ပုဂံကို ဖျက်ဆီးနေတာ ဘယ်သူတွေလဲ

“ပုဂံကို ဘယ်သူတည်သလဲလို့ မေးရင်ဖြေဖို့မလွယ်ပါ။

ဘယ်သူဖျက်သလဲမေးရင် ခြေရာလမ်းစရှာပြီး ဖြေဖို့ မခက်လှပါ။”

– ဒေါက်တာသန်းထွန်း၊ သမိုင်းပညာရှင် (၁၉၂၃-၂၀၁၅)

ထွန်းခိုင် ရေးသားသည်။

ဓာတ်ပုံများ- တေဇလှိုင်

သဲပန်းချီဆရာ ကိုသန်းထိုက်ဟာ သူ့ပန်းချီကားတွေအတွက် ကုန်ကြမ်းလိုက်ရှာရင်း ပုဂံဘုရားအမှတ် ၁၀၄၆ က နံရံဆေးရေး ပန်းချီတစ်ခုကို မျက်စိကျသွားခဲ့ပါတယ်။

ဆင်တစ်ကောင်လုံးရဲ့ ပုံသဏ္ဍာန်ကို အမျိုးသမီး ၁၀ ယောက် ကခုန်နေတဲ့ပုံနဲ့ ပုံဖော်ထားပြီး အဲဒီဆင်ပေါ်မှာ စောင်းတီးနေတဲ့ တစ်ယောက်လဲရှိပါတယ်။ ပုဂံခေတ် ဒါမှမဟုတ် နှောင်းလူတို့ ပြန်ဆွဲတာလည်း ဖြစ်နိုင်တဲ့ ဒီနံရံဆေးရေး ပန်းချီကားကို တုပဆွဲထားတဲ့ သဲပန်းချီကားဟာ ပုဂံက သဲပန်းချီလောကမှာ လူသိများတဲ့ ပုံတစ်ခုလည်း ဖြစ်ပါတယ်။

အခုတော့ ဒီပန်းချီကားကို မြင်ချင်ရင် ကူးယူဆွဲထားတဲ့ ရုပ်ပုံတွေကိုပဲ ကြည့်ရတော့မှာပါ။ မူလ ပုဂံဘုရားနံရံထက်မှာ တွေ့ရဖို့ မဖြစ်နိုင်တော့ပါဘူး။

“နောက်တစ်လ နှစ်လကြာလို့ကျနော်နောက်တစ်ခါ သွားကြည့်တော့ သံချွန်တွေနဲ့ ခြစ်ခဲ့ကြတယ်။ အရမ်းဝမ်းနည်းစရာကောင်းတယ်ဗျာ” လို့ အပါယ်ရတနာဘုရားရှေ့မှာ သဲပန်းချီကားရောင်းတဲ့ ကိုသန်းထိုက်က သူ့ သဲပန်းချီကားတွေကို တစ်ချပ်ချင်းလှန်ရင်း ပြောပါတယ်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

မြန်မာနိုင်ငံက အခမ်းနားဆုံး ဘာသာရေးနဲ့ ယဉ်ကျေးမှု အဆောက်အအုံတွေဖြစ်တဲ့ ပုဂံဟာ ကြေကွဲဖွယ်ရာ တိုက်ခိုက်မှုတွေ ခံခဲ့ရပြီးပါပြီ။ ပုဂံလက်ရာတွေဟာ ပညာရှင်တွေရဲ့ အကြံဉာဏ်ကို လက်မခံပဲ အကြီးစားပြုပြင်တာတွေ၊ ခိုးယူဖျက်ဆီးခံရတာအပါအဝင် လူလုပ်တဲ့ ဖျက်ဆီးမှုတွေ၊ ငလျင်နဲ့ရာသီဥတု ဖျက်ဆီးမှုတွေကြားမှာ နှစ်ပေါင်း ၁,၀၀၀ နီးပါး ကြံ့ကြံ့ခံရင်း ရပ်တည်ခဲ့ရပါတယ်။

အခုတော့ နောက်ဆုံးလက်ကျန် ပုဂံဘုရားနံရံတွေထက်က နံရံဆေးရေး ပန်းချီကားတွေဟာလည်း ခြိမ်းခြောက်မှုတွေ ခံနေရပါပြီ။

ပုဂံကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့ လာမယ့် နှစ်နှစ်အတွင်း အစိုးရဘက်က အသည်းအသန် ကြိုးစားနေပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုတွေကတော့ ရှိနေဆဲပါ။ အဲဒီထဲက အကြီးမားဆုံးတစ်ခုက လူသားတို့ရဲ့ဖျက်ဆီးမှုတွေပါ။

ဘုရားနံရံတွေနဲ့ နံရံဆေးရေးပန်းချီတွေပေါ်မှာ ရေးခြစ်တာက မြန်မာတွေအတွက် အရိုးစွဲနေတဲ့ ကင်ဆာလို ကပ်ဆိုးတစ်ခု ဖြစ်နေပါတယ်။

Frontier က သြဂုတ်လ၊ ဒုတိယသီတင်းပတ်အတွင်းမှာ လူသိများတဲ့ ပုဂံက စေတီပုထိုး ၂၀ လောက်ကို အသေးစား သုတေသန ပြုလုပ်ချက်အရ ရေးခြစ်မှုပေါင်း ၁,၀၀၀ ထက်မနည်းကို တွေ့ရှိခဲ့ရပါတယ်။

သုတေသနပြုတဲ့အထဲမှာ  ဓမ္မရံကြီး၊ အပါယ်ရတနာ၊ ဝက်ကြီးအင်း ဂူပျောက်ကြီး၊ မြင်းကပါ ဂူပျောက်ကြီး စတဲ့ သာသနိကအဆောက်အအုံတွေ ပါဝင်ပါတယ်။

ရေးခြစ်ထားတဲ့ကြတဲ့ အမှတ်တရစာတွေထဲမှာ အသဲကွဲတဲ့အကြောင်း၊ နှစ်ဦးသား အချစ်ခိုင်မြဲစေလိုတာ၊ သူငယ်ချင်းတွေ စုဝေးရောက်ရှိခဲ့တဲ့အကြောင်းတွေကို အများဆုံး ရေးထိုးထားတာ တွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

အမှတ်တရစာတွေကို ခရစ်နှစ်တွေနဲ့တွဲပြီး ရေးထိုးထားတာကို တွေ့ခဲ့ရပြီး အစောဆုံးအဖြစ် ၂၈.၁၂.၁၉၅၈ ဆိုတဲ့ စာကြောင်းကို မြင်းကပါ ဂူပြောက်ကြီးမှာ တွေ့ခဲ့ရပါတယ်။ ခေတ်အမီဆုံး လက်ဆော့ခဲ့တဲ့ လက်ရာကိုတော့ နောက် ၅၇ နှစ်နဲ့ နှစ်ရက်အကြာမှာ ၂၈.၁၂.၂၀၁၅ ဆိုတဲ့ ရေးထိုးထားမှုကို ဘုရားအမှတ် ၁၂၀၄ မှာ တွေ့ခဲ့ရပါတယ်။

“ဒါတွေက မြန်မာ့အမွေအနှစ်တင်မကဘူး။ ကမ္ဘာ့အမွေအနှစ်တွေ”လို့ Bagan Heritage Trust က တွဲဖက်အတွင်းရေးမှူး ဦးမျိုးညွန့်အောင်က ဆိုပါတယ်။

မိုးရေ၊ ပိုးမွှား၊ ငလျင်နဲ့ တိရိစ္တာန်တွေဟာ ပုဂံနံရံဆေးရေးပန်းချီတွေကို ဖျက်ဆီးတဲ့အရာတွေလို့ သူက ဆိုပါတယ်။

နောက်ထပ်တရားခံတွေကတော့ စစ်ပွဲတွေအတွင်းက ပုဂံဘုရားတွေထဲမှာ လာရောက်ခိုလှုံ နေထိုင်ချက်ပြုတ် စားသောက်သူတွေဖြစ်ပြီး နောက်ဆုံးမှာတော့ လက်ဆော့ရေးခြစ်တဲ့သူတွေလည်း နံရံဆေးရေးပန်းချီကို ဖျက်ဆီးတဲ့ တရားခံစာရင်းထဲမှာပါတယ်လို့ ရှေးဟောင်းသုတေသန အရာရှိဟောင်းလည်းဖြစ်တဲ့ ဦးမျိုးညွန့်အောင်က ပြောပါတယ်။

ခရစ်နှစ် ၉ ရာစုကနေ ၁၃ ရာစုအထိ ခေတ်ကောင်းခဲ့တဲ့ ပုဂံမှာ သုတေသနပညာရှင်တွေ အဆိုအရ သာသနိက အဆောက်အအုံပေါင်း ၃၁၂၂ ခုအနက် နံရံဆေးရေးပန်းချီတွေကို မြင်တွေ့နိုင်တာ ၄၀၀ ကျော် ကျန်နေသေးတယ်လို့ ဆိုပါတယ်။

လူသိများတဲ့ မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကတော့ ပုဂံက ဘုရားနံရံဆေးရေးတွေဟာ (၁) အလှူကို မှတ်တမ်းတင်တာ၊ (၂) လှူဖွယ်ပစ္စည်းစာရင်းတွေကို မှတ်တမ်းတင်တာ၊ (၃) ဗုဒ္ဒဘာသာ အကြီးအကျယ် ထွန်းကားတာကို ရေးမှတ်တာနဲ့ (၄) မြန်မာနိုင်ငံကို ဗုဒ္ဒဘာသာ ရောက်ရှိတာတွေကို မှတ်တမ်းတင်တာတွေ ဖြစ်နိုင်တယ်လို့ ၂၀၀၄ ခုနှစ်အတွင်းက ပုဂံ နံရံဆေးရေးပန်းချီနဲ့ ပတ်သတ်ပြီး ရေးထားတဲ့ ဆောင်းပါးတစ်ခုမှာ ရှင်းပြထားပါတယ်။

အဖြူ၊ အမည်း၊ အနီ၊ အဝါ၊ အစိမ်းနဲ့ အညိုရောင်တွေကို အနည်းအများ စပ်ထားတာ အံ့သြစရာ လက်ရာမြောက်တယ်လို့ ချီးကျုးခံရတဲ့ နံရံဆေးရေးတွေ ပျက်စီးပျောက်ကွယ်ခဲ့ရတဲ့ တရားခံစာရင်းထဲမှာ ဥရောပက ရှေးဟောင်းပစ္စည်း ခိုးယူသူတွေကိုလဲ ဒေါက်တာသန်းထွန်းက ထည့်သွင်းထားပါတယ်။

tzhmural_painting27.jpg

ဓာတ်ပုံ-တေဇလှိုင်

ဒီအထဲမှာ ၁၈၉၁ နဲ့ ၁၈၉၉ မှာ ပုဂံကိုလာရောက်ပြီး ရှေးဟောင်းပစ္စည်း အကြီးအကျယ် ခိုးယူသူတွေက အဆိုးဆုံးလို့ မြန်မာသမိုင်းပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။

၁၃ ရာစုမှာ တည်ဆောက်ခဲ့ပြီး ရှေးမြန်မာတို့ရဲ့ အံ့သြစရာအကောင်းဆုံး နံရံဆေးရေးပန်းချီလက်ရာတွေရှိတဲ့ ဝက်ကြီး အင်းဂူေပြောက်ကြီးဟာ အဆိုးရွားဆုံး ခိုးယူဖျက်ဆီးခံခဲ့ရတဲ့ သာသနိက အဆောက်အအုံတစ်ခုလည်း ဖြစ်ပါတယ်။

ဂျာမန်လူမျိုး ဒေါက်တာထောမန် (Dr Thomann) နဲ့ သူ့အဖော်တွေဟာ ဟမ်းဘတ်က Hamburg Ethnographic Museum အတွက် ၁၈၉၉ ခုနှစ်မှာ ပုဂံကိုလာရောက် ခိုးယူရင်း ဝက်ကြီးအင်း ဂူေပြောက်ကြီးကို အကြီးအကျယ် ဖျက်ဆီးယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာထောမန်နဲ့ သူ့လူတွေ ခိုးယူဖို့ကြိုးစားခဲ့တဲ့ လွှသွားရာတွေ၊ သတင်းစာဖျက်ပိုင်းဟောင်းတွေနဲ့ သူ့လက်မှတ်တွေကို အခုထိ ဘုရားနံရံတွေမှာ တွေ့နိုင်ပါသေးတယ်။

အခုတော့ ဝက်ကြီးအင်းဂူေပြောက်ကြီးကို ဖျက်ဆီးတဲ့စာရင်းထဲမှာ ဒေါက်တာထောမန်အပြင် “အောင်”ဆိုတဲ့ မြန်မာတယောက်ရဲ့ ချစ်သူကိုပါ ထည့်သွင်းရပါတော့မယ်။

ပုဂံမှာ အကောင်းဆုံး နံရံဆေးရေးတွေရှိတယ်လို့ သတ်မှတ်ခံထားရတဲ့ ဝက်ကြီးအင်း ဂူေပြောက်ကြီးရဲ့  နံရံဆေးရေး ပန်းချီပေါ်မှာ “အောင် အချစ်ဆိုတာဘာလဲ” ဆိုပြီး ရေးထိုးထားတာကို တွေ့ခဲ့ရပါတယ်။

“ဒါတွေကို ဧည့်သည်တွေက တွေ့တော့ မြင်တာနဲ့ ရှုံ့ချကြတယ်”လို့ ပုဂံမှာ ဂျပန်နဲ့ အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန်အဖြစ် နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်ခဲ့တဲ့ အကြီးတန်းဧည့်လမ်းညွန် ဦးဇော်ဝင်းချိုက ပြောပါတယ်။

ဝက်ကြီးအင်း ဂူေပြောက်ကြီးထက် နှစ် ၁၀၀ လောက်စောပြီး တည်ဆောက်ထားပြီး အမည်တူတဲ့ နောက်ထပ် ဂူပြောက်ကြီးတစ်ခု ရှိပါသေးတယ်။ အေဒီ ၁၁၁၃ မှာ ကျန်စစ်သားရဲ့ သားတော် အမတ်ကြီးရာဇကုမာရ တည်ဆောက်ခဲ့တာဖြစ်ပြီး မြင်းကပါဂူပြောက်ကြီးလို့ လူသိများပါတယ်။

အဲဒီဘုရားရဲ့ နံရံတွေမှာလဲ correction pen တွေနဲ့ ရေးခြစ်ထားတာတွေကို တွေ့ခဲ့ရပါတယ်။

ဒီလို Correction Pen နဲ့ စေတီနံရံတွေမှာ ရေးခြစ်တာတွေဟာ ပုဂံဘုရားဖူးတွေအတွက် အစဉ်အလာလိုဖြစ် နေပါတယ်။

အလိုတော်ပြည့်ဘုရားအနီးမှာရှိတဲ့ ဘုရားအမှတ် ၃၆၉၊ အရှေ့ လိုဏ်ရှည်ဘုရားထက်မှာဆိုရင် Correction Pen နဲ့ ရေးခြစ်ထားမှုပေါင်း ၂၀၀ ထက်မနည်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ပုဂံဘုရားတွေမှာ Correction Pen နဲ့ ရေးခြစ်မှုတွေဟာ မြန်မာတွေတင်သာ မကပါဘူး။ အာရှနိုင်ငံသားတွေအထိကိုလည်း ကူးဆက်လာပါပြီ။ ပုဂံဘုရားအချို့မှာ ဂျပန်၊ ထိုင်းနဲ့ တရုတ်ဘာသာနဲ့ ရေးခြစ်ထားမှုကိုပါ တွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

ရှေးဟောင်းသုတေသနဦးစီးဌာနက ပုဂံဘုရားတွေမှာ ရေးခြစ်တာတွေအပါအဝင် ရှေးဟောင်းပစ္စည်းတွေကို ထိန်းသိမ်းဖို့အတွက် အဓိကကျတဲ့ဘုရားတွေမှာ ဝန်ထမ်းတွေကို တာဝန်ချထားပါတယ်။

အဲဒီဝန်ထမ်းတွေရဲ့ အဆိုအရ ဘုရားမှာ အမှတ်တရစာတွေ ရေးခြစ်ဖို့ ကြိုးစားတဲ့သူတွေကို သွားရောက် တားမြစ်ရင် မချေမငံ ပြောဆိုဆက်ဆံတာတွေ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ သွားပြောရင် မင်းကဘာကောင်မို့လို့ လာပြောတာလဲဆိုပြီး ပြန်ပြောတဲ့သူတွေလည်း ရှိတယ်”လို့ အမည်မဖော်လိုတဲ့ ဘုရားစောင့်ဝန်ထမ်းက ပြောပါတယ်။

သတင်းဂျာနယ်တွေကို အင်တာဗျုးဖြေရင် သူ့အထက်အရာရှိတွေ စိတ်ငြိုငြင်သွားမှာကို သူကစိုးရိမ်နေပြီး ဘုရားစောင့်ဝန်ထမ်းအလုပ် ပြုတ်သွားမှာနဲ့ ဘုရားအနီးက သူတို့အတွက် ပေးထားတဲ့နေအိမ် ပျောက်သွား မှာလည်း စိုးရိမ်တဲ့အတွက် နာမည်ထုတ်မပြောဖို့ တောင်းဆိုခဲ့တာပါ။

ဒီလို ဘုရားတွေမှာ ရေးခြစ် ဖျက်ဆီးနေကြတာတွေက “ကိုယ့်အိမ်ကို လာဖျက်ဆီးနေတယ်လို့ ခံစားရတယ်” လို့ ဆယ်စုနှစ်ပေါင်းများစွာ ဘုရားကိုစောင့်ရှောက်လာတဲ့ အဲ့ဒိဝန်ထမ်းက ပြောပါတယ်။

ရှေးဟောင်းအဆောက်အအုံတွေကို ပျက်ဆီးအောင် လုပ်ဆောင်မှုကို မြန်မာနိုင်ငံမှာ ပြစ်မှုအဖြစ် သတ်မှတ် ထားပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ခုနှစ်နှစ်နဲ့ ငွေဒဏ် ကျပ်သိန်း ၅၀ သတ်မှတ်ထားပါတယ်။

ဒါပေမယ့် ပဲရစ်မြို့ တစ်ဝက်လောက်ကျယ်ဝန်းတဲ့ ပုဂံတစ်ခွင်က သာသနိကအဆောက်အအုံ ၃,၀၀၀ ကျော်ကို အချိန်တိုင်း စောင့်ကြည့်နေဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် ပညာပေးတဲ့နည်းက အကောင်းဆုံးလို့ ပုဂံဒေသခံ တွေကဆိုပါတယ်။

“ကျနော်မေးကြည့်တော့ သူတို့ နိုင်ငံတွေမှာလည်း ဒါမျိုးရှိတယ်။ အထူးသဖြင့် လူငယ်တွေ လုပ်ကြတာပေါ့။ ဒါကိုကျောင်းတွေမှာ တခါထဲ မလုပ်ဖို့ သင်ပေးတဲ့နည်းနဲ့ဖြေရှင်းကြတယ်လို့ ဥရောပတိုက်သားတွေက ပြောကြတယ်” လို့ ဧည့်လမ်းညွှန်အဖြစ် နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်ခဲ့တဲ့ အကြီးတန်းဧည့်လမ်းညွန် ဦးဇော်ဝင်းချိုက ပြောပါတယ်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

ရှေးခေတ်အမွေအနှစ်တွေအပေါ်မှာ ရေးခြစ်တာကို ပပျောက်အောင် ဂျပန်နိုင်ငံက လုပ်တဲ့ နည်းလမ်းတစ်ခုကိုလည်း အတုယူသင့်တယ်လို့ ဂျပန်မှာ ဆယ်စုနှစ်နှစ်ခုကျော် နေထိုင်နေတဲ့ ဦးမင်းအောင်ခိုင်က ပြောပါတယ်။

“အီတလီ၊ ပြင်သစ်၊ စပိန်သွားတဲ့အခါ ရေးကြလို့ တီဗွီမှာ ဂျပန်တွေ မလုပ်ဖို့ လှုံ့ဆော်တာ ရှိခဲ့တယ်။ တွေ့ရင် ဒဏ်ငွေက မနည်းဘူး ဆောင်ရမယ်(ဆိုပြီး)”လို့ ဦးမင်းအောင်ခိုင်က Frontier ကို အွန်လိုင်းကနေ ပြောပါတယ်။

ပုဂံဟာ မြန်မာ့ခရီးသွားလုပ်ငန်းကို အကြီးအကျယ် အထောက်အကူပြုနေတဲ့ နေရာဖြစ်ပါတယ်။

ပုဂံအခြေစိုက် ဟိုတယ်နဲ့ခရီးသွားညွှန်ကြားမှုဦးစီးဌာရဲ့ စာရင်းဇယားများအရတော့ ပုဂံကို ၂၀၁၁ ကနေ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လကုန်အထိ ငါးနှစ်နဲ့ ခုနှစ်လအတွင်း နိုင်ငံခြားသားခရီးသည် ၁၁ သန်းနီးပါး လာရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပုဂံကိုလာမယ်ဆိုရင် နိုင်ငံခြားသားတွေဟာ ဇုန်ဝင်ကြေး မဖြစ်မနေ ပေးဆောင်ရပါတယ်။ ၁၉၉၄ ခုနှစ်မှာ တစ်ဦးကို ၁၀ ဒေါ်လာကနေ ၂၀၁၃ ခုနှစ်မှာ ၁၅ ဒေါ်လာ၊ ၂၀၁၅ ခုနှစ်မှာ ဒေါ်လာ၂၀ အထိ အဆင့်ဆင့် တိုးမြှင့် ကောက်ခံခဲ့ပေမယ့် ခရီးသွားအရေအတွက်လည်း တိုးလာခဲ့ပါတယ်။

ပုဂံကို ကမ္ဘာလှည့်ခရီးသည်လာတဲ့နှုန်းက တစ်နေ့တစ်ခြား တိုးတက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံရေးအပြောင်း အလဲစတင်တဲ့ ၂၀၁၁ ခုနှစ်က ပုဂံကိုလာတဲ့ ကမ္ဘာလှည့်ခရီးသည် တစ်သိန်းကျော်ကျော်ပဲ ရှိပေမယ့် နောက်ငါးနှစ်အကြာ ၂၀၁၅ ခုနှစ်မှာတော့ ၂၀၁၁ ခုနှစ်ကထက် ၁၄၀ ရာခိုင်နှုန်းလောက်အထိ တက်လာခဲ့ပြီး နှစ်သိန်းခွဲနီးပါး ဖြစ်လာခဲ့ပါတယ်။

ယခုနှစ်မှာတော့ ဥရောပရဲ့ ခရီးသွားရာသီမစတင်မီ ပထမခုနှစ်လအတွင်းမှာပဲ ခရီးသည် တစ်သိန်းခွဲနီးပါး လာရောက်ခဲ့ပြီးပါပြီ။

ဒါကြောင့် ပုဂံက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ အလုပ်ဖြစ်ခဲ့သလို တစ်နိုင်တစ်ပိုင် လျှပ်စစ်စက်ဘီးတို့ စက်ဘီးငှားတဲ့သူတွေအတွက်လည်း အကျိုးအမြတ်တွေ ရနေပါတယ်။

ပြီးခဲ့တဲ့ငါးနှစ်အတွင်း အခြားအသုံးစားရိတ်တွေမပါသေးဘဲ ဇုန်ဝင်ကြေးတင် အသားတင် အမေရိကန်ဒေါ်လာ ၁၅ သန်းထက်မနည်း တိုင်းပြည်ဝင်ငွေအဖြစ် ရခဲ့ပါတယ်။ အဲဒီဝင်ငွေဟာ ရဲအရာရှိပေါင်း ၁၃၆,၀၀၀ ကျော်ကို အလုပ်ပေးထားလို့ ရပါတယ်။

သမိုင်းကြောင်းတစ်လျှောက် အနိမ့်အမြင့် အတက်အကျတွေကို နှစ်ပေါင်း ၁,၀၀၀ နီးပါး ဖြတ်သန်းခဲ့ရတဲ့ မြန်မာတို့ရဲ့ ပထမဆုံးအင်ပါယာဖြစ်တဲ့ ပုဂံဟာ ခေတ်အဆက်ဆက် ခိုးယူဖျက်ဆီးမှုတွေကို ကြံ့ကြံ့ခံရင်း ခေတ်သစ်မြန်မာတွေကို အကောင်းဆုံး အလုပ်အကြွေး ပြုနေဆဲပါ။

ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းတာအောင်မြင်ခဲ့ရင် ပုဂံရဲ့ကျော်ကြားမှုက အခုထက် ပိုလာမှာဖြစ်ပြီး ဂုဏ်သိက္ခာနဲ့ ငွေကြေးအကျိုးအမြတ်လည်း ပိုလာတော့မှာ ဖြစ်ပါတယ်။

အခုတော့ ပုဂံက လမ်းဆုံလမ်းခွမှာ ရောက်နေပါပြီ။ နံရံတွေပေါ်မှာ လွတ်လွတ်လပ်လပ် ဆက်ရေးကြမလား။ ယဉ်ကျေးမှုကို ထိန်းသိမ်းမလား။

မြန်မာတို့ ဆုံးဖြတ်ဖို့ အချိန်ကျပါပြီ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.