ကလေးငယ်များအား နို့မှုန့်တိုက်ကျွေးမှုနှင့် ပတ်သက်သည့် ယုံမှားမှုများကို တိုက်ဖျက်ခြင်း

ကလေးငယ်များ၏ ပထမ ၆ လအတွင်းတွင် မိခင်နို့ရည်ကသာ အကောင်းဆုံး အာဟာရဖြစ်သည်။ သို့သော် မိခင် အများစုက ကလေးနို့မှုန့်ကို တိုက်ကျွေးနေကြပြီး ထိုအပြုအမူမှာ ကလေးအတွက် အန္တရာယ်ရှိနိုင်ကြောင်း မသိရှိကြပေ။ 

ဝင်းဇာနည်အောင် ရေးသားသည်။ 

ပဲခူးမြို့ရှိနေအိမ်တွင် အသက် ၈ လအရွယ် မြေးမလေး ခင်ကြည်မွန်ခန့်အတွက် အဖွားဖြစ်သူ ဒေါ်ချိုချိုငြိမ်းက နို့ဘူးဖျော်ရန် ပြင်ဆင်နေသည်။

နို့မှုန့်အား ရေနွေးနှင့် ဖျော်ပြီးချိန်တွင် နို့ဘူးထဲလောင်းထည့်လိုက်ကာ မြေးမလေးအား တိုက်ကျွေးလိုက်သည်။

“ကလေး ၄၅ ရက်သား အရွယ်ကတည်းက ကျွန်မတို့ နို့မှုန့်ကို တိုက်နေတာပါ။ ကလေးကို မိခင်နို့သာမက နို့မှုန့်ရော တိုက်ပါတယ်။ ကလေးရဲ့ အမေက အလုပ်တက်ရတော့မယ်လေ။ နှစ်လပြည့်ပြီးတော့ သူ့အမေရုံးတက်တော့ နို့မတိုက်တော့ဘူး နို့ဗူးပဲ တိုက်တော့တယ်။ တခြား မိခင်တွေရော ဆရာဝန်ကပါ ဒီနို့မှုန့်ကို တိုက်ကျွေးဖို့ အကြံပေးကြလို့ပါ” ဟု ဒေါ်ချိုချိုငြိမ်းက ရှင်းပြသည်။ 

ကလေးမီးဖွားအပြီး ၃ လအကြာတွင် ရန်ကုန်မြို့တွင် နေထိုင်သည့် ကလေး၏ မိခင်က အလုပ်ပြန်ဆင်းရမည် ဖြစ်သောကြောင့် ကလေးကို အဖွားဖြစ်သူ ဒေါ်ချိုချိုငြိမ်းတို့ အိမ်တွင် ပို့ထားလိုက်ခြင်းဖြစ်သည်။ 

ထိုသို့ ပို့ထားခြင်းမှာ ထူးဆန်းလှသည်တော့ မဟုတ်ပေ။ စီးပွားရေးဖိအားများကြောင့် မိခင် အတော်များများသည် ကလေးမွေးဖွားပြီး သိပ်မကြာခင်မှာပင် အလုပ်ပြန်ဝင်ကြရသည်။ အစိုးရ ဝန်ထမ်းများက ကလေးမီးဖွားခွင့် ၆ လအထိ ရရှိကြသော်လည်း ပုဂ္ဂလိကကုမ္ပဏီအများစုတွင် ခွင့် ၃ လခွဲခန့်သာ ရရှိကြသည်။ 

မိခင်များက အလုပ် အမြန်ပြန်ဝင်ရသောကြောင့် မြန်မာနိုင်ငံတွင် ကလေးများက နို့မှုန့်ကို သောက်သုံးနေကြရခြင်း ဖြစ်သည်ဟု ဒေါက်တာလွင်မာလှိုင်က ပြောကြားသည်။ ၎င်းသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ အမျိုးသားအာဟာရဆိုင်ရာဗဟိုဌာန၏ ဒုတိယညွန်ကြားရေးမှူး ဖြစ်သည်။ အချို့သောမိဘများက ကလေးငယ်များကို ထမင်းနှင့် နို့မှုန့်ကို ရောပြီး ကျွေးမွေးကြလေ့ရှိပြီး ထိုနှစ်ခုလုံးက ကလေးငယ်များ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည်ဟု ၎င်းကပြောသည်။ 

“ကလေးငယ်တွေမှာက အစာခြေစနစ် မဖွံ့ဖြိုးသေးဘူး။ ဒါကြောင့် မိခင်နို့ရည်ကသာ အကောင်းဆုံး ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ “မိခင်နို့ရည်က နို့မှုန့်ထက် ပိုကောင်းတယ်။ ကလေးငယ် ၆ လအရွယ်အတွင်းမှာ ထမင်းကျွေးမယ်ဆိုရင် အစာခြေစနစ်ကို ထိခိုက်စေနိုင်တယ်။ ထမင်းကို ပျော့နေအောင် ချက်ထားရင်တောင် အစာခြေစနစ် ပျက်ဆီးနိုင်တယ်။ ကလေးက ဝမ်းလျှောတာတွေ ဖြစ်လာနိုင်တယ်” ဟု ၎င်းက ဆိုသည်။ 

ကလေးငယ်တွေကို မိခင်နို့အစားထိုး နို့မှုန့်တမျိုးတည်းတိုက်ကျွေးပါက ကလေးငယ်ဟာ နေမကောင်းဖြစ်ခြင်း၊ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ မဖွံ့ဖြိုးခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ဒေါက်တာလွင်မာလှိုင်က ပြောကြားသည်။

ကလေးကို မွေးဖွားပြီးချင်း ၂၄ နာရီအတွင်း မိခင်နို့ရည်ကိုသာ တိုက်ကျွေးရန်လည်း အလွန်အရေးကြီးသည်ဟု ၎င်းက ဆိုသည်။ 

“သက်ဦးကိုယ်ဝန်မှာ အမေနို့က အများကြီးမထွက်ဘူး။ အဲဒါက သဘာဝပဲ။ မွေးကာစကလေးရဲ့ အစာအိမ်က ကြက်ဥတစ်လုံးမှာပါတဲ့ ကြက်ဥအနှစ်အရွယ်အစား မရှိတစ်ရှိတယ်။ ကြက်ဥအနှစ်အရွယ်ရှိတဲ့ အစာအိမ်ပြည့်ဖို့က အဲဒီလောက်ရရင်ကို ရတယ်။ နို့စို့တတ်အောင် အနေအထား မမှန်ရင် မစို့ချင်ရင် နို့ထွက်နည်းမယ်။ ပထမ ၃ ရက်က နို့ဦးရေ အမေနို့ထွက်တာ၊ မထွက်တာက ကလေးက စို့လေလေ အမေနို့ထွက်လေလေ။ ကလေးက စုတ်လေလေ အမေရဲ့ နို့လမ်းကြောင်း ပွင့်ပြီး နို့ထွက်အားကောင်းတယ်။ ကျန်းမာရေးဝန်ထမ်းကရော မိခင်ရောကလေး ပမာဏနည်းတယ်။ အခြားနို့တိုက်ရင် အစာအိမ်သေးသေးလေးက အလွယ်တကူပြည့်ရင် အားစိုက်ပြီးမစို့ဘူး။ နို့ဦးရေက ပိုမထွက်လာဘူး။ နည်းလာတယ်။ အဲဒီလိုနဲ့ သံသရာလည်နေတာ” ဟု ၎င်းကပြောသည်။

ကလေးငယ်များအား မွေးဖွားပြီး ပထမ ၆ လအတွင်း မိခင်နို့ရည်တမျိုးတည်းသာ တိုက်ကျွေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တိုက်တွန်းထားသည်။ သို့သော် ၂၀၁၅- ၁၆ ခုနှစ်က လုပ်ဆောင်ခဲ့သော စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံရှိ မိဘများ၏ ထက်ဝက်ခန့်ကသာ ထိုတိုက်တွန်းချက်ကို အရေးတယူ လိုက်နာကြသည်။ 

ထိုသို့ဖြစ်ရခြင်းမှာ စီးပွားရေးအခြေအနေအရ မိခင်က အလုပ်ခွင့်ပြန်ဝင်ကြရသည့်အချက်တစ်ခုတည်းကြောင့် မဟုတ်ပေ။ မိရိုးဖလာ ယုံကြည်မှုများ၊ ဗဟုသုတနည်းပါးခြင်း၊ လမ်းလွဲဖော်ပြသည့် ကြော်ငြာများနှင့် ကျန်းမာရေးပညာရှင်များ၏ မှားယွင်းသည့်အကြံပေးမှုများက ကလေးငယ်များကို မိခင်နို့အစားထိုး နို့မှုန့်နှင့် ဖြည့်စွက်စာများကျွေးမွေးရန် မိဘများကို တွန်းအားပေးနေသည်။

“မိခင်အများစုက ကလေးငယ်ကို ပထမ ၆ လ အတွင်းမှာ နို့မှုန့်ရယ်၊ ထမင်းရယ်၊ ပျားရည်ရယ်ကို ရောနှောပြီး ကျွေးနေကြတယ်” ဟု အာဟာရဆိုင်ရာ အကြံပေး ဒေါက်တာသဲမာထွန်းသိန်းက ပြောသည်။ 

 “အဲဒါက ကလေးငယ်ရဲ့ အစာအိမ်၊ ကျောက်ကပ်နဲ့ အူလမ်းကြောင်းအတွက် မကောင်းဘူး။ မိခင်တွေက ဒီလို ကျွေးမွေးခြင်းရဲ့ ဆိုးကျိုးကို မသိကြဘူး။ ဒါက ကလေးငယ်ကို နောင်လာမယ့် ၁၀ နှစ်၊ အနှစ် ၂၀ နဲ့ ၃၀ ခန့်မှာ ဘယ်လို ထိခိုက်စေနိုင်တယ်ဆိုတာ မသိကြဘူး။ မိခင်နို့ရည်ကသာ အကောင်းဆုံးပါ” ဟု ဒေါက်တာသဲမာထွန်းသိန်းက ပြောသည်။ 

အချို့သော နို့မှုန့်ကုမ္ပဏီများက ၎င်းတို့၏ ထုတ်ကုန်များသည် ကလေးငယ်ကို အရပ်ရှည်စေကြောင်းနှင့် ဉာဏ်ရည် ဖွံ့ဖြိုးစေကြောင်း လှည့်စားကြော်ငြာကြသော်လည်း ဘေးထွက်ဆိုးကျိုးများကိုမူ မဖော်ပြထားကြကြောင်း ၎င်းက ဆိုသည်။ 

အလုပ်လုပ်သော မိခင်များအနေဖြင့် ၎င်းတို့၏ နို့ရည်ကို ညှစ်ထားပြီး နို့ပုလင်းထဲထည့်ကာ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပြီး အလုပ်သွားနေစဉ်တွင် ကလေးငယ်အား ထိုနို့ရည် တိုက်ကျွေးနိုင်သည်ဟု ဒေါက်တာသဲမာထွန်းသိန်းက အကြံပြုသည်။ “အမေနို့ကို ညှစ်ပြီးရေခဲသေတ္တာထဲမှာ ထည့်ပြီး အခဲလုပ်လို့ရတယ်။ အဲဒီလိုခဲထားရင် ၃ လကနေ ၆ လအထိ သုံးလို့ရတယ်။ ရုံးပြန်တက်ရင် ၃ နာရီတစ်ကြိမ် ညှစ်သိမ်းထားပြီး ရေခဲ့သေတ္တာထဲ ထည့်ပြီး ယူလာပြီး ကလေးတွေ နောက်နေ့အထိ သုံးလို့ရတယ်။ မိခင်နို့တစ်မျိုးပဲ တစ်နှစ်ထိ တိုက်လို့ရတယ်။ နို့မှုန့်ကူဖို့မလိုဘူး” ဟု ၎င်းကပြောသည်။

တောင်ဒဂုံမြို့နယ်မှ ကလေး ၄ ယောက်၏ မိခင် မယုယုခိုင်က ကလေးများအား မိခင်နို့ရည်အပြင် ထမင်းနှင့် ဖြည့်စွက်စာကိုလည်း တစ်နေ့တစ်ကြိမ် ပုံမှန်ကျွေးနေသည်။ ဓာတ်ပုံ သူရဇော်

တောင်ဒဂုံမြို့နယ်မှ ကလေး ၄ ယောက်၏ မိခင် မယုယုခိုင်က ကလေးများအား မိခင်နို့ရည်အပြင် ထမင်းနှင့် ဖြည့်စွက်စာကိုလည်း တစ်နေ့တစ်ကြိမ် ပုံမှန်ကျွေးနေသည်။ ဓာတ်ပုံ သူရဇော်

သို့သော် ကလေးငယ် မွေးဖွားပြီး ပထမ ၆ လတွင် မိခင်နို့ရည်တစ်မျိုးတည်းကို တိုက်ကျွေးခြင်းက အကောင်းဆုံးဖြစ်သည်ကို လူတိုင်းက မသိရှိကြပေ။ 

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှ ကလေး ၄ ယောက်၏ မိခင် မယုယုခိုင်က ၎င်းအနေဖြင့် ကလေးများအား မိခင်နို့ရည်ကို အများဆုံးတိုက်ကျွေးသော်လည်း ထမင်းနှင့် ဖြည့်စွက်စာကိုလည်း တစ်နေ့တစ်ကြိမ် ပုံမှန်ကျွေးသည်ဟု ဆိုသည်။ 

၎င်း၏ နေအိမ်သို့ Frontier က ရောက်ရှိသွားချိန်တွင် မယုယုခိုင်က ၂ လအရွယ် တူမလေးအတွက် ထမင်းနှင့် ကျပ် ၁၀၀ တန် နို့မှုန့်ကို ရောနယ်ကာ ကျွေးမွေးနေသည်ကို တွေ့ရှိခဲ့သည်။ ထိုနို့မှုန့်ထုတ်ပေါ်တွင်မူ မွေးကင်းစ ကလေးများအတွက် မိခင်နို့အစား တိုက်ကျွေးရန်မဟုတ်ဟု သတိပေးစာ ရေးသားထားသည်။ 

“ထမင်းက ကလေးအတွက် ကောင်းတယ်။ ခြင်ကိုက်လို့ ယားယံဖုတွေ ထွက်လာရင် ပျောက်တယ်။ ကလေးက အာဟာရလည်း ဖြစ်တယ်။ နေမကောင်းလည်း မဖြစ်ဘူး” ဟု မယုယုခိုင်က ဆိုသည်။ 

ကလေးငယ်များအား မိခင်နို့ရည်တိုက်ကျွေးခြင်း၏ ဆေးဝါးဆိုင်ရာ ကောင်းကျိုးများကို အခြားနိုင်ငံများတွင် ကောင်းမွန်စွာ သိရှိကြသည်။ မိခင်နို့ရည် တိုက်ကျွေးပါက ကလေးငယ်များတွင် ကူးစက်ရောဂါများနှင့် ဖျားနာမှုများကို လျှော့ချနိုင်သည်။ အဝလွန်ရောဂါလည်း မဖြစ်ပွားနိုင်ပေ။ အသက်ကြီးလာသောအခါ နှလုံးသွေးကြောရောဂါများ မဖြစ်ပွားနိုင်ပေ။ နို့တိုက်သော မိခင်ကိုယ်တိုင်သည်လည်း ရင်သားကင်ဆာဖြစ်ပွားမှုကို လျှော့ချနိုင်သည်။ အဝလွန်ရောဂါနှင့် နှလုံးသွေးကြောရောဂါများကို ကာကွယ်နိုင်သည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြုလုပ်သည့် သုတေသနတစ်ခု၏ အဆိုအရ မိခင်နို့ရည်တိုက်ကျွေးမှုကို တစ်ကမ္ဘာလုံးတွင် လုပ်ဆောင်နိုင်ပါက တစ်နှစ်လျှင် အသက် ၆ လအောက် ကလေးငယ် ၈ သိန်း၏ အသက်ကို ကယ်တင်နိုင်မည်ဟု ဆိုသည်။ 

Save the Children အဖွဲ့က မြန်မာနိုင်ငံ အမျိုးသား အာဟာရဗဟိုဌာနှင့် ပူးပေါင်းကာ လုပ်ဆောင်ခဲ့သော သုတေသနအရ ကလေးမွေးဖွားအပြီး ၂၄ နာရီအတွင်း မိခင်နို့ရည် တိုက်ကျွေးသော မိခင်အရေအတွက်သည် ၂၀၁၀ ပြည့်နှစ်က ၇၅ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ၆၆ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။ 

မိခင်နို့ရည် တိုက်ကျွေးခြင်းက မိခင်ရော ကလေးငယ်အတွက်ပါ ကောင်းမွန်ကြောင်းကို မြန်မာနိုင်ငံရှိ မိခင်အများစုက မသိရှိကြပေ။ မြန်မာနိုင်ငံက အဓိက ရင်ဆိုင်နေရသော ပြဿနာမှာ ကလေးငယ်အား နို့မှုန့်နှင့် ဖြည့်စွက်စာ တိုက်ကျွေးရန် ကျန်းမာရေးပညာရှင်များက မိခင်များကို အကြံပေးနေကြခြင်းဖြစ်သည်ဟု ဒေါက်တာလွင်မာလှိုင်က ပြောသည်။ 

“တော်တော်တော့ ခက်ပါတယ်။ မြန်မာနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေက မိခင်တွေကို နို့မှုန့်တိုက်ဖို့ အကြံပေးနေကြတယ်။ မိခင်နို့ရည်က ပိုကောင်းတယ်ဆိုတာ သူတို့သိပြီးသားပါ။ ကျွန်မတို့က အစိုးရနဲ့ ပုဂ္ဂလိက ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး အကြံပေးတာမျိုးတွေ လုပ်နေပါတယ်။ ဒါပေမယ့် ပူးပေါင်းပါဝင်မှု အားနည်းနေပါတယ်” ဟု ဒေါက်တာလွင်မာလှိုင်က ပြောသည်။ 

ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှ မိခင်တစ်ဦးဖြစ်သူ မသီတာက ၎င်းကို သူနာပြုတစ်ယောက်၏ ညွန်ကြားမှုအရ ကလေးကို နို့မှုန့်တိုက်ကျွေးခဲ့ခြင်း ဖြစ်သည်ဟု သည်။ နို့မှုန့်တိုက်ကျွေးခြင်းက မိခင်နို့ရည် တိုက်ကျွေးခြင်းထက် ကလေးကို ပိုမိုကျန်းမာကာ ဉာဏ်ရည် ဖွံ့ဖြိုးစေသည်ဟု သူနာပြုက ပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။ ကလေးဆရာဝန်ကို မေးမြန်းကြည့်သောအခါတွင်လည်း ဆရာဝန်က နို့မှုန့်သုံးရန် အကြံပေးပြီး သုံးဆွဲရမည့် အမှတ်တံဆိပ်ကိုလည်း ညွှန်ကြားခဲ့သည်ဟု မသီတာက ပြောသည်။ “ကလေးဆရာဝန်က ကျွန်မ တစ်ယောက်တည်းကိုတင် ပြောတာ မဟုတ်ဘူး။ တခြားမိခင်တွေ အားလုံးကိုပါ အဲဒီအတိုင်း အကြံပေးနေတာ” ဟု ၎င်းကပြောသည်။ 

ထို့နောက်တွင် မိခင်နို့ရည်သည်သာ ကလေးအတွက် အကောင်းဆုံးဖြစ်သည်ကို မသိတာတစ်ယောက် သိရှိသွားခဲ့သည်။ အိမ်နီးချင်း မိခင်တစ်ဦးက ကလေးအား နို့မှုန့် ဝယ်တိုက်ရန် ပိုက်ဆံမတတ်နိုင်ကြောင်း ညည်းတွားချိန်တွင် မသီတာက မိခင်နို့ရည်ကသာ အကောင်းဆုံးဖြစ်ကြောင်း အိမ်နီးချင်းကို ပြန်ပြောပြခဲ့သည်။ သို့သော် ထိုမိခင်က မယုံကြည်ခဲ့ပေ။ “ကလေးအမေတွေက ကလေးနို့မှုန့်ကုမ္ပဏီတွေရဲ့ လွှမ်းမိုးမှုကို ခံနေကြရတယ်” ဟု မသီတာ (အမည်လွှဲ) က ပြောသည်။ 

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Save the Children အဖွဲ့က Don’t Push It ဟု အမည်ပေးထားသည့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ၎င်းအထဲတွင် ကလေးနို့မှုန့်ကုမ္ပဏီများက တစ်ကမ္ဘာလုံး မိခင်နို့ရည် တိုက်ကျွေးမှုကို အဟန့်အတား ဖြစ်စေရန် နည်းမျိုးစုံဖြင့် ကြိုးစားနေပုံများကို ဖော်ပြထားသည်။ ကုမ္ပဏီများက ၎င်းတို့၏ ထုတ်ကုန်များအား ရောင်းချနိုင်ရန်အတွက် မရိုးသားသော နည်းလမ်းများကို အသုံးပြုနေပြီး ကလေးများအပေါ် မိခင်များက ထားရှိတတ်သည့် စိုးရိမ်ပူပန်မှုကို အလွဲသုံးနေသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။ 

ထိုအစီရင်ခံစာတွင် ကမ္ဘာတစ်ဝန်း ကလေးနို့မှုန့်ဈေးကွက်၏ ထက်ဝက်ခန့်ကို ကိုယ်စားပြုသော ကုမ္ပဏီ ၆ ခုက အသုံးပြုနေသည့် မရိုးမဖြောင့်သော ဈေးကွက်မြင့်တင်ရေး မဟာဗျူဟာများကို ဖော်ပြထားသည်။ တကမ္ဘာလုံး၏ ကလေးနို့မှုန့်ဈေးကွက်သည် ၂၀၁၈ ခုနှစ်က အမေရိကန်ဒေါ်လာ ဘီလျံ ၇၀ ခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ ၁၉၉၈ ခုနှစ်တွင် ဒေါ်လာ ၁၅ ဘီလျံခန့်ရှိခဲ့ရာမှ တိုးပွားလာခြင်း ဖြစ်သည်။ 

မိခင်နို့အစားထိုးပစ္စည်းများ ဈေးကွက်တင်ရောင်းချခြင်းနှင့် ပတ်သက်ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၁၉၈၁ ခုနှစ်တွင် သတ်မှတ်ထုတ်ပြန်ခဲ့သည့် International Code of Marketing of Breast Milk Substitutes ကို ကုမ္ပဏီများက ပုံမှန် ချိုးဖောက်နေသည်ဟု အစီရင်ခံစာက စွပ်စွဲထားသည်။ ထုတ်လုပ်သူများသည် ဈေးဆိုင်များ၊ စူပါမားကတ်များ၊ ကျန်းမာရေးဌာနများနှင့် အွန်လိုင်းတွင် နို့မှုန့်အရောင်းမြင့်တင်ခြင်းဖြင့် ထိုမူကို ချိုးဖောက်နေသည်ဟု အစီရင်ခံစာက ဆိုသည်။ အရောင်းမြင့်တင်ရာတွင် မဟုတ်မှန်သော အချက်အလက်များ၊ ရုပ်ပုံများဖြင့် ကြော်ငြာနေကြသည်ဟု ဆိုသည်။ 

Save the Children Myanmar ၏ လူထုဆက်ဆံရေး၊ အကြံပေးနှင့် လှုံ့ဆော်ရေးဆိုင်ရာ အကြီးအကဲဖြစ်သူ Mr Andy Nilsen က မိဘများအနေဖြင့် မိခင်နို့ရည်တိုက်ကျွေးခြင်း၏ ကောင်းကျိုးကို သိရှိရန်က အရေးကြီးသည်ဟု ဆိုသည်။ 

“ပညာရေးက အရာရာအတွက် အဓိကကျတယ်။ မိခင်နဲ့ဖခင်က မိခင်နို့ရည် တိုက်ကျွေးခြင်းရဲ့ ကောင်းကျိုးကို နားလည်ရင် သူတို့က မိခင်နို့ပဲ တိုက်မှာပဲ။ သူတို့မှာ ဒီဗဟုသုတ မရှိဘူးဆိုရင် မိခင်နို့ရည်ကို တိုက်မှာမဟုတ်ဘူး” ဟု ၎င်းကပြောသည်။ 

မိခင်နို့ရည်တိုက်ကျွေးခြင်း၏ ကောင်းကျိုးများကို သိရှိစေရန် ၃ လကြာအစီအစဉ်တစ်ခုကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် Save the Children အဖွဲ့က ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ ပြုလုပ်ခဲ့ရာ မိခင် ၈,၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ 

“မိခင်နို့ရည် တိုက်ကျွေးတဲ့ မိခင်တွေ များလာအောင် လုပ်တာပါ။ ဒါက မိခင် တစ်ယောက်တည်းနဲ့ မဖြစ်ဘူး။ ဖခင်ရော၊ မိတ်ဆွေတွေရော၊ အဒေါ်တွေ၊ ဦးလေးတွေ၊ အလုပ်ရှင်တွေပါ ဝိုင်းဝန်းကူညီမှ အောင်မြင်မယ့် ကိစ္စပါ။ မိခင်တွေက ကလေးရဲ့ ပထမ ၆ လမှာ မိခင်နို့ရည် တိုက်ကျွေးနိုင်အောင် အားလုံးက ကူညီပံ့ပိုးရမယ်” ဟု Nilsen က ပြောကြားသည်။ 

ထိုအစီအစဉ်တွင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကိုလည်း ပါဝင်စေသည်။ “ကျွန်တော်တို့ KBZ Bank နဲ့ စတင်လုပ်ဆောင်ကတည်းက မိခင်နို့ရည် တိုက်ကျွေးနိုင်တဲ့ လုပ်ငန်းပတ်ဝန်းကျင်ဖြစ်အောင် ဘဏ်က လုပ်ဆောင်ပေးလာတာကို တွေ့ရပါတယ်” ဟု Nilsen က ပြောသည်။ 

ထိုကဲ့သို့ စီစဉ်ပေးခြင်းက အရေးကြီးလှသည်။

“မိခင်တစ်ဦးက ကလေးကို မိခင်နို့ရည် တိုက်ကျွေးဖို့ဆိုရင် ပတ်ဝန်းကျင်က ကူညီထောက်ပံ့တာမျိုးလည်း လိုအပ်ပါတယ်” ဟု Nilsen က ပြောသည်။ 

ခေါင်းစီးဓာတ်ပုံ- အသက် ၈ လအရွယ် မြေးမလေးအား ဒေါ်ချိုချိုငြိမ်းက နို့ဘူးတိုက်ကျွေးနေစဉ်။ ဓာတ်ပုံ-သူရဇော်

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.