ရုပ်သံလိုင်းသစ်တွေ စီးပွားရေး တွက်ခြေ ကိုက်ကြပါ့မလား

မြန်မာ့ရုပ်မြင်သံကြား ထုတ်လွှင့်မှုလုပ်ငန်းထဲကို နောက်ထပ် ကုမ္ပဏီ ၅ ခု လုပ်ကိုင်ခွင့်ပြုလိုက်တာမို့ အခမဲ့ရုပ်သံလိုင်းတွေ နှစ်ဆတိုးလာတဲ့အတွက် ကြော်ငြာဝင်ငွေတွေကနေ စီးပွားဖြစ် လုပ်ကိုင်နိုင်တဲ့ အခြေအနေအထိ ရောက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရမယ့် အခြေအနေ ရှိပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်က ပြန်ကြားရေးဝန်ကြီးဌာနဟာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ Multichannel Play Out System မှာ ရုပ်သံလွှင့်လုပ်ငန်း Digital Free to Air လုပ်ကိုင်ခွင့်ရရှိသူ Content Providers စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပမာဏ ရွေးချယ်ခံထားရတဲ့ ကုမ္ပဏီ ၁၀ ခုထဲကမှ ၅ ခုရဲ့ စာရင်းကို အပြီးသတ် ထုတ်ပြန်ကြေညာလိုက်တာပါ။

လုပ်ကိုင်ခွင့် ရသွားတဲ့ ကုမ္ပဏီတွေကတော့ မဇ္ဈိမ၊ ကောင်းမြန်မာအောင်၊ Young Investment Group ၊ ဒီဗီဘီ မာတီမီဒီယာဂရု နဲ့ Fortune International လီမိတက်တို့ပဲ ဖြစ်ပါတယ်။ ပြောရရင် မြန်မာ့ ရုပ်မြင်သံကြား ထုတ်လွှင့်မှုလုပ်ငန်းထဲကို နောက်ထပ် ကုမ္ပဏီ ၅ ခု လုပ်ကိုင်ခွင့်ပြုလိုက်တာပါ။ အခုလို လုပ်ကိုင်ခွင့်ပြုလိုက်တဲ့အတွက် ရုပ်သံ ထုတ်လွှင့်မှု လုပ်ငန်းဈေးကွက် အခြေအနေ ဘယ်လို ပြောင်းလဲလာနိုင်သလဲဆိုတာ လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

အခု ရုပ်သံလွှင့်လုပ်ငန်း လုပ်ကိုင်ခွင့်ပေးမယ့် ကုမ္ပဏီတွေကို ရွေးချယ်ရာမှာ အစိုးရဟာ အရင်ခေတ်ဟောင်းတုန်းက လုပ်နည်းလုပ်ဟန်တွေနဲ့တော့ အများကြီး ကွာခြားသွားတာ တွေ့နိုင်ပါတယ်။ အရင် စစ်အစိုးရခေတ်တုန်းက ရေဒီယို အသံလွှင့်နဲ့ ရုပ်မြင်သံကြားလုပ်ငန်းကို ဘယ် ပုဂ္ဂလိက ကုမ္ပဏီတွေကိုမှ လုပ်ကိုင်ခွင့် မပေးခဲ့ပါဘူး။

စစ်အစိုးရ ခေါင်းဆောင်တွေက သူတို့နဲ့ ရင်းနှီးတဲ့၊ အဆင်ပြေတဲ့ ခရိုနီတွေနဲ့ လုပ်ငန်းရှင်တွေကိုပဲ ဖက်စပ်သဘော လုပ်ကိုင်ခွင့် ပေးထားခဲ့တာပါ။ အဓိပ္ပာယ်ကတော့ အဲဒီ ရေဒီယိုနဲ့ ရုပ်သံလုပ်ငန်း လုပ်ကိုင်ခွင့်ရသူတွေဟာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ သီးခြားစီ စာချုပ်တွေ ချုပ်ဆိုပြီး ဖက်စပ်သဘော လုပ်ကိုင်ကြရတာပါ။

လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီတွေအနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ချုပ်ဆိုတဲ့ စာချုပ်ပါအချက်တွေကို ဖောက်ဖျက်ရင်၊ ဒါမှမဟုတ် အစိုးရ မကြိုက်တာ ထုတ်လွှင့်ခဲ့ရင် အဲဒီ ရေဒီယိုနဲ့ ရုပ်သံထုတ်လွှင့်ခွင့်တွေကို အချိန်မရွေး ရပ်ဆိုင်းလိုက်နိုင်တဲ့ အနေအထားရှိပါတယ်။

ဒီအတွက် စစ်အစိုးရလက်ထက်ကတည်းက ထုတ်လွှင့်ခဲ့တဲ့ ဖက်စပ် ရေဒီယိုနဲ့ ရုပ်သံလွှင့် လုပ်ငန်းတွေဟာ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေးပြဿနာတွေနဲ့ ဆက်နွှယ်နေတဲ့ သတင်းဦးစားပေး ထုတ်လွှင့်မှုပုံစံမျိုးထက် အစိုးရနဲ့လည်း ပြဿနာမတက်၊ အသံလွှင့်နဲ့ ရုပ်သံထုတ်လွှင့်ခွင့်လုပ်ငန်းကနေ ဝင်ငွေလည်း ပြန်ရနိုင်တဲ့ ဖျော်ဖြေရေးဘက်ကိုပဲ အထူးပြု ထုတ်လွှင့်ခဲ့ကြတာ တွေ့မြင်ကြရပါတယ်။

ရုပ်သံလွှင့်လုပ်ငန်းနဲ့ပတ်သက်ရင် အရင်အစိုးရလက်ထက်အထိ ခွင့်ပြုထားခဲ့တာ ပုံစံ နှစ်မျိုး တွေ့မြင်ရပါတယ်။ တစ်မျိုးကတော့ ဂြိုဟ်တုကနေ ထုတ်လွှင့်တာကို ဖမ်းယူကြည့်ရှုနိုင်တဲ့ အခပေးရုပ်သံစနစ် ဖြစ်ပြီး လက်ရှိ Forever Group နဲ့ Skynet Media တို့ နှစ်ဦး လုပ်ကိုင်ခွင့် ရထားကြပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကနေ မီဒီယာတွေမှာ ကြော်ငြာထည့်သွင်းမှု ကုန်ကျစရိတ်ကို ပြန်တွက်ကြည့်ရင် အများပြည်သူ ကြည့်ရှုမှု အများဆုံးဖြစ်တဲ့ ရုပ်သံလုပ်ငန်းတွေမှာ ၈၀ ကနေ ၉၀ ရာခိုင်နှုန်းအထိ အသုံးပြုကြတယ်လို့ ဈေးကွက်သုတေသနတွေက ဆိုပါတယ်။

ဒီ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်း နှစ်ခုရဲ့ အဓိကဝင်ငွေက လစဉ်ကြေး၊ နှစ်စဉ်ကြေးပေးပြီး ဂြိုဟ်တုစလောင်း တပ်ဆင် ဖမ်းယူကြည့်ရှုတဲ့သူတွေဆီက ရတာဖြစ်ပါတယ်။ ဒီအတွက် ကိုယ့်ရဲ့ဂြိုဟ်တု ရုပ်သံလွှင့်စနစ်ကို အခပေး ဖမ်းယူကြည့်ရှုသူများအောင် စနစ်အတွင်း ချယ်နယ်တွေ အများကြီး ထည့်သွင်းထုတ်လွှင့်တာ၊ နိုင်ငံခြား ဖျော်ဖြေရေးလိုင်းပေါင်းစုံကို ဝယ်ယူထုတ်လွှင့်ပေးတာ၊ အထူးသဖြင့် နိုင်ငံတကာ ဘောလုံးပွဲစဉ်တွေကို တစ်ဦးတည်း ထုတ်လွှင့်ခွင့်ရအောင် ဝယ်ယူ ထုတ်လွှင့်ပေးတာတွေကို အပြိုင်အဆိုင် လုပ်ကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း ဒီ ဈေးကွက်ကို Skynet Media က ဦးဆောင်နေတာ တွေ့မြင်ရပါတယ်။

အစိုးရက နောက်ထပ် ခွင့်ပြုပေးထားတာကတော့ Free to Air စနစ်နဲ့ ထုတ်လွှင့်ခွင့် ပေးထားတာပါ။ လက်ရှိ ဒီဈေးကွက်ထဲမှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား MRTV အုပ်စုဝင် ချယ်နယ်တွေ၊ တပ်မတော်ပိုင် မြဝတီ အုပ်စုဝင် ချယ်နယ်တွေ၊ ဖော်အဲဗားဂရုဖ်ရဲ့ MRTV-4၊ ရွှေသံလွင် မီဒီယာရဲ့ MNTV ရုပ်သံ၊ နောက်ထပ် ချယ်နယ်တွေ ဖြစ်တဲ့ Channel-7, Channel-9 တွေ ပါဝင်ကြပါတယ်။

ဒီ ရုပ်သံလုပ်ငန်း လုပ်ကိုင်သူတွေရဲ့ အဓိက ဝင်ငွေကတော့ ကြော်ငြာကနေ ရတာပါ။ ရုပ်သံလုပ်ငန်းတွေဟာ ထုတ်လုပ်မှု ကုန်ကျစရိတ်၊ ထုတ်လွှင့်မှု ကုန်ကျစရိတ်စတဲ့ စုစုပေါင်း ကုန်ကျစရိတ်ထက် ကျော်အောင် ကြော်ငြာဝင်ငွေကို ရှာနိုင်မှ အမြတ်အစွန်းရကြတာပါ။

လက်ရှိ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကနေ မီဒီယာတွေမှာ ကြော်ငြာထည့်သွင်းမှု ကုန်ကျစရိတ်ကို ပြန်တွက်ကြည့်ရင် အများပြည်သူ ကြည့်ရှုမှု အများဆုံးဖြစ်တဲ့ ရုပ်သံလုပ်ငန်းတွေမှာ ၈၀ ကနေ ၉၀ ရာခိုင်နှုန်းအထိ အသုံးပြုကြတယ်လို့ ဈေးကွက်သုတေသနတွေက ဆိုပါတယ်။ ကျန် ရာခိုင်နှုန်း နည်းနည်းလေးကိုသာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းလို ပုံနှိပ်မီဒီယာတွေက ရကြတာပါ။

အခု ပြန်ကြားရေးနဲ့ စာချုပ်ချုပ်ပြီး လုပ်ကိုင်ခွင့်ရမယ့် ချယ်နယ် ၅ ခုဟာ Free to Air စနစ်နဲ့ ထုတ်လွှင့်ကြရမှာမို့ သူတို့ရဲ့ အဓိကဝင်ငွေဟာ ကြော်ငြာကနေရတာ ဖြစ်ပါလိမ့်မယ်။ ဒီအတွက် လက်ရှိ MRTV ၊ မြဝတီ၊ MRTV-4၊ MNTV၊ Channel-7၊ Channel- 9 က ရနေတဲ့ ကြော်ငြာဈေးကွက်ထဲကနေ ဝေစုရအောင် လုပ်ကြရပါလိမ့်မယ်။

တိုင်းပြည်စီးပွားရေး ခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာရင် ကြော်ငြာဈေးကွက် ပိုကြီးလာမှာ ဖြစ်ပေမယ့် လက်ရှိ အခြေအနေ၊ လက်ရှိ ကြော်ငြာဈေးကွက်ကိုပဲ ဒီ ချယ်နယ် ၅ ခုက ဝင်ရောက် ခွဲဝေရယူကြရမယ့် သဘောဖြစ်ပါတယ်။ ဒီအတွက် အခု လုပ်ကိုင်ခွင့်ရလိုက်တဲ့ ကုမ္ပဏီတွေ စီးပွားရေးအရ တွက်ခြေ ကိုက်ပါ့မလားဆိုတာက မေးခွန်းထုတ်စရာပါ။

လက်ရှိ လုပ်ကိုင်ခွင့်ရသွားတဲ့ ကုမ္ပဏီတွေထဲမှာ မဇ္ဈိမ မီဒီယာကုမ္ပဏီဆိုရင် အွန်လိုင်း မီဒီယာပါ။ အရင် စစ်အာဏာရှင် အစိုးရလက်ထက်ကတည်းက အိန္ဒိယနိုင်ငံမှာ အခြေစိုက်ခဲ့တဲ့ မီဒီယာ တစ်ခုဖြစ်ပြီး နိုင်ငံတကာ အထောက်အပံ့တွေနဲ့ ရပ်တည်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် ပြည်တွင်းမှာ ဝင်ရောက် အခြေစိုက်ပြီး သတင်းစာနဲ့ ဂျာနယ် ထုတ်ဝေရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပေမဲ့ အောင်မြင်မှု မရခဲ့ပါဘူး။ အခုနောက်ပိုင်း ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကို အစီအစဉ်တချို့ ရိုက်ကူး တင်သွင်းနေတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

နောက်ထပ် မီဒီယာ အတွေ့အကြုံရှိတဲ့ ကုမ္ပဏီ တစ်ခုကတော့ ဒီဗီဘီ မာတီမီဒီယာ ဂရုဖ်ပါ။ ၁၉၈၈ နောက်ပိုင်း ပြည်ပရောက်သွားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ တည်ထောင်ခဲ့ပြီး လက်ရှိမှာလည်း ပြည်ပအခြေစိုက် ဂြိုဟ်တုစလောင်းစနစ်ကနေ ၂၄ နာရီ ရုပ်သံ ထုတ်လွှင့်နေတာမို့ အခု Free to Air စနစ်နဲ့ ထုတ်လွှင့်ရတော့လည်း သိပ်ပြီး အခက်အခဲ ရှိမယ့်ပုံ မပေါ်ပါဘူး။ ဒီအတွက် မဇ္ဈိမနဲ့ ဒီဗီဘီဟာ နိုင်ငံတကာ အထောက်အပံ့ရော၊ စီးပွားဖြစ် ပုံသဏ္ဍာန်ပါ ရောထွေးနေတဲ့အတွက် စီးပွားရေးသက်သက် ရပ်တည်ရမယ့် ချယ်နယ်တွေနဲ့ စာရင်တော့ ပိုပြီး တောင့်ခံနိုင်မယ့်သဘော ရှိနေပါတယ်။

တခြား ဒေါ်လာသန်းနဲ့ချီ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြမယ့် ကောင်းမြန်မာအောင်၊ Young Investment Group နဲ့ Fortune International လီမီတက်တို့ကတော့ ရင်းနှီးမြှုပ်နှံမှု အင်အား တောင့်တင်းပေမဲ့ တကယ့်ကို ကြော်ငြာဝင်ငွေတွေကနေ စီးပွားဖြစ် လုပ်ကိုင်နိုင်တဲ့ အခြေအနေအထိ ရောက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရမယ့် အခြေအနေ ရှိနေပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။ 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.