ရွှေပန်းတိမ်လုပ်ငန်းရဲ့ လိင်ခွဲခြားမှု အတားအဆီးကို ချိုးဖျက်လိုက်တဲ့ အမျိုးသမီးများ

မြန်မာနိုင်ငံတွင် ရွှေပန်းတိမ်လုပ်ငန်းကို အမျိုးသားများကသာ လုပ်ကိုင်နေကြသည်။ သို့သော် ပန်းတိမ်လုပ်ငန်းကို စတင် လေ့လာနေကြသည့် အမျိုးသမီး သုံးဦးကြောင့် ရွှေပန်းတိမ်လောကတွင် အမျိုးသားများကသာ ကြီးစိုးထားမှု ပျောက်ကွယ်လုပြီဖြစ်သည်။

Katrin Schregenberger ရေးသားသည်။ 

အမျိုးသမီးများအား ပန်းတိမ်ပညာသင်ကြားပေးရန်အတွက် ရွှေပန်းတိမ်လုပ်ငန်းကို လွန်ခဲ့သည့် အနှစ် ၂ဝ ခန့်ကတည်းက လုပ်ကိုင်လာသည့် အသက် ၄၂ နှစ်အရွယ် ဦးတင်ဝင်းထံ တောင်းဆိုမှုတစ်ခု ရောက်ရှိလာချိန်တွင် သူက သံသယ ဖြစ်သွားခဲ့သည်။ 

ထိုအမျိုးသမီးများတွင် လိုအပ်သော အရည်အချင်းများ ရှိ၊ မရှိ သူက သံသယ ဝင်မိခြင်းဖြစ်သည်။ ထို့ပြင် ပန်းတိမ် လုပ်ငန်းသည် အမျိုးသားများနှင့်သာ သင့်တော်သည်ဟူသည့် အစဉ်အလာအရ လိင်ခွဲခြားမှု အတားအဆီးများလည်း ရှိနေသည်။ 

ထိုတောင်းဆိုမှုသည် စကော့တလန်နိုင်ငံ၊ အီဒင်ဘတ်မြို့ အခြေစိုက် NGO တစ်ခုဖြစ်သော Turquoise Mountain အဖွဲ့ထံမှ ရောက်ရှိလာခြင်းဖြစ်သည်။ ထိုအဖွဲ့သည် မြန်မာ၊ အာဖဂန်နစ္စတန်နှင့် ဆော်ဒီအာရေဗျနိုင်ငံများတွင် လက်မှုလုပ်ငန်းများ ပြန်လည်ရှင်သန်နိုင်စေရေးအတွက် ထောက်ပံ့နေသော အဖွဲ့အစည်း ဖြစ်သည်။ 

“ကျွန်မတို့က ဒီအခွင့်အရေးကို အမျိုးသမီးရော၊ အမျိုးသားရော တန်းတူရစေချင်တာပါ” ဟု Turquoise Mountain ၏ လက်မှုပညာ အစီအစဉ် မန်နေဂျာ Ms Katherine Pool က ပြောကြားသည်။ 

ပန်းတိမ်လုပ်ငန်းကို စိတ်ဝင်စားသော အမျိုးသမီးများကို လာရောက်လျှောက်ထားရန် ၎င်းတို့က ကြော်ငြာကာ ဖိတ်ခေါ်လိုက်ချိန်တွင် အမျိုးသမီး ၂ဝ ဦးခန့် လာရောက်လျှောက်ထားကြသည်။ ထိုအထဲမှ သုံးဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ 

၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လကတည်းက ထိုအမျိုးသမီး သုံးဦးနှင့် အမျိုးသား သုံးဦးတို့သည် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ Turquoise Mountain အလုပ်ရုံတွင် ပန်းတိမ်ပညာကို လေ့လာသင်ယူနေကြသည်။ ၎င်းတို့ကို ဦးတင်ဝင်းနှင့် အခြားသော ပန်းတိမ်ဆရာ လေးဦးက သင်ကြားပေးနေခြင်း ဖြစ်သည်။ 

ဦးတင်ဝင်း သိထားသလောက်မူ ထိုအမျိုးသမီး သုံးဦးသည် မြန်မာနိုင်ငံတွင် ပန်းတိမ်လုပ်ငန်းကို သင်ကြားနေသည့် ပထမဆုံးသော အမျိုးသမီးများ ဖြစ်ပေသည်။ 

“တခြား အမျိုးသမီးတွေက ပန်းတိမ်လုပ်ငန်းမှာ ကဏ္ဍတစ်ခုက ဝင်ကူညီတာမျိုး ရှိချင်ရှိမယ်။ ဒါပေမယ့် လုပ်ငန်းစဉ် တစ်ခုလုံးကို လေ့လာနေသူတော့ ရှိမယ်မထင်ဘူး” ဟု ဦးတင်ဝင်းက ဆိုသည်။ 

female_goldsmiths_2.jpg

နော်မက်နိုလီယာသည် ကရင်ပြည်နယ်မှ ရန်ကုန်သို့ လာရောက်ကာ ရွှေပန်းတိမ်သင်တန်း တက်ရောက်နေသည်။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

မြန်မာနိုင်ငံမှ ပြည်တွင်း NGO တစ်ခုဖြစ်သော Akhaya Women က ၂ဝ၁၅ ခုနှစ်၌ လုပ်ဆောင်ခဲ့သော အလားတူ အစီအစဉ်ကဲ့သို့ပင် ထိုအမျိုးသမီးများကို ပထမဦးစွာ ငွေသတ္တုကို အသုံးပြုပြီး လေ့ကျင့်ပေးခဲ့သည်။ ငွေသတ္တုက ပုံသွင်းရန် ပိုမိုလွယ်ကူပြီး မီးထိုးကိရိယာကို မည်သို့ အသုံးပြုရမည်ကို သိရှိသွားစေနိုင်သည်။ Turquoise Mountain မှ အမျိုးသမီးသုံးဦးကမူ ငွေသတ္တုမှ တစ်ဆင့်တက်ပြီး ရွှေဖြင့် ဆက်လက်သင်ကြားရသည်။ 

“အမျိုးသမီးတွေက လေးလံတဲ့ တူတွေကို အသုံးပြုနိုင်လောက်အောင် ခွန်အားမရှိဘူးလို့ ယူဆပြီး ဒီအလုပ်ကို အမျိုးသားတွေကသာ လုပ်ဆောင်လာကြတာပါ။ မိဘတွေကလည်း သူတို့ရဲ့ သမီးတွေကို အမျိုးသားတွေချည်း လုပ်ကိုင်တဲ့ လုပ်ငန်းပတ်ဝန်းကျင်မှာ မလုပ်ကိုင်စေချင်ကြဘူး” ဟု ဦးတင်ဝင်းက ပြောသည်။ 

ရှေးခေတ်က ယဉ်ကျေးမှုဆိုင်ရာ အယူအဆများတွင် အဖိုးတန် သတ္တုများနှင့် ကျောက်မျက်ရတနာများသည် ထူးခြားသော စွမ်းအင်တန်ခိုးများ ရှိနေကြသောကြောင့် အမျိုးသားများထက် ဘုန်းနိမ့်သော အမျိုးသမီးများက မကိုင်တွယ်သင့်ဟု အယူအဆ ရှိခဲ့ခြင်းဖြစ်သည်။ 

သင်တန်းကာလ တစ်လျှောက်တွင် ထိုအမျိုးသမီး သုံးဦးသည် လက်ဝတ်ရတနာ ပြုလုပ်ခြင်းမှ စတင်ပြီး ထုတ်လုပ်ရေးအထိ သင်ယူကြရသည်။ 

၎င်းတို့ လုပ်ဆောင်ကြသော ဒီဇိုင်းများကို ဗြိတိသျှ လက်ဝတ်ရတနာ ပညာရှင် Ms Pippa Small က မြန်မာနိုင်ငံမှ ဒီဇိုင်းပညာရှင် နှစ်ဦး၊ ပန်းတိမ်ပညာရှင် လေးဦးနှင့်အတူ ပူးပေါင်းပြီး ဖန်းတီးထားခြင်း ဖြစ်သည်။ 

သာမန် ရွှေပန်းတိမ် အလုပ်ရုံတစ်ခုတွင်မူ အလုပ်သင်များသည် ထုတ်လုပ်ရေး လုပ်ငန်းကိုသာ စတင်သင်ကြားရပြီး ရွှေသားကို ကိုင်တွယ် လုပ်ဆောင်ရမှု နည်းပါးသည်ဟု ဦးတင်ဝင်းက ပြောကြားသည်။ 

Turquoise Mountain မှ သင်တန်းသူ အမျိုးသမီးများအနေဖြင့် သင်တန်းကာလ နှစ်နှစ်အတွင်း လက်တွေ့ လုပ်ဆောင်နိုင်သည့် အခွင့်အရေး အများအပြား ရရှိသည်ဟု ဦးတင်ဝင်းက ပြောကြားသည်။ 

ဦးတင်ဝင်းက ထိုသင်တန်းသူများကို သင်ကြားပေးနေသည်မှာ နှစ်ဝက်ခန့် ရှိပြီဖြစ်ပြီး ၎င်းတို့ တတ်ကျွမ်းလာသည့် အတိုင်းအတာကို အားရလျှက် ရှိသည်။ 

“မီးတောက်နဲ့ အလုပ်လုပ်ရတာ သူတို့အတွက် အလွန်ခက်မယ် ထင်ခဲ့တာ။ သူတို့က တတ်မြောက်တာ မြန်တယ်။ ထုတ်လုပ်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို တတ်ကျွမ်းသွားတာပဲ” ဟု ဦးတင်ဝင်းက ဆိုသည်။ 

ယခင်က အင်အားဖြင့် လုပ်ဆောင်ရသည့် အလုပ်များကို ယခုအခါ ခေတ်မီကိရိယာများ အသုံးပြုရသဖြင့် ကာယအင်အားက ထင်သလောက် အရေးမပါတော့ဟု ၎င်းက ဆိုသည်။ 

ဒီဇိုင်းဆွဲရာတွင် အမျိုးသမီးများက အမျိုးသားတွေထက်ပင် ပိုသာသေးသည်ဟု ၎င်းက ဆိုသည်။ 

female_goldsmiths_3.jpg

သင်တန်းသူတစ်ဦးဖြစ်သူ မလီဒီယာသည် သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်ပန်းတိမ်အလုပ်ရုံတစ်ခုကို တည်ထောင်လိုသည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

“သူတို့က ဖန်တီးနိုင်စွမ်း ပိုကောင်းကြတယ်။ သူတို့က လက်ဝတ်ရတနာတွေ ဝတ်ဆင်တတ်တော့ ဖက်ရှင်အမြင် ရှိကြတယ်” ဟု ဦးတင်ဝင်းက ဆိုသည်။  

အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် မလီဒီယာသည် မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ ဖြစ်သည်။ ကျောက်မျက် လက်ဝတ် ရတနာများသည် သူမ ဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်းနှင့် လက်ဝတ်ရတနာ လှလှလေးများကို မြင်ရလျှင် ကိုယ်တိုင် ပြုလုပ်ဖန်တီးလိုစိတ်များ ပေါ်လာသည်ဟု သူမက ဆိုသည်။ ထို့ကြောင့် Turquoise Mountain က စီစဉ်ပေးသော သင်တန်းကို မရမက တက်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

သူမ၏ မိဘများကမူ ထိုသင်တန်းတက်မည့်ကိစ္စကို အစပိုင်းတွင် ကန့်ကွက်ခဲ့သည်ဟု ဆိုသည်။ 

“ကျွန်မက အတန်းပညာလည်း ကောင်းကောင်းရှိတယ်။ မူကြိုကျောင်းမှာ ဆရာမ လုပ်နေတာဆိုတော့ ဒီအလုပ်က ဆရာမ အလုပ်လောက် မကောင်းဘူးလို့ သူတို့က ထင်ကြတယ်။ ကျွန်မရဲ့ ပထမဆုံးလက်ရာကို သူတို့ကို ပြလိုက်တော့ သူတို့က ထောက်ခံအားပေးလာတယ်” ဟု သူမက ဆိုသည်။ 

သင်ယူမှုတွင် သူမအတွက် အကြီးဆုံး အခက်အခဲမှာ လေမှုတ်မီးတုတ်ကို အသုံးပြုရခြင်း ဖြစ်သည်ဟုဆိုသည်။ သင်တန်းတွင် ကိုးလကြာအောင် သင်ယူပြီးသည့်တိုင် လေမှုတ်မီးတုတ်၏ အပူရှိန်ကို ကိုင်တွယ်အသုံးပြုရာတွင် အခက်တွေ့နေဆဲ ဖြစ်သည်။ 

မလီဒီယာက ရွှေထက် ငွေသတ္တုကို ပိုမိုနှစ်သက်သည်။ ငွေက ဈေးသက်သက်သာသာဖြင့် ရရှိနိုင်သောကြောင့် ထုတ်လုပ်ရေးအတွက် လေ့ကျင့်ရာတွင် အကုန်အကျ သက်သာသည်ဟု ဆိုသည်။ သူမ အသုံးပြုသော လက်ဝတ်ရတနာများကို သူမကိုယ်တိုင် ငွေဖြင့် ပြုလုပ်လေ့ရှိသည်။ 

ထို့ပြင် သူမက ကိုယ်ပိုင် ပန်းတိမ် အလုပ်ရုံတစ်ခုကိုလည်း တည်ထောင်လိုသည်။ သို့သော် အတွေ့အကြုံများနှင့် အရင်းအနှီး ငွေကြေး စုဆောင်းရဦးမည်ဟု ဆိုသည်။ 

ရန်ကုန်တွင် နေထိုင်သော အသက် ၃၆ နှစ်အရွယ် မမို့မို့ဝင်းက သူမကိုယ်တိုင် လက်ဝတ်ရတနာများကို ဒီဇိုင်းဆွဲလိုသောကြောင့် ထိုသင်တန်းကို တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ 

ယခင်က ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်သော မမို့မို့ဝင်းက သူမ၏ အခက်အခဲမှာ ကျောက်မျက်များကို သတ္တုအတွင်း ထည့်သွင်းတပ်ဆင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ထိုသို့ တပ်ဆင်ခြင်းမှာ တိကျမှုနှင့် စိတ်ရှည်မှု လိုအပ်သည်ဟု သူမက ဆိုသည်။ 

တတိယသင်တန်းသူမှာ ကရင်ပြည်နယ်မှ အသက် ၂၄ နှစ်အရွယ် မနော်မက်နိုလီယာ ဖြစ်သည်။ သူမကမူ ထိုသင်တန်း တက်ရောက်ခဲ့သောကြောင့် ကိုယ်တိုင်ဝင်ငွေ ရှာဖွေလာနိုင်လာသည်ဟု ဆိုသည်။ 

female_goldsmiths_4.jpg

ယခင်က ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်သော မမို့မို့ဝင်း။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

“ရန်ကုန်ကို မလာခင်က ကျွန်မက သံတောင်ကြီးမြို့မှာ မိဘတွေရဲ့ အလုပ်ကို ဝိုင်းကူပေးတာပဲ ရှိတယ်။ အခု Turquoise Mountain က ပေးတဲ့ အသုံးစားရိတ်ကို မိဘတွေထံကို ပြန်ပို့ပေးနိုင်တယ်” ဟု သူမက ဆိုသည်။ Turquoise Mountain က သင်တန်းသားများကို နေထိုင်ရန်နေရာနှင့် အသုံးစားရိတ်အပြင် နေ့လည်စာလည်း ကျွေးမွေးသည်။ 

“အခုဆို ကျွန်မက မိဘကို ငွေပြန်ပို့နိုင်တယ်။ ဒီသင်တန်းကို နေရပ်နဲ့ ဝေးကွာတဲ့ ရန်ကုန်မှာ လာတက်ရပေမယ့် မိဘတွေက သဘောတူကြပါတယ်” ဟု သူမက ဆိုသည်။ 

သင်တန်းပြီးသွားလျှင် မည်သည့်နေရာ၌ အလုပ်အကိုင် ရရှိနိုင်မည်ကို မနော်မက်နိုလီယာ မသိရှိသေးပေ။ 

နှစ်နှစ်ကြာမြင့်သော သင်တန်းပြီးဆုံးချိန်တွင် သင်တန်းသား၊ သင်တန်းသူ ခြောက်ဦးသည် အသိအမှတ်ပြု လက်မှတ်များ ရရှိမည်ဖြစ်ပြီး ထိုအလုပ်ရုံတွင် ဆက်လက်လုပ်ကိုင်ရန် အခွင့်အလမ်း ရရှိမည်ဖြစ်သည်။ 

သင်တန်း၏ အဓိက ရည်ရွယ်ချက်မှာ ၎င်းတို့အား ကိုယ်ပိုင် ပန်းတိမ်လုပ်ငန်း တည်ထောင်နိုင်ရေးအတွက် ဖြစ်သည်။ “သုူတို့ကိုယ်ပိုင် ပန်းတိမ်အလုပ်ရုံ စတင်နိုင်ကြဖို့ ကျွန်မတို့ အားပေးပါတယ်” ဟု Pool က ပြောသည်။ သင်တန်းသား၊ သင်တန်းသူ ခြောက်ဦးအား သင်တန်းကာလအတွင်း စီးပွားရေးလုပ်ငန်း အခြေခံသဘောတရားများကိုလည်း သင်ကြားပေးမည်ဖြစ်သည်။

“သင်တန်းပြီးဆုံးတဲ့အခါ သူတို့ကို ဒီမှာပဲ ဆက်လက် ခန့်ထားနိုင်အောင် ရည်ရွယ်ပါတယ်။ ဒါပေမယ့် အာမတော့ မခံနိုင်သေးပါဘူး” ဟု Turquoise Mountain ၏ လက်မှုပညာ အစီအစဉ်အရာရှိ ဒေါ် ဝင်းစန္ဒာအေးက ပြောကြားသည်။ 

သို့သော် လာမည့်နှစ်တွင် သင်တန်း ဒုတိယအသုတ် ထပ်မံခေါ်ယူနိုင်မည်ဟု အတည်ပြုပြောကြားသည်။ “ကျွန်မတို့ လာမယ့်နှစ်သင်တန်းမှာ သင်တန်းသား အများဆုံး သုံးဦးအထိ လက်ခံဖို့ ရှိပါတယ်။ အမျိုးသားရော အမျိုးသမီးရောပါ” ဟု ဒေါ်ဝင်းစန္ဒာအေးက ဆိုသည်။ 

ခေါင်းစီးဓာတ်ပုံ- ရန်ကုန်မြို့ လမ်းမတော် မြို့နယ်ရှိ Turquoise Mountain အလုပ်ရုံတွင် မမို့မို့ဝင်းက လေမှုတ်မီးတုတ်ကို ကိုင်တွယ် အလုပ်လုပ်နေစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး 

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.