ကလေးစာအုပ်များ၏ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်း

မတူညီ ကွဲပြားမှုများ၊ သည်းခံနိုင်မှုများနှင့် ငြိမ်းချမ်းရေးကို ရည်ရွယ်သော သတင်းစကားများ ပါဝင်သည့် ကလေးများ ဖတ်ရှုရန် စာအုပ်များကို အဖွဲ့အစည်း ၂ ခုက ထုတ်ဝေဖြန့်ချိလျှက်ရှိသည်။

Sing Lee ရေးသားသည်။

My Beloved One ဟု အမည်ပေးထားသည့်စာအုပ်သည် ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ကြောင့် မိသားစုဝင်များ ဆုံးရှုံးသွားခဲ့ရသော မိန်းကလေးတစ်ဦး၏ အကြောင်းကို ရေးသားထားခြင်းဖြစ်သည်။ ရင်သွေးဖောင်ဒေးရှင်း (Yinthway Foundation) က ထုတ်ဝေသော ကလေးများဖတ်ရန် စာအုပ်တစ်အုပ်လည်း ဖြစ်သည်။ ဆိုင်ကလုန်းနာဂစ်သည် ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုမိန်းကလေးက သူမ၏ ဝမ်းနည်းပူဆွေးမှုများကို သက်သာစေရန် သူမ ရွာ၏ မြင်ကွင်းများကို ပုံများ ရေးဆွဲခြင်း၊ သေဆုံးနေသော ပန်းပင်များနှင့် ပန်းအိုးများကို ပြန်လည်စိုက်ပျိုးခြင်း၊ သူမ မိသားစု၏ ဓါတ်ပုံများကို စုဆောင်းခြင်း စသည်တို့ကို ပြုလုပ်နေသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် လူတိုင်းသည် မိမိချစ်ခင်သော လူများ ရုတ်တရက် ဆုံးရှုံးနိုင်သည်ကို ထိုမိန်းကလေး နားလည်လက်ခံလာစေသည်။

ထိုစာအုပ်သည် Trauma ဟု ခေါ်သည့် စာအုပ်စီးရီးထဲမှ တစ်အုပ်ဖြစ်ပြီး ဆိုင်ကလုန်းနာဂစ်အပြီးတွင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ထိုစာအုပ်စီးရီးထဲမှ နောက်တစ်အုပ်မှာ The Day Cyclone Nargis Came “ဆိုင်ကလုန်းနာဂစ် ကျရောက်ခဲ့သောနေ့” ဟု ခေါ်ဆိုသည့် စာအုပ်ဖြစ်ပြီး ၎င်းကို ကလေးပညာပေးစာအုပ်များ ရေးသားရာတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော “ရင်သွေး” ၏ ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးက အမည်မဖေါ်ဘဲ ရေးသားထားခြင်း ဖြစ်သည်။ ထိုဝန်ထမ်းသည် ဆိုင်ကလုန်းနာဂစ်ကျရောက်အပြီးတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ခဲ့ပြီး မုန်တိုင်းကြောင့် တုန်လှုပ်ခြောက်ခြားနေသော ကလေးများ၏ ပြောစကားကို နားထောင်ခဲ့ရသည်။

ရင်သွေးဟူသော စကားလုံးမှာ ကျွန်ုပ်တို့၏ ချစ်လှစွာသော ကလေးငယ်များဟု အဓိပ္ပါယ်ရပြီး ရင်သွေးဖောင်ဒေးရှင်းကို ၁၉၉၉ ခုနှစ်တွင် Network Early Childhood Resource Center အဖြစ် တည်ထောင်ခဲ့သည်။ ထိုအချိန်မှစတင်ပြီး စာအုပ်ပေါင်း ၁၀၀ ကျော်ကို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ စာအုပ်အများစုမှာ အသက် ၅ နှစ်အောက် ကလေးများအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး တစ်ချို့စာအုပ်များကို မူလတန်း ဖတ်စာအုပ်များအတွက် ရည်ရွယ်သည်။ စာအုပ်များတွင် Yangon International School မှ ကလေးများ ရေးသားသရုပ်ဖေါ် ပုံဆွဲထားသော စာအုပ် ၁၉ အုပ်လည်း ပါဝင်ပြီး မြန်မာ့ရိုးရာဒဏ္ဍာရီများအပေါ် အခြေခံထားသည်။

“ကလေးတွေက ကျွန်မတို့ရဲ့ အနာဂတ်ပါဘဲ။ သူတို့ ကြီးပြင်းလာတဲ့အခါမှာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း၊ ငြိမ်းချမ်းတဲ့ နိုင်ငံ၊ ငြိမ်းချမ်းတဲ့ကမ္ဘာကို တည်ဆောက်နိုင်ဖို့အတွက် ကျွန်မတို့က သူတို့ကို ပုံပြင်တွေနဲ့ သင်ပြရတယ်” ဟု ရင်သွေးဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဒေါ်နွယ်နွယ်အောင်က ပြောကြားသည်။ ရင်သွေးဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် ကလေးငယ်များအား စောင့်ရှောက်ရေး၊ ဖွံ့ဖြိုးရေးနှင့် ပညာရေးကို မြှင့်တင်နိုင်ရန် ကလေးစာအုပ်များကို ထုတ်ဝေနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ငြိမ်းချမ်းရေး၊ သည်းခံမှုနှင့် မတူကွဲပြားမှုတို့နှင့် ပတ်သက်သော အပြုသဘောဆောင်သည့် သတင်းစကားများ ပါဝင်သော စာအုပ်များကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် တည်ထောင်ခဲ့သည့် အကျိုးအမြတ်မယူသည့် လူမှု အဖွဲ့အစည်းဖြစ်သည့် Third Story Project ကလည်း ထုတ်ဝေဖြန့်ချိလျှက်ရှိသည်။

Third Story Project က ထုတ်ဝေသော သရုပ်ပြစာအုပ် ၃၀ တွင် ၈ အုပ်ကို မြန်မာနိုင်ငံရှိ ကျောင်းများနှင့် စာကြည့်တိုက်များရှိ ဖန်တီးရေးသားနည်းသင်တန်းများမှ ကျောင်းသား ကျောင်းသူများ၏ ရေးသားမှုများကို ရယူပုံဖော်ထားခြင်းသည်။ Third Story Project မှ ဝန်ထမ်းတစ်ဦးက ပြောပြသော ပုံပြင်များကို ကျောင်းသား ကျောင်းသူများက နားထောင်အပြီးတွင် ၎င်းတို့ကိုယ်တိုင် ဖန်တီးခဲ့သည့် ပုံပြင်ရာပေါင်းများစွာထဲမှ ရွေးချယ်ထားခြင်း ဖြစ်သည်။

Third Story Project ၏ အဖွဲ့သားများ။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

Third Story Project ၏ အဖွဲ့သားများ။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

“ရွေးချယ်ခံရတဲ့ ပုံပြင်ကို ရေးသားတဲ့ကလေးဟာ လက်ဆောင်အကြီးကြီး ရရှိပါတယ်။ အဲဒီထဲမှာ ကျွန်မတို့ထုတ်ဝေတဲ့ ကလေးစာအုပ်တွေအကုန်လုံးလည်း ပါဝင်ပါတယ်” ဟု Third Story Project ၏ ပရောဂျက်ဒါရိုက်တာဖြစ်သူ မအိပွင့်ရီဇန်ကပြောသည်။

အဆိုပါ Third Story Project သည် ၎င်းတို့၏ လူ့အဖွဲ့အစည်းအသီးသီးအတွက် လုပ်အားပေးများအဖြစ် လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည့်တက္ကသိုလ်ကျောင်းသားများ၊ ဆရာ ဆရာမများနှင့် သတင်းသမားများအတွက် အင်္ဂလိပ်စာရေးနည်း သင်ကြားပေးသော သင်တန်းမှ စတင်ပေါက်ပွားလာခြင်း ဖြစ်သည်။

သင်တန်းသားတစ်ဦးက သူ၏ မွေးရပ်ရွာတွင် စာကြည့်တိုက်တစ်ခုကို တည်ထောင်လိုခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင် ကလေးစာပေများ ရှားပါးနေသည်ကို ရိပ်စားမိခဲ့သည်။ ထိုသို့ဖြင့် အုပ်စုတစ်ခုဖွဲ့ကာ ကိုယ်ပိုင်စာအုပ် ထုတ်ဝေကြရန် စိတ်ကူးပေါက်ခဲ့ကြခြင်း ဖြစ်သည်။

သူတို့၏ အင်္ဂလိပ်စာ အရေးသင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့သည့် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ သုံးထပ်ကျောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကိုအစွဲပြုပြီး Third Story Project ဟု အမည်ပေးရန် စိတ်ကူးပေါက်ခဲ့ကြသည်။

ရင်သွေးဖောင်ဒေးရှင်းနှင့် Third Story Project တို့က ထုတ်ဝေသော စာအုပ်များ၏ ရည်ရွယ်ချက်မှာ ပါဝင်သော ဇာတ်ကောင်များအတွက် ခက်ခဲသော အခြေအနေများကို ဖန်တီးပေးထားပြီး ကလေးများက စာနာစိတ်များ ပေါ်ပေါက်လာစေရန် ပျိုးထောင်ပေးခြင်း ဖြစ်သည်။

“ကျွန်မတို့ စာအုပ်တွေရဲ့ အဆုံးသတ်မှာ ကလေးများအတွက် မေးခွန်းတွေ မေးထားပါတယ်။ အဲဒါကတော့ သင်သာ ထိုဇာတ်ကောင် ဖြစ်ပါက ထိုသူကို သင် အဲဒီလို လုပ်ဆောင်မလားဆိုတဲ့ မေးခွန်းမျိုး ဖြစ်ပါတယ်” ဟု Third Story Project ၏ လုပ်အားပေး အကြံပေးတစ်ဦးဖြစ်သူ Mindy Walker က ပြောကြားသည်။ Mindy Walker သည် ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် နေထိုင်နေသည့် အမေရိကန်တစ်ဦးဖြစ်သည်။

မနွယ်နွယ်အောင်ကမူ ရင်သွေးဖောင်ဒေးရှင်း၏ ပုံပြင်များသည် လူမှုပြဿနာများအရေးကို ထင်ဟပ်ပေးနိုင်ပြီး ကလေးများအား ဖန်တီးမှုနှင့် ဆုံးဖြတ်နိုင်စွမ်းကို ပေးထားကာ အနာဂတ်ကို ပြုပြင်ပြောင်းလဲရန် ရည်ရွယ်သည်ဟု ဆိုသည်။

စာအုပ်တစ်အုပ်တွင် မတူညီသည့် တိရိစ္ဆာန်မျိုးစိတ်များအကြား အလှအပပြိုင်ပွဲအကြောင်း ပုံပြင်ကို ရေးသားခြင်းဖြင့် မတူကွဲပြားမှုများကို ကလေးများ လက်ခံတတ်လာစေရန် သင်ကြားပေးသည်။ နောက်စာအုပ်တစ်အုပ်တွင်မူ ဆံပင်ပေါ်တွင် ငှက်သိုက်တစ်ခုရှိနေသည့် တစ်ကိုယ်ရေ သန့်ရှင်းမှုမရှိသော မိန်းကလေးတစ်ဦးအကြောင်း ရေးသားထားကာ သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်ရန် သင်ကြားပေးသည်။

Third Story Project တွင် အချိန်ပြည့် ဝန်ထမ်း ၄ ဦးရှိပြီး အချိန်ပိုင်း ဝန်ထမ်း ၃ ဦး ရှိသည်။ ပုံပြင်များနှင့် သရုပ်ဖော်ပုံများကို အနယ်နယ်အရပ်ရပ်မှ အားပေးသူများက ပေးပို့ပေးကြသည်။ ၎င်းတို့က အခကြေးငွေ အနည်းငယ်ဖြင့်ပင် လက်ခံဆောင်ရွက်ပေးကြသည်။

၎င်းတို့ထဲမှ တစ်ဦးမှာ Third Story Project ကို ပူးတွဲတည်ထောင်သူ ကိုသန့်ဇင်စိုးဖြစ်သည်။ သူက သန်းလွင်မြင့် ဟူသော ကလောင်အမည်ဖြင့် စာအုပ် ၆ အုပ်ကို Third Story Project အတွက် ရေးသားပေးထားသည်။ သူသည် The Voice ဂျာနယ်တွင် သတင်းအယ်ဒီတာအဖြစ် လုပ်ကိုင်နေသူလည်း ဖြစ်သည်။

အိပွင့်ရီဇံသည် လျှပ်စစ်အင်ဂျင်နီယာဖြင့် မာစတာဘွဲ့ရရှိထားပြီး ဖြစ်သော်လည်း သူမ၏ ဘဝကို လူ့အဖွဲ့အစည်း ဖွံ့ဖြိုးရေးအတွက်သာ နှစ်မြုပ်ထားသည်။ သူမက ကလေးများအတွက် စာအုပ်များ ရေးသားရခြင်းကို နှစ်သက်သည်။ သို့သော် Third Story Project ၏ စာအုပ်များကို နှစ်ခြိုက်အားပေးကြသူများသည် ကလေးများသာ မကပေ။

“ရှမ်းပြည်နယ်မှာဆိုရင် မိဘတွေက ပုံပြင်စာအုပ်ဆိုတာကို မပိုင်ဆိုင်ဖူးကြဘူး။ သူတို့ကိုယ်တိုင်က လိုချင်ကြတယ်” ဟု ၎င်းက ပြောသည်။ “ကလေးတွေက ပုံပြင်စာအုပ်တစ်အုပ်ကို ပိုင်ဆိုင်ရတာကို သဘောကျကြတယ်။ ပုံပြင်စာအုပ်ကို ကိုင်ပြီးရိုက်ထားတဲ့ သူတို့ရဲ့ ဓါတ်ပုံတွေ၊ ပုံပြင်ထဲက အကြောင်းတွေကို မှတ်ချက်ပေးထားတဲ့ စာတွေ ကျွန်မတို့ဆီကို ပြန်ပို့ကြတယ်။ သူတို့မိဘတွေက ပုံပြင်ထဲက အကြောင်းအရာတွေကို ဆွေးနွေးဖို့ မေ့နေတဲ့အခါကျရင် သူတို့ကို ပုံပြင်ထဲက မေးခွန်းကို ဘာလို့ မမေးတော့တာလဲလို့ မေးကြတယ်” ဟု ၎င်းက ဆိုသည်။

ကလေးများအတွက် စာအုပ်များ ထုတ်ဝေနိုင်ရန်အတွက် ကူညီပါဝင်ရေးသားပေးနေသူတစ်ဦးဖြစ်သည့် မဆုရတနာ။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ကလေးများအတွက် စာအုပ်များ ထုတ်ဝေနိုင်ရန်အတွက် ကူညီပါဝင်ရေးသားပေးနေသူတစ်ဦးဖြစ်သည့် မဆုရတနာ။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

မြန်မာနိုင်ငံတွင် ကလေးစာပေကို မြင့်တင်နိုင်ရန် ကြိုးပမ်းနေကြသည်ကို တွေ့ရသည်။ သို့သော် ပင်ကိုယ်ရေး ကလေးစာပေများမှာမူ ရှားပါးနေဆဲ ဖြစ်သည်။

ရန်ကုန်မြို့လယ်မှ အင်းဝစာအုပ်တိုက်ကို ပူးတွဲတည်ထောင်သူ ဦးချမ်းမြေ့ဝင်း၏ အဆိုအရ ပင်ကိုယ်ရေး ကလေးစာပေများ ရှားပါးလာရခြင်းသည် ကလေးစာပေ ရေးသားသော စာရေးဆရာ လက်သစ်များ မပေါ်ထွန်းလာသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

လူသိများသည့် ကလေးစာအုပ်များမှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာ ကတည်းက နာမည်ကျော် စာရေးဆရာကြီးများ  ရေးသားခဲ့သည့် စာအုပ်များကို ပြန်လည်ပုံနှိပ် ထုတ်ဝေနေခြင်းသာဖြစ်သည်ဟု ဦးချမ်းမြေ့ဝင်းက Frontier ကို ပြောသည်။

“ကလေးစာပေကို ရေးသားနေတဲ့ စာရေးဆရာလက်သစ် နည်းနည်းတော့ ရှိပါတယ်။ ဒါပေမဲ့ အရင်တုန်းက ဆရာကြီးတွေကို မှီနိုင်ဖို့ကတော့ လိုနေသေးတယ်” ဟု ၎င်းကပြောသည်။

အင်းဝစာအုပ်တိုက်တွင် ရောင်းချရသော ကလေးစာအုပ်များ၏ ၃၀ ရာနှုန်းခန့်သည် နာမည်ကြီး အင်္ဂလိပ်ပုံပြင်များကို ဘာသာပြန်ထားခြင်းများသာ ဖြစ်သည်ဟု ၎င်းကဆိုသည်။ ကလေးစာအုပ်များ၏ ပျမ်းမျှဈေးနှုန်းသည် တစ်အုပ်လျှင် ကျပ် ၁,၀၀၀ မှ ၂,၀၀၀ ကြားရှိပြီး ကျပ် ၅၀၀ ခန့်သာ ပေးရသော စာအုပ်များလည်း ရှိသည်။ ရင်သွေးကမူ ၎င်းတို့၏ စာအုပ်များကို တစ်အုပ်လျှင် ကျပ် ၄၀၀ မှ ၅၀၀ ကြား ဈေးဖြင့် ရောင်းချပေးနေသည်။

Walker ကမူ Third Story Project က ထုတ်ဝေသော စာအုပ်များသည် နိုင်ငံခြားမှ ဘာသာပြန် ပုံပြင်စာအုပ်များထက် ဈေးပိုသက်သာပြီး မြန်မာများနှင့် ပတ်သက်သည့်အကြောင်းအရာများကို ဖတ်ရှုနိုင်မည်ဟု ဆိုသည်။

ရင်သွေးက ၎င်းတို့၏ စာအုပ်တစ်ချို့ကို ကရင်နှင့် ပအို့ ဘာသာစကားများနှင့်လည်း ထုတ်ဝေနေသည်။ Third Story Project ကလည်း ရခိုင်နှင့် ရှမ်းဘာသာစကားတို့ဖြင့် စာအုပ် ၁၀ အုပ်စီ ထုတ်ဝေထားပြီး ချင်းဘာသာစကားဖြင့် ၆ အုပ် ထုတ်ဝေထားသည်။ ထိုစာအုပ်များအားလုံးကို လုပ်အားပေးများက ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။

၎င်းတို့၏စာအုပ်များကို အွန်လိုင်းတွင် အခမဲ့ တင်ပေးထားသည့် Third Story Project က ပြည်ပမှ အလှူငွေများကို အလုံးအရင်းနှင့် လက်ခံသည့်အပြင် လက်လီနှင့် အွန်လိုင်းအရောင်းဆိုင် ၄၀ တွင် စာအုပ်တစ်အုပ် ရောင်းချရတိုင်း ဆင်းရဲနွမ်းပါးသော ကလေးတစ်ယောက်အတွက် လိုအပ်နေသည့် စာအုပ်တစ်အုပ် လှူဒါန်းပေးလျှက်ရှိသည်။

ထို့ပြင် Pass it On ဆိုသော အစီအစဉ်ဖြင့်လည်း ကမ္ဘာလှည့် ခရီးသွားများအနေဖြင့် ဘုန်းတော်ကြီး ပညာသင်ကျောင်းများရှိ စာကြည့်တိုက်များ၊ မိဘမဲ့ ဂေဟာများနှင့် နေရာပြောင်းရွှေ့ ယာယီစခန်းများရှိ စာကြည့်တိုက်များသို့ ၎င်းတို့ထုတ်ဝေဖြန့်ချိသည့် စာအုပ်များကို လှူဒါန်းနိုင်ရန် စီစဉ်ထားသည်။ ထိုအစီအစဉ်မှာ ပြည်တွင်းမှ လက်မှုအနုပညာများကို ရောင်းချသော လူမှုလုပ်ငန်းဖြစ်သည့် Hla Day ဆိုင်များမှ ဝယ်ယူလှူဒါန်းရခြင်း ဖြစ်သည်။

Third Story Project သည် လိုအပ်သော နေရာတိုင်းတွင် စာအုပ်များကို လှူဒါန်းနေသည်ဟု Walker က ပြောကြားပြီး ယခုအချိန်အထိ နိုင်ငံတွင်းရှိ မြို့နယ်ပေါင်း ထက်ဝက်ကျော်တွင် စာအုပ်ပေါင်း ၁၇၀,၀၀၀ ခန့်ကို လှူဒါန်းခဲ့ပြီး ဖြစ်သည်ဟုဆိုသည်။

“တစ်ချို့ ကလေးတွေဆို စာအုပ်ဆိုတာ တစ်ခါမှ မပိုင်ဆိုင်ဖူးဘူး။ သူတို့လက်ထဲ စာအုပ်လေးတွေ ရောက်လာတော့ အရမ်းပျော်ကြတယ်” ဟု ၎င်းက ဆိုသည်။

ရင်သွေးတွင်မူ စာအုပ်များကို ဖြန့်ချိရန် ဝန်ထမ်းအလုံအလောက်မရှိပဲ စာအုပ်များကို ၎င်းတို့၏ ရန်ကုန်ရုံးမှ ရောင်းချပေးနေသည်ဟု နွယ်နွယ်အောင်က ပြောကြားသည်။ ထို့ပြင် တစ်နိုင်ငံလုံးရှိ မိဘများနှင့် ဆရာ ဆရာမများအတွက် သင်ကြားရေးဆိုင်ရာပိုစတာများ ဖြန့်ဝေရောင်းချပေးနေသည်။ NGOs များနှင့် ကျောင်းများက အဓိက ဖောက်သည်များ ဖြစ်ကြသည်ဟု နွယ်နွယ်အောင်က ပြောသည်။

ထို့ပြင် ရင်သွေးအနေဖြင့် နည်းပညာ၏ စိန်ခေါ်မှုများအတွက်လည်း ပြင်ဆင်ထားသည်ဟု ၎င်းက ဆိုသည်။ ရင်သွေးမှ ထုတ်ဝေသော ပုံပြင်စာအုပ်မျာအား သက်ဝင်လှုပ်ရှားနေသည့် ကာတွန်းဇာတ်ကောင်များအဖြင့် အသက်သွင်းရန်လည်း စီစဉ်ထားသည်။

ခေါင်းစီးဓာတ်ပုံ- သိမ့်မွန်စိုး (J)

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.