ရုပ်သံလုပ်ငန်းသစ်များကို မကြာမီ ခွင့်ပြုပေးရန်ရှိ

ဉာဏ်လှိုင်လင်း ရေးသားသည်။

ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်း လုပ်ငန်းသစ်များ ခွင့်ပြုပေးနိုင်ရန် နည်းလမ်းရှာဖွေနေပြီး နိုင်ငံပိုင် ရုပ်သံနှင့် သတင်းစာများမှတစ်ဆင့် မကြာမီအချိန်အတွင်း တရားဝင် ဖိတ်ခေါ်သွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်က Frontier ကို ပြောသည်။

“လျှောက်လွှာတင်စရာ မလိုဘူး။ အစည်းအဝေး ခေါ်မယ်ဆိုရင် လက်သိပ်ထိုးပြီး ခေါ်မှာမဟုတ်ဘူး။ လျှောက်လွှာ ခေါ်မယ်ဆိုရင်လည်း ကျယ်ကျယ်ပြန့်ပြန့် အသိပေးသွားမှာပါ။ အခုလကုန်ပိုင်း၊ ဒါမှမဟုတ် နောက်လဆန်းပိုင်းလို့ မှန်းထားတယ်” ဟု ၎င်းက ပြောသည်။

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်တွင် ပြည်ထောင်စု လွှတ်တော်က ပြဌာန်းခဲ့သည့်  ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေအပေါ် ကန့်ကွက်မှုများ ရှိနေသဖြင့် ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းနေစဉ်အတွင်း စိတ်ပါဝင်စားသူများ ဝင်ရောက်လုပ်ကိုင်နိုင်ရန် ဝန်ကြီးဌာနက ပြင်ဆင်နေခြင်း ဖြစ်သည်။

ယခုလဆန်းပိုင်းအတွင်း ရာထူးမှနှုတ်ထွက်သွားသည့် ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက ပြဋ္ဌာန်းပြီးဥပဒေ ပြန်လည် ပြင်ဆင်ရေး၊ နည်းဥပဒေ ရေးဆွဲရေး၊ ရုပ်သံကောင်စီ ဖွဲ့စည်းရေးတို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်၊ နိုင်ငံတကာ မီဒီယာဖွံ့ဖြိုးရေး အဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၅ ဦးပါဝင်သည့် အဖွဲ့ဖြင့် ဆောင်ရွက်ရန် သမ္မတရုံးသို့ တင်ပြထားသည်ဟု ၎င်းရာထူးမှမနှုတ်ထွက်မီ Frontier ကို ပြောကြားခဲ့ဖူးသည်။

လွန်ခဲ့သော ခြောက်နှစ်ခန့်မှစ၍ ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိက ရုပ်သံလွှင့်လုပ်ငန်းကို စီးပွားဖြစ် လုပ်ခွင့်ရထားသည့် စကိုင်းနက်မှ အထွေထွေမန်နေဂျာ ဦးရဲမင်းဦးက “ အကောင်းမြင်တယ်ဗျ။ ရေရှည်အတွက် အားလုံးအတွက် မျှခြေဖြစ်မယ့် မူဝါဒတွေပေါ်ထွက်လာနိုင်ဖို့ မျှော်လင့်တယ်” ဟု ဆိုသည်။ စကိုင်းနက်သည် လက်ရှိအချိန်တွင် အခပေးနှင့် အခမဲ့ ရုပ်သံလိုင်း ၁၀၀ ကျော်အား ထုတ်လွှင့်နေသည်။

ပုဂ္ဂလိက ရုပ်သံလုပ်ငန်းလုပ်ငန်းများ ထပ်မံခွင့်ပြုပါက လုပ်ကိုင်နိုင်ရန် ပြင်ဆင်မှုများပြုလုပ်နေသည့် Eleven Broadcasting ကို ဦးဆောင်နေသူ ဦးနေထွန်းနိုင်ကမူ “ မျှတတဲ့ ယှဉ်ပြိုင်မှုနဲ့ အခြေအနေကို လုပ်ပေးရမယ်။ လက်ရှိ လက်ဝါးကြီးအုပ်ထားတဲ့ ပုံစံကို ပြောင်းပေးမှ ဖြစ်မယ်”ဟု ပြောသည်။

လက်ရှိဥပဒေအရ ဥပဒေအတည်မပြုမီ ဆောင်ရွက်လျှက်ရှိသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများအား ဥပဒေအတည်ပြုပြီးသည့်နေ့မှ တစ်နှစ်အတွင်း လိုင်စင်လျှောက်ထားခွင့်ကို ပေးအပ်ထားသည်။

“ဥပဒေအရ ဘာမှလုပ်စရာမလိုဘဲနဲ့ အသာစီးရထားတယ်။ ကျန်တဲ့သူတွေ ရုန်းကန်နေရတဲ့အချိန်မှာ အေးအေးဆေးဆေးပဲ။ အခုလည်း ဆက်လွှင့်နေတယ်။ နောင်လည်း ဆက်လွှင့်နေတယ်” ဟု ဦးနေထွန်းနိုင်က ဝေဖန်သည်။

ထို့ပြင် လက်ရှိဥပဒေပါ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ သတ်မှတ်ချက်၊ လုပ်ငန်းလိုင်စင်ဆိုင်ရာ ကိစ္စများ၊ မြန်မာနိုင်ငံတွင် စုစုပေါင်းအသုံးပြုနိုင်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ လှိုင်းနှုန်းစဉ်နှင့် လျော်ညီသော လုပ်ပိုင်ခွင့်ရ လိုင်းအရေအတွက် ကန့်သတ်ချက်၊ အမျိုးသားရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီဟူ၍ ကြီးကြပ်မည့်အဖွဲ့အစည်းနှစ်ခု ဖြစ်နေခြင်းတို့ကို ပြင်ဆင်ရန်လိုသည်ဟုလည်း ၎င်းကပြောသည်။

လက်ရှိ ဥပဒေအရ ပုံနှိပ်လုပ်ငန်းနှင့် ရုပ်သံလုပ်ငန်းကို တစ်ဦးတည်း အလုံးစုံပိုင်ဆိုင်ခွင့်မရဘဲ ပူးတွဲလုပ်ကိုင်လိုပါက တစ်ခုကိုသာ ရာနှုန်းပြည့် ပိုင်ဆိုင်ခွင့်ရှိပြီး အခြားတစ်ခုကို ၃၀ ရာခိုင်နှုန်းသာ အများဆုံး ရင်းနှီးမြှပ်နှံနိုင်မည် ဖြစ်သည်။ သတင်းစာနှင့် ဂျာနယ်များထုတ်ဝေလျှက်ရှိသည့် Eleven Media Group မှ ဦးနေထွန်းနိုင်ကမူ ထိုသို့သော ကန့်သတ်ချက်များအစား ရာနှုန်းပြည့် ရင်းနှီးမြှပ်နှံနိုင်ခွင့်ကို ဝန်ကြီးဌာနထံ အဆိုပြုထားသည်ဟု ဆိုသည်။

ထို့အတူ မြန်မာနိုင်ငံတွင် လက်ရှိသုံးစွဲနိုင်သည့် လှိုင်းနှုန်းစဉ်အရ လိုင်း ၅၀ မှ ၆၀ ခန့်သာ ထုတ်လွှင့်နိုင်သည့် အခြေအနေတွင် အစိုးရနှင့် တပ်မတော်ပိုင် မီဒီယာများ၊ စီးပွားဖြစ်လုပ်ခွင့်ရပြီးဖြစ်သော စကိုင်းနက်နှင့် Forever တို့က လိုင်း ၄၀ ကျော် သုံးစွဲထားသည်ဖြစ်၍ တန်းတူ ယှဉ်ပြိုင်ခွင့်ရရေးအတွက် စိုးရိမ်ပူပန်သည်ဟု ၎င်းက ပြောသည်။

“လိုင်စင်တစ်ခုကို လိုင်းသုံးလိုင်းထက် မပိုစေရဆိုတာမျိုး လုပ်ပေးရင်ကောင်းမယ်လို့ ပြောထားတယ်။ Skynet တို့၊ MRTV 4 တို့ ရထားတဲ့ လိုင်းအရေအတွက်ကို ပြန်ပြီး တစ်ပြေးညီ သတ်မှတ်ပေးသင့်တယ်” ဟု ဦးနေထွန်းနိုင်က ပြောသည်။

Skynet မှ ဦးရဲမင်းဦးကမူ “တော်တော်များများက လက်ခံနိုင်တဲ့ အချက်တွေ များပါတယ်” ဟု လက်ရှိဥပဒေ အပေါ်မှတ်ချက်ပြုသည်။ သို့သော် လူမျိုးစုမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကြော်ငြာ၊ အများပြည်သူဝန်ဆောင်မှုအဖြစ် အသွင်ပြောင်းမည့် အစိုးရပိုင်ရုပ်သံများ၏ အခန်းကဏ္ဍဆိုင်ရာ ပြဋ္ဌာန်းချက်များကို ယခုထက်ပိုမို ပြည့်စုံ အောင်ပြင်ဆင်သင့်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။

လက်ရှိ ဥပဒေတွင် အများပြည်သူဝန်ဆောင်မှု၊ ဌာနပိုင်၊ စီပွားရေး၊ စီးပွားဖြစ်မဟုတ်သော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများ၊ အစီအစဉ် ဖြန့်ဖြူးရေးဝန်ဆောင်မှုလုပ်ငန်းဟူ၍ လုပ်ကိုင်ခွင့် လိုင်စင်ငါးမျိုးကို သတ်မှတ်ထားသည်။

မြန်မာနိုင်ငံတွင် အစိုးရပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ တပ်မတော်ပိုင် မြဝတီ၊ ဥပဒေမပြဋ္ဌာန်းမီကပင် စီးပွားဖြစ် ကနဦးလုပ်ကိုင်ခွင့်ရထားသည့် Skynet နှင့် Forever ကုမ္ပဏီတို့၏ အခမဲ့၊ အခပေး ရုပ်သံလိုင်းများ ထုတ်လွှင့်ပြသလျှက်ရှိသည်။ ရေဒီယိုကဏ္ဍတွင်မူ အစိုးရပိုင်အပြင် ဥပဒေမပြဋ္ဌာန်းမီကပင် စီးပွားဖြစ် လုပ်ကိုင်ခွင့်ရထားသည့် ပုဂ္ဂလိက အက်ဖ်အမ်ရေဒီယိုလိုင်း ခြောက်ခုရှိသည်။

ရုပ်သံထုတ်လွှင့်ရန် စိတ်ဝင်စားသော အခြား မီဒီယာတို့မှာမူ တရားဝင်လုပ်ကိုင်ခွင့် မရသေးပေ။ ထို့ကြောင့် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)က ဂြိုလ်တုစနစ်ကိုသုံး၍ လည်းကောင်း၊ အခြားသော ပြည်တွင်းနှင့် ပြည်ပအခြေစိုက် မီဒီယာများက အင်တာနက်ကို အသုံးပြ၍လည်းကောင်း ရုပ်သံအစီအစဉ်များ တင်ဆက်နေကြသည်။

လုပ်ငန်းသစ်များ ခွင့်ပြုပေးမည့် အစီအစဉ်မှာ မေလကုန်ပိုင်း၌ နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ရုပ်သံလွှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲမှ စတင်ခဲ့ခြင်းဖြစ်သည်။

“စည်းမျဉ်းစည်းကမ်းတွေ ပြည့်ပြည့်စုံစုံ ချမှတ်ဆောင်ရွက်နိုင်ခြင်း မရှိသေးခင် ကြားကာလအတွင်းမှာ ရုပ်သံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခွင့်အလမ်း တန်းတူညီမျှရှိရေးကို ဖြစ်နိုင်သမျှ အကောင်းဆုံးဆောင်ရွက်နိုင်မယ့် နည်းလမ်းရှာဖွေမှာပါ”ဟု ဝန်ကြီး ဒေါက်တာဖေမြင့်က အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.