စုံထောက် မောင်စံရှား(ဝါ) မြန်မာ ရှားလော့ဟုမ်းစ်

 

အမျိုးသား စာရေးဆရာကြီးဖြစ်သော ရွှေဥဒေါင်းသည် ဆာ အာသာ ကိုနင်ဒွိုင်း၏ နာမည်ကြီး စာပေကို မြန်မာပြည်သူများ ဖတ်ရှုနိုင်ရန် မြန်မာမှုပြု ဘာသာပြန်ဆိုခဲ့သည်။ သူ၏ ဘာသာပြန်ဆိုမှုကြောင့် မြန်မာပြည်သူများ ၁၉၃၀ ခန့်တွင် ဖတ်ရှုနိုင်ခဲ့သည်။

အိုလီဗာ ဆလိုး ရေးသားသည်။

၁၉ ရာစုနှစ်နှောင်းပိုင်းတွင် နာမည်ကြီး စုံထောက်တစ်ဦးဖြစ်သော ရှာလော့ဟုမ်းစ် Sherlock Holmes ၏ တပည့်ကျော် ဒေါက်တာ ဝပ်ဆင် Dr Watson သည် မီးဖိုကြီးတစ်ခု၏ နံဘေးတွင် ဆေးတံသောက်ပြီး ဝတ္တုတစ်ပုဒ်ကို ထိုင်ဖတ်နေသည်။

သန်းခေါင်မတိုင်ခင်မှာပဲ စုံထောက် ရှားလော့ဟုမ်းစ်သည် ရေးကြီးသုတ်ပျာဖြင့် ရောက်ရှိလာပြီး ရှုပ်ထွေးသော အမှုတစ်ခုအတွက် ဒေါက်တာ ဝပ်ဆင်၏ အကူအညီကို တောင်းခံခဲ့သည်။ သူက ဝပ်ဆင်အား နောက်တစ်နေ့ မနက်တွင် လန်ဒန်မြို့၏ အစွန်အဖျားရှိ အယ်ဒါရှော့ ရပ်ကွက်သို့ လိုက်ခဲ့ရန် ခိုင်းစေခြင်း ဖြစ်သည်။

ဆယ်စုနှစ် အတန်ကြာပြီးနောက် မိုင် ၅,၀၀၀ ခန့် ဝေးကွာသော ရန်ကုန်မြို့တွင် ဦးသိန်းမောင်သည် ဒေါက်တာ ဝပ်ဆင်ကဲ့သို့ပင် ထိုင်နေစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။ လူတစ်ဦး ဝင်လာပြီး ရှားလော့ဟုမ်းစ်က တောင်းခံသော အကူအညီမျိုး တောင်းသွားခဲ့သည်။ နောက်တစ်နေ့ မနက်တွင် သူတို့နှစ်ဦးသည် အတူတကွ ခရီးသွားခဲ့ကြသည်။ အယ်ဒါရှော့ ရပ်ကွက်သို့ သွားခြင်းတော့ မဟုတ်ပေ။ ပဲခူးမြစ်တစ်လျှောက်မှနေပြီး သန်လျင်သို့သွားခြင်း ဖြစ်သည်။

ဦးသိန်းမောင်၏ တံခါးကို လာခေါက်သူမှာ ဦးစံရှား ဖြစ်သည်။ ၎င်းသည် ရှားလော့ဟုမ်းစ် ဇာတ်ကောင်ကို အခြေခံပြီး နာမည်ကြီး စာရေးဆရာ ရွှေဥဒေါင်းက ဖန်တီးထားသော ဇာတ်ကောင်ဖြစ်သည်။

ရှားလော့ဟုမ်းစ် သည် ဆာ အာသာ ကိုနင်ဒွိုင်း၏ ဖန်တီးမှုဖြစ်ပြီး မီးဖိုဘေးတွင် လာရောက် အကူအညီတောင်းသော အခန်းသည် A Crooked Man ဟုခေါ်ဆိုသော ဝတ္တု၏ အစဖြစ်သည်။ ထိုဇာတ်လမ်းထဲတွင် စုံထောက်သည် ဗိုလ်မှူးကြီး ဂျိမ်းစ် ဘာကလေ James Barclay အသတ်ခံရမှုကို စုံစမ်းခြင်း ဖြစ်သည်။

ရဲများက ဘာကလေကို သူ၏ ဇနီးဖြစ်သူ နန်စီ Nancy က သတ်သည်ဟု ယုံကြည်သည်။ သို့သော် ဟုမ်းစ် သည် သူ၏ စုံထောက်ပညာ ကျွမ်းကျင်မှုများကို အသုံးပြုကာ ဘာကလေသည် သူ၏ အချစ်ရေးရာ ပြိုင်ဘက်ဖြစ်သူ ဟင်နရီ ဝုဒ် Henry Wood ကို တွေ့ရှိခဲ့သဖြင့် ထိတ်လန့်ကာ သေဆုံးသွားခြင်း ဖြစ်သည်ဟု သိရှိခဲ့သည်။ ဘာကလေသည် ဟင်နရီ ဝုဒ်နှင့်အတူ အိန္ဒိယတွင် ဗြိတိသျှစစ်တပ်အတွင်း တာဝန်ထမ်းစဉ်က ဟင်နရီ ဝုဒ်ကို သေတွင်းပို့သောအားဖြင့် အန္တရာယ်ခရီးတစ်ခုသွားရန် အမိန့်ပေးခဲ့ဖူးသည်။

ထိုဇာတ်လမ်းကို ရွှေဥဒေါင်းက ပြန်လည်ရေးသားသောအခါ ဇာတ်လမ်းသည် ၁၉၃၀ ပြည့်နှစ်များတွင် ရန်ကုန်နှင့် သန်လျင်မြို့နယ်၌ ဇာတ်အိမ် တည်ထားသည်မှလွဲ၍ ကိုနင်ဒွိုင်း၏ ဇာတ်လမ်းနှင့် အတူတူပင် ဖြစ်သည်။ ရွှေဥဒေါင်း၏ ဇာတ်လမ်းထဲတွင် စစ်တပ်အရာရှိဟောင်း ဦးတင်ဖေသည် ဦးချစ်မောင်ကို ပြန်မြင်လိုက်ရသဖြင့် ထိတ်လန့်ပြီး သေဆုံးသွားခဲ့သည်။ ဦးတင်ဖေသည် ဦးချစ်မောင်အား မြစ်ကြီးနားသို့ ကင်းလှည့်ရန် စေလွှတ်လိုက်ချိန်တွင် သေဆုံးသွားခဲ့သည်ဟု ထင်ခဲ့သည်။ စုံထောက် မောင်စံရှားက အမှုကို ဖြေရှင်းလိုက်သောအခါ ဦးတင်ဖေ၏ ဇနီးဖြစ်သူ ဒေါ်မြနှစ်သည် နန်စီ ဘာကလေ ကဲ့သို့ပင် လူသတ်တရားခံအဖြစ် စွပ်စွဲခံရခြင်းမှ ကင်းလွတ်သွားခဲ့သည်။ ထိုဇာတ်လမ်းကို ရွှေဥဒေါင်းက “ထူးဆန်းသော လူသတ်မှုကြီး” ဟု နာမည်ပေးထားသည်။

ကိုနင်ဒွိုင်းသည် သူ၏ ဇာတ်ကောင် ဟုမ်းစ်နှင့်ပတ်သက်ပြီး ဝတ္တုရှည် လေးပုဒ်နှင့် ဇာတ်လမ်းတို ၅၆ ပုဒ် ရေးသားခဲ့သည်။ အများစုသည် ၁၈၈၀ နှင့် ၁၉၁၄ ခုနှစ်အတွင်း လန်ဒန်မြို့တွင် ဇာတ်အိမ်တည်ခြင်း ဖြစ်သည်။

ရွှေဥဒေါင်းသည် ၁၉၁၇ မှ ၁၉၆၁ ခုနှစ်အတွင်း ဝတ္တုစာအုပ်ပေါင်း ၁၇၀ ခန့် ရေးသားခဲ့သည်။ ယင်းတို့ထဲမှ အများစုသည် ကိုနင်ဒွိုင်း၏ ရှားလော့ဟုမ်းစ် ဇာတ်လမ်းများကို မြန်မာမှုပြုထားခြင်း ဖြစ်သည်။ အချို့မှာမူ ရှားလော့ဟုမ်းစ် ဇာတ်လမ်းမဟုတ်သည့် အခြားစာအုပ်များလည်း ရှိသည်ဟု ဆစ်ဒနီမြို့တွင် နေထိုင်သော ဂျပန်လူမျိုး ပညာရှင်တစ်ဦးဖြစ်သည့် မစ္စ ယူရီ တာကာဟာရှီ Ms Yuri Takahashi က ဆိုသည်။

Nationalist writer Shwe U Daung took the London-based Sherlock Holmes stories and based them in downtown Rangoon. (Nicolas Asfouri / AFP)

Nationalist writer Shwe U Daung took the London-based Sherlock Holmes stories and based them in downtown Rangoon. (Nicolas Asfouri / AFP)

မစ္စ ယူရီ တာကာဟာရှီသည် ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ဂျပန်သံရုံးသို့ မြန်မာဘာသာစကား ကျွမ်းကျင်သူ တစ်ယောက်အဖြစ် လာရောက်လုပ်ကိုင်စဉ်က ရွှေဥဒေါင်း၏ စာပေများကို စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။ သူသည် ၂၀၀၈ ခုနှစ်တွင် မဲလ်ဘန်း Melbourne မြို့တွင် ပြုလုပ်သော အာရှ လေ့လာရေးကွန်ဖရင့် Asian Studies Conference တွင် ရွှေဥဒေါင်း၏ ရှားလော့ဟုမ်းစ် တဖြစ်လဲ စုံထောက် မောင်စံရှားစာအုပ်များကို တင်ပြဆွေးနွေးခဲ့သည်။

ထူးဆန်းသော လူသတ်မှုကြီးအပြင် အခြားစာအုပ်များဖြစ်သော အိမ်တွင်းပုန်း ကုလားမဇာတ်လမ်းသည် ကိုနင်ဒွိုင်း၏ The Adventure of a Veiled Lodger ကို ပြန်ဆိုရေးသားထားခြင်းဖြစ်ပြီး ယင်းသည် အမျိုးသမီးတစ်ဦးက သူ့ခင်ပွန်းကို ကျားကိုက်ခံရစေရန် ကြိုးပမ်းရာမှ မိမိကိုယ်တိုင် ကျားဆွဲခံရပုံကို ရေးသားထားသည်။ ထို့ပြင် ဘောင်ဒရီလမ်းက လူသတ်မှုကြီးမှာ ကိုနင်ဒွိုင်း၏ A Study in Scarlet ကို ပြန်ဆိုရေးသားထားခြင်းဖြစ်ပြီး ထော့ကျိုး ငကြိုင် ကမူ The Man with the Twisted Lip ကို ပြန်ဆိုရေးသားထားခြင်း ဖြစ်သည်။

စုံထောက် မောင်စံရှားဆိုသော ဇာတ်ကောင်သည် မြန်မာလူမျိုးများကြားတွင် ရေပန်းစားသည်ဟု စာရေးဆရာ ကိုစံလင်းထွန်းက ပြောပြသည်။ ၎င်းသည် ရွှေဥဒေါင်း၏ ဝတ္တုအတော်များများကို အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုရေးသားနေသူ ဖြစ်သည်။ ထို့ပြင် ရွှေဥဒေါင်း၏ လက်ရာများသည် နောက်ပေါ်လာသော စာရေးဆရာများအပေါ် လွှမ်းမိုးမှု အများအပြားရှိသည်ဟု ကိုစံလင်းထွန်းက ဆိုသည်။

ထိုဇာတ်လမ်းများသည် အလွန်လူကြိုက်များခဲ့သည်။ ကိုနင်ဒွိုင်းကဲ့သို့ပင် ရွှေဥဒေါင်းသည် သူ၏ လူကြိုက်များသော ဇာတ်ကောင်ကို ငြီးငွေ့လာကာ The Final Problem ဟူသော ကိုနင်ဒွိုင်း၏ ဇာတ်လမ်းကို ဘာသာပြန်ဆိုရာတွင် မောင်စံရှားကို သေစေလိုက်သည်။ The Final Problem ထဲတွင် ရှားလော့ဟုမ်းစ်သည် ဒေါက်တာ မိုရီယာတီနှင့် တိုက်ခိုက်ရာ၌ ဆွစ်ဇာလန်နိုင်ငံရှိ ရိုက်ခင်ဘတ်ခ် Reichenbach ရေတံခွန်ပေါ်မှ ခုန်ချကာ သေဆုံးခဲ့သည်။

ရွှေဥဒေါင်း ပြန်ဆိုရေးသားသော စုံထောက် မောင်စံရှားသည် လူဆိုးတို့ စက်တွင်းသို့ သက်ဆင်းရပုံတွင် မောင်စံရှားသည် သူ၏ ပြိုင်ဘက် ပါမောက္ခ ဦးထွန်းဖေနှင့် တိုက်ခိုက်ကြရာ၌ ရှမ်းပြည်နယ်ရှိ ရေတံခွန်တစ်ခုပေါ်မှ ခုန်ချကာ သေဆုံးခဲ့သည်။ ဦးထွန်းဖေသည် အလွန်ဉာဏ်ကြီးသော လူတစ်ဦးဖြစ်ပြီး သူသည် ရန်ကုန်တက္ကသိုလ်တွင် ဓာတုဗေဒ ပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့သည်။ သို့သော် အကျင့်စာရိတ္တ မကောင်းသဖြင့် ထုတ်ပယ်ခံရကာ ရန်ကုန်မြို့တွင် ရာဇဝတ်ဂိုဏ်း ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ရွှေဥဒေါင်းသည် စုံထောက် မောင်စံရှားအား လုပ်ကြံကြပုံတွင် သူ၏ ဇာတ်ကောင် မောင်စံရှားကို ပြန်လည် အသက်သွင်းခဲ့သည်။ ယင်းသည် ကိုနင်ဒွိုင်း၏ The Empty House ကို ပြန်ဆိုထားခြင်းဖြစ်ပြီး ယင်းဇာတ်လမ်းတွင် ရှားလော့ဟုမ်းစ်သည် စာအုပ်ရောင်းသူ တစ်ဦးအဖြစ် ပြန်လည်ပေါ်လာခဲ့သည်။

ရွှေဥဒေါင်း၏ ဇာတ်လမ်းတွင်မူ မောင်စံရှားသည် ရသေ့တစ်ဦးအသွင်ဖြင့် ပြန်လည်ပေါ်လာခဲ့သည်။

ဗြိတိသျှထံမှ လက်ဆောင်တစ်ခု ရရှိခြင်းသည် မြန်မာ အမျိုးသားသူရဲကောင်း တစ်ဦးအတွက် မသင့်လျော်ဟု ရွှေဥဒေါင်းက ခံစားခဲ့ပုံရသည်ဟု ဆိုသည်။ 

မောင်စံရှား၏ ကံကြမ္မာနှင့် ရှားလော့ဟုမ်းစ်၏ ကံကြမ္မာတို့ မတူညီကြသည့် အခါများလည်း ရှိသည်ကို တွေ့ရသည်။ The Adventure of Bruce Partington Plans ကို ပြန်ဆိုရေးသားထားသော အစိုးရ စာချုပ်များ ပျောက်ဆုံးမှု၌ ဦးစံရှား စုံထောက်ပုံတွင် စုံထောက် မောင်စံရှားသည် မြန်မာအရာရှိတစ်ဦး၏ ညီထံ ချမ်းသာသော ဂျပန်စီးပွားရေးသမား တစ်ဦးက ချဉ်းကပ်ခဲ့ပြီးချိန်တွင် ထိုညီဖြစ်သူသည် သူ့အစ်ကို မြန်မာအရာရှိကို သတ်ခဲ့သော လူသတ်မှုတစ်ခုကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့သည်။

မစ္စ တာကာဟာရှီက ပြောကြားရာတွင် ထိုဇာတ်လမ်းသည် ဂျပန်များက မြန်မာအမျိုးသားစိတ် တက်ကြွသူများကို စည်းရုံးဆောင်ရွက်တတ်ပုံကို ဖော်ပြသဖြင့် ဂျပန်များကို မယုံကြည်သော သဘောကို ထင်ဟပ်နေသည်ဟု ဆိုသည်။ ထိုသို့ ဂျပန်များ၏ စည်းရုံးမှုသည် ဗြိတိသျှများကို စိုးရိမ်မကင်း ဖြစ်စေခဲ့သည်။

ဇာတ်လမ်း၏ အဆုံးတွင် ရှားလော့ဟုမ်းစ်သည် ဝိတိုရိယ ဘုရင်မကြီးထံမှ လက်ဆောင်ရရှိခဲ့သည်။ သို့သော် ရွှေဥဒေါင်း၏ ဇာတ်လမ်းထဲတွင်မူ ထိုသို့သော အဖြစ်အပျက် မပါဝင်ခဲ့ပေ။ တာကာဟာရှီက ရေးသားရာတွင် ဗြိတိသျှထံမှ လက်ဆောင်တစ်ခု ရရှိခြင်းသည် မြန်မာ အမျိုးသားသူရဲကောင်း တစ်ဦးအတွက် မသင့်လျော်ဟု ရွှေဥဒေါင်းက ခံစားခဲ့ပုံရသည်ဟု ဆိုသည်။

၁၉၃၀ ပြည့်နှစ်များသည် မြန်မာနိုင်ငံတွင် အမျိုးသားစိတ်ဓာတ်များ နိုးကြားနေပြီး ဗြိတိသျှ ဆန့်ကျင်ရေး စိတ်ဓာတ်များ တက်ကြွနေချိန် ဖြစ်သည်။

ရွှေဥဒေါင်း ကိုယ်တိုင်သည်ပင် အမျိုးသားရေး စိတ်ဓာတ်ရှိသူဖြစ်ပြီး သတင်းစာဆရာ တစ်ဦးလည်း ဖြစ်သည်။ သူ၏ အဓိက ဇာတ်ကောင်သည် ဗြိတိသျှဝတ္တုမှ ဇာတ်ကောင်ကို မြန်မာမှုပြုခဲ့ခြင်းမှာမူ ထူးဆန်းလှသည်ဟု ကိုစံလင်းထွန်းက ဆိုသည်။

မစ္စ တာကာဟာရှီက ရွှေဥဒေါင်းသည် အမျိုးသားစိတ်ဓာတ်ရှိသူ တစ်ဦးဖြစ်သည်ဟု ဆိုသော်လည်း သူ၏ အမြင်များကမူ တု့ိဗမာအစည်းအရုံးဝင်များ၏ အမြင်နှင့် အနည်းငယ် ကွဲလွဲပါသည်။ တို့ဗမာအစည်းအရုံးသည် ၁၉၃၀ ပြည့်နှစ်များတွင် ပေါ်ပေါက်လာသော အဓိက အမျိုးသားရေး လှုပ်ရှားမှုကြီး ဖြစ်သည်။

စုံထောက် မောင်စံရှား ဇာတ်လမ်းများအားလုံးတွင် တသမတ်တည်း ပါဝင်နေသည်မှာ စုံထောက်တစ်ဦးက လူများကို လူမျိုးဘာသာမရွေးဘဲ အကူအညီပေးပုံကို ဖော်ပြထားခြင်း ဖြစ်သည်။ ပင့်ကူဂိုဏ်း သစ္စာဖောက်နှင့် ဘောင်ဒရီလမ်း လူသတ်မှုကြီးတို့တွင် အိန္ဒိယဂိုဏ်းများ၏ နှိပ်စက်မှုဒဏ် ခံစားနေရသော အိန္ဒိယလူမျိုးများ အကြောင်းကို ရေးသားထားသည်။ စာမေးပွဲ အဖြေလွှာတွင်မူ ဘင်္ဂါလီ အစေခံ အဘိုးအိုတစ်ဦးနှင့် မြန်မာကျောင်းသားတစ်ဦးတို့၏ ခင်မင်ရင်နှီးမှုကို ဖော်ပြထားသည်။ မောင်စံရှားကို အိန္ဒိယ လူမျိုးများက ကူညီကြသည်လည်း ရှိသည်။ ယင်းကို ကိုနင်ဒွိုင်း၏ Baker Street Irregulars ကို မှီငြမ်းထားသော ရွှေဥဒေါင်း ဇာတ်လမ်းတွင် တွေ့ရသည်။ 

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

 

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.