ဦးကျော်ဆွေ ထားခဲ့သော မေးခွန်းများ

ဒေါ်အောင်ဆန်းစုကြည်နှင့်ရင်းနှီးသော တပ်မတော်သားပြည်ထောင်စုဝန်ကြီးတစ်ဦး အစိုးရအဖွဲ့မှ စစ်ဘက်သို့ပြန်သွားခြင်းသည် မေးခွန်းများစွာကိုထားခဲ့သည်။

နန္ဒ-ရေးသည်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဟုဆိုလိုက်လျှင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဘေးတွင် ပြုံးရယ်နေသော စစ်သားတစ်ယောက်ဟု အလွယ်တကူမှတ်မိကြမှာဖြစ်သည်။
ဦးသိန်းစိန်အစိုးရအဖွဲ့က ဦးထင်ကျော်အစိုးရအဖွဲ့ကို အာဏာလွှဲသော အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ဒုတိယဗိုလ်ချုပ်ကြီးသုံးဦးပြုံးရွှင်နေသောဓာတ်ပုံသည် လူပြောများသည့်ဓာတ်ပုံတစ်ပုံဖြစ်ခဲ့၏။
ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း နှင့် နယ်စပ်ရေးရာဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူရိုက်ထားသည့် ရှားပါးဓာတ်ပုံလည်းဖြစ်သည်။
သို့သော် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေအတွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရယ်ပြုံးနေသောဓာတ်ပုံ ပေါပေါများများပင်ရှိနေပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ရှမ်းပြည်ခရီးစဉ်အတွင်းတွေ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ။ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

ဒေါ်အောင်ဆန်းစုကြည်၏ရှမ်းပြည်ခရီးစဉ်အတွင်းတွေ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ။ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

ဒေါ်အောင်ဆန်းစုကြည်နှင့်နီးစပ်၍လော

ပြည်ထဲရေးဝန်ကြီးကို သမ္မတ၏ခရီးစဉ်များထက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်များတွင်သာ ပိုတွေ့ခဲ့ရသည်။ အစိုးရကထုတ်ပြန်သော ဓာတ်ပုံများအရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်သူ၏ရင်းနှီးမှုကိုအထင်းသားတွေ့မြင်ရသည်။
တရုတ်သမ္မတရှီကျင့်ပင်၏သမိုင်းဝင် ခရီးစဉ်အပါအဝင် နိုင်ငံတော်အဆင့်အခမ်းအနားအချို့တွင် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ဒေါ်အောင်ဆန်းစုကြည်ကိုအလေးပြုနေသောပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ပြည်ထဲရေးဝန်ကြီးရာထူးမှ စစ်ဘက်ပြန်သွားရကြောင်းဖော်ပြထားသည့်သတင်းများ၏ အောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ရင်းနှီးမှုကြောင့်ဖယ်ရှားခံရသည်ဟူသည့် သဘောထားမှတ်ချက်များကိုတွေ့နိုင်မည်ဖြစ်သည်။
သို့သော် နိုင်ငံရေးအကဲခတ်များက ထိုအချက်ကိုငြင်းဆိုခဲ့သော်လည်း ယတိပြတ်တော့မဟုတ်ပေ။
အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးကမူ စွမ်းဆောင်ရည်ကြောင့်ဟု သုံးသပ်သည်။
သို့သော် ပြည်ထဲရေးဝန်ကြီးဌာနနှင့် နီးစပ်သူများကမူ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထဲရေးဝန်ကြီးဟောင်း၏စွမ်းဆောင်ရည်ကို သဘောကျပြီး ၂၀၂၀ ရွေးကောက်ပွဲပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်လျှင် ဦးကျော်ဆွေအတွက်ဝန်ကြီးတစ်နေရာပေးလိမ့်မည်ဟု သုံးသပ်ကြသည်။
နေပြည်တော်မှသတင်းအရင်းအမြစ်တစ်ဦးက သူရဦးအောင်ကို သာသနာရေးဝန်ကြီးဖြစ်ခဲ့သည့်ပုံစံမျိုးဖြစ်လာလိမ့်မည်ဟု ဥပမာ ပေးသည်။

ပြည်ထဲရေးဝန်ကြီး၏ခက်ခဲသောလမ်း

ပြည်ထဲရေးဝန်ကြီးလျှောက်ရသောလမ်းမှာ အစိုးရသစ်၏ အစောပိုင်းကာလမှာပင် ခက်ခဲခဲ့သည်။
၂၀၁၇ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်လေဆိပ်လိုနေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေပညာရှင် ဦးကိုနီ လူကြားထဲ၌ သေနတ်ပစ်ခံခဲ့ရသည်။ စစ်မှုထမ်းဟောင်းတချို့ ပါဝင်ပတ်သက်ခဲ့သည့် နာမည်ကြီးလုပ်ကြံမှုတွင် ပြည်ထဲရေးဝန်ကြီးကိုယ်တိုင်ထွက်ရှင်းသော သတင်းစာရှင်းလင်းပွဲ၌ သူ့ကိုလူအများသတိထားမိခဲ့ကြသည်။
ကျူးလွန်ခဲ့သူများကို ‘‘လူငယ်သဘောသဘာဝ ပြောကြတာကို ငါ့ညီလက်ခံသလား။ မင်းတို့ တောင် လက်ဖက်ရည်ဆိုင်မှာ အချင်းချင်း မတည့်တဲ့သူဆို မကောင်း ကြောင်းပြောမယ်။ လူငယ်သဘောသဘာဝဆိုတာ ဟိုနှစ်ယောက် မုန်း တီးမှုကို ပိုများသွားပြီး လုပ်ကြံသွားတယ်ဆိုတာကို ထွက်ဆိုချက်အရ ပြောနေရတယ်ဆိုတဲ့ အနေအထားလေးပါပဲ”
ဟု သုံးနှုန်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးအပေါ် ဝေဖန်မှုများပွက်လောရိုက်သွားခဲ့သည်။
ထို့အပြင် ၂၀၁၆နှင့်၂၀၁၇ခုနှစ်တွင် ရခိုင်ပြည်နယ်၌ အာဆာက ရဲကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့၏မိခင်ဝန်ကြီးဌာနဖြစ်သော ပြည်ထဲရေးအတွက်အထိနာခဲ့ရပြန်သည်။ ပြဿနာကအစသာရှိသေးပါသည်။ ဘူးသီးတောင်၊မောင်တောနှင့်ရသေ့တောင်အစရှိသည့်မြို့နယ်များတွင် တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးနောက် နောက်ဆက်တွဲအဖြစ် ရခိုင်ပြည်နယ်မှ လူဦးရေ ၇ သိန်း ခန့် ဘင်္ဂလားဒေ့ရှ်သို့ရွှေ့ပြောင်းမှုဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံအပေါ်နိုင်ငံတကာ၏ဖိအားများလည်းကျရောက်လာခဲ့သည်။ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE)၏အစီရင်ခံစာထဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကစစ်ရာဇဝတ်မှုများကျူးလွန်ခဲ့ကြောင်းတွေ့ရှိခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ရခိုင်ပြည်နယ်ခရီးစဉ်အတွင်းတွေ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ။ ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

ဒေါ်အောင်ဆန်းစုကြည်၏ရခိုင်ပြည်နယ်ခရီးစဉ်အတွင်းတွေ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ။ ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

ထို့အပြင်၂၀၁၉ခုနှစ် လွတ်လပ်ရေးနေ့တွင် ရခိုင်ပြည်နယ်၌ ရဲကင်းစခန်း လေးခုကို အေအေတပ်ဖွဲ့က ဝင်စီးပြီးလက်နက်ခဲယမ်းများယူဆောင်သွားခဲ့သလို သြဂုတ်လအတွင်းက ရှမ်းပြည်နယ်၊နောင်ချိုရှိဂုတ်တွင်းရဲကင်းကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ကဝင်ပစ်ခဲ့ပြန်သည်။
ထို့အပြင် ဗစ်တိုးရီယားအမှုတွင် ရဲတပ်ဖွဲ့၏လုပ်ဆောင်ချက်များကို ပြည်သူလူထုကအပြင်းအထန်ဝေဖန်ခဲ့ကြသည်။
အထက်ပါကိစ္စများသည် ရဲတပ်ဖွဲ့ကိုတာဝန်ခံရသော ဝန်ကြီးအတွက် မျက်နှာပျက်စရာများဖြစ်ခဲ့သည်။
သူ၏ ဝန်ကြီးသက်တမ်းအတွင်း ပြည်ထဲရေးဝန်ကြီးဌာနအောက်မှ တစ်နိုင်ငံလုံးသို့ ဖြန့်ကျက်ထားသော အုပ်ချုပ်ရေးယန္တရား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းပေးခဲ့ရသည်။ အဆိုပါကိစ္စအတွက် ဦးကျော်ဆွေကို ချီးကျူးသူများရှိခဲ့သလို ဝေဖန်သူများလည်းရှိခဲ့သည်။

စိတ်ဝင်စားဖွယ်အမိန့်

ဦးသိန်းစိန်အစိုးရလက်ထက်က အစိုးရသက်တမ်းပြီးဆုံးသည်အထိတာဝန်ထမ်းဆောင်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးမှာ ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဖြစ်ပြီး ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့် အပတ်စဉ်တူသူဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် တပ်မတော်သားများကို ဝန်ကြီးခန့်အပ်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ အမည်စာရင်းရယူရမည်ဖြစ်ပြီး တာဝန်မှရပ်စဲလျှင်ဖြစ်စေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်သည်။
အဆိုပါအချက်ကြောင့် အရေးပါသော ပြည်ထဲရေး၊ကာကွယ်ရေးနှင့်နယ်စပ်ရေးရာ တပ်မတော်သားဝန်ကြီး သုံးဦး ကိုအမှန်တကယ်ခန့်အပ်ခွင့်ရှိသူမှာ သမ္မတလား၊တပ်ချုပ်လားဟု မေးခွန်းထုတ်ခံခဲ့ရသည်။(ပြည်ထဲရေး၊ကာကွယ်ရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနများတွင် ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်ပါက တပ်မတော်သား အဖြစ်မှ အငြိမ်းစားယူရမည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်လိုခြင်းဖြစ်သည်။)
သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်သားပြည်ထောင်စုဝန်ကြီးကို မူလစစ်ဘက်တာဝန်များပြန်လည်ထမ်းဆောင်စေခြင်းအပေါ် တိုက်ရိုက်ညွှန်းဆိုသောပုဒ်မ မတွေ့ရပေ။
ထို့ကြောင့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို မူလစစ်ဘက်တာဝန်များပြန်လည်ထမ်းဆောင်စေသော သမ္မတ၏အမိန့်စာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရည်ညွှန်းမထားပေ။
သို့ဖြစ်ရာ တပ်မတော်သားဝန်ကြီးများကို ဝန်ကြီးရာထူးတွင်ဆက်ထားမထားဟူသော အခွင့်အာဏာမှာ သမ္မတနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မည်သူ့ထံပိုရှိသနည်းဟူသောမေးခွန်းမှာဆက်ရှိ နေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကျွမ်းကျင်သူများကမူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်သားဝန်ကြီးများအတွက် အမည်စာရင်းတင်သွင်းခွင့်ရှိနေပြီး သဘောတူမတူကိုဆုံးဖြတ်ပေးသည်မှာ ပြည်ထောင်စုလွှတ်တော်ဖြစ်နေပြီး သမ္မတကို ဗီတိုအာဏာမပေးထားကြောင်းထောက်ပြသည်။

သမ္မတအိမ်တော်တွင် တပ်ချုပ်နှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကိုတွေ့ရစဉ်။ ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

သမ္မတအိမ်တော်တွင် တပ်ချုပ်နှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကိုတွေ့ရစဉ်။ ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

တပ်ချုပ်သည် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေအား ဦးသိန်းစိန်အစိုးရလက်ထက်တွင်တစ်ကြိမ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် တစ်ကြိမ် ဝန်ကြီးတာဝန်ထမ်းဆောင်ရန် အမည်စာရင်းပေးခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ အစိုးရအဖွဲ့နှင့်အဆင်ပြေနေသော ဝန်ကြီးတစ်ဦးကို စစ်ဘက်သို့ပြန်ခေါ်ရန် သမ္မတနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မည်သို့ညှိနှိုင်းဆုံးဖြတ်ခဲ့သည်ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။
ထူးခြားမှုတစ်ခုမှာပြည်ထဲရေးဝန်ကြီးရာထူးအပြောင်းအလဲသတင်းများထွက်ပေါ်နေသည့်ကာလအတွင်း ဝန်ကြီးဌာနဝါစဉ်တွင် တပ်မတော်သား ပြည်ထောင်စုဝန်ကြီးသုံးဦး၏ ဝန်ကြီးဌာနသုံးခု နောက်ဆုတ်ခဲ့ခြင်းပင်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် တပ်ချုပ်ကအမည်စာရင်းတင်သွင်းသော တပ်မတော်သားပြည်ထောင်စုဝန်ကြီးသုံးဦးတွင် ကာကွယ်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက အသက်အကြီးဆုံးဖြစ်သည်။သူသည် ၁၉၅၆ခုနှစ်တွင်မွေးဖွားသူဖြစ်ရာ ၁၉၅၉ တွင်မွေးသော ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေထက် သုံးနှစ်ကြီးသည်။ ပြည်ထဲရေးဝန်ကြီးသစ်ဖြစ်လာသူ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်မှာလည်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေထက် လေးလသာငယ်သည်။
အသက် ၆၀ ကျော်သွားသည့် တပ်မတော်သားများကို အရန်အင်အားစာရင်းသွင်းပြီး ဝန်ကြီးတာဝန်ပေး၍ရကြောင်း အငြိမ်းစားတပ်မတော်အရာရှိတစ်ဦးကပြောသည်။
“အရင် တပ်မတော်အစိုးရခေတ်က ဝန်ကြီးတွေက အရန် အင်အားနဲ့ ရာထူးယူထားတာ။အရန်အင်အားဖြစ်တဲ့အတွက် တပ်ကွပ်ကဲမှုတာဝန် ဥပမာ တပ်မမှူး တိုင်းမှူး ကစထမှူးတော့ ပေးလို့မရဘူး။ ဦးပိုင်၊ ဝန်ကြီး စသည်ဖြင့်ပေးလို့ရတယ်။” ဟု ၎င်းကပြောသည်။

ဦးကျော်ဆွေပြန်လာနိုင်မလား

ကျောက်ပန်းတောင်းဇာတိ ဦးကျော်ဆွေသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၂)သင်တန်းဆင်း အရာရှိတစ်ဦးဖြစ်သည်။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်း၊ကာကွယ်ရေးဦးစီး ချုပ်(ရေ)၊အငြိမ်းစားဗိုလ်ချုပ်ကြီးသူရသက်ဆွေနှင့်ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်တို့ သည် သူနှင့်အပတ်စဉ်တူညီသူများဖြစ်သည်။
ပညာအရည်အချင်းမှာ သိပ္ပံဘွဲ့(စစ်တက္ကသိုလ်)၊မဟာဝိဇ္ဇာ(ကာကွယ်ရေး)ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးမဖြစ်ခင်က စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် နယ်စပ်ရေးရာဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သေးသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် လေးနှစ်နီးပါးတာဝန်ထမ်းဆောင်ခဲ့ရသော်လည်း အရေးအကြီးဆုံးနှစ်ဖြစ်သည့် ရွေးကောက်ပွဲနှစ်ကို တာဝန်ယူခွင့်လက်လွတ်ခဲ့ရသည်။
ရွေးကောက်ပွဲနှစ်တွင် တိုင်းပြည်၏အခြေအနေတည်ငြိမ်အေးချမ်းရန် တာဝန်သည် ပြည်ထဲရေးဝန်ကြီးအသစ်၏ပခုံးပေါ်ရောက်လာသည်။
ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် နယ်စပ်ရေးရာဝန်ကြီးအဖြစ်လည်းကောင်း၊ပြည်ထဲရေးဝန်ကြီး အဖြစ်လည်းကောင်း ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုခဲ့ပြီးဖြစ်သည်။
၂၀၂၀ရွေးကောက်ပွဲအလွန်တွင် ဝန်ကြီးအဖြစ် တတိယအကြိမ်ပြန်လာနိုင်မလားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.