ကျားမတန်းတူညီမျှရေးနှင့် လျစ်လျူရှုခံ အမျိုးသားတို့၏ စကားသံများ

ကျားမတန်းတူညီမျှရေး ဆွေးနွေးပွဲများတွင် အမျိုးသားများ၏ အရေးပါသော အမြင်စကားသံများကို မြန်မာနိုင်ငံ၌ ကျင်းပသည့် ဆွေးနွေးပွဲများတွင် အမြဲလိုလို ချောင်ထိုးခံနေရသည်။

ခင်ချမ်းမြေ့မောင် ရေးသားသည်။

အမျိုးသမီးများ၏ အခွင့်အရေးတိုက်ပွဲသည် မျက်နှာစာပေါင်းစုံတွင် ဖြစ်ပေါ်နေသော တိုက်ပွဲ ဖြစ်သည်။ အဖွဲ့အစည်းဆိုင်ရာ အတားအဆီးများ၊ လူမှုရေး တားမြစ်ချက်များ၊ သို့မဟုတ် အမျိုးသမီးပြဿနာများအပေါ် အလေးမထားသည့် သဘောထားအမြင်များမရှိပါက အမျိုးသမီးအခွင့်အရေး တောင်းဆိုသူများကို “ယောက်ျားမုန်းသူများ” အဖြစ် ကင်ပွန်းတပ်ကြသည်။ အမျိုးသမီးအခွင့်အရေး အယူအဆနှင့် အမျိုးသမီးအခွင့်အရေး တောင်းဆိုသူများကို အချို့က “ ကုမ္မာရီနာဇီများ” အဖြစ် သဘောထားကြပြီး ယောကျ်ားများအား လွှမ်းမိုးချုပ်ကိုင်လိုသူများအဖြစ် စွပ်စွဲကြသည်။

သို့ရာတွင် ယင်းမှာ အဓိကအချက် မဟုတ်ချေ။ ပို၍အရေးပါသည်မှာ ကျားမကွဲပြားမှုကို ဖွဲ့စည်းမှုဆိုင်ရာ အဆင့်အတန်း တစ်ခုအဖြစ် သဘောထားပါက ကျားမတန်းတူညီမျှရေး အယူအဆသည် လူအုပ်စုတစ်စုအပေါ် ရန်လိုသော သဘောထားရှိခြင်းထက် ပို၍ရှုပ်ထွေးသည်။ အမှန်စင်စစ် ယင်းလှုပ်ရှားမှုမျိုးသည် တိုက်ခိုက်ခံရသည်ဟု တစ်ဘက်က ခံစားမိပါက နားလည်ရန် ခက်ခဲနိုင်ပြီး လက်ခံဖို့ရန်မူ ပို၍ခက်ခဲတတ်သည်။                

ဝမ်းနည်းဖွယ်ကောင်းသည်မှာ ယောကျ်ားများက သူတို့ တိုက်ခိုက်ခံနေရသည်၊ သို့မဟုတ် ကျားမတန်းတူညီမျှရေး ဆွေးနွေးပွဲများမှာ သူတို့ လူရာသွင်းမခံရဟု ယူဆနေခြင်းဖြစ်သည်။ ပင်ကိုယ်အားဖြင့် ယောက်ျားများသည် အခွင့်အာဏာ၊ သို့မဟုတ် အခွင့်ထူးကို စွန့်လွှတ်ရမည်စိုး၍ မိန်းမများကို တန်းတူရည်တူအဖြစ် လက်ခံရန်ဆန္ဒမရှိခြင်းဖြစ်သည်ဟူသောအချက်ကို ကျွန်မ ငြင်းချက်ထုတ်လိုသည်။ သို့ရာတွင် တန်းတူညီမျှမှုနှင့်ပတ်သက်၍ အများပြည်သူအကြား ပြောဆိုဆွေးနွေးကြသောအခါ ယောက်ျားများနှင့် ယောက်ျားများ၏ ပြဿနာများကို မကြာခဏ ဥပေက္ခာပြုထားသောကြောင့်ဖြစ်သည်။

အမျိုးသားများ၏ ပြဿနာကို မသိကျိုးကျွန်ပြုထားသည်၊ ထိုက်သင့်အားလျော်စွာ အသိအမှတ်ပြုမခံရဟူသော ခံယူချက်ကြောင့် ယောက်ျားအချို့အကြား ခံပြင်းမှုများ ကြီးထွားလျက်ရှိသည်။ သို့ရာတွင် ယင်းမှာ အမျိုးသမီးများ တန်းတူအခွင့်အရေး ရှိရမည်ဟူသော အယူအဆကြောင့်မဟုတ်၊ ယောက်ျားများသည် လူ့အဖွဲ့အစည်းအတွင်း၌ မည်သို့ရပ်တည်ရမည်ဟု ရှည်ကြာလေးမြင့် စွဲမြဲလာသော ယုံကြည်ယူဆချက်ကြောင့်သာ ဖြစ်သည်။

အခြားလူ့အဖွဲ့အစည်းများကဲ့သို့ပင် မြန်မာလူ့အဖွဲ့အစည်းတွင်လည်း ယောကျ်ားများသည် သန်မာရမည်၊ စိတ်ခံစားမှု ကင်းရမည်၊ တခါတရံ တုံးတိုက်တိုက် ကမ်းတိုက်တိုက် လုပ်ရဲရမည်ဟု ယူဆထားကြသည်။ ‘ယောက်ျားကောင်း’ ဖြစ်ရမည်ဟူသော မျှော်လင့်ချက်များက အမျိုးသားများအပေါ် ကျရောက်လျက်ရှိသည်။ ယောက်ျားတစ်ယောက်က “ရှေ့မှမားမားမတ်မတ်ရပ်” ရန် လိုအပ်သည့် အခြေအနေမျိုးတွင် ယင်းဂုဏ်ပုဒ်က သူ့ကို ဆင်ထူးခတ်ခံရသည့် အနေအထားမျိုးသို့ ရောက်စေတတ်သည်။ “တကယ့်ယောက်ျား” ဟု လူ့အဖွဲ့အစည်းက အဓိပ္ပာယ်ဖွင့်ဆိုမှုသည် အမျိုးသားများ ရင်ဆိုင်နေရသော အဖွဲ့အစည်း၊ ဆေးပညာနှင့် လူမှုရေးဆိုင်ရာ ပြဿနာများကို ကျွန်မတို့ မမြင်ရအောင် တိမ်သလ္လာဖုံးစေတတ်သည်။

ထို့အပြင် အခြားဖွင့်ဆိုချက်များစွာ ရှိနေသေးသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ မြန်မာလူမျိုးများ၏ မွေးစအရွယ်မှ မျှော်မှန်းသက်တမ်း life expectancy at birth မှာ ၂၀၁၅ ခုနှစ်က ၆၆ ဒသမ ၆ နှစ်ရှိပြီး မိန်းမများအတွက် ၆၈ ဒသမ ၅နှစ်နှင့် ယောကျ်ားများအတွက် ၆၄ ဒသမ ၅ နှစ်ဖြစ်သည်။ အသက် ၆၀ ရောက်ပြီးနောက် ကျားမ နှစ်ခုစလုံး၏ မျှော်မှန်းသက်တမ်း life expectancy မှာ ၁၆ ဒသမ ၈ နှစ်ဖြစ်ပြီး ယောကျ်ားအတွက် ၁၅ ဒသမ ၇ နှစ်နှင့် မိန်းမများအတွက် ၁၇ ဒသမ ၆ နှစ်ဖြစ်သည်။

ယောကျ်ားနှင့် မိန်းမကိန်းဂဏန်း ကွာခြားချက် အဘယ့်ကြောင့် ဤမျှကြီးမားနေပါသနည်းဟူသော မေးခွန်းမှာ အရေးပါသော မေးခွန်းဖြစ်သည်။

ဆေးကုသမှု ခံယူရာတွင်လည်းကောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရင်းနှီးမြှုပ်နံှရာတွင်လည်းကောင်း ယောက်ျားများက မိန်းမများအောက် နည်းပုံရကြောင်း ၂၀၁၁ ခုနှစ်က ထုတ်ဝေသည့် Journal of Health and Social Behavior – JHSB သုတေသနစာစောင်တွင် ဖော်ပြသည်။ ကိုယ်ကျန်းမာရေးနှင့် စိတ်ကျန်းမာရေးတို့အတွက် အကူအညီရယူခြင်းကို မလိုအပ်သော အားနည်းချက် လက္ခဏာတစ်ခုအဖြစ် ယောကျ်ားအချို့က ရှုမြင်ထားကြသည်။ အများစုက ပြဿနာများ အလိုလိုပြီးဆုံးသွားသည်ထိ “ကြိတ်မှိတ်ခံ” ကြသည်။ မိမိတို့၏ လိင်ပိုင်းဆိုင်ရာကိစ္စများကို ကန့်သတ်ချုပ်ချယ်ခံရမည်စိုးကြသည့်အတွက် ယောက်ျားများသည် သူတို့ဆန္ဒအရ ရောဂါစစ်ဆေးခံယူမှုကို ရှောင်တတ်ကြကြောင်း JHSB က ထုတ်ပြန်သည့် အိပ်ချ်အိုင်ဗီ/ အေ့ဒ်စ်ရောဂါ HIV/AIDS ဆိုင်ရာ လေ့လာချက်စာတမ်း၌ ဖော်ပြသည်။

အထူးသဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ပြနေ ယောကျ်ားများ၏ အရက်သောက်သုံးမှုနှင့် အရက်စွဲရောဂါ ပျံ့နှံ့မှုမှာ မြင့်မားနေကြောင်း ရန်ကုန်ဆေးတက္ကသိုလ်(၁)၏ ရောဂါကာကွယ်ရေးနှင့်လူမှုဆေးပညာဌာနမှ ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်သော လေ့လာမှုအရ သိရသည်။

ယင်းအချက်အလက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၀၁၇ ခု၊ မတ်လ၌ ထုတ်ပြန်သော ၂၀၁၅-၁၆ ခုနှစ် လူဦးရေနှင့် ကျန်းမာရေးစစ်တမ်းတွင်လည်း ဖော်ပြထားရာ စီးကရက်သောက်သုံးသော ယောကျ်ားဦးရေမှာ ၃၂ ရာခိုင်နှုန်းရှိပြီး မိန်းမဦးရေမှာ နှစ်ရာခိုင်နှုန်းသာရှိကြောင်း ဆိုသည်။ အရက်နှင့် ဆေးရွက်ကြီးဆိုင်ရာ မူဝါဒများကို ပိုမိုတင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ရန် ယင်းလေ့လာချက် အစီရင်ခံစာ၌ ရန်ကုန်ဆေးတက္ကသိုလ်မှ သုတေသီတို့က အစိုးရတာဝန်ရှိသူများအား တိုက်တွန်းထားသည်။

အရေးပါပြီး မှတ်သားထိုက်သည့် နောက်တစ်ချက်မှာ မြန်မာနိုင်ငံရှိ ယောကျ်ားအများစုကြီးမှာ ကျွမ်းကျင်မှုမလိုသည့် ကာယအလုပ်များကို လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ စစ်တမ်းတွင် မိန်းမ ၁၂,၈၈၅ ဦးနှင့် ယောကျ်ား ၄,၇၃၇ ဦးကို တွေ့ဆုံမေးမြန်းထားရာ အချိုးအစားအားဖြင့် ညီမျှမှု မရှိသည်ကို တွေ့ရသည်။ ယင်းသို့ဖြစ်ရသည်မှာ စစ်တမ်းကောက်ယူသော ဒေသရှိ အမျိုးသားများမှာ အလုပ်အကိုင်အတွက် မိသားစုနှင့်ဝေးရာသို့ ရောက်ရှိနေသောကြောင့်ဖြစ်မည်ဟု လေ့လာရေးအဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံတွင် ယောက်ျားသားများက မိသားစုစားဝတ်နေရေးအတွက် အန္တရာယ်များသော လုပ်ငန်းခွင်၌ လုပ်ကိုင်ကြရမည့်အရေးကို ပုံမှန်ဖြစ်ရိုးဖြစ်စဉ်သဖွယ် လက်ခံထားတတ်ကြသည်။ ဓာတ်ပုံ - သိမ့်မွန်စိုး(ဂျေ)

မြန်မာနိုင်ငံတွင် ယောက်ျားသားများက မိသားစုစားဝတ်နေရေးအတွက် အန္တရာယ်များသော လုပ်ငန်းခွင်၌ လုပ်ကိုင်ကြရမည့်အရေးကို ပုံမှန်ဖြစ်ရိုးဖြစ်စဉ်သဖွယ် လက်ခံထားတတ်ကြသည်။ ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

တွေ့ဆုံမေးမြန်းခဲ့သော အမျိုးသားများအနက် ၃၁ ရာခိုင်နှုန်းမှာ လုပ်ငန်းကျွမ်းကျင်မှု မလိုသော ကာယလုပ်ငန်းများ၌ လုပ်ကိုင်နေကြပြီး ၂၉ ရာခိုင်နှုန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေသူများ ဖြစ်ကြသည်။ ၁၀ ရာခိုင်နှုန်းသာ သက်မွေးဝမ်းကျောင်းပညာ၊ သို့မဟုတ် စာရေးစာချီလုပ်ငန်း ဆောင်ရွက်နေသူများ ဖြစ်ကြသည်။ အထူးသဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ မူဝါဒများ လွန်စွာအားနည်းသော မြန်မာနိုင်ငံကဲ့သို့ နိုင်ငံမျိုးတွင် ကျွမ်းကျင်မှုမလိုသည့် ကာယလုပ်ငန်းများ၌ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စွန့်စားရမှုများ အထူးတလည် များပြားလှသည်။

အန္တရာယ်ဖြစ်ရန် အလားအလာများသော လုပ်ငန်းများ၌ အမျိုးသားများ လုပ်ဆောင်နေခြင်းသည် လူ့အဖွဲ့အစည်းအတွင်း၌ စံနှုန်းသတ်မှတ်ချက် တစ်ခုနှယ် ဖြစ်လာသည်။ ယင်းအယူအဆများနှင့် အသားကျနေသဖြင့် ကျွန်မတို့သည် ဤအချက်ကို စောဒကမတက်ဘဲ လက်ခံထားကြသည်။ သို့ရာတွင် ယောက်ျားက ပင်ပန်းသော ကာယလုပ်ငန်းတွေကို လုပ်ရမည်ဖြစ်သကဲ့သို့ မိသားစုအတွက် တစ်ဦးတည်းသော ရှာဖွေကျွေးသူဟူသော အယူအဆ၊ ကျန်းမာရေးကိစ္စများကို လျစ်လျူရှုပြီး မိမိကိုယ်ကို ဂရုမစိုက်ဘဲ နေရမည်မှာ ထုံးစံပါပဲဟူသော အယူအဆ၊ မိမိတို့ စိတ်လှုပ်ရှားမှု၊ ထိခိုက်နာကျင်မှုများ ထုတ်ဖော်ခွင့်ကို လက်မခံသော အယူအဆတို့ကို စောဒကတက်ခဲ့လျှင်ကော။ ယောကျ်ားများအရက်၊ ဆေးလိပ်နှင့် မူးယစ်ဆေးဝါးသုံး စွဲနေခြင်းကို လူ့အဖွဲ့အစည်းက လက်ပိုက်ကြည့်နေပြီး “ယောကျ်ားက ယောကျ်ားလိုနေမှာပေါ့ ” ဟု အဘယ့်ကြောင့် လွှတ်ထားကြပါသနည်း။

အကယ်တန္တု မိန်းမများ၏ လူမှုဘဝ သာယာဝပြောရေးနှင့် တန်းတူညီမျှရေးအတွက် ကျွန်မတို့ တိုက်ပွဲဝင်လိုပါက ယောကျ်ားများ၏ ဘဝသာယာဝပြောရေးအတွက်လည်း အဘယ့်ကြောင့် အကာအကွယ် မပေးနိုင်ရပါသနည်း။ ဒုက္ခရောက်နိုင်မည့် အခန်းကဏ္ဍမျိုးကို ဆောင်ရွက်ရန် ယောကျ်ားကို စေခိုင်းရတော့မည့်အခါ  “ယောကျ်ားရင့်မာကြီး” ဟု ပုဂ္ဂိုလ်ရေးကိုးကွယ်မှုမျိုးကို အဘယ့်ကြောင့် ကျွန်မတို့ စောကြောဝေဖန်မှု မပြုကြပါသနည်း။

၎င်းတို့၏ ကိုယ်ကျန်းမာရေးနှင့် စိတ်ကျန်းမာရေးကို ပိုမိုဂရုစိုက်ကြရန် ယောကျ်ားများကို အားပေးမည်ဆိုပါက ဘာများ ဖြစ်လာမည်နည်း။ ငိုယိုအကူအညီ တောင်းတတ်အောင် ကျားမ မရွေးကလေးများအားလုံးကို သင်ပေးပါက ဘာတွေဖြစ်လာမည်နည်း။ ၎င်းတို့၏ ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင် အခြေအနေများအကြောင်း မိန်းမများကိုသာ သင်ပေးရုံမဟုတ်ဘဲ ယောကျ်ားများကိုလည်း အလားတူ သတိထားတတ်အောင် သင်မပေးသင့်ပေဘူးလား။

မိန်းမဖြစ်ရသည်ကို ကျွန်မတို့မေးခွန်းထုတ်လျက်ရှိသကဲ့သို့ ‘ယောကျ်ားကောင်း’ ဟူသောအယူအဆကိုလည်း  ကျွန်မတို့ ဝေဖန်ဆန်းစစ်ရန် လိုပေသည်။ ကျွန်မတို့သည် အခွင့်အရေး တန်းတူရရှိရန် တိုက်ပွဲဝင်နေကြခြင်း မဟုတ်ဘဲ ၎င်းအယူအဆကို ကိုင်စွဲထားသည့် အဖွဲ့အစည်းများကိုလည်း တိုက်ခိုက်နေခြင်းဖြစ်သည်ကို အသိအမှတ်ပြုရန် အရေးကြီးပေသည်။ ယောက်ျားများက အန္တရာယ်ပေးနိုင်သည့်အတွက် ညအချိန်တွင် အပြင်မထွက်ရန် အမျိုးသမီးငယ်များအား တားမြစ်သူသည် လိင်ပိုင်းဆိုင်ရာ အဓမ္မကျင့်သူများဖြစ်လာအောင် ယောကျ်ားကလေးများအား သင်ကြားပေးသူပင်ဖြစ်သည်။ အနည်းဆုံး အားပေးသူများဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ယောကျ်ားဖြစ်ရခြင်းနှင့်ဆိုင်သည့် ပြဿနာများကို အသိအမှတ်မပြုပါက ကျားမတန်းတူညီမျှရေး ပြဿနာကို ဖြေရှင်းရာတွင် ကျွန်မတို့ ရှေ့သို့တက်လှမ်းနိုင်မည် မဟုတ်ပေ။ ကျားမတန်းတူညီမျှရေး ဆွေးနွေးပွဲများတွင် ယောကျ်ားများကို ဘေးဖယ်ထားပြီး မိန်းမများ၏ အခွင့်အရေးသက်သက်ကိုသာ တောင်းဆိုရမည့်အချိန် မဟုတ်ဘဲ ကျားမလိင်ကွဲပြားမှုရှိသူအားလုံး လွတ်လပ်၍ တန်းတူညီမျှမှုရှိရေးအတွက် တိုက်ပွဲဝင်ရမည်ကို သဘောပေါက်ရမည့်အချိန် ဖြစ်ပေသည်။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.