အင်န်အယ်လ်ဒီအစိုးရလက်ထက် သတင်းမီဒီယာလွတ်လပ်ခွင့် တိုးတက်လာရဲ့လား

ဦးသိန်းစိန်အစိုးရလက်ထက် သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အနေအထားကောင်းဟာ အင်န်အယ်လ်ဒီအစိုးရ တက်လာတဲ့အခါ တစစ မှေးမှိန်သွားခဲ့ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အခုရက်ပိုင်း ပြည်တွင်းပြည်ပက အထူးစိတ်ဝင်စားနေတဲ့ အကြောင်းအရာတစ်ခု ပြောပါဆိုရင် ယူကေနိုင်ငံ၊ လန်ဒန်အခြေစိုက် နိုင်ငံတကာသတင်းဌာနကြီးဖြစ်တဲ့ရိုက်တာက သတင်းထောက် နှစ်ယောက် အဖမ်းခံရတဲ့သတင်း ဖြစ်မှာပါ။

ဒီသတင်းထောက် နှစ်ယောက် အဖမ်းခံရတဲ့ကိစ္စဟာ သမားရိုးကျ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပြီးဖြစ်သလို ပြည်တွင်းက သတင်းမီဒီယာသမားတွေကလည်း အဲဒီလိုပဲ ကျယ်ကျယ်ပြန့်ပြန့် ထင်မြင်ယူဆနေကြပါတယ်။ သိပ်မကြာသေးခင်တုန်းကလည်း တူရကီနိုင်ငံ TRTသတင်းဌာနအတွက် အလုပ်လုပ်ပေးနေတဲ့ စင်ကာပူ၊ မလေးရှားက သတင်းထောက် နှစ်ယောက်နဲ့ မြန်မာစကားပြန် တစ်ယောက် နေပြည်တော်မှာ အဖမ်းခံ၊ ထောင်ချခံ၊ နောက်ထပ်အမှုတွေ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဒီလိုအမှုတွေ ပေါ်ပေါက်လာပြီးနောက်ပိုင်း တစ်ဆက်တည်း ထွက်ပေါ်လာတဲ့မေးခွန်းကတော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့် တိုးတက်လာသလား၊ ဆုတ်ယုတ်နေသလားဆိုတာပါ။ တပြိုင်နက်တည်း သတင်းမီဒီယာ လုပ်ငန်းတွေနဲ့ဆိုင်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဝန်ကြီးကရော ဒီအခြေအနေမှာ ဘာလုပ်နေသလဲဆိုတဲ့ ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာနေပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း လေ့လာ ဆွေးနွေးကြည့်ကြရအောင်ပါ။

လက်ရှိ အင်န်အယ်လ်ဒီအစိုးရလက်ထက် သတင်းမီဒီယာ လွတ်လပ်ခွင့် တိုးတက်မှုရှိမရှိဆိုတာ သိရအောင် အရင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က အခြေအနေနဲ့ နည်းနည်းပါးပါး နှိုင်းယှဉ်ကြည့်ဖို့လိုပါတယ်။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အရင် စစ်အာဏာရှင်တွေလက်ထက်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုတာ လုံးဝမရှိခဲ့ပါဘူး။

ဘာပဲလွှင့်လွှင့်၊ ဘာပဲထုတ်ထုတ် ဆင်ဆာအဖွဲ့ဆီ ကြိုတင်၊ ခွင့်ပြုချက်ရမှ ထုတ်ရ၊ လွှင့်ရတာပါ။ နိုင်ငံရေး၊ ပြည်တွင်းစစ်၊ တပ်မတော်၊ တိုင်းရင်းသား ပြဿနာ၊ မူးယစ်ဆေးဝါး အစရှိတဲ့အကြောင်းအရာတွေဆို လုံးဝ ရေးသားထုတ်လွှင့်တာမျိုး မလုပ်ရရုံမက တခြားအသေးအမွှား အကြောင်းအရာတွေကိုတောင် ဆင်ဆာက ပိတ်ဆိုပိတ်၊ ဖြတ်ဆိုဖြတ်၊ ပြင်ဆိုပြင်မှ ထုတ်ဝေ၊ ထုတ်လွှင့်နိုင်တဲ့ အနေအထားပါ။

၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း သူတို့ကိုယ်တိုင် ဖြေလျှော့မှုတချို့ လုပ်ပေးဖို့ ပြင်ဆင်နေချိန် သတင်းမီဒီယာသမားတွေရဲ့ သတင်းလွတ်လပ်ခွင့်ရဖို့ တောင်းဆိုတိုက်ပွဲဝင်မှု ပြင်းထန်လာပါတယ်။ ဒီလိုနဲ့ ၂၀၁၂ ခုနှစ် ဇွန်လမှာ စာပေစိစစ်ရေးကို ဖျက်သိမ်းပေးလိုက်တဲ့အခြေအနေအထိ တိုးတက်လာပါတယ်။

အရင်အစိုးရလက်ထက်က မပြီးပြတ်ခဲ့တဲ့ ပုဂ္ဂလိကကို ရုပ်သံနဲ့ ရေဒီယိုလုပ်ငန်း လုပ်ကိုင်ခွင့်ပေးမယ့်ကိစ္စတွေ၊ ပြန်ကြားရေးဝန်ကြီးဌာနကို အစိုးရထိန်းချုပ်မှုအောက်ကနေ လွတ်လပ်တဲ့ဘုတ်အဖွဲ့ လက်အောက်မှာထားမယ့် PSM ပြောင်းမယ့်ကိစ္စတွေ၊ သတင်းသိပိုင်ခွင့်ဥပဒေ ပေါ်ပေါက်လာဖို့ လုပ်ကိုင်တာတွေ ဘာတစ်ခုမှ မကြားကြရတော့ပါဘူး။

၂၀၁၃ ဧပြီလမှာတော့ ဆယ်စုနှစ်နဲ့ချီ ပိတ်ပင်ထားတဲ့ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ပုဂ္ဂလိကကို လုပ်ခွင့်ပေးခဲ့ပါတယ်။ ပြောရရင် ဒါဟာ မြန်မာနိုင်ငံ သတင်းမီဒီယာလောကအတွက် အလွန်ကြီးမားတဲ့ အပြောင်းအလဲ၊ သမိုင်းဝင်လို့ ပြောနိုင်မယ့် ကိစ္စကြီးတွေပါ။

တပြိုင်နက်တည်း သတင်းမီဒီယာသမားတွေဟာ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနကို ဖျက်သိမ်းဖို့အထိ တောင်းဆိုကြပါတယ်။ ဒါပေမဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ဦးဆောင်ပြီး ပြန်ကြားရေးဝန်ကြီးဌာနကို အစိုးရ ထိန်းချုပ်မှုအောက်ကနေ လွတ်လပ်တဲ့ဘုတ်အဖွဲ့တစ်ခုက ကိုင်တွယ်နိုင်မယ့် Public Services Media, PSM လို့ခေါ်တဲ့ ပြည်သူကိုဝန်ဆောင်မှုပေးတဲ့ မီဒီယာလုပ်ငန်းကြီးအဖြစ် တဖြည်းဖြည်း ပြောင်းနိုင်အောင် ကြိုးစားမယ့် လှုပ်ရှားမှုတစ်ခု ဖော်ဆောင်ခဲ့ပါတယ်။

အင်န်အယ်လ်ဒီအစိုးရ တက်လာချိန်အထိ အဲဒီလုပ်ငန်း မစတင်နိုင်ခဲ့ပါဘူး။ သူတို့လက်ထက်မှာပဲ ရုပ်သံလုပ်ငန်းဆိုင်ရာ ဥပဒေတစ်ခု ပြဋ္ဌာန်းနိုင်ခဲ့ပါသေးတယ်။ ဥပဒေအရ ရုပ်သံနဲ့ ရေဒီယိုလုပ်ငန်းတွေကို ပုဂ္ဂလိကတွေ လွတ်လွတ်လပ်လပ် ဝင်ရောက်လုပ်ကိုင်ခွင့် ရရမှာဖြစ်ပေမဲ့ နည်းဥပဒေ ထွက်မလာတာကြောင့် အဲဒီဥပဒေ အသက်မဝင်ခဲ့ပါဘူး။

ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ကာနီးမှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ သတင်းမီဒီယာသမားတွေပေါင်းပြီး သတင်းသိပိုင်ခွင့် ဥပဒေ Right to Information Law တစ်ခု ရေးဆွဲဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ ဒါလည်း အပြီးမသတ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ အင်န်အယ်လ်ဒီအစိုးရတက်လာ၊ ပြန်ကြားရေးဝန်ကြီးဌာနကို ဒေါက်တာဖေမြင့် တာဝန်ယူရတဲ့အခြေအနေ ဖြစ်လာပါတယ်။

ဒါပေမဲ့ ထူးဆန်းတာက အင်န်အယ်လ်ဒီအစိုးရ တက်လာချိန်မှာ အရင်အစိုးရလက်ထက်က မပြီးပြတ်ခဲ့တဲ့ ပုဂ္ဂလိကကို ရုပ်သံနဲ့ ရေဒီယိုလုပ်ငန်း လုပ်ကိုင်ခွင့်ပေးမယ့်ကိစ္စတွေ၊ ပြန်ကြားရေးဝန်ကြီးဌာနကို အစိုးရထိန်းချုပ်မှုအောက်ကနေ လွတ်လပ်တဲ့ဘုတ်အဖွဲ့ လက်အောက်မှာထားမယ့် PSM ပြောင်းမယ့်ကိစ္စတွေ၊ သတင်းသိပိုင်ခွင့်ဥပဒေ ပေါ်ပေါက်လာဖို့ လုပ်ကိုင်တာတွေ ဘာတစ်ခုမှ မကြားကြရတော့ပါဘူး။

ဒီကြားထဲ ပြန်ကြားရေးဝန်ကြီးဌာနဟာ သူပိုင်ရုပ်သံလွှင့် ပလက်ဖောင်းကနေ ချယ်နယ်အသစ် ၅ ခု လုပ်ဖို့ ခွင့်ပြုပေးလိုက်ပေမဲ့ ပုဂ္ဂလိကကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးလိုက်တာမျိုးတော့ မဟုတ်ပါဘူး။ အဲဒီ ရုပ်သံချယ်နယ် လုပ်မယ့်သူတွေဟာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်ရမှာဖြစ်ပြီး စာချုပ်ပါအချက်တွေကို ချိုးဖောက်ရင် ပြန်ကြားရေးဝန်ကြီးဌာနကနေ အဲဒီရုပ်သံလွှင့်ခွင့် ပြန်ရုပ်သိမ်းတာမျိုးအထိ လုပ်ပိုင်ခွင့် ယူထားမယ့် အခြေအနေမျိုး ရှိနေပါတယ်။ မလွတ်လပ်တာ၊ နောက်ထပ် ချယ်နယ် ၅ ခုဟာ ရှိပြီးသား ကြော်ငြာဝေစုတွေကို အပြိုင်အဆိုင် ခွဲဝေရယူနိုင်အောင် ကြိုးစားရမှာစတဲ့ ပြဿနာတွေကြောင့် လုပ်မယ့်ကိုင်မယ့်သူတွေ သိပ်မတက်ကြွသလို ဒါကို သတင်းလွတ်လပ်ခွင့် တိုးတက်လာမှုလို့လည်း ယူဆလို့မရနိုင်ပါဘူး။

ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် လက်ထက်မှာ တိုးတက်လာတာဆိုလို့ ပုံနှိပ် စာအုပ်၊ စာစောင် ထုတ်ဝေမှုမှာပဲ ရှိပါတယ်။ ဘယ်လိုစာပေမျိုးမဆို လွတ်လွတ်လပ်လပ် ရေးသားထုတ်ဝေခွင့် ရလာသလို၊ ရေးသားထုတ်ဝေဖို့လည်း အားပေးတာတွေ့ရပါတယ်။ အကြောင်းကတော့ ပြန်ကြားရေးဝန်ကြီးကိုယ်တိုင် စာရေးဆရာ၊ ဘာသာပြန်ဆရာနဲ့ ထုတ်ဝေသူ တစ်ယောက် ဖြစ်ခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဦးဖေမြင့်ဟာ သူ့လက်ထက်မှာ စာအုပ်ဈေးရောင်းပွဲတွေ၊ စာပေပွဲတော်တွေ၊ စာပေညီလာခံတွေ၊ ကလေးစာပေပွဲတော်တွေ၊ အစိုးရက ငွေကြေးစိုက်ထုတ်ပြီး စာအုပ် ၁၀၀ ထုတ်ဝေရေး လှုပ်ရှားမှုစတာတွေ လုပ်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ သတင်းမီဒီယာလုပ်ငန်း လွတ်လပ်ခွင့်နဲ့ သိပ်ပြီးသက်ဆိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါ့အပြင် တပ်မတော်နဲ့ တပ်မတော်က ထိန်းချုပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနဘက်ကတော့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဟန့်တားထိန်းချုပ်ရာရောက်တဲ့ လှုပ်ရှားမှုတွေကတော့ အရင် အစိုးရလက်ထက်ကနဲ့မတူ လုပ်လာတာ တွေ့မြင်နေရပါတယ်။

အဲဒီအထဲမှာ သတင်းမီဒီယာတွေကို တပ်မတော်က တရားစွဲတာ၊ သတင်းထောက်တွေကို သူပုန်အဖွဲ့နဲ့ ဆက်သွယ်လို့၊ ခွင့်ပြုချက်မယူဘဲ ဒရုန်းလွှတ်တင်ဖို့ ကြံစည်လို့၊ ရဲမှတ်တမ်းတွေ တရားမဝင် လက်ခံရယူလို့ဆိုပြီး သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာ လုပ်လာတဲ့အထိပါပဲ။ ဒါတွေအားလုံးကို အစိုးရဘက်က လက်ပိုက်ကြည့်နေရတဲ့ အနေအထားမျိုး မြင်တွေ့နေရပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့် တိုးတက်မလာတဲ့အပြင် ဆုတ်ယုတ်သွားတဲ့အခြေအနေမျိုးကိုပါ မြင်တွေ့နေရကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.