အချိန် ပိုယူဖို့ လိုမယ့် ၂၁ ရာစု ပင်လုံညီလာခံ

စည်သူအောင်မြင့် ရေးသားသည်။

အခုဆိုရင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ၊ တစ်နည်း ငြိမ်းချမ်းရေး ညီလာခံ ကျင်းပဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ အကြို တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်နေကြပါပြီ။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပမယ့် ပင်လုံညီလာခံဟာ အရင် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က တစ်ကြိမ်ကျင်းပခဲ့တဲ့ငြိမ်းချမ်းရေး ညီလာခံနဲ့ မတူတဲ့ အချက်ကတော့ အားလုံးပါဝင်နိုင်မယ့် ညီလာခံဖြစ်အောင် ကြိုးစားနေခြင်းပါပဲ။ အားလုံးဆိုရာမှာ တတိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားပြီးသား လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရော NCA လက်မှတ် ထိုးမထားတဲ့ အဖွဲ့တွေပါ ပါဝင်စေမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် NCA လက်မှတ်ထိုးရာမှာ တပ်မတော်ဘက်က ပါဝင်ခွင့်မပြုတဲ့ ကိုးကန့်၊ တအာင်းပလောင်နဲ့ ရခိုင် AA တပ်ဖွဲ့ကိုလည်း ဒီညီလာခံမှာ ပါဝင်ဖို့ နည်းလမ်းရှာမယ်လို့ ဆိုထားလေတော့ ဒီ ညီလာခံကြီးကို နဂိုမျှော်မှန်းထားတဲ့ ဇူလိုင်လအကုန်၊ သြဂုတ်လအတွင်း ကျင်းပဖို့ ဖြစ်နိုင်ပါ့မလား၊ ဒေါ်အောင်ဆန်းစုကြည် စီစဉ်သလို အားလုံး ပါဝင်နိုင်မယ့် ညီလာခံ ဖြစ်လာမလား ဆိုတာ စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။ ခုတစ်ပတ် ဒီအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးပါဝင်မယ့် ညီလာခံ ဖြစ်လာစေရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ကျော်ဖြတ်ရမယ့် အခက်အခဲတွေ ရှိနေပါတယ်။ ပထမ အချက်ကတော့ NCA လက်မှတ် ထိုးမထားတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ပါဝင်ရေးပါ။ ဒီ အဖွဲ့အများစုဟာ ကေအိုင်အို ဦးဆောင်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က ရည်မှန်းတာကတော့ ဒီ အဖွဲ့အစည်းတွေကို ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး မူဘောင်(မူကြမ်း) ရေးဆွဲရေး အစည်းအဝေးတွေမှာ ပါဝင်စေမယ်၊ တစ်ပြိုင်နက်တည်း နဂိုသဘောတူညီပြီးသား NCA စာချုပ်ကိုလည်း ပြင်ဆင်မှု နည်းနည်းပါးပါး လုပ်မယ်၊ အဲလို လုပ်ပြီးရင် အေအိုင်အို အပါအဝင် လက်မှတ်ထိုးမထားရသေးတဲ့ အဖွဲ့အစည်းတွေ NCA စာချုပ်မှာ ပါဝင် လက်မှတ်ထိုးလာကြလိမ့်မယ်၊ အဲဒီလို လက်မှတ်ထိုးပြီးရင်တော့ ၂၁ ရာစု ပင်လုံညီလာခံမှာ တရားဝင် ပါဝင်ခွင့်ရသွားစေမယ် ဆိုပြီး ကြံရွယ်ထားတာ ဖြစ်ပါတယ်။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံကြဖို့ အစိုးရဘက်က စီစဉ်ပါတယ်။ ဒါပေမဲ့ UNFC ဘက်ကတော့ အဲလို တွေ့ဆုံဖို့ကို လက်မခံသေးပါဘူး။ အကြောင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်း ထိုင်းနိုင်ငံ ချင်းမိုင်မှာ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဒေါက်တာတင်မျိုးဝင်းနဲ့ UNFC ကိုယ်စားလှယ်တွေ တွေ့ဆုံစဉ် ညီလာခံ ကျင်းပရေးနဲ့ ပတ်သက်ပြီး လက်နက်ကိုင် တိုင်းရင်းသားတွေဘက်က မေးမြန်းထားတာတွေကို အဖြေမပေးသေးလို့ပဲ လို့ ဆိုပါတယ်။

သူတို့ မေးမြန်းထားတာက ဒီ ၂၁ ပင်လုံညီလာခံမှာ NCA လက်မှတ် ထိုးမထားတဲ့ အဖွဲ့တွေ တရားဝင် တက်ခွင့် ရှိမလား၊ နောက်တစ်ချက်ကတော့ ကိုးကန့်၊ တအာင်းပလောင်နဲ့ ရခိုင် AA တပ်ဖွဲ့တွေကရော NCA စာချုပ်မှာ လက်မှတ်ထိုးခွင့်ရမှာလား ဆိုတာပါ။ အဲဒီ အဖြေတွေကို သိရမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကေအိုင်အို အပါအဝင် UNFC ခေါင်းဆောင်တွေ တွေ့ဆုံဖို့ ဖြစ်နိုင်မယ်လို့ အကြောင်းပြန်ထားလို့ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီ ညီလာခံဟာ အရင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကျင်းပခဲ့တဲ့ ၁၉၄၇ ခုနှစ်က ပင်လုံညီလာခံလိုမျိုး တစ်ကြိမ်တည်းနဲ့ ပြီးပြတ်သွားမယ့် ညီလာခံမျိုးလည်း မဟုတ်ပါဘူး။

ဒါကြောင့် သိပ်မကြာခင် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နဲ့ UNFC ကိုယ်စားလှယ်အဖွဲ့ ချင်းမိုင်မှာ နောက်တစ်ကြိမ် ထပ်တွေ့ဆုံဖို့ လိုအပ်နေပါသေးတယ်။

နောက်ပြဿ     နာ တစ်ခုက ၂၁ ရာစု ပင်လုံညီလာခံမှာ ကိုးကန့်၊ တအာင်းပလောင်နဲ့ ရခိုင် AA တပ်ဖွဲ့တွေ ပါဝင်ခွင့်ရနိုင်မလား ဆိုတာပါ။ ဒါနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးချုပ်ဘက်က အချက်(၂) ချက် တင်ပြ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

ပထမ တစ်ချက်ကတော့ အဲဒီ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကိုင် တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ကြောင်း တရားဝင် ကြေညာပေးရမယ်လို့ ဆိုပါတယ်။ ဒုတိယ တစ်ချက်ကတော့ အဲဒီ တပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်ထားတဲ့ လက်နက်တွေနဲ့ပတ်သက်ပြီး တခြား အဖွဲ့အစည်း တစ်ခုခုနဲ့ ခေါင်းဆောင်တွေက အာမခံချက် ပေးရမယ်လို့ ဆိုပါတယ်။

ဆိုလိုတာကတော့ ရခိုင် AA တပ်ဖွဲ့ရဲ့ လက်နက်တွေနဲ့ ပတ်သက်ရင် နဂိုမူလ သူ့ကို မွေးဖွား၊ ပျိုးထောင်၊ လေ့ကျင့်၊ ထောက်ပံ့ပေးရာ ကေအိုင်အေအဖွဲ့ကြီးက အာမခံရမယ်၊ ကိုးကန့်အဖွဲ့ကို ဆိုရင် ဝ ဒါမှမဟုတ် မိုင်းလားအဖွဲ့က အာမခံရမယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ အဲလို အခြေအနေ ရောက်ပြီဆို သုံးဖွဲ့စလုံး ညီလာခံကို တက်ရောက်ခွင့် လမ်းပွင့်သွားပြီလို့ ဆိုထားပါတယ်။

ဒီ အဆိုပြု ကမ်းလှမ်းချက်ဟာ နဂို တပ်မတော်ဘက်က ပြောဆိုထားတဲ့ အဲဒီသုံးဖွဲ့ လက်နက်ချရမယ်ဆိုတဲ့ သဘောထားထက် နည်းနည်း ပျော့ပြောင်းလာတာ မှန်ပေမဲ့ အဲဒီအဖွဲ့တွေဘက်က လက်ခံဖို့ ခက်ခဲနေပါဦးမယ်၊ တနည်းအားဖြင့် အချိန်တစ်ခု ယူပြီး ညှိနှိုင်းရမယ့် ကိစ္စ ဖြစ်နေပါဦးမယ်။

ပြောရရင် တပ်မတော်ဘက်က NCA လက်မှတ် ထိုးခွင့်မပြုတဲ့ လက်နက်ကိုင် သုံးဖွဲ့အရေး ဖြေရှင်းဖို့ ပြဿနာ၊ ကေအိုင်အို ဦးဆောင်တဲ့ UNFC အဖွဲ့ဝင်တွေ NCA လက်မှတ် ထိုးပြီးမှ ညီလာခံ တက်ခွင့်ရမယ့် ပြဿနာတွေဟာ အရင်အစိုးရခေတ်ကအတိုင်း ဖြေရှင်းဖို့ ကျန်နေသေးတာ တွေ့နိုင်ပါတယ်။

နောက်ထပ် အရေးတကြီး ပြဿ     နာ တစ်ခုက NCA လက်မှတ်ထိုးရာမှာ မပါဝင်တဲ့ ဝ နဲ့ မိုင်းလား လို အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ညီလာခံမှာ တက်တက်ကြွကြွ ပါဝင်လာစေရေးပါ။ ဒီ အဖွဲ့တွေကတော့ နဂိုကတည်းက NCA မှာ သူတို့ လက်မှတ်ထိုးဖို့ မလိုဘူး၊ သူတို့ဟာ ၁၉၈၉ ခုနှစ်ကတည်းက အစိုးရနဲ့ အပစ်ရပ်ထားတယ်၊ ဒီနေ့အချိန်ထိလည်း တိုက်ပွဲတွေ ပြန်ဖြစ်တာ လုံးဝ မရှိဘူး၊ နယ်မြေဒေသလည်း ဖွံ့ဖြိုးတိုးတက်နေတယ်၊ ဒါကြောင့် လက်မှတ်ထိုးဖို့ မလိုဘူးလို့ ငြင်းဆန်ထားကြသလို၊ ဒီကနေ့အချိန်ထိလည်း အဲဒီ သဘောထား ပြောင်းလဲတယ် ဆိုပြီး ထုတ်ဖော်ပြောဆိုတာ မရှိသေးလို့ပါပဲ။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဘက်က ပြင်ဆင်ထားမှု အခြေအနေအရ NCA လက်မှတ်ထိုးမှသာ ၂၁ ရာစု ပင်လုံညီလာခံကို တရားဝင် ကိုယ်စားလှယ် စေလွှတ် ဆွေးနွေးခွင့်ရမှာမို့ ဒီ ပြဿ     နာကြီးကိုလည်း ကိုင်တွယ် ဖြေရှင်းရပါဦးမယ်။

ဒီအခက်အခဲ ပြဿ     နာတွေကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိနေသလို ၂၁ ပင်လုံညီလာခံကို လာမယ့် ဇူလိုင်လအကုန် သြဂုတ်လအတွင်းလောက် ကျင်းပဖို့ဆိုတာ သိပ် မဖြစ်နိုင်ပါဘူး။ ဒီထက် အချိန်ပိုယူရပါဦးမယ်။ ဒါ့အပြင် ဒီ ညီလာခံဟာ အရင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကျင်းပခဲ့တဲ့ ၁၉၄၇ ခုနှစ်က ပင်လုံညီလာခံလိုမျိုး တစ်ကြိမ်တည်းနဲ့ ပြီးပြတ်သွားမယ့် ညီလာခံမျိုးလည်း မဟုတ်ပါဘူး။ အဓိကကျတဲ့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ပြဿ     နာတွေ ဖြေရှင်းပေးမယ့် ညီလာခံများစွာရဲ့ ပထမဦးဆုံးအကြိမ် ကျင်းပမယ့် ညီလာခံတစ်ခုပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.