ရိုက်တာ သတင်းထောက်နှစ်ယောက် အမှု၊ ဦးဝင်းထိန် ထင်မြင်ချက်အတိုင်း ဖြစ်နေပြီလား

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် ဥပဒေနဲ့ ဖမ်းဆီးခံရတဲ့ ရိုက်တာသတင်းထောက်တွေအမှု တရားရုံးထွက်ဆိုချက်တွေအရ သူတို့ဖမ်းဆီးခံရတာဟာ အင်န်အယ်လ်ဒီ ခေါင်းဆောင် ဦးဝင်းထိန် ထင်မြင်ချက်ပေးသလို ထောင်ချောက်ဆင် ဖမ်းဆီးခံလိုက်ရတာ ဖြစ်နိုင်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်က မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် ဥပဒေ ပုဒ်မ ၃ နဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ပါတယ်။ အဲဒီနေ့မှာ တရားလိုဖြစ်တဲ့ ဒုရဲမှူးကြီးယုနိုင်ကို စ ပြီး စစ်ဆေးပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ကို ရဲတပ်ဖွဲ့ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြည်တွင်းပြည်ပ စိတ်ဝင်စားနေကြတဲ့ အမှုလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက် ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး သဘာဝ မကျဘူး၊ ထောင်ချောက်ဆင် ဖမ်းဆီးခံရတာ ဖြစ်နိုင်တယ် စသဖြင့် ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်အပေါ် ကျယ်ကျယ်ပြန့်ပြန့် သံသယ ရှိနေကြတဲ့ အမှုလည်း ဖြစ်ပါတယ်။

သိပ်မကြာသေးခင်တုန်းကပဲ အင်န်အယ်လ်ဒီပါတီ ထိပ်တန်းခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးဝင်းထိန်ကတောင် ဒီသတင်းထောက် နှစ်ယောက် ထောင်ချောက်ဆင် ဖမ်းဆီးခံရတာ ဖြစ်နိုင်တယ်လို့ သူထင်မြင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုဆို ဖမ်းဆီးခံရတဲ့ သတင်းထောက် နှစ်ယောက်ဟာ မိသားစုဝင်တွေနဲ့ တွေ့ဆုံ၊ စကားနည်းနည်းပါးပါး ပြောခွင့်ရပြီ ဖြစ်သလို၊ တရားလို ရဲအရာရှိရဲ့ တရားရုံးရှေ့မှောက် ထွက်ဆိုချက်ကိုလည်း ကြားခဲ့ကြရပြီးပါပြီ။

အမှုနဲ့ပတ်သက်ပြီး စွပ်စွဲခံရတဲ့ သတင်းထောက်နှစ်ယောက် အပြစ် ရှိမရှိ တရားရုံးက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ နှစ်ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပုံ သဘာဝကျလား မကျဘူးလား ဆိုတာကိုတော့ လေ့လာဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။

ရိုက်တာသတင်းဌာနရဲ့ ဌာနေသတင်းထောက်နှစ်ယောက် ဖြစ်တဲ့ ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ယောက် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံရတာ ဒီဇင်ဘာ ၁၂ ရက် ညပိုင်းကပါ။ အဖမ်းခံရပြီး နောက်တစ်ရက်မှာ သူတို့ကို ဖမ်းဆီးထားတာနဲ့ပတ်သက်တဲ့ ရဲမှတ်တမ်းတင်ပြချက် ပြင်ပကို ပေါက်ကြားလာပါတယ်။

နောက်ပိုင်း အဲဒီပေါက်ကြားလာတဲ့ မှတ်တမ်းကို ကိုးကားပြီး သတင်းဌာနတွေက သတင်းဖော်ပြကြပါတယ်။ မှတ်တမ်းမှာ ဖော်ပြထားတာက အမှတ် ၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ဒုရဲမှူး ဇော်နိုင် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၁၂ ရက်ညက ထောက်ကြံ့နယ်မြေ ရဲစခန်းအပိုင် အမှတ် ၃ လမ်းမကြီးနဲ့ နီလာလမ်းဆုံနေရာမှာ ယာဉ်စစ် ပိတ်ဆို့တာဝန်ဆောင်ရွက်နေခဲ့တယ်။ အဲဒီအချိန် အမှတ် ၃ လမ်းမကြီးအတိုင်း တောင်ကနေ မြောက်ဘက်ကို လမ်းလျှောက်လာတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တွေ့ပြီး မသင်္ကာလို့ ရပ်တန့် စစ်ဆေး ရှာဖွေတယ်၊ သူတို့နှစ်ယောက်ဆီကနေ ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှုဖြစ်စဉ်ကာလ ရဲတပ်ဖွဲ့ကနေ အထက်ကို အစီရင်ခံတဲ့ စာမိတ္တူတွေကို တွေ့လို့ ဖမ်းဆီးလိုက်တယ်၊ နောက်တော့ သူတို့ကို ထောက်ကြံ့နယ်မြေ ရဲစခန်းမှာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ နဲ့ အမှုဖွင့်ထားတယ်ဆိုပြီး ဖြစ်ပါတယ်။

အလားတူ နောက်တစ်နေ့ ဒီဇင်ဘာ ၁၃ ရက် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာလည်း “ရခိုင်ပြည်နယ်၊ မောင်တော-ဘူးသီးတောင်ဒေသ၌ လုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မြို့တွင် ပြန်လည်အနားပေး စုဖွဲ့လျက်ရှိသည့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား ချဉ်းကပ်စည်းရုံး ဆက်သွယ်ပြီး ရခိုင်ဒေသနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ၊ တပ်ဖွဲ့နှင့် သက်ဆိုင်သည့် အရေးကြီးလုံခြုံရေး စာရွက်စာတမ်း အထောက်အထားများကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် သတင်းရယူဆောင်ရွက်ခဲ့သည့် ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ၂ ဦးအား သက်သေအထောက်အထား စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့်” ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဒီဖော်ပြချက်တွေကို ပြန် စစ်ဆေးကြည့်သင့်ပါတယ်။

ကာယကံရှင် ကိုဝလုံးကတော့ သူတို့ကို ဘီယာဆိုင်က ထွက်တာနဲ့ ဖမ်းလိုက်တာပါဆိုပြီး မိသားစုကနေတဆင့် မီဒီယာတွေကို ပြောပြထားပါတယ်။ ဇန်နဝါရီ ၂၃ ရက်၊ တရားလို ဒုရဲမှူးကြီး ယုနိုင်ရဲ့ တရားရုံးရှေ့ ထွက်ဆိုချက်မှာလည်း သက်သေခံပစ္စည်းတွေ သိမ်းဆည်းတာ ဘီယာဆိုင် အပေါက်ဝမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါတွေဟာ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်၊ တရားရုံးမှာ ထွက်ဆိုချက် စတာတွေနဲ့ပတ်သက်ပြီး သံသယ ဖြစ်စရာပါ။

အခင်းဖြစ်တဲ့ ဒီဇင်ဘာ ၁၂ ရက် ည ၁၀ နာရီကျော်မှာ ရိုက်တာသတင်းဌာန အုပ်ချုပ်သူ အန်တိုနီ ဆိုဒေါ့စကီးဟာ သူ့သတင်းဌာနက သတင်းထောက် နှစ်ယောက် ပျောက်ဆုံးနေတဲ့အကြောင်း မင်္ဂလာဒုံရဲစခန်းမှာ လူပျောက် တိုင်တန်းခဲ့ပါတယ်။ အဲဒီ လူပျောက်တိုင်တန်းစာမှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ဟာ ဒရိုင်ဘာ၊ ရိုက်တာ ဌာနပိုင်ကားနဲ့အတူ ညနေ ၆ နာရီလောက်မှာ အင်တာဗျူးလုပ်ဖို့ မင်္ဂလာဒုံမြို့နယ် အမှတ် ၈ လုံခြုံရေးရဲတပ်ရင်းကို သွားခဲ့ကြောင်း၊ တပ်ရင်း ဝင်ပေါက်ကို ရောက်တဲ့အချိန် သူတို့ကိုချိန်းတဲ့ လူနှစ်ယောက် ထွက်လာပြီး ဆောင်ရိပ်မွန် စားသောက်ဆိုင်ကို သွားခဲ့ကြောင်း၊ ချိန်းဆိုထားသူတွေက ဆိုင်ကယ်နဲ့သွားပြီး ကိုဝလုံးတို့က ရုံးကားနဲ့သွားကြတာ ဖြစ်ကြောင်း၊ စားသောက်ဆိုင်မှာ ကိုဝလုံးတို့ကို ချပေးခဲ့ပြီး ယာဉ်မောင်းဟာ တခြားလက်ဖက်ရည်ဆိုင် တစ်ဆိုင်ကနေ ဖုန်းခေါ်လာတာကို စောင့်နေခဲ့ပေမဲ့ အဆက်အသွယ်ပြတ်သွားတာကြောင့် လူပျောက်တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ထူးခြားချက်တွေကတော့ ကိုဝလုံးတို့ဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ချိန်းဆိုမှုကြောင့် သူတို့ခေါ်တဲ့နေရာကို သွားခဲ့ရတာ ဖြစ်ပါတယ်။ ဆောင်ရိပ်မွန် စားသောက်ဆိုင်မှာ စကားပြောတာလည်း အဲဒီရဲတပ်ဖွဲ့ဝင်တွေပဲ ရွေးချယ်ခဲ့တာ ဖြစ်ပုံရပါတယ်။ ဒါကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သလို “သတင်းထောက်တွေက ရဲတပ်ဖွဲ့ဝင်တွေကို ချဉ်းကပ် ဆက်သွယ် စည်းရုံးတယ်” ဆိုတာမျိုးကတော့ ဖြစ်နိုင်စရာ မရှိပါဘူး။ သတင်းထောက်တွေဟာ သတင်းရရှိဖို့ သတင်းရင်းမြစ်တွေနဲ့ တွေ့ဆုံ၊ အချက်အလက် အထောက်အထားတွေပေးရင် လက်ခံ၊ အဲဒီလို သမားရိုးကျ အခြေအနေမျိုးပဲ ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက် ရဲမှတ်တမ်းမှာပါတဲ့ ဖမ်းဆီးရမိပုံပါ။ ကိုဝလုံးတို့ နှစ်ယောက်က လမ်းလျှောက်လာတယ်၊ ပိတ်ဆို့စစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့နဲ့ တည့်တည့်ကြီးတိုးလို့ ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ကာယကံရှင် ကိုဝလုံးကတော့ သူတို့ကို ဘီယာဆိုင်က ထွက်တာနဲ့ ဖမ်းလိုက်တာပါဆိုပြီး မိသားစုကနေတဆင့် မီဒီယာတွေကို ပြောပြထားပါတယ်။ ဇန်နဝါရီ ၂၃ ရက်၊ တရားလို ဒုရဲမှူးကြီး ယုနိုင်ရဲ့ တရားရုံးရှေ့ ထွက်ဆိုချက်မှာလည်း သက်သေခံပစ္စည်းတွေ သိမ်းဆည်းတာ ဘီယာဆိုင် အပေါက်ဝမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါတွေဟာ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်၊ တရားရုံးမှာ ထွက်ဆိုချက် စတာတွေနဲ့ပတ်သက်ပြီး သံသယ ဖြစ်စရာပါ။

နောက်ထပ် သံသယရှိစရာ တစ်ချက်က ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်ဆိုတဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ပါ။ ပြည်ထဲရေးဝန်ကြီးဌာနဟာ အဲဒီရဲတပ်ဖွဲ့ဝင် နှစ်ယောက်ရဲ့ဓာတ်ပုံကို မထုတ်ပြန်ခဲ့ပါဘူး။ ဒါကြောင့် ကိုဝလုံးတို့နဲ့ တွေ့ဆုံပြီး စားသောက်ဆိုင်ခေါ်သွားတဲ့ နှစ်ယောက်ဟာ အရေးယူခံရတဲ့နှစ်ယောက် မဟုတ်ဘူးဆိုရင် ဒါဟာ အသွင်ယူပြီး ဖမ်းဆီးတဲ့သဘော သက်ရောက်သွားပါလိမ့်မယ်။

မြန်မာနိုင်ငံက ရဲတပ်ဖွဲ့ဟာ ပြည့်တန်ဆာတွေကို ဖမ်းချင်ရင် လူတစ်ယောက်ကို ငွေပေး၊ ငွေစက္ကူနံပတ် မှတ်၊ အသွင်ယူ ပျော်ပါးခိုင်းပြီး ပြည့်တန်ဆာဆီက ငွေစက္ကူ အထောက်အထားနဲ့ ဖမ်းဆီးတယ်ဆိုပြီး လုပ်လေ့ရှိပါတယ်။ အဲဒီပုံစံမျိုးပါ။

ဒီထက်ပိုပြီး သံသယရှိဖို့ ကောင်းတာက ရဲတပ်ဖွဲ့ဟာ သတင်းထောက် နှစ်ယောက်ကို ဖမ်းဆီးပြီး နောက်ထပ် တစ်နာရီကျော်ကျော်လောက် ကြာတဲ့အချိန်မှာပဲ အဲဒီနှစ်ယောက်ကို မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် ဥပဒေနဲ့ တရားစွဲခွင့်ပြုဖို့ နိုင်ငံတော် သမ္မတဆီ တင်ပြလိုက်တဲ့ ကိစ္စပါ။

တကယ်တော့ သတင်းထောက် နှစ်ယောက်ကို ဖမ်းဆီးပြီးတာနဲ့ စနစ်တကျ စစ်ဆေးတာ ထွက်ချက်ယူတာ၊ အတည်ပြုဖို့ ကြိုးစားတာ၊ အဆင့်ဆင့်တင်ပြတာ အများကြီးလုပ်ဖို့ လိုပါဦးမယ်။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ရိုက်တာသတင်းထောက် နှစ်ယောက် ဖမ်းဆီးခံရတာဟာ သမားရိုးကျ မဟုတ်ဘဲ အင်န်အယ်လ်ဒီ ခေါင်းဆောင် ဦးဝင်းထိန် ထင်မြင်ချက်ပေးသလို၊ ထောင်ချောက်ဆင် ဖမ်းဆီးခံလိုက်ရတာ ဖြစ်နိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.