မြတ်ဗုဒ္ဓသာသနာရဲ့ အမှတ်လက္ခဏာ

မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို လိုက်နာပြီး ဘုရားရှိခိုး၊ အာရုံဆွမ်း အလှူခံ၊ ဆွမ်းစား၊ ကျောင်းသန့်ရှင်းရေး၊ စာအံ၊ နေ့ဆွမ်းအလှူခံ၊ ဆွမ်းစား၊ စာဝါတက်၊ အနားယူ၊ တရားထိုင်၊ ညဉ့်အိပ်ချိန်စတဲ့ အချိန်ဇယားအတိုင်း ရွေ့လျားနေတဲ့ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးဟာ လွန်ခဲ့တဲ့ ၃၉ နှစ် ဆရာတော်ကြီး ပျံလွန်တော်မမူခင် အချိန်တုန်းကလို တိတ်တိတ်ဆိတ်ဆိတ် အသက်ဝင်နေတုန်းပါပဲ။ 

ဉာဏ်လှိုင်လင်း ရေးသားသည်။

ဓာတ်ပုံများ- တေဇလှိုင်

ကားတစ်စီး ကျယ်ကျယ်လွင့်လွင့် သွားလို့ရတဲ့ ကတ္တရာလမ်းရဲ့ တစ်ဖက်တစ်ချက်မှာ အသား၊ ဆံပင်၊ မျက်နှာ၊ ကိုယ်ခန္ဓာအရွယ်အစား အသွင်အပြင်မျိုးစုံရှိတဲ့ နိုင်ငံပေါင်းစုံက လူ ၁၀၀ နီးပါး လှုပ်လှုပ်ရွရွ ရှိနေကြပါတယ်။ 

ရှေ့ကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ တစ်လှမ်းချင်း၊ တစ်လှမ်းချင်း သွားနေကြတဲ့ ရဟန်း၊ သာမဏေတွေ၊ သာမဏေတို့၏ အကျင့်သီလအတိုင်း စောင့်ထိန်းနေထိုင်ရသည့် ၁၃ နှစ်အောက် ပိတ်ဖြူဝတ် ဖိုးသူတော်လေးတွေကို ခြံရံလျှက်အနေအထားနဲ့ ရှိနေကြတာမျိုးပါ။

ဒီနေရာဟာ မြန်မာနိုင်ငံ၊ အလယ်ပိုင်းဒေသမှာဖြစ်ပေမယ့် မန်ကျည်း၊ ထနောင်း၊ ကုက္ကိုလ်စတဲ့ နှစ်ချို့ပင်တွေက လမ်းတစ်ဖက်တစ်ချက်ဆီမှာ အုပ်မိုးထားတာမို့ အေးအေးလူလူပါပဲ။ အဲဒီအရိပ်အာဝါသအောက် လူတန်းကြီးထဲမှာတော့ မိုဘိုင်းဖုန်း၊ ကင်မရာတွေဆီက လင်းလင်းလာတဲ့ မီးတွေ၊ တစ်ချက်ချက် ထွက်လာတတ်တဲ့ အသံတွေက သဲ့သဲ့လဲ့လဲ့။

သူတို့ရဲ့ အလယ်မှာရှိနေတဲ့ သံဃာတန်း နှစ်တန်းကတော့ ဦးခေါင်းကိုညွှတ်၊ မျက်လွှာကိုချ အနေအထားနဲ့ တည်တည်ကြည်ကြည် ရွှေ့လျားနေဆဲပါပဲ။ လက်တစ်ဖက်က ကညွတ်ခွေတပ်လျက် သပိတ်ကိုပိုက်လို့၊ အခြားတစ်ဖက်က ရေခွက်၊ လက်သုတ်ပုဝါ၊ အနေကထိုင် ကိုယ်စီကိုင်လို့ ဆွမ်းခံကြွချီလျှက်ပေါ့။

ဆွမ်းခံကြွဖို့ ပြင်ဆင်နေကြတဲ့ ဖိုးသူတော်လေးများ။ ဓာတ်ပုံ-တေဇလှိုင်

ဆွမ်းခံကြွဖို့ ပြင်ဆင်နေကြတဲ့ ဖိုးသူတော်လေးများ။ ဓာတ်ပုံ-တေဇလှိုင်

စတီးဒန်အိုးကြီးတွေ တန်းစီချထားတဲ့ ဆွမ်းစားကျောင်းပရဝုဏ်ထဲ ကွေ့ဝင်ပြီးတဲ့ သံဃာတော်တွေဟာ အလှူရှင်တွေလောင်းလှူတဲ့ ဆွမ်းကို အလှူခံနေကြပါပြီ။ လူအုပ်ကြီးထဲက တစ်ချို့ကတော့ ကျောင်းဆောင်ဘေးကပ်လျှက် အုတ်တံတိုင်းနားတိုးကာ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ဆဲ ရိုက်မြဲပါ။

အပြင်ဖက်က လူအုပ်ကြီး အဲဒီလောက် လှုပ်လှုပ်ရှားရှားရှိနေပေမယ့် စာမေးပွဲစစ်ပြီး လက်ခံထားတဲ့ အနယ်နယ် အရပ်ရပ်က အသက်အရွယ်စုံ သံဃာ၊ သာမဏေ၊ ဖိုးသူတော် အပါး ၁,၂၀၀ ကျော် ဆွမ်းဘုဉ်းပေးနေတဲ့ ကျောင်းဆောင်တွေကတော့ တိတ်ဆိတ်ငြိမ်သက်လျှက်ပါပဲ။

မြေပြင်ကနေ တစ်ပေခွဲနီးပါး အကွာရှိတဲ့ ကွပ်ပျစ်ပေါ်မှာ တင်ပလ္လင်ခွေထိုင်၊ အဲဒီအပေါ်က စားပွဲငယ်မှာ ပြင်ဆင်ထားတဲ့ ဟင်းအမယ်တွေထဲက လိုသလောက်ခပ်၊ သပိတ်ထဲထည့်ပြီး ဘုဉ်းပေးနေတဲ့ သံဃာထုကြီးဟာ စည်းကမ်းသေဝပ်စွာနဲ့ ရှိနေတာမျိုးပေ့ါ။

ဒီလို မြင်ကွင်းမျိုးဟာ ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူတွေတောင် နေရာအနှံ့ တွေ့မြင်ရတာမျိုး မဟုတ်လေတော့ အလည်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေအဖို့ ဆိုဖွယ်ရာမရှိ ဖြစ်ရပြီလေ။ ဒါကြောင့်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ နီးပါးကတည်းက တည်ရှိခဲ့တဲ့ မဟာဂန္ဓာရုံကျောင်းတိုက်ဟာ မန္တလေးမြို့ရဲ့  နာမည်ကျော် ခရီးသွားနေရာတွေထဲက တစ်ခုဖြစ်နေတာပေ့ါ။

“မိုးတွင်းကာလမို့ နိုင်ငံခြားသား အလာနည်းသေးတယ် ပြောရမယ်။ ပွင့်လင်းရာသီရောက်ရင် ဧည့်သည့်တွေက အခုထက် အနည်းဆုံး နှစ်ဆလောက်ရှိတယ်”လို့ လက်ထောက်စာချ(စာသင်) သံဃာတော်တစ်ပါးဖြစ်တဲ့ သက်တော် ၃၂ နှစ်အရွယ် ဦးဂန္ဓက ပြောတယ်။ ဝါတော် (ရဟန်းဝတ်သက်) ၁၂ ဝါရှိတဲ့ ရွှေဘိုနယ်သား အဲဒီ ဦးပဇ္ဇင်းဟာ အမရပူရမှာရှိတဲ့ ဒီကျောင်းတိုက်ကို လွန်ခဲ့တဲ့ ၁၃ နှစ်ထဲက ရောက်ရှိနေတာပါ။

ကျောင်းတိုက်အတွင်း တံမြက်စည်းလှဲ သန့်ရှင်းရေးဆောင်ရွက်နေတဲ့ သံဃာတော်များ။ ဓာတ်ပုံ-တေဇလှိုင်

ကျောင်းတိုက်အတွင်း တံမြက်စည်းလှဲ သန့်ရှင်းရေးဆောင်ရွက်နေတဲ့ သံဃာတော်များ။ ဓာတ်ပုံ-တေဇလှိုင်

တောင်မြို့လို့လည်းခေါ်တဲ့ အမရပူရမြိုမှာ အဂတိသုခ ဆရာတော် စတင်တည်ထောင်ခဲ့တဲ့ ဒီကျောင်းတိုက်ကြီးဟာ ကျမ်းပြုအကျော်အမော် အရှင်ဇနကာ ဘိဝံသ ရောက်ရှိလာတဲ့ ၁၉၄၁ ခုနှစ်ကစလို့ စာသင်ကြားခြင်း၊ တရားနဲ့ မွေ့လျော်ခြင်း၊ ဝိနည်းနဲ့အညီ နေထိုင်ခြင်းတို့ကြောင့် နာမည်ကျော်ခဲ့တာ ဒီကနေ့ဆို ၇၅ နှစ်တိုင်တိုင် ရှိပါပြီ။

အရှင်ဇနကာဘိဝံသဟာ ဗုဒ္ဓဘာသာဆိုင်ရာကျမ်းပေါင်း ၈၀ ကျော်ပြုစုခဲ့သူ၊ သံဃာ့စာမေးပွဲများအတွက် သင်ရိုးနဲ့ စည်းမျဉ်းဥပဒေ ရေးဆွဲသူ၊ ထူးချွန်တဲ့ စာပို့ချသူ စတဲ့ စတဲ့ ဘာသာသာသနာ ကိစ္စတွေကို ၁၉၇၇ ခုနှစ်၊ သက်တော် ၇၈ နှစ်အရွယ်မှာ ပျံလွန်တော်မမူခင်အထိ ရိုးရိုးကုပ်ကုပ် ဆောင်ရွက်ခဲ့တဲ့ မထေရ်ကျော်ပါ။

ဒီအကြောင်းတွေကို ဆရာတော်သီတင်းသုံးခဲ့တဲ့ သစ်သားကျောင်းဆောင်လေးက သက်သေထူ ပြနေလေရဲ့။ တောင်သမန်အင်းနဲ့ ထိစပ်နေလို့ ရေဝင်ရောက်နိုင်တဲ့ ကျောင်းပုရဝုဏ်အတွင်းက ခြေတံရှည်သစ်သားကြမ်းခင်း၊ တစ်ထပ် အဆောက်အဦးလေးဟာ အရှင်ဇနာကာဘိဝံသ သီတင်းသုံးရာ စံကျောင်းတော်ပါပဲ။

ပြည်တွင်း၊ ပြည်ပဧည့်သည်တွေ လေ့လာတဲ့ နေရာတစ်ခုဖြစ်တဲ့ ဒီကျောင်းဆောင်လေးပေါ်ကို ခပ်ပြေပြေ စီမံထားတဲ့ ခုနစ်ဆင့်သော လှေကားက တစ်ဆင့် တက်ရပါတယ်။ စံကျောင်းတော်ဟာ အိပ်ဆောင်ကို လျှောက်လမ်း ပတ်ထားတဲ့ ဒီဇိုင်းပုံစံနဲ့ တစ်မိုးအောက်ထဲမှာ တည်ဆောက်ထားတာမို့ လေးဖက်လေးဒဏ်လုံး လှည့်ပတ်ပြီး ကြည့်ရှုနိုင်တာပေ့ါ။

အိပ်ဆောင်ပတ်ပတ်လည်မှာရှိတဲ့ ပြူတင်းပေါက် ရှစ်ပေါက်ကတစ်ဆင့် ဆရာတော် သက်တော်ထင်ရှား ရှိစဉ်အခါက နေ့စဉ်သုံးစွဲခဲ့တဲ့ ပစ္စည်းတွေကို လေ့လာကြည်ညိုခွင့် ရတာမျိုးပါ။ လေဝင်လေထွက်နဲ့ သဘာဝ အလင်းရောင် ရရှိအောင် တည်ဆောက်ထားတဲ့ အိပ်ဆောင်အတွင်းမှာ သူ့နေရာနဲ့သူ အစီအရီရှိနေတဲ့ ကျမ်းပြု အကျော်ဆရာတော်ရဲ့ ပိုင်ဆိုင်မှုတွေကတော့ …

ဆရာတော် အရှင်ဇနကာဘိဝံသ၏ ကျောင်းဆောင်အတွင်း လေ့လာနေသည့် ခရီးသည်များ။ ဓာတ်ပုံ-တေဇလှိုင်

ဆရာတော် အရှင်ဇနကာဘိဝံသ၏ ကျောင်းဆောင်အတွင်း လေ့လာနေသည့် ခရီးသည်များ။ ဓာတ်ပုံ-တေဇလှိုင်

မွေ့ယာအပါးပေါ်မှာ သင်ဖြူးဖျာနှစ်ချပ်ခင်းထားတဲ့ တစ်ယောက်အိပ် သစ်သားကုတင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ထန်းရွက်ယပ်တောင်၊ ပိတ်ယပ်တောင်၊ မျက်နှာသုတ်ပုဝါ၊ ကြိမ်ပက်လက် ကုလားထိုင် နှစ်လုံး၊ နောက်ကျောမီ သစ်သားကုလားထိုင်ကြီး နှစ်လုံး၊ ထမင်းစားပွဲနဲ့ ကုလားထိုင် တစ်လုံး၊ ကျမ်းစာထည့်ဘီဒို လေးလုံး၊ ခြေသုတ်ခုံ နှစ်ခု၊ ထွေးခံ တစ်လုံး၊ ကြက်မွှေး၊ ကြေးခွက်၊ သပွတ်တံ၊ ဆပ်ပြာခြင်း၊ မတ်ခွက်၊ ဓာတ်ဘူး၊ ရေတကောင်း၊ ထီး၊ တောင်ဝှေး စတာတွေပါ။

အိပ်ဆောင်ပတ် လျှောက်လမ်းတစ်လျှောက် နံရံတွေပေါ်မှာချိတ်ထားတဲ့ ဆရာတော်ရဲ့ သမိုင်းဝင် ဓာတ်ပုံတွေဟာလည်း လာရောက် လေ့လာသူအပေါင်းကို ဖမ်းစားနေနိုင်တာပါပဲ။

“ပုံစံကတော့ မူလအတိုင်းပဲ၊ ကြမ်းခင်းတွေ ခြစားလို့ ပြန်လဲထားတာမျိုး၊ ခေါင်မိုးအသစ် လဲထားတာမျိုးတော့ ရှိတယ်။ ပုံစံမပျက်ပါဘူး”လို့ စံကျောင်းတော်ကို စောင့်ရှောက်နေတဲ့ ဦးဇောတိဘာလက မိန့်ကြားပါတယ်။

ဒါ့အပြင် အရှင်ဇနကာဘိဝံသရဲ့ ထင်ရှားချက်တွေထဲက ထူးခြားတဲ့ ပိုင်ဆိုင်မှုတစ်ခုကို လည်း ကျောင်းဆောင်ထဲမှာ လေ့လာနိုင်ပါသေးတယ်။ တန်ဖိုးကြီး အဆောင်အယောင်တစ်မျိုးမျိုးလို့ မထင်လိုက်ပါနဲ့။ ခြေတံရှည် စာရေးခုံတစ်လုံးကို ပြောနေတာပါ။

လေ့လာသင်ယူဖို့ ခက်လှတဲ့ ဘာသာရေးဆိုင်ရာ ပါဋ္ဌိစာပေတွေကို ဗမာလို ရှင်းရှင်းလင်းလင်း ပြန်ဆိုချိန်၊ ကျမ်းပြုချိန်နဲ့ စာပေရေးသားချိန်တွေမှာ မတ်တပ်ရပ်ပြီး စာရေးတတ်တဲ့ အရှင်ဇနကာဘိဝံသ အသုံးပြုခဲ့တာပါ။

ဒီအချက်တွေအပြင် သာသနာတော် သန့်ရှင်းရေးကို စိတ်အားထက်သန်သူ၊ ဝိနည်းကို အထူးကြပ်မတ်လေ့ရှိသူ အရှင်ဇနကာဘိဝံသရဲ့ ကျောင်းပရဝုဏ်ထဲမှာ အခြားသော လေ့လာစရာ အဆောက်အဦတွေအပြင် ရဟန်း၊ သာမဏေတွေရဲ့ ပြုမူနေထိုင်ပုံတွေက လည်း ဧည့်သည်တွေကို စွဲဆောင်နိုင်ပါတယ်။

မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရဲ့ တစ်နေ့တာကို အမှန်တစ်ကယ် လေ့လာမယ်ဆိုရင်တော့ အာရုံတက်ချိန်မတိုင်မီ တစ်နာရီကြို ခေါက်လေ့ရှိတဲ့ အုန်းမောင်းသံကနေ စရပါလိမ့်မယ်။ ဗုဒ္ဓဘာသာအယူအရ အာရုံတက်ချိန်ဟာ လအလိုက်အချိန် ကွာခြားလေ့ရှိပြီး သြဂုတ်လ အစောပိုင်းမှာတော့ နံနက် ၄ နာရီခွဲမှာ ကျရောက်တယ်လို့ ရာပြည့်ဒေါ်တင်တင် စာချကျောင်း စာချဆရာတော် ဦးဣန္ဒောလောကက မိန့်ကြားပါတယ်။

 ဧက ၃၀ နီးပါး ကျယ်ပြောတဲ့ဝန်းအတွင်း ချိတ်ဆွဲထားတဲ့ လမ်းညွှန်မြေပုံအရ ကျောင်းဆောင်ပေါင်း ၁၂၀ ကျော် ရှိတဲ့ မဟာဂန္ဓာရုံကျောင်းပုရဝုဏ်ထဲမှာ သီတင်းသုံး နေထိုင်ကြတဲ့ ရဟန်း၊ သာမဏေတွေဟာ အဲဒီအချိန်ကစလို့ တစ်နေ့တာ သာသနာ့ဝန်ကို ထမ်းနေကြပါပြီ။

လက်ရှိ မဟာဂန္ဓာရုံကျောင်းတိုက် နာယကချုပ်ဆရာတော် အဘိဓဇ္ဇ မဟာရဋ္ဌဂုရု ဘဒ္ဒန ္တဣန္ဒောဘာသာဘိဝံသ။ ဓာတ်ပုံ-တေဇလှိုင်

လက်ရှိ မဟာဂန္ဓာရုံကျောင်းတိုက် နာယကချုပ်ဆရာတော် အဘိဓဇ္ဇ မဟာရဋ္ဌဂုရု ဘဒ္ဒန ္တဣန္ဒောဘာသာဘိဝံသ။ ဓာတ်ပုံ-တေဇလှိုင်

ဘုရားရှိခိုး၊ အာရုံဆွမ်း အလှူခံ၊ ဆွမ်းစား၊ ကျောင်းသန့်ရှင်းရေး၊ စာအံ၊ နေ့ဆွမ်းအလှူခံ၊ ဆွမ်းစား၊ စာဝါတက်၊ အနားယူ၊ တရားထိုင်၊ ညဉ့်အိပ်ချိန်စတဲ့ အချိန်ဇယားအတိုင်း ရွေ့လျားနေတဲ့ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးဟာ လွန်ခဲ့တဲ့ ၃၉ နှစ် ဆရာတော်ကြီး ပျံလွန်တော်မမူခင် အချိန်တုန်းကလို တိတ်တိတ်ဆိတ်ဆိတ် အသက်ဝင်နေတုန်းပါပဲ။ 

အရှင်ဇနကာဘိဝံသ ချမှတ်ထားတဲ့ မူ ၁၀ ချက်က

“စိတ်ကောင်းရှိဖို့က ပထမ၊

ဝိနည်းလေးစားဖို့က ဒုတိယ၊

ကျန်းမာဖို့က တတိယ၊

သန့်ရှင်းဖို့က စတုတ္ထ၊

အဝတ်အစားတတ်ဖို့က ပဉ္စမ၊

အနေအထိုင်တတ်ဖို့က ဆဌမ၊

အပြောအဆို တတ်ဖို့က သတ္တမ၊

အသွားအလာတတ်ဖို့က အဌမ၊

စည်းကမ်းလိုက်နာဖို့က နဝမ၊

စာတတ်ဖို့က ဒဿမဆိုပြီး ဖြစ်ပါတယ်။

လက်ရှိ မဟာဂန္ဓာရုံကျောင်းတိုက် နာယကချုပ်ဆရာတော် အဘိဓဇ္ဇ မဟာရဋ္ဌဂုရု ဘဒ္ဒန ္တဣန္ဒောဘာသာဘိဝံသကတော့ ဒီနေ့ ခေတ်ပေါ်ပစ္စည်းတွေကြောင့် သံဃာငယ်အချို့ရဲ့  ပြုမူနေထိုင်ပုံ အပြောင်းအလဲရှိလာပေမယ့် မူလ စည်းမျဉ်းစည်းကမ်းတွေအတိုင်းပ ဲဆက်လက်အုပ်ချုပ်နေတယ်လို့ မိန့်ကြားပါတယ်။

ဘဒ္ဒ န္တဣန္ဒောဘာသာဘိဝံသက “စည်းကမ်းချက် ၁၀ ချက်ထဲက တစ်ချက်ချက် ကျူးလွန်ရင် ထိန်းတဲ့အထဲက စည်းကမ်းဖောက်ဖျက်ရင် ထုတ်ပစ်တာပဲ”လို့ မိန့်ကြားပါတယ်။ ဒီဘုန်းတော်ကြီးဟာ အရှင်ဇနကာဘိဝံသ ပျံလွန်တော်မူပြီးနောက် မဟာဂန္ဓာရုံကျောင်းကို လေးဆက်မြောက် အုပ်ချုပ်သူအဖြစ် တာဝန်ယူထားပါတယ်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

အစိုးရစစ် သာသနာရေးဆိုင်ရာ စာမေးပွဲအားလုံးနဲ့ သက်ဆိုင်တဲ့ သင်ခန်းစာတွေကို မပျက်ပို့ချနေဆဲ၊ စည်းကမ်းနဲ့ ဝိနည်းကို အထူးအလေးထား ကြပ်မတ်ဆဲ ကျောင်းတော်ကြီးရဲ့ ပုံရိပ်ကို ဂုဏ်ယူပီတိဖြစ်နေဟန်ပေါ်နေတဲ့ စာချဆရာတော် ဦးဣန္ဒောလောကကတော့ မူလလုပ်ငန်းစဉ်ထဲက သွေဖယ်သွားတာဆိုလို့ အရှင်ဇနကာ ဘိဝံသ သြဝါဒပေးလေ့ရှိတဲ့အချိန်မှာ အလှူရှင်တွေကို တရားဟောရေစက်ချတဲ့ အစီအစဉ် အစားထိုးထားတာပဲ ရှိတယ်လို့ မိန့်တော်မူပါတယ်။

အသက် ၁၀ နှစ်ကျော်အရွယ်တုန်းက အရှင်ဇနကာဘိဝံသကို ဖူးတွေ့ခွင့်ရခဲ့တယ်ဆိုတဲ့ တမ္ပဝတီဦးဝင်းမောင်ကလည်း  “စာအုပ်ထဲမှာရှိတဲ့ မြတ်စွာဘုရား ချမှတ်ထားတဲ့ ဝိနည်းတော်အတိုင်း လက်တွေ့မှာ ကျင့်သုံးတဲ့အတွက် ဗုဒ္ဓသာသနာရဲ့ ပြယုဒ်တစ်ခုအဖြစ် ဒီကနေ့အထိ ဥပမာပေး လေးစားခံနေရတာပေ့ါ”လို့ ညွှန်းဆိုပါတယ်။ မန္တလေးသား မြန်မာမှုဗိသုကာပညာရှင် တစ်ဦးဖြစ်တဲ့သူဟာ အခုဆို အသက် ၇၀ ပြည့်ပါပြီ။

၂၀၁၆ ခုနှစ်၊ သြဂုတ် ၅ ရက်နေ့ နံနက်ပိုင်းအချိန်မှာ မဟာဂန္ဓာရုံ ကျောင်းတိုက်အတွင်း လှည့်လည်လေ့လာနေသူတွေထဲက တစ်ဦးဖြစ်တဲ့ စပိန်နိုင်ငံသား အိုင်ဗန်ကတော့ ခရီးသွားလုပ်ငန်းက စီစဉ်ပေးလို့ ဒီနေရာကို ရောက်လာတာလို့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။

“ဘုန်းကြီးတွေကို မြင်ပြီးတော့မှ သူတို့ဘာကြောင့် ဒီကိုခေါ်လာမှန်း နားလည်တော့တယ်” လို့ သူကပြောကြားခဲ့ပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.