မြန်မာမွတ်ဆလင်များ၏ ဘာသာရေးလွတ်လပ်ခွင့် ကြိုးနီစနစ်အောက်၌ ပျက်ပြားနေ

မီးရှို့ဖျက်ဆီးခံရသော၊ ပိတ်ထားရသောဗလီများ ပြန်လည်ပြုပြင်တည်ဆောက်ရန် ကြိုးပမ်းနေသော ကော်မတီတစ်ရပ်မှာ အစိုးရဗျူရိုကရေစီ ကြိုးနီစနစ်ကြောင့် မလုပ်ဆောင်နိုင်ဘဲဖြစ်နေရာ မွတ်ဆလင်ဘာသာဝင်များ ဘုရားဝတ်ပြုစရာနေရာ မလုံမလောက်ဖြစ်နေသည်။

အိမ့်သက်ဆု ရေးသားသည်။

မြန်မာနိုင်ငံတွင် မွတ်ဆလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုများမှာ ၂၀၁၂ ခု နောက်ပိုင်း ကျဆင်းသွားခဲ့သော်လည်း ယင်း၏ခြေရာလက်ရာများ ကျန်ရစ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်နှင့် မွတ်ဆလင်များအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ခဲ့ကြသော နေရာများမှာပင် ဗလီများနှင့် မွတ်ဆလင် ကိုရန်ကျမ်းစာသင်ကျောင်းများ ပျက်စီးယိုယွင်းနေပြီး အချို့မှာပိတ်ထားရဆဲရှိသည်။

၂၀၁၄ ခုနှစ်က အမျိုးသားရေးစိတ်ပြင်းထန်သော လူအုပ်၏ ဖျက်ဆီးခံခဲ့ရသော မန္တလေးတိုင်း၊ ရမည်းသင်းမြို့မှ သမိုင်းဝင် ‘ကန်ကြီးဗလီ’မှာ အုတ်ပုံအဖြစ်သာ ကျန်ရှိနေသည်။ ရမည်းသင်းမှ မြောက်ဘက် ၆၀ ကီလိုမီတာအကွာ မိတ္ထီလာတွင် လွန်ခဲ့သောခြောက်နှစ်က မီးတင်ရှို့ခံရပြီး စာသင်သားလေးများ အသတ်ခံခဲ့ရသော မင်္ဂလာဈေးရုံ ကျမ်းစာသင်ကျောင်းမှာ မီးလောင်ပျက်စီးနေသော အခြေအနေမှာပင် ရှိနေသည်။

ဤအဆောက်အအုံများ ပြန်လည်ပြုပြင်၍ ဖွင့်လှစ်ခွင့်ကို အစိုးရက ပိတ်ပင်ထားဆဲဖြစ်ရာ မွတ်ဆလင်ဘာသာဝင်များအဖို့ ဘုရားဝတ်ပြုရန်နေရာ မလုံမလောက်ဖြစ်နေသည်။ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်းကို တင်းကျပ်သည့် စည်းကမ်းဥပဒေများဖြင့် ချုပ်ကိုင်ထားသောကြောင့် မြန်မာ-မွတ်ဆလင်များမှာ မိမိတို့ရပ်ကွက်အနီးအနား၌ ဘုရားဝတ်ပြုစရာနေရာ မရှိဖြစ်နေသည်။ မြန်မာ-မွတ်ဆလင်များမှာ မျိုးနွယ်စုံ၊ ဘာသာစကားစုံမှ လာသူများဖြစ်ရာ တမီးလ်များ၊ ကျိုလီယာများ၊ ပန်းသေးတရုတ်များဟူ၍ လူမျိုးစုံပါဝင်သည်။

ထိုအခြေအနေကြောင့် ပြီးခဲ့သောနှစ်ကုန်ပိုင်းက မွတ်ဆလင်ခေါင်းဆောင်များသည် ကော်မတီတစ်ခုဖွဲ့ပြီး နိုင်ငံတဝန်းရှိ ပိတ်ထားရသော၊ ပျက်စီးနေသော ဗလီများ၊ ကျမ်းစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံရှိ ဖျက်ဆီးထား၊ တားမြစ်ခံထားရသောဗလီများ ပြန်လည်ပြုပြင်၊ ဖွင့်လှစ်နိုင်ရေး ကော်မတီသည် အကြိမ်ကြိမ်ကြိုးပမ်းပါသော်လည်း သက်ဆိုင်ရာအစိုးရဌာနများ၏ တစ်ခုနှင့်တစ်ခု လွှဲပြောင်းပို့ယူလုပ်နေကြခြင်းနှင့်သာ ရင်ဆိုင်နေကြရပြီး မည်သည့်ဌာနကမျှ တာဝန်ယူဆောင်ရွက်ပေးလိုကြပုံ မရချေ။

ဤသို့ ဗလီမလုံလောက်မှုကြောင့် သောကြာကဲ့သို့နေ့များတွင် ရန်ကုန်မြို့လယ်ရှိ ဗလီများမှာ ရန်ကုန်ဆင်ခြေဖုံးမြို့နယ်များမှ ဝတ်ပြုဆုတောင်းရန်လာကြသော မွတ်ဆလင်ဘာသာဝင်များဖြင့် ပြည့်ကျပ်လျက်ရှိနေတတ်သည်။ ရန်ကုန်အရှေ့မြောက်ပိုင်း၊ တောင်ဒဂုံမြို့နယ်တွင် သောကြာနေ့ နေ့လယ် မွန်းတည့်ချိန်လောက်တွင် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားကြသော မွတ်ဆလင်ဘာသာဝင်များသည် သာကေတနှင့် သင်္ဃန်းကျွန်းမြို့နယ်များရှိ ဗလီများသို့ ဘုရားဝတ်ပြုသွားရန် ကုန်တင်ကားများပေါ်သို့ စုပြုံတိုးဝှေ့တက်နေကြသည်ကို မြင်တွေ့ရသည်။

တာမွေ ၁၃၃ လမ်းရှိ မအူကုန်းဗလီ၌ သောကြာနေ့များတွင် ဝတ်ပြုသူများလွန်းသဖြင့် နှစ်သုတ်ခွဲ၍ ဝတ်ပြုကြရသည်။ သို့တိုင် ဝတ်ပြုလာသူများမှာ လမ်းဘေးပလက်ဖောင်းပေါ်၌ စုပြုံလျှံကျနေကြောင်း ဗလီဂေါပကအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်မြင့်က Frontier ကိုပြောပြသည်။

“ဝတ်ပြုလာသူတွေ အရိပ်ကလေးရအောင် ကျွန်တော်တို့က တာလပတ်အမိုးလေး ယာယီလုပ်ပေးပါရစေ ဆိုတာကိုတောင် မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်မပြုပါဘူး။ ဗလီသစ်ဆောက်ဖို့ဆိုတာ ဝေးရောပေါ့” ဟု သူကပြောသည်။

မြို့လယ်ဗလီတွေက ဗြိတိသျှကိုလိုနီခေတ်ကတည်းက ဆောက်ထားတဲ့လက်ကျန်တွေဖြစ်သည်။ ကိုလိုနီခေတ်က ဗြိတိသျှတိုက်ငယ်မှ ပြောင်းရွှေ့လာကြသူဦးရေမှာ မြို့လယ်တွင် သူတို့က လူများစုဖြစ်ပြီး မြန်မာတို့က လူနည်းစုသာဖြစ်သည်။ ထိုခေတ်က ဗလီဆောက်ရန် အခက်အခဲသိပ်မရှိလှချေ။

လွတ်လပ်ရေးပြီးနောက်ပိုင်း တည်ထောင်ခဲ့ကြသောမြို့နယ်များတွင် ဗလီများမရှိပေ၊ မနှစ်က ဖွဲ့စည်းခဲ့သော ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမောင်မောင်မြင့်အပြောအရ ၁၉၆၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် တက်လာသော မည်သည့်အစိုးရကမျှ ဗလီအသစ်တည်ဆောက်ခြင်းကို ခွင့်မပြုခဲ့ဟု ပြောပြသည်။ သူ၏ ပြောဆိုချက်မှန်မမှန်ကိုတော့ Frontier က စိစစ်အတည်ပြုခြင်း မပြုလုပ်နိုင်ချေ။

ဘာသာရေးအဆောက်အအုံတွေ ပြုပြင်မွမ်းမံလိုလျှင် သံဃမဟာနာယကအဖွဲ့၏ ကြိုတင်ခွင့်ပြုမိန့်လိုပါသည်။ နောက်ပြီး ဗလီ၏ ဘေးတစ်ဖက်တစ်ချက်ရှိ အိမ် ငါးအိမ်ထံမှ သဘောတူကြောင်း လက်မှတ်ရေးထိုးထားသည့် စာလည်းလိုပါသည်။ မွမ်းမံပြင်ဆင်ရာတွင် အသုံးပြုမည့် ဆောက်လုပ်ရေးသုံးပစ္စည်းများသည် မူလရှိရင်းစွဲပစ္စည်းများအတိုင်းဖြစ်ရမည်။ ဆွေးမြေ့ပျက်စီးနေသော ထုတ်၊‌ ယောက်၊ ဒိုင်းမြားများကို အစားထိုးအသစ်လဲလိုလျှင် သစ်သားထုတ်၊ ယောက်၊ ဒိုင်းမြားတို့ဖြင့်သာ အသစ်လဲနိုင်သည်။ ဤဥပဒေစည်းကမ်းများက အစ္စလာမ်ဘာသာရေးအဆောက်အအုံများကို ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်းနှင့် အသစ်တည်ဆောက်ခြင်းတို့မှ ကာကွယ်ပေးထားသည်၊ သို့သော် ဤဥပဒေကို အားလုံးတပြေးညီ အသုံးလည်းမပြု၊ နားလည်ပုံလည်း မရှိကြပေ။

၂၀၁၃ မတ်လအတွင်းက မိတ္ထီလာမြို့၌ဖြစ်ပွားသော အဓိကရုဏ်းတွင် ဖျက်ဆီးခံရသည့် ဗလီကျောင်း။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

၂၀၁၃ မတ်လအတွင်းက မိတ္ထီလာမြို့၌ဖြစ်ပွားသော အဓိကရုဏ်းတွင် ဖျက်ဆီးခံရသည့် ဗလီကျောင်း။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

ရန်ကုန်အနောက်ပိုင်း စက်မှုဆင်ခြေဖုံးမြို့ဖြစ်သော လှိုင်သာယာမြို့နယ်၊ ဒု-အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းက “ဘာသာရေးအဆောက်အအုံတစ်ခု ဗုဒ္ဓဘာသာ၊ ခရစ်ယန်၊ အစ္စလာမ်ရဲ့ အသေးစားပြုပြင်မှု – ဥပမာ အမိုးပြင်တာမျိုးဆိုရင် မြို့နယ်သံဃမဟာနာယကအဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးတွေရဲ့ ခွင့်ပြုချက်လိုပါတယ်။ ဒါထက်ကြီးတဲ့ ပြင်ဆင်မှု၊ ဥပမာ ကြမ်းခင်းဧရိယာတိုးချဲ့တာမျိုးဆိုရင်တော့ ခရိုင်၊ ဒါမှမဟုတ် နိုင်ငံတော်အဆင့် အစိုးရခွင့်ပြုချက် လိုပါတယ်” ဟု ပြောပါသည်။

ဦးချစ်ကိုကိုလင်းက ဆက်ပြောရာမှာ “ဘေးတစ်ဖက်တစ်ချက် အိမ် ငါးလုံးစီရဲ့ ထောက်ခံခွင့်ပြုချက်လိုတယ်ဆိုတာကိုတော့ ကျွန်တော် တခါမှမကြားဖူးပါဘူး။ ကျွန်တော်က လှိုင်သာယာမှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေနဲ့ပဲ လုပ်ကိုင်ဖူးလို့လားတော့ မပြောတတ်ဘူး။ ဗုဒ္ဓဘာသာကျောင်းတွေကတော့ လူနေအိမ်တွေနဲ့ ဝေးဝေးရှိနေကြတာများပါတယ်” ဟု ဆိုပါသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလကဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံတွင် ဖျက်ဆီးခြင်း၊ တားမြစ်ခြင်းခံထားရသော ဗလီများ ပြန်လည်ထိန်းသိမ်းရေးကော်မတီက ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ ခုတွင် ဖျက်ဆီးခြင်း၊ ပိတ်ပင်ခြင်းခံခဲ့ရသော ဗလီနှင့် ကျမ်းစာသင်ကျောင်း ၆၄ ခုတို့၏ ပဏာမစာရင်းကို ပြုစုခဲ့ပြီး ထို ၆၄ ခုကို ပြန်လည်တည်ဆောက်ခြင်း၊ ဖွင့်လှစ်ခြင်းကို ခွင့်ပြုသင့်သည်ဟုဆိုသည်။

ဒေသခံများ၏ အကူအညီဖြင့် ဤဗလီနှင့် ကျမ်းစာသင်ကျောင်းများကို မည်သည့်အချိန်က တည်ထောင်ဖွင့်လှစ်ခဲ့သည်၊ မည်သည့်အချိန်တွင် ဖျက်ဆီးပိတ်ပင်ခံခဲ့ရသည်ဆိုသည်တို့ကို စာရင်းပြုစုခဲ့သည်။ ထို ၆၄ ခု တွင် အများစုမှာ မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွင် ဖျက်ဆီးခံခဲ့ရသည်မှန်သော်လည်း အချို့မှာ သဘာဝဘေးဒဏ်ကြောင့်လည်းကောင်း၊ မတော်တဆ မီးဘေးကြောင့်လည်းကောင်း ပျက်စီးခဲ့ကြရခြင်းဖြစ်သည်၊ သို့သော် ပြန်လည်ပြင်ဆင်ရန် ခွင့်ပြုမိန့်ချမပေးခဲ့ခြင်းကြောင့် ထိုအတိုင်းရှိနေခဲ့ရခြင်းဖြစ်သည်၊ ထိုအထဲတွင် ပြင်ဦးလွင်မြို့မှ ၂၀၁၂ တွင် မြေငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သော ‘စဉ့်ကူး’ ဗလီနှင့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၌ ၁၉၇၅ ခုနှစ်က မီးလောင်သွားခဲ့ရသော ကျမ်းစာသင်ကျောင်းတို့လည်း ပါဝင်သည်။

ဦးမောင်မောင်မြင့်က အမှန်တွေ့ရှိထားတာက ၁၇၀ ခန့်ရှိကြောင်း၊ သို့သော် ကော်မတီက လောလောဆယ် စီစဉ်နိုင်တာ ၆၄ ခုသာရှိကြောင်း ပြောပြပါသည်။

ကော်မတီသည် အောက်တိုဘာလမှစ၍ အသနားခံစာ ၁၄ စောင် ပေးပို့ခဲ့ကြောင်း၊ မိတ္တူကို သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သာသနာရေးဝန်ကြီး ဦးအောင်ကို၊ အဆောက်အအုံများတည်ရှိရာ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံပေးပို့ကြောင်း ပြောပါသည်။

စာထဲတွင် အစ္စလာမ်ဘာသာဝင်များ ဘာသာရေးကိစ္စလိုက်နာဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများကို ဖော်ပြထားပြီး မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် ဗလီနှင့် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးရန် အရေးကြီးပုံကို တင်ပြထားသည်။ ယခုလက်ရှိ အသုံးပြုနေရသော ဘာသာရေးအ‌‌‌ဆောက်အအုံများ ယိုယွင်းပျက်စီးနေ၍ အခြေအနေ ဆိုးရွားနေသော်လည်း ပြင်ဆင်ရန် ခွင့်ပြုမိန့်မပေးသောကြောင့် အစ္စလာမ်ဘာသာဝင်များမှာ အန္တရာယ်ကြားမှ လုပ်ကိုင်နေရပုံကို ဖော်ပြထားသည်။ ပထမစာတွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းပေါ်ရှိ ကျမ်းစာသင်ကျောင်းကို ပြုပြင်ခွင့်မပေးသောကြောင့် ထောက်တိုင်များဖြင့် ထောက်ထားရကြောင်း၊ ကျောင်းသားလေးများမှာ ပြိုကျမည့် အန္တရာယ်ကြားမှပင် စာသင်ယူနေကြရကြောင်း ရေးသားဖော်ပြထားသည်။

ထိုစာများမှာ အကြောင်းပြန်ကြားမှု တစုံတရာ မရရှိခဲ့ပါ။ သာသနာရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်ထံမှ ဇန်နဝါရီလ ၂၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားစာရရှိခဲ့ပါသည်။ အစည်းအဝေးတွင် တက်ရောက်လာသော အစ္စလာမ်ကော်မတီအဖွဲ့ဝင်များအား ဤကိစ္စကို တာဝန်ယူလုပ်ဆောင်ရန် ၂၀၁၂ ခုနှစ် ကတည်းက ပြည်နယ်နှင့်တိုင်းများ၏ ဝန်ကြီးချုပ်များနှင့် တွေ့ဆုံခွင့်တောင်းပြီး တင်ပြရန်ပြောပါသည်။

၂၀၁၃ မတ်လအတွင်းက ကြို့ပင်ကောက်မြို့ ဘာသာရေးအဓိကရုဏ်း၌ ဖျက်ဆီးခံရသည့် ဗလီကျောင်း။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

၂၀၁၃ မတ်လအတွင်းက ကြို့ပင်ကောက်မြို့ ဘာသာရေးအဓိကရုဏ်း၌ ဖျက်ဆီးခံရသည့် ဗလီကျောင်း။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

ဦးမောင်မောင်မြင့်က “သူတို့ပြောတဲ့အတိုင်း တွေ့ဆုံခွင့် တောင်းခံတဲ့စာတွေ ကျွန်တော်တို့ ပို့ခဲ့ပါတယ်။ ဒါပေမဲ့ ခုချိန်ထိ ဘာတုံ့ပြန်စာမှ မရခဲ့ပါဘူး” ဟု ပြောပါသည်။

မြို့နယ်အဆင့် အာဏာပိုင်တွေထံ အသနားခံစာများတင်သော်လည်း အလားတူ ဝေ့လည်ကြောင်ပတ် တုံ့ပြန်မှုများနှင့်သာ ရင်ဆိုင်ရသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးတွေထံ ပြောဆိုကြည့်တော့ ပြည်နယ်တိုင်းဒေသကြီး အာဏာပိုင်တွေထံ ညွှန်ကြားတယ်။ တိုင်းဒေသကြီးသွားပြန်တော့ ပြည်ထောင်စုအစိုးရအဆင့်အထိ ညွှန်ကြားကြပြန်ရော” ဟု ဦးမောင်မောင်မြင့်က ပြောပြပါသည်။

သာသနာရေးဝန်ကြီးဌာနထံ အကြိမ်ကြိမ်တင်ပြပါသော်လည်း ဘာတုံ့ပြန်မှုမှ မရရှိခဲ့ချေ။ ထိုအချိန်အတောအတွင်းမှာပင် ကော်မတီ၏ ၆၄ စာရင်းဝင် ဗလီအချို့၏ဘုတ်အဖွဲ့ဝင်များက ဒေသဆိုင်ရာ အာဏာပိုင်များထံ တစ်ဦးချင်းစီ အသနားခံစာများ တင်ကြပါသည်။ ထိုအထဲတွင် သာကေတမြို့နယ်၊ အနော်မာ ၁ ရပ်ကွက်ရှိ ကျမ်းစာသင်ကျောင်း လေးကျောင်းလည်း ပါဝင်သည်။ ထိုကျောင်းများကို စာပေသင်ကြားရေးအတွက်သာ ခွင့်ပြုထားခြင်းဖြစ်ရာ ဗလီလို ဝတ်ပြုဆုတောင်းမှုကို တရားမဝင်လုပ်ဆောင်နေသည်ဟု အမျိုးသားရေးဝါဒီလူအုပ်က ဝိုင်းဝန်းသွေးထိုးလှုံ့ဆော်ကြသဖြင့် ၂၀၁၇ ခုနှစ်၊ ဧပြီ ၂၈ ရက်တွင် ရဲက ထိုကျောင်းကိုပိတ်ထားခဲ့ရာ ယနေ့အထိ ပြန်လည်မဖွင့်နိုင်ခဲ့ချေ။

မိမိတို့ ရပ်ကွက်အနီးတဝိုက်တွင် ဝတ်ပြုဆုတောင်းရန် ဗလီမရှိသောကြောင့် ကိုရမ်ကျမ်းစာသင်ကျောင်းများ၌ ဝတ်ပြုဆုတောင်းခြင်းကို ဗိုလ်ချုပ်နေဝင်း၏ ၁၉၅၈ အိမ်စောင့်အစိုးရက ခွင့်ပြုခဲ့ကြောင်း၊ ၁၉၉၀ ပြည့်လွန် စစ်အစိုးရအဆက်ဆက်ကလည်း ထိုစာသင်ကျောင်းများကို ဗလီစာရင်းထဲ ထည့်သွင်းပေးခဲ့ကြောင်း၊ ၁၂ လမ်းရှိ ‘မဒရာဆာ’ ကျမ်းစာသင်ကျောင်း၊ ဘုတ်အဖွဲ့ဝင် ဦးတင်ရွှေကပြောသည်။ ဘုတ်အဖွဲ့သည် ယင်းကိစ္စကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သာကေတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (အင်န်အယ်လ်ဒီ) ဦးဝေဖြိုးအောင်တို့ထံ စာပို့ခဲ့ပါသည်။

ဤစာများသည်လည်း ဘာမှအကြောင်းမထူးခဲ့ပါ။

“ကျွန်တော်တို့က အာဏာပိုင်တစ်ဦးဆီသွားတွေ့ရင်၊ တခြားအာဏာပိုင်ထံ ထပ်ပြီးလမ်းညွှန်တယ်၊ ဘယ်သူ့မှာ တာဝန်ရှိလည်း မပြောတတ်တော့ပါဘူး” ဟု ဦးတင်ရွှေက ပြောပါသည်။

“စာသင်ကျောင်းကို ကန့်ကွက်ကြတဲ့ အမျိုးသားရေးလှုံ့ဆော်သူ လူအုပ်နှင့်တွေ့ဆုံပြီးနောက် စာသင်ကျောင်းကို ပိတ်လိုက်ရန် သဘောတူခွင့်ပြုခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးအောင်ကိုတော့ ဆက်သွယ်လို့ မရတော့ပါ” ဟု သူက ပြောပါသည်။

ကော်မတီ၏ တောင်းဆိုချက်များကို အစိုးရက မျက်ကွယ်ပြုထားခြင်းသည် နိုင်ငံ၏နာမည်ကိုသာ ထိခိုက်စေကြောင်း ၂၀၁၂ ခုနှစ်က ရခိုင်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံ၏နာမည် ထိခိုက်ညှိုးနွမ်းခဲ့ရကြောင်း ဦးမောင်မောင်မြင့်က ပြောပါသည်။

ဘာသာရေးလွတ်လပ်ခွင့်ကို ဖိနှိပ်မှုများကြောင့် မြန်မာနိုင်ငံသည် နိုင်ငံတကာတွင် နာမည်ပျက်ခဲ့ရကြောင်း၊ ကမ္ဘာလှည့်ခရီးသည်တွေက သော့ခတ်ပိတ်ထားသော ဗလီတွေကို မြင်တွေ့သွားလျှင် ယင်းကို အတည်ပြုသလိုသာ ဖြစ်သွားမည်ဖြစ်ကြောင်း၊ ဗလီတွေကို ပြန်ဖွင့်ခွင့်ပေးခြင်းအားဖြင့် အစိုးရသည် နိုင်ငံ၏ ပုံရိပ်ကို ကယ်တင်ရာ ရောက်ပါကြောင်း သူက ပြောပါသည်။

ဦးကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – တာမွေမြို့နယ်ရှိ မအူကုန်းဗလီတွင် သောကြာနေ့များ၌ ဘုရားဝတ်ပြုသူများ ပြည့်ကျပ်နေ၍ လမ်းပေါ်အထိ လျှံထွက်နေပုံ။ ဓာတ်ပုံ – ခွန်လတ်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.