မှတ်တမ်းရုပ်ရှင်တွေနဲ့ နိုင်ငံတကာကို ထိုးဖောက်လာတဲ့ လူငယ်တွေ

မြန်မာနိုင်ငံတွေ့ကြုံခဲ့ရတဲ့ အကြီးမားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရပြီးတဲ့ အချိန်ကစတင်ပြီး Documentary ဆိုတဲ့ စကားလုံးဟာ လူငယ်တွေနဲ့ စတင်ရင်းနှီးလာခဲ့ပါတယ်။

သီရိဟန် ရေးသားသည်။

သွက်လက်တက်ကြွတဲ့ လူငယ်တစ်ယောက်ရဲ့ သွင်ပြင်နဲ့ စိတ်ပါဝင်စားတဲ့ ဘာသာရပ်ကို ဆွေးနွေးနေတဲ့ သူမရဲ့ ပုံသဏ္ဍန်ဟာ ကြည့်ကောင်းနေပါတယ်။ စကားပြော သွက်လက်ပြတ်သားတဲ့ သူမဟာ ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းမှာ သင်တန်းတက်ရောက်နေပြီး သူမ စိတ်ဝင်စားတဲ့ဘာသာရပ်ဟာ Documentary Film Making ဖြစ်ပါတယ်။

အသက် ၂၁ အရွယ်ရှိပြီဖြစ်ကာ AJ လို့လည်း ခေါ်ကြတဲ့ မအေးနီလာကျော်ဟာ အရင်ကတော့ မှတ်တမ်းရုပ်ရှင် (documentary) ဆိုတာကို ဘာမှန်းမသိခဲ့ဘူးလို့ ဆိုပါတယ်။ အသိမိတ်ဆွေတစ်ယောက်ကပြတဲ့ Behind the Screen (ပိတ်ကား၏နောက်ကွယ်) လို့ အမည်ရတဲ့ မြန်မာပြည်က အိမ်ထောင်ရေးဇာတ်လမ်းတစ်ပုဒ် အကြောင်းကို ရိုက်ကူးထားတဲ့ Documentary Film ကို ကြည့်ပြီးတဲ့ အချိန်မှာတော့ သူမရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကိုပါ ပြောင်းလဲဖို့ တွေးလိုက်ပါတော့တယ်။

Documentary ဆိုတာ သူမကြည့်ဖူးတဲ့ ပုံမှန်ရုပ်ရှင် ဇာတ်လမ်းတွေနဲ့ ကွာခြားနေပြီး တမင်တကာလုပ်ယူထားတဲ့ ဇာတ်လမ်းမျိုးလည်း မဟုတ်ဘူးလို့ သူမက ဆိုပါတယ်။ တကယ့်ဖြစ်ရပ်မှန်တွေကို ရိုက်ကူးထားပြီး ကိုယ်ကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာလည်း စိတ်ဝင်စားစရာတွေကို တွေ့ရလေ့ရှိတာကြောင့်  “ဒါတွေကို ငါ ရုပ်ရှင်အဖြစ် ဖန်တီးလို့ရပါလား။ ငါလည်းလုပ်ကြည့်မယ်ဆိုပြီး စိတ်ဝင်စားသွားတာ” လို့ မအေးနီလာကျော်က ဆိုပါတယ်။

မြန်မာ့ Documentary Film လောကမှာ နာမည်ကြီးပြီးဖြစ်တဲ့ မရှင်ဒေဝီဟာလည်း သူမ အသက် ၂၅ နှစ်အရွယ်၊ ၁၉၉၈ ခုနှစ်က စတင်ပြီး Documentary Media တစ်ခုမှာ ထုတ်လုပ်သူ (producer) အဖြစ် လုပ်ကိုင်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ အဲဒီအချိန်က စစ်အစိုးရအုပ်ချုပ်နေချိန်ဖြစ်ပြီး တက္ကသိုလ်တွေကိုလည်း ပိတ်ထားတာကြောင့် တက္ကသိုလ်ကျောင်းသူဖြစ်တဲ့ မရှင်ဒေဝီတို့အတွက် လုပ်စရာမရှိခဲ့ပါဘူး။

အဲဒီအချိန်က နိုင်ငံရေးလှုပ်ရှားသူတွေအတွက် အလွန်အန္တရာယ်များတဲ့အချိန်ဖြစ်ပေမယ့် လူတွေအကြောင်းပြောပြတဲ့ ပုံစံတစ်ခုဟာ နိုင်ငံရေးလုပ်လို့ကောင်းတဲ့ စံနှုန်းတစ်ခုလို့ သူက ထင်မိပြီး စကားလုံးတွေနဲ့ ပြောပြလို့ မလုံလောက်တော့တဲ့အခါမှာတော့ အရုပ်လိုင်းတွေဘက်ကို သွားချင်လာပါတော့တယ်။

dsc_2603.jpg

ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းရှေ့တွင် အသံဖမ်းအင်ဂျင်နီယာ ကျော်ကိုကို၊ cinematographer ကိုတင်ဝင်းနိုင်၊ ဒါရိုက်တာ နှင်းအိလှိုင်နှင့် ရှင်ဒေဝီ၊ အယ်ဒီတာ ထက်စုလှိုင် (ဘယ်မှ ညာ)တို့အား တွေ့ရစဉ်။ ဓာတ်ပုံ-Steve Tickner

“စစ်အစိုးရရဲ့ လက်အောက်မှာ လူတွေက ဘယ်လောက်အထိ ရုန်းကန်နေရတယ်။ ရုန်းကန်နေရတဲ့ကြားထဲကမှ သူတို့ရဲ့ ကိုယ်ပိုင် အရည်အသွေးတွေ ရှိတယ်။ ကိုယ်ပိုင်အရည်အသွေးတွေ မပျောက်ပျက်ကြဘူး။ အဲဒါတွေကို ခွန်အားတစ်ခုအနေနဲ့ ပြည်သူတွေဆီကို ပြန်ပြောပြချင်တယ်” လို့ မရှင်ဒေဝီက ဆိုပါတယ်။

မြန်မာနိုင်ငံတွေ့ကြုံခဲ့ရတဲ့ အကြီးမားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရပြီးတဲ့ အချိန်ကစတင်ပြီး Documentary ဆိုတဲ့ စကားလုံးဟာ လူငယ်တွေနဲ့ စတင်ရင်းနှီးလာခဲ့ပါတယ်။ မုန်တိုင်းဒဏ်သင့်ဒေသတွေက ဖြစ်ရပ်တွေကို ရိုက်ကူးခဲ့တဲ့ When Time Stopped Breathing လို့ အမည်ရတဲ့ မှတ်တမ်းရုပ်ရှင် (Documentary) ဟာ ၂၀၁၂ ခုနှစ်က နိုင်ငံတကာရုပ်ရှင်ပြပွဲတွေမှာ ဆုရရှိခဲ့ပြီးတဲ့နောက်ပိုင်း ပြည်တွင်းက လူငယ်ဒါရိုက်တာတွေဟာ မှတ်တမ်းရုပ်ရှင်ဆိုတာကို စိတ်ဝင်စားလာခဲ့ကြပါတယ်။

မြန်မာ့ရုပ်ရှင်အသိုင်းအဝိုင်းမှာ Independent အုပ်စုနဲ့ Mainstream အုပ်စုဆိုပြီး နှစ်ပိုင်းခွဲလိုက်ရင် Independent အုပ်စုက ကမ္ဘာတစ်လွှားကို အပြေးအလွှား သွားဖို့ ပြင်ဆင်နေပေမယ့် Mainstream ကတော့ သူတို့နယ်ပယ်လေးထဲမှာပဲ ကျင်လည်နေဆဲပဲလို့ မရှင်ဒေဝီက ပြောပါတယ်။

“မြန်မာပြည်က Documentary ရိုက်ကူးသူတွေအနေနဲ့ ကမ္ဘာမှာ လူဝင်ဆံ့နိုင်တဲ့ အနေအထားရှိနေပါတယ်” လို့ သူမက ဆိုပါတယ်။

ဒါပေမယ့် မြန်မာပြည်က မှတ်တမ်းရုပ်ရှင်တွေကို ယခုထက်ပိုပြီး လမ်းကြောင်းပေါ်ရောက်ဖို့ဆိုရင်တော့ ရုပ်ရှင်ရုံတွေမှာ ပြသရမယ်လို့ တန်ခူးဖလင်က ဒါရိုက်တာနဲ့ ပါတနာတစ်ဦးဖြစ်သတဲ့ ကိုလမင်းဦးက ဆိုပါတယ်။  

“Documentary တွေကို အများပြည်သူတွေက အလွယ်တကူ ဝယ်ယူကြည့်ရှုနိုင်ပြီဆိုရင်တော့ mainstream ဖြစ်ပြီလို့ ပြောလို့ရပြီ” လို့ သူကဆိုပါတယ်။ ၂၀၁၃ ခုနှစ်မှာ Documentary Film လောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ သူဟာ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်နဲ့ ဝဿန်ရုပ်ရှင်ပွဲတော်တွေမှာ ဆုတံဆိပ်တွေ ရရှိထားတဲ့သူလည်း ဖြစ်ပါတယ်။  ဝါသနာအရ Documentary Film ရိုက်ပေမယ့် တခြားစီးပွားရေးလည်း လုပ်ကိုင်ရတယ်လို့ သူကဆိုပါတယ်။

NGO တွေနဲ့တွဲပြီး သူတို့လုပ်ဆောင်တဲ့လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်ပေးပြီး “သူတို့အတွက် Promotional Documentary လိုပုံစံမျိုး ရိုက်ပြီး ဝမ်းစာရှာရတယ်” လို့ သူကဆိုပါတယ်။

ဒါပေမယ့် နိုင်ငံရေးအရဖြစ်စေ၊ ပြုပြင်ပြောင်းလဲရေးအရဖြစ်စေ လူမှုအသိုင်းအဝိုင်းအရရော၊ လူမှုဘဝအရရော မှတ်တမ်းရုပ်ရှင်တွေကို လိုအပ်နေတဲ့ကာလ ဖြစ်တဲ့အတွက် မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူတွေအနေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ သင့်တင့်စွာ ရှိနေပါတယ်။ ၂၀၀၆ ခုနှစ်ကစပြီး အခုအချိန်ထိ  Documentary Film Maker အနေနဲ့ဲ့ဲပဲ အသက်မွေးခဲ့တဲ့ မရှင်ဒေဝီကတော့  မြန်မာနိုင်ငံဟာ လက်ရှိမှာ နိုင်ငံရေးအကူးအပြောင်းကာလ ဖြစ်တာကြောင့် မှတ်တမ်းရုပ်ရှင်တွေကို လိုအပ်နေတယ်လို့ ဆိုပါတယ်။

“Documentary သမားတွေအနေနဲ့ အရမ်း ရုန်းကန်ရတာမျိုး မရှိပါဘူး။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိတယ်” လို့ သူမက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်း တည်ငြိမ်သွားတဲ့ နောက်ပိုင်းမှာတော့ နိုင်ငံတကာရဲ့ ငွေကြေးအထောက်အပံ့တွေ လျော့ကျလာတဲ့အခါ  ခက်ခဲတဲ့အပိုင်းကို ပြန်ကြုံရနိုင်ပါတယ်လို့ သူမက မှတ်ချက်ချပါတယ်။

dsc_2617.jpg

ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းရှေ့မှာတွေ့ရတဲ့ မရှင်ဒေဝီ။ ဓာတ်ပုံ-Steve Tickner

“အခုအချိန်မှာ ပြည်တွင်း ပြည်ပ NGO တွေအနေနဲ့ မှတ်တမ်းရုပ်ရှင်ကို လိုအပ်နေတာကြောင့် အစ်မတို့အနေနဲ့လည်း ကြေးတစ်ခုသတ်မှတ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေရနေတယ်” လို့ သူမက ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ တည်ဆောက်ပြုပြင်ကာလ ပြီးသွားရင်တော့ မှတ်တမ်းရုပ်ရှင်သမားတွေဟာ အဖွဲ့အစည်းအကြိုက် ရိုက်ပြတာထက် အတွေးအခေါ် ခွဲထွက်နိုင်မှသာ ဒီလောကထဲမှာ ကျန်ခဲ့မယ်လိုလည်း မရှင်ဒေဝီက အကြံပြုပါတယ်။

“အဲဒီအခါကျရင်တော့ ကိုယ့်ရဲ့ အနုပညာစံနှုန်းကသာ အဖြေပေးနိုင်တဲ့ကာလ ဖြစ်လာလိမ့်မယ်” လို့ သူမက ဆိုပါတယ်။

၂၀၀၅ ခုနှစ်လောက်က Documentary Film Maker တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများခဲ့ပြီး ရိုက်ကူးသူ အရေအတွက်ကလည်း နည်းပါးခဲ့ပါတယ်။ အခုအချိန်ကာလမှာတော့ မှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားလာကြတဲ့ လူငယ်တွေ များပြားလာနေပါပြီ။

“အခုတော့ ဒီအလုပ်လုပ်လာတဲ့ သူတွေကလည်း ပိုများလာတယ်။ NGO တွေကလည်း အလုပ်အပ်တာတွေ ပိုများလာတဲ့အတွက် အဆင်ပြေတဲ့သူကို ခေါ်တာပေါ့” လို့ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာတစ်ဦးဖြစ်သူ မနှင်းအိလှိုင်က ဆိုပါတယ်။

ဒါပေမယ့် သီးခြားရပ်တည်မယ်ဆိုရင်တော့ ခက်ခဲနေသေးတယ်လို့ သူမက ဆိုပါတယ်။ Documentary Film ဆိုတာကို ရန်ကုန်အသိုင်းအဝိုင်းကပဲ သိပြီး ရုပ်သံလိုင်းတွေကလည်း ရိုက်ကူးထုတ်လွှင့်တာမျိုးတွေ မရှိသေးတဲ့အတွက် တွင်တွင်ကျယ်ကျယ် ဖြစ်လာဖို့တော့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူတွေက ကိုယ့်မုန့်ဖိုးကိုယ်စုပြီး ရိုက်နေရချိန်မှာ နိုင်ငံတကာက ရိုက်ကူးသူတွေကတော့ Film Maker Association တွေရှိပြီး သူတို့ကို အဆိုပါအဖွဲ့အစည်းတွေက ဘတ်ဂျက်ငွေ ထောက်ပံ့ပေးနေပါတယ်။

လူငယ်တွေအနေနဲ့ ကိုယ်လုပ်ချင်တဲ့အပိုင်းကို ကြိုးစားပြီး လုပ်လာကြတဲ့အပေါ်မှာ ထောက်ပံ့ပေးမယ့် အဖွဲ့အစည်းတွေလည်း ရှိသင့်ပါတယ်။

“လူငယ်တွေက စိတ်အားထက်သန်မှုရှိတယ်။ ထောက်ပံ့ပေးမယ့် အဖွဲ့အစည်းတွေ ရှိသင့်တယ်” လို့ မနှင်းအိလှိုင်က ထောက်ပြပါတယ်။ အစိုးရဘက်ကလည်း Documentary နဲ့ပတ်သက်တဲ့ တရားဝင် အဖွဲ့အစည်းတွေရှိလာသင့်ပြီလို့ သူမက ထပ်ပြောပါတယ်။ နောက်ပိုင်းကာလတွေမှာ freelance တွေ များပြားလာမှာလည်း ဖြစ်တဲ့အတွက် တစ်ခုခုပြဿနာ တက်လာပြီဆိုရင် ဒီအဖွဲအစည်းတွေက ကူညီဖြေရှင်းပေးလို့ ရနိုင်ပါတယ်။

“Freelance တွေများလာတဲ့အခါ ဒီလိုအဖွဲ့စည်းလေးရှိတော့ ကိုယ့် freelance အချင်းချင်းလည်း ကူညီလို့ရတယ်။ ရှေ့ဆက်လျှောက်မယ့် လုပ်ငန်းတွေအတွက်လည်း အချင်းချင်း ဆွေးနွေးကူညီလို့ရတယ်” လို့ မနှင်းအိလှိုင်က ပြောပါတယ်။

အခုလို လူငယ်တွေ စိတ်ဝင်တစား ဖြစ်လာတဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်မှု (documentary film making) ကို လေ့လာသင်ယူနေတဲ့ မအေးနီလာကျော် (ခ) AJ ကတော့ သူမနဲ့ မျက်နှာချင်းဆိုင် နံရံမှာချိတ်ထားတဲ့ Documentary Film ပိုစတာတစ်ခုကို မော့ကြည်ပြီး အခုလို ပြောပါတယ်

“ဒါဟာ အနုပညာတစ်ခုပါ။ အနပညာလုပ်တယ်ဆိုတာ ကိုယ်က အနုပညာကို ချစ်မှရမှာ။ မြတ်နိးမှ လုပ်တာ ပိုကောင်းမယ်လို့ မြင်တယ်။”

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.