တစ်ဦးချင်း ဇာတ်လမ်းများက ပြောပြနေသော ဘီစီရဲ့ သမိုင်း

ဗြိတိသျှကောင်စီသည် ၁၉၄၆ ခုနှစ်မှစ၍ တိုးတက်လာခဲ့သော မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာထဲမှ ၁၂ ဦး၏ ဖြစ်ရပ်များကို ပြသသည့် ပြပွဲတစ်ရပ်ဖြင့် ထူးခြားသော နှစ်ပတ်လည် အခမ်းအနားတစ်ရပ်ကို ကျင်းပသည်။ 

သောမတ်စ် ကင်းန် ရေးသားသည်။

ဗြိတိသျှကောင်စီသည် ၁၉၄၆ ခုနှစ်မှစ၍ တိုးတက်လာခဲ့သော မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာထဲမှ ၁၂ ဦး၏ ဖြစ်ရပ်များကို ပြသသည့် ပြပွဲတစ်ရပ်ဖြင့် ထူးခြားသော နှစ်ပတ်လည် အခမ်းအနားတစ်ရပ်ကို ကျင်းပသည်။

ဒေါ်ကက်သလင်းသိန်းသည် ၁၉၉၇ ခုနှစ်တွင် ရန်ကုန်ရှိ နိုင်ငံတကာ စာသင်ကျောင်း တစ်ကျောင်း၌ သင်ကြားပြသလျက်ရှိသည်။ သူ့အဆိုအရ သင်ကြားမှုအပိုင်းတွင် ကြိုးစားရုန်းကန်နေရသောအချိန်လည်း ဖြစ်သည်။ ရန်ကုန်နှင့် စစ်တွေအပါအဝင် အစိုးရ တက္ကသိုလ်များတွင် အင်္ဂလိပ်စာ နည်းပြတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ခြင်းက သူ့အား ပြင်ဆင်မှုပိုင်းမှာ အားနည်းစေခဲ့ပြီး သင်ခန်းစာ အစီအစဉ် ရေးဆွဲခြင်း၊ သို့မဟုတ် အလွတ်ကျက် သင်ယူခြင်းမှအပ အခြားသော သင်ကြားနည်းများတွင် အတွေ့အကြုံ နည်းပါးခဲ့သည်။

နှစ် ၂၀ နီးပါး ရှေ့ကို ခပ်သွက်သွက် ကျော်ရသော် သူသည် မြန်မာနိုင်ငံ အခြားဘာသာစကား ပြောသူများအား အင်္ဂလိပ်စာ သင်ကြားပေးသည့် ဆရာများကော်မတီ Myanmar’s Teachers of English to Speakers of Other Languages Committee (TESOL) တွင် ပူးတွဲသဘာပတိအဖြစ် တာဝန်ထမ်းခဲ့ပြီး TESOL ကွန်ဖရင့်တွင် စကားပြောကြားရန် ပြည်ပသို့ ပုံမှန်သွားရောက်နေသူလည်း ဖြစ်သည်။

သူသည် ဘာသာပေါင်းစုံ စကားဝိုင်း အစုအဖွဲ့များတွင်လည်း ဟိန္ဒူအသိုင်းအဝိုင်း၏ ကိုယ်စားလှယ်အဖြစ်သာမက ဟိန္ဒူအမျိုးသမီးများ အစည်းအရုံး၏ ဥက္ကဋ္ဌအဖြစ်လည်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ ကျား/မ ရေးရာ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းကို စိတ်ဝင်စားသူ ဖြစ်သကဲ့သို့ အမျိုးသမီး အဖွဲ့အစည်းများစွာတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။

ဤသို့သော ခေါင်းဆောင်မှု အခန်းကဏ္ဍများကို သင်တန်းသားများက “ဘီစီ” ဟု ချစ်မြတ်နိုးစွာ ရည်ညွှန်းသုံးစွဲသည့် ဗြိတိသျှကောင်စီ၏  အကူအညီကိုသာ ရယူခဲ့ခြင်းမရှိပါက သူ ဆောင်ရွက်နိုင်ခဲ့လိမ့်မည်ဟု မထင်မိချေ။

“ဗြိတိသျှကောင်စီကြောင့် အသိပညာ ဗဟုသုတ တလှေကြီးနဲ့ ယုံကြည်မှုတွေ ကျွန်မ ရရှိခဲ့ပါတယ်” ဟု Frontier ကို သူက ပြောသည်။ “ကျွန်မ အရမ်းကို ကျေးဇူးတင်မိပါတယ်” ဟုလည်း ဆိုလိုက်သေးသည်။

သို့သော် ကက်သလင်းသိန်း၏ အောင်မြင်မှုတွင် သူကိုယ်တိုင်၏ တိုးတက်အောင်မြင်ရန် စိတ်ပိုင်းဖြတ်နိုင်မှုကလည်း ကြီးမားသော အခန်းကဏ္ဍတစ်ရပ် ဖြစ်နေပေသည်။ စနေ၊ တနင်္ဂနွေ အားရက်များတွင် အင်္ဂလိပ်ဆရာများအတွက် ဖွင့်လှစ်ပေးသည့် အလုပ်ရုံ ဆွေးနွေးပွဲများကို စတက်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ဗြိတိသျှကောင်စီမှတစ်ဆင့် နှစ်နှစ် သင်တန်းတက်ရန် စာရင်းသွင်းလိုက်သည်။

“အဲဒီအချိန်တွေတုန်းက စိတ်ဖိစီးမှု အရမ်းများခဲ့ရတယ်။ ကျွန်မက နိုင်ငံတကာကျောင်း တစ်ကျောင်းမှာ အလုပ်လုပ်နေတဲ့ အချိန်ပါ။ ညဆိုရင် ဒီသင်တန်းအတွက် အိမ်စာတွေ လုပ်ရပါတယ်” ဟု သူက ဆိုသည်။ “ဒါပေမယ့် ဒီသင်တန်းက ကျွန်မကို အများတကာ ရှေ့မှောက်မှာ စကားပြောဆိုဖို့အတွက် ယုံကြည်မှု ပိုရှိလာစေခဲ့ပါတယ်။ အခမ်းအနားတစ်ခုမှာ မိန့်ခွန်းပြောဖို့ စကားပြောစင် ကြောက်တဲ့ပြဿ     နာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး” ဟုလည်း ထပ်လောင်းပြောပြသည်။

ဗြိတိသျှကောင်စီသည် မြန်မာနိုင်ငံရှိ ယင်း၏နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကို ကျင်းပလျက်ရှိသည်။ ဓာတ်ပုံ - ဗြိတိသ ျှ ကောင်စီ

ဗြိတိသျှကောင်စီသည် မြန်မာနိုင်ငံရှိ ယင်း၏နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကို ကျင်းပလျက်ရှိသည်။ ဓာတ်ပုံ – ဗြိတိသ ျှ ကောင်စီ

သူ့ဇာတ်လမ်းမှာ ဗြိတိသျှကောင်စီ၏ ပထမဆုံး ကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သော နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကို ပုံဖော်ထားသည့် “ဘဝဇာတ်လမ်းများ – အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်” ဟူသော ပြပွဲတွင် ပါရှိသည့် ဖြစ်ရပ် ၁၂ ခုအနက်မှ တစ်ခုမျှသာ ဖြစ်သည်။

ဤနှစ်ပတ်လည် အထိမ်းအမှတ်ပွဲမှာ ဗြိတိသျှကောင်စီ၏ အတိတ်ကိုသာမက မကြာမကြာ ဝမ်းနည်းဖွယ်ကောင်းသော မြန်မာနိုင်ငံနှင့် ပြည်သူများသမိုင်းကို တင်ပြနိုင်သည့် အခွင့်အလမ်းတစ်ရပ်လည်း ဖြစ်ခဲ့သည်ဟု ဗြိတိသျှကောင်စီ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ မစ္စတာကယ်ဗင် မက်ကန်ဇီက ဆိုသည်။

“တချိန်ချိန်မှာ အင်န်အယ်လ်ဒီ အစိုးရ ပေါ်ပေါက်လာလိမ့်မယ်လို့ ဟိုအရင်ကတည်းက ကျွန်တော်တို့ သိထားခဲ့သလို အလျင်အမြန် ပြောင်းလဲနေပြီး အလုံးစုံ ဆန်းသစ်တဲ့ ခေတ်တစ်ခေတ်ကို ဝင်ရောက်နေပြီဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံမှာ သမိုင်းပျောက်ဆုံးမယ့် ပြဿနာရပ် တစ်ခုရှိလာလိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့မိပါတယ်” ဟု မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစတင်ကာ အခြေစိုက်ခဲ့သူဖြစ်သည့် မစ္စတာ မက်ကန်ဇီက ဆိုသည်။

“ဒီနိုင်ငံက လူတွေမှာ အမှန်တကယ် သူမတူ ထူးခြားတဲ့ အဆင့်ရှိတဲ့ သမိုင်းတစ်ရပ် ရှိခဲ့တယ်ဆိုတာ ကျွန်တော်တို့ မေ့သွားနိုင်တာကြောင့် ဒါကို မှတ်တမ်းတင်ဖို့နဲ့ ဒီဖြစ်ရပ်အတွက် ကျွန်တော်တို့ရဲ့ ပါဝင်ကြိုးပမ်းမှုကို တနည်းနည်းနဲ့ ရောင်ပြန်ဟပ်စေဖို့ အရေးကြီးတယ်လို့ ကျွန်တော် တွေးခဲ့ဖူးပါတယ်”ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ရဲ့ ပထမဆုံး ကိုယ်စားလှယ်က ၁၉၄၆ ခုနှစ်မှာ ရောက်ရှိခဲ့တာကြောင့် ၂၀၁၆ ခုနှစ်က ကျွန်တော်တို့ရဲ့ နှစ်ပတ်လည်လို့ ကျွန်တော်တွေးခဲ့ပါတယ်။ ဒါက ရွေးကောက်ပွဲ ပြီးပြီးချင်း အချိန်ပါ။ အစိုးရသစ် တစ်ရပ်လည်း ရှိနေပါပြီ။ ဒါ့ကြောင့် အလုံးစုံ ဆန်းစစ်အကဲဖြတ်ချက် ပြုလုပ်ဖို့နဲ့ အနာဂတ်အကြောင်း စဉ်းစားဖို့အတွက် အချိန်အခါကောင်း တစ်ခုပါ။ ဒါက ကြီးကျယ်ခမ်းနားတဲ့ ပြောင်းလဲမှုရဲ့ အချိန် တစ်ချိန် ဖြစ်တော့မှာမို့ပါ” ဟုလည်း ၎င်းက ပြောကြားသည်။

ခင်းကျင်းပြသထားသော ထိုအကြောင်းအရာ တစ်ခုချင်းစီက လွန်ခဲ့သော နှစ်များအတွင်း ဗြိတိသျှကောင်စီနှင့် တနည်းနည်းဖြင့် ပတ်သက်နေကြသည်။ ၁၉၅၁ ခုနှစ်မှာ ဗြိတိသျှကောင်စီနှင့် ပေါင်းစည်းလုပ်ကိုင်ခဲ့သော မြန်မာနိုင်ငံ စာကြည့်တိုက်များ အစည်းအရုံးဥက္ကဋ္ဌဟောင်း ဦးသော်ကောင်းမှသည် ဗြိတိသျှကောင်စီ၏ အကူအညီဖြင့် ၂၀၀၆ ခုနှစ်တွင် UK’s Open University ၏ နိုင်ငံရေးနှင့် အစိုးရအဖွဲ့ ဘာသာရပ်ဆိုင်ရာဘွဲ့ ရရှိခဲ့သူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းအထိပင် ဖြစ်သည်။

အဆိုပါ ကိုယ်ရေးအကျဉ်းများ၏ ကွဲပြားခြားနားမှုမှာ စိတ်ဝင်စားဖွယ်ကောင်းပြီး အသက်အရွယ် အမျိုးမျိုး၊ တိုင်းရင်းသား အမျိုးမျိုး၊ ယုံကြည်ကိုးကွယ်ရာ ဘာသာအမျိုးမျိုးနှင့် ရေမြေပထဝီဒေသ အမျိုးမျိုးကို ကိုယ်စားပြုထားသည်။ ဤအချင်းအရာ မှာ မတော်တဆဖြစ်ရပ် မဟုတ်ဟု ရွေးချယ်ရေး လုပ်ငန်းစဉ်ကို ကြီးကြပ်ခြင်း၊ လူတွေ့မေးမြန်းမှုများ ပြုလုပ်ပြီး ကော်ပီများကို တည်းဖြတ်ခဲ့သူ မက်ကန်ဇီက ဆိုသည်။ 

ဗြိတိသျှကောင်စီအစား ဤလူပုဂ္ဂိုလ် ၁၂ ဦးကို နှစ်ပတ်လည် အခမ်းအနား၏ ရှေ့တန်းဗဟိုနေရာတွင်ထားရန် ဆုံးဖြတ်ချက်မှာ ခဲယဉ်းလှသည် မဟုတ်ဟုလည်း ၎င်းက ဆိုသည်။

“ဒါက ဗြိတိသျှကောင်စီရဲ့ အကြောင်းအရာထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဖြစ်ရပ်တွေလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့မှာ သူမတူအောင် ထူးခြားလှတဲ့ သမိုင်းတစ်ရပ် ရှိခဲ့ဖူးပေမဲ့ ဗြိတိသျှကောင်စီရဲ့ တကယ့်ဖြစ်ရပ်က ကျွန်တော်တို့နဲ့ ဆက်သွယ်ခဲ့ရတဲ့သူတွေပဲ ဖြစ်တယ်လို့ ကျွန်တော် ယူဆခဲ့တာပါ” ဟု မက်ကန်ဇီက ဆိုသည်။

“ကျွန်တော်က ဖြစ်ရပ်တစ်ခုချင်းစီကို စီကာပတ်ကုံး ပြောဆိုတဲ့ ကောက်ကြောင်း တစ်ရပ်ကို ကြည့်ရှုခဲ့တာပါ။ ဒီဖြစ်ရပ်ကို ပြောနေတဲ့ တမူထူးခြားတဲ့ တစ်စုံတစ်ခုပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။ “ပြောဆိုရေးသားတဲ့ အကြောင်းအရာ တခုခုက လွှမ်းမိုးနေတာမျိုးလည်း ကျွန်တော်တို့ မလိုချင်ပါဘူး။ အရမ်းကာရော နိုင်ငံရေး ဆန်လွန်းတာမျိုးလည်း ကျွန်တော်တို့ မလိုချင်ပါဘူး” ဟုလည်း ထပ်လောင်းရှင်းပြသည်။

သူတို့ ဇာတ်လမ်းများမှာ ဆိုရှယ်လစ်စီးပွားရေးစနစ်နှင့် ထိုစနစ်နောက်ပိုင်း စစ်အာဏာရှင် အုပ်ချုပ်ရေးစနစ်များ လက်အောက်ရှိ အမှောင်လွှမ်းသော နေ့ရက်များအတွင်းမှ ဘဝကို ပုံဖော်ခဲ့သည့် ခက်ခဲကြမ်းတမ်းသော ခံစားမှု တစုံတရာကို ပေးစွမ်းလျက်ရှိသည်။ ယင်းတို့ထဲမှ ကိုမင်းကိုနိုင်၏ နှစ်ပေါင်း ၂၀ ကျော် အကျဉ်းစံဘဝမှာ ထင်ရှားပေါ်လွင်လှသည်။

သို့ရာတွင် အခြားဖြစ်ရပ်များကလည်း အထူးသဖြင့် ကျေးလက်ဒေသများကို အတိဒုက္ခရောက်စေခဲ့သော ဆင်းရဲနွမ်းပါးမှုနှင့် ပညာသင်ကြားခွင့် မရှိသလောက ်နည်းပါးမှုတို့၏ နေ့စဉ်ဘဝများကို ပြောပြနေသည်။ ယခုအခါ ရခိုင်အမျိုးသားပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းနေသော ဒေါ်ထုမေက ရမ်ရီကျွန်းပေါ်တွင် တစ်နေ့ နှစ်နာရီ လမ်းလျှောက်၍ အထက်တန်းကျောင်းသို့ သွားရောက်ခဲ့ရပုံကို ပြန်ပြောင်းပြောပြထားသည်။ ရန်ကုန်သို့ ပြောင်းလာခဲ့ပြီး သူနာပြုဘာသာရပ်ကို လေ့လာလိုခဲ့သော်လည်း ဝင်ခွင့်ရရေးအတွက် လာဘ်ပေးရမည်ကို ငြင်းပယ်ခဲ့သည်။

သို့သော် ခက်ခဲကြမ်းတမ်းမှုများနှင့် ကျော်လွှားနိုင်စွမ်းကိုသာ ပြောပြထားသည်များ မဟုတ်ပေ။ ပညာရေး၊ နိုင်ငံတကာ ဝင်ဆန့်မှုနှင့် ကိုယ်ကျိုးစွန့်မှုတို့အပေါ် အလွန်တရာ အလေးပေးထားသော အရာများလည်း ရှိသေးသည်ဟု မက်ကန်ဇီက မှတ်ချက်ပြုသည်။

“ဒီလုပ်ငန်းစဉ်အတွင်းမှာ ကျွန်တော်နားလည်ခဲ့တဲ့ အရာတစ်ခုက လူမှုအသိုင်းအဝိုင်းကို စိတ်ဝယ်ပိုက်ထားတဲ့ သူတွေက ဒီကို ရောက်ရှိလာခဲ့ပုံပါ။ ပိုမိုကျယ်ပြန့်တဲ့ အသိုင်းအဝိုင်းအတွက် အလုပ်လုပ်ဖို့၊ မိမိတို့ အသိုင်းအဝိုင်းအတွက်  အလုပ် မလုပ်နိုင်တဲ့သူတွေပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။ “သူတို့က ကိုယ်ရဖို့အရေး တခုတည်းကိုပဲ စိတ်ဝင်စားနေသူတွေ မဟုတ်ကြပါဘူး” ဟုလည်း ဆိုလိုက်သေးသည်။

ရန်ကုန်မြို့ ကမ်းနားလမ်းပေါ်ရှိ ဗြိတိသျှကောင်စီဌာနချုပ်တွင် ဇွန်လ ၃၀ ရက်အထိ ပြသခဲ့သော ဤပြပွဲတွင် ဗြိတိသျှကောင်စီ၏ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံခဲ့သာ အချိန်မှတ်တမ်းနှင့် မှတ်ချက်တစ်ရပ်လည်း ပါဝင်နေသည်။ ယင်းမှာ မြန်မာ့နိုင်ငံ၏ အရှိန်အဟုန် ပြင်းပြင်းဖြင့် သက်ဝင်လှုပ်ရှားလျက်ရှိသော ခေတ်သစ်သမိုင်းကို ကျယ်ကျယ်ပြန့်ပြန့် ထင်ဟပ်စေလျက်ရှိသည်။

ပါလီမန် ဒီမိုကရေစနစ်ဖြင့် အုပ်ချုပ်ခဲ့သော ၁၉၅၀ ပြည့်နှစ်များအတွင်း ဗြိတိသျှကောင်စီသည် တက္ကသိုလ်များနှင့် ဆက်ဆံရေးကို တည်ဆောက်ခဲ့သကဲ့သို့ အင်္ဂလိပ်ဘာသာစကား သင်ကြားခြင်းကိုလည်း ဇောင်းပေးလုပ်ဆောင်ခဲ့သည်။ ယင်း၏စာကြည့်တိုက်မှာလည်း ယဉ်ကျေးမှုစင်တာ တစ်ခု ဖြစ်ခဲ့ပြီး စစ်အေးကာလ ပြိုင်ဆိုင်မှုများ ပေါ်ပေါက်နေချိန်တွင် ကမ္ဘာ့အင်အားကြီးများက မြန်မာ့ချစ်ခြင်းမေတ္တာအတွက် ကြိုးကြိုးစားစား ယှဉ်ပြိုင် ဆောင်ရွက်ခဲ့ပုံကိုလည်း မြင်တွေ့ခဲ့ရသည်။

ဦးနေဝင်း၏ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုမှာ တုန်လှုပ်ချောက်ချားဖွယ် အလှည့်အပြောင်းအဖြစ် မှတ်ကျောက်တင်ခဲ့သည်။ အာဏာသိမ်းပြီးနောက် လေးနှစ်အကြာတွင် ဗြိတိသျှကောင်စီကို အခြား ပြည်ပယဉ်ကျေးမှုဌာနများ အားလုံးနှင့်အတူ နှင်ထုတ်ခဲ့သည်။ ယင်း၏ မူလနေရာဟောင်းဖြစ်သည့် ပန်းဆိုးတန်းလမ်းပေါ်မှ ရန်ဒါအိမ်ရာ Rander House ကို အစိုးရက သိမ်းယူခဲ့ပြီး ယခုအခါ ပြည်တွင်းအခွန်များ ဦးစီးဌာန ရုံးခန်းပင် ဖြစ်နေပြီ ဖြစ်သည်။

ဗြိတိသျှကောင်စီ စာကြည့်တိုက်၏ ပိုမိုအရေးကြီးသော အလုပ်အချို့ကို ထိန်းသိမ်းပြုပြင်ရန် ကြိုးပမ်းမှု တစ်ရပ်တွင် စာကြည့်တိုက်မှူး ဒေါ်မော်နီကာမြအောင်က ဗြိတိသျှသံရုံး နေရာအနှံ့တွင် စာအုပ်ပေါင်း ၂၀၀ ဝန်းကျင်ကို သိမ်းဆည်းသိုဝှက်ထားခဲ့ခြင်း ပါဝင်သည်။ အံ့သြဖွယ်ကောင်းသည်မှာ အထူးသဖြင့် အင်္ဂလိပ်စာ သင်ကြားမှုပိုင်းတွင် ယိုယွင်းလာခြင်း အပါအဝင် ပညာရေးစံများ ကျဆင်းလျက်ရှိခြင်းကို စိုးရိမ်မကင်း ဖြစ်ခဲ့သည့် ဦးနေဝင်းအစိုးရ၏ ပန်ကြားချက်အရ ၁၉၉၇ ခုနှစ်တွင် ဗြိတိသျှကောင်စီ ပြန်လည်ဖွင့်လှစ်သည့် အချိန်အထိ ထိုစာအုပ်များ မပျက်မယွင်း ရှိနေခြင်းပင် ဖြစ်သည်။ 

ဗြိတိသျှကောင်စီ ဒါရိုက်တာကယ်ဗင် မက်ကန်ဇီအား “ဘဝဖြစ်ရပ်များ” ပြပွဲတွင် တွေ့ရှိရစဉ်။ ဓာတ်ပုံ - အန်းဝမ်

ဗြိတိသျှကောင်စီ ဒါရိုက်တာကယ်ဗင် မက်ကန်ဇီအား “ဘဝဖြစ်ရပ်များ” ပြပွဲတွင် တွေ့ရှိရစဉ်။ ဓာတ်ပုံ – အန်းဝမ်

ရှစ်လေးလုံး အရေးတော်ပုံကို ဖြိုခွင်းပြီးနောက် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံသို့ ပေးအပ်လျက်ရှိသော အကူအညီများ အားလုံးနီးပါးကို ရပ်တန့်ပစ်ခဲ့သည်။ သို့သော် ဗြိတိသျှကောင်စီကို တည်ဆောက်ခဲ့ပြီး အရပ်ဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုကို ဆက်လက်ထိန်းသိမ်းခဲ့သည်။ မြန်မာနိုင်ငံရှိ လူများစွာအတွက် အရေးပါသော သတင်းရင်းမြစ် တစ်ရပ်အဖြစ်လည်း ထိန်းသိမ်းထားခဲ့သည်။

သိသာထင်ရှားသော မူဝါဒတစ်ရပ်ကို ၂၀၀၃ ခုနှစ်တွင် တွေ့ရှိခဲ့ရသည်။ မြန်မာနိုင်ငံရှိ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများကဲ့သို့သော ခေါင်းဆောင်မျိုးဆက်သစ်များဖြင့် တက်ကြွစွာ စတင်ထိတွေ့ဆက်ဆံခဲ့သော အချိန်ပင်ဖြစ်သည်။ သို့သော် ဒေါ်ကက်သလင်းသိန်းကဲ့သို့သော အရပ်ဖက် အဖွဲ့အစည်းခေါင်းဆောင်များ၊ ပညာသင်ကြားသူများနှင့်လည်း ထိတွေ့ဆက်ဆံခဲ့သည်။

လူ့အခွင့်အရေးမှသည် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်အထိ ဘာသာရပ် အမျိုးမျိုးအတွက် သင်တန်းများ ဖွင့်လှစ်ခဲ့သကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ရေး အတန်းများကိုလည်း ဖွင့်လှစ်ခဲ့သည်။ ဗြိတိသျှကောင်စီမှာ ဆယ်စုနှစ် တစ်စု၏ အကောင်းဆုံးသော အစိတ်အပိုင်းတစ်ရပ်မှာ စစ်တပ်၊ သို့မဟုတ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခံရမည့်အရေးကို ကြောက်ရွံ့နေစရာမလိုဘဲ ထိလွယ်ရှလွယ်သော ခေါင်းစဉ်များကို မြန်မာနိုင်ငံသားများ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့သည့် နေရာ အနည်းငယ်အနက် တစ်ခု ဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။

လတ်တလော နှစ်များအတွင်းမှ ပြုပြင်ပြောင်းလဲမှုများမှာ ပိုမိုကြီးကျယ်လာသေ ာအစိုးရ ထိတွေ့ဆက်ဆံမှု၊ MyJustice အစီအစဉ်မှတစ်ဆင့် တရားဥပဒေစိုးမိုးမှုကဲ့သို့သော နယ်ပယ်များအထိ တိုးချဲ့ဆောင်ရွက်မှုတို့နှင့်အတူ အခြားအပြောင်းအလဲ တစ်ရပ်ကို တွန်းအားပေးခဲ့သည်။ ဗြိတိသျှကောင်စီ၏ ရှင်းလင်းလှသည့် လုပ်ဆောင်ချက်များနှင့် အစိုးရတစ်ရပ်၏ တိုးတက်မှုဖြစ်စဉ်တို့ကြောင့် ဤတိုးချဲ့ဆောင်ရွက်မှုများ ဆက်လက်ပေါ်ပေါက်နေမည်ဆိုသည်ကို လွယ်လွယ်ကူကူပင် တွေးကြည့်နိုင်ပေသည်။

သို့သော် ယခုအချိန်တွင် ဤပြပွဲမှာ အတိတ်ကာလကို ထင်ဟပ်စေမည့် အချိန်တစ်ချိန် ဖြစ်သည်။ ဒေါ်ကက်သလင်းသိန်းအတွက်မူ ယခုကဲ့သို့သော ဇာတ်လမ်းရှိသည့် ဌာန တစ်ခု၏ သမိုင်းကို ပြောပြရန် ရွေးချယ်ခံရခြင်းမှာ မျှော်လင့်မထားသည့် ထူးခြားသော ဂုဏ်ထူးဝိသေသတစ်ခုပင် ဖြစ်သည်။

 “ဒီလူ ၁၂ ယောက်ထဲမှာ ကျွန်မကို ထည့်သွင်းရွေးချယ်တုန်းက ကျွန်မရဲ့ အံ့သြဝမ်းသာမှုကို ဘယ်လို ဖော်ပြရမလဲ ဆိုတာ ကျွန်မ မသိခဲ့ပါဘူး” ဟု သူက ဆိုသည်။ “ဒီရွေးချယ်မှုက ကျွန်မရဲ့ ပရဟိတအလုပ်တွေကို ဆက်လုပ်ဖို့ ပိုမို အားတက်စေပါတယ်။ ဗြိတိသျှကောင်စီက ကျွန်မရဲ့ ကြိုးပမ်းအားထုတ်မှုကို အသအိမှတ် ပြုခဲ့တဲ့အတွက် ကျွန်မ ဝမ်းသာမိပါတယ်” ဟုလည်း ထပ်လောင်းဖွင့်ဟခဲ့သည်။

အောင်မင်း ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ၁၉၆၁ ခုနှစ်က ဗြိတိသျှကောင်စီ စာကြည့်တိုက်အတွင်း စာဖတ်နေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ – ဗြိတိသျှ ကောင်စီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.