ်မှာ အသေးစား ငွေကြေးကဏ္ဍက ဘယ်လိုအခန်းမျိုးမှာ ပါဝင်နေမယ်လို့ ခင်ဗျား မျှော်မှန်းထားပါသလဲ။ ဒီကဏ္ဍက ဘယ်လိုအနေအထားမျိုးမှာ ပိုမိုအားကောင်းလာနိုင်မယ်လို့ ခင်ဗျားထင်ပါသလဲ။ 

အသေးစား ငွေကြေးလုပ်ငန်းက မြန်မာ့စီးပွားရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်သလို ဒီဥပဒေကို ပြဋ္ဌာန်းခဲ့တဲ့ လေးနှစ်လောက်ကတည်းက အလျင်အမြန် တိုးတက်လာခဲ့ပြီးပါပြီ။ အသေးစား ငွေကြေးလုပ်ငန်းအတွက် သိသာတဲ့ လိုအပ်ချက်တစ်ရပ် ရှိနေသလို ထပ်မံကြီးထွားလာဖို့အတွက်လည်း အလားအလာကောင်းတွေ ရှိနေပါတယ်။

အသေးစား ငွေကြေးကဏ္ဍက ဒီဈေးကွက်ကို ဝန်ဆောင်မှု ပေးနိုင်စေဖို့အတွက် တည်ဆဲစည်းမျဉ်းတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ ငွေချေးငှားခြင်း၊ မိမိသဘောဆန္ဒအလျောက် ငွေကြေးစုဆောင်းခြင်းတွေကနေတဆင့် ရန်ပုံငွေ တိုးမြှင့်ဖို့ အသေးစား ငွေကြေးအဖွဲ့အစည်းတွေအတွက် အလားအလာကောင်းတွေ တိုးချဲ့ပေးဖို့ အရေးကြီးပါတယ်။ တချိန်တည်းမှာပဲ အသေးစား ငွေကြေးလုပ်ငန်းကဏ္ဍ တိုးတက်မှု တည်ငြိမ်စေဖို့နဲ့ သုံးစွဲသူတွေကို ကျိန်းသေပေါက် အကာအကွယ်ပေးဖို့အတွက် အသေးစား ငွေကြေးအဖွဲ့အစည်းတွေကို ကြီးကြပ်တဲ့နေရာမှာ ပိုမိုအားကောင်းလာစေဖို့လည်း ထပ်ပြီး လိုအပ်နေပါသေးတယ်။ 

အောင်မင်း ဘာသာပြန်သည်။

ဤဆောင်းပါးမှာ ၂၀၁၆ ဇူလိုင်ထုတ် Frontier Myanmar ၏ Banking and Finance special edition တွင် ဖော်ပြပါရှိပါသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.