ထိန်းသိမ်းစောင့်ရှောက်ရမည့် မြန်မာရွှေပန်းထိမ်ပညာ

မြန်မာ့ရိုးရာ ပန်း ၁၀ မျိုးတွင် တစ်ခုအပါအဝင်ဖြစ်သော မိရိုးဖလာ လက်မှုပညာတစ်ခုဖြစ်သော ပန်းထိမ်လုပ်ငန်းသည် စက်ပန်းထိမ်များ တွင်ကျယ်လာမှုကြောင့် တိမ်ကောပျောက်ကွယ်မည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည်

ကျော်ရဲလင်း ရေးသားသည်

ငွေကြေးဖောင်းပွချိန်တွင်ဖြစ်စေ၊ စီးပွားရေးမတည်မငြိမ် ဖြစ်လာလျှင်ဖြစ်စေ မိမိတို့ငွေကြေးများအား အကာအကွယ်ပေးနိုင်မည့် စိတ်ချရသော ရင်းနှီးမြုပ်နှံမှုအဖြစ် ရွှေငွေလက်ဝတ်ရတနာများကို မြန်မာများက ရှေးယခင်ကပင် အမြတ်တနိုး တန်ဖိုးထား စုဆောင်းခဲ့ကြသည်။

အသက် ၉၅ နှစ်ရှိပြီဖြစ်သော ဦးထုံသည် ရန်ကုန်မြို့တွင် ထင်ရှား လူသိများသော ရွှေပန်းထိမ်ဆရာတစ်ဦး ဖြစ်သည်။ မြန်မာနိုင်ငံကို ဂျပန်တို့ စိုးမိုးထားခဲ့သော ၁၉၄၂ မှ ၄၅ ခုနှစ်အထိ ဂျပန်ခေတ်ကာအတွင်း လူအများက ရွှေကိုသာ အားထားခဲ့ကြရပုံကို ဦးထုံက ပြန်ပြောင်းပြောပြခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းဦးဆောင်၍ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အောက်တွင် မြန်မာ့စီးပွားရေး ပြိုကျပျက်စီးသွားခဲ့သည်။ ၁၉၆၄၊ ၁၉၈၅ နှင့် ၁၉၈၇ ခုနှစ်များတွင် နိုင်ငံတော်က ထုတ်ဝေထားသော ငွေစက္ကူများကို တရားမဝင်ကြေညာကာ ဖျက်သိမ်းမှုအကြိမ်ကြိမ် ပြုလုပ်ခဲ့စဉ်ကလည်း ရွှေကသာ အားထားရာဖြစ်ခဲ့သည်။ “ရွှေဆိုတာ ဘယ်လိုအခြေအနေမျိုးမှာမဆို တန်ဖိုးမကျဘူးဗျ။ ဒါကြောင့်လူတွေက ရွှေကိုစုကြတာပေါ့” ဟု ဦးထုံက Frontier ကို ပြောသည်။

Turquoise Mountain က ဖွင့်လှစ်ထားသည့် သင်တန်းတွင် ပါဝင်သူတစ်ဦးက The Tree of Life ဟု အမည်ပေးထားသည့် ဒီဇိုင်းဖြင့် ဖန်တီးထားသော ရွှေထည်တစ်ခုကို ပြသနေစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

Turquoise Mountain က ဖွင့်လှစ်ထားသည့် သင်တန်းတွင် ပါဝင်သူတစ်ဦးက The Tree of Life ဟု အမည်ပေးထားသည့် ဒီဇိုင်းဖြင့် ဖန်တီးထားသော ရွှေထည်တစ်ခုကို ပြသနေစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

စီးပွားရေးလုပ်ငန်းတွင် ရွှေ၏အထူးအရေးပါပုံကို ဂျပန်ခေတ်တွင် ဦးထုံ ပို၍ သဘောပေါက်လာခဲ့သည်။

ဦးထုံကို ရန်ကုန်မြို့တွင် ၁၉၂၃ ခုနှစ်က ဖွားမြင်ခဲ့သည်။ ကျောင်းမှထွက်ပြီးနောက် ဒရိုင်ဘာအလုပ်၊ စားပွဲထိုးအလုပ် အပါအဝင် အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့ရသည်။ ဂျပန်ခေတ်အတွင်း ရှမ်းပြည်တွင် နှစ်နှစ်ခန့်နေထိုင်ခဲ့ပြီးနောက် ဦးထုံတို့မိသားစု ရန်ကုန်သို့ ပြန်လည် ပြောင်းရွှေ့လာခဲ့ကြပြီးနောက် ၁၉၄၅ ခုနှစ်တွင် ပန်းထိမ်ပညာကို  ဦးထုံ စတင် သင်ယူခဲ့သည်။

ပန်းထိမ်ပညာသည် ရွှေနှင့်ငွေသတ္ထုဖြင့် လက်ဝတ်ရတနာများ ပြုလုပ်သော လက်မှုအတတ်ပညာဖြစ်ပြီး ပုဂံခေတ်အတွင်း စတင်ထွန်းကားလာခဲ့သည့် ပန်း ၁၀ မျိုးဟုခေါ်သော မြန်မာ့ရိုးရာ လက်မှုပညာ ၁၀ မျိုးထဲမှ တစ်ခုဖြစ်သည်။ ဦးထုံက ရွှေပန်းထိမ်ပညာကို နှစ်နှစ်ကြာသင်ယူခဲ့ရကြောင်းနှင့် ထိုကာလအတွင်း သူ့ဆရာ၏ ယုံကြည်မှုကို တဖြေးဖြေး ရရှိလာခဲ့သည်ဟု ပြောပြခဲ့သည်။

“ပန်းထိမ်ပညာသင်ယူရာမှာ ယုံကြည်မှုနှင့် သစ္စာရှိမှုက အဓိကလိုအပ်ပါတယ်။ အလုပ်က ရွှေနဲ့လုပ်ရတဲ့ အလုပ်ဆိုတော့ ဆရာလုပ်သူက တပည့် သစ္စာရှိမရှိ နှစ်နဲ့ချီအောင် စောင့်ကြည့်စစ်ဆေးကြပါတယ်” ဟု ဦးထုံကပြောသည်။ ဆရာဖြစ်သူ၏ ပန်းထိမ်ဖိုတွင် အလုပ်လုပ်ရင်း ပန်းထိမ်ပညာ တတ်မြောက်လာသော ဦးထုံသည် ရွှေရတနာဆိုင်များတွင် ပန်းထိမ်ဆရာအဖြစ် အနှစ် ၅၀ နီးပါးကြာအောင် အသက်မွေးခဲ့သည်။

ရန်ကုန်မြို့တွင် ဇန်နဝါရီ ၁၁ မှ ၁၄ ရက်နေ့အထိ ကျင်းပခဲ့သည့် ကျောက်မျက်ရတနာပြပွဲတွင် လာရောက်ကြည့်ရှုဝယ်ယူနေကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ရန်ကုန်မြို့တွင် ဇန်နဝါရီ ၁၁ မှ ၁၄ ရက်နေ့အထိ ကျင်းပခဲ့သည့် ကျောက်မျက်ရတနာပြပွဲတွင် လာရောက်ကြည့်ရှုဝယ်ယူနေကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

အသက် ၇၂ နှစ်အရွယ် ၁၉၉၄ ခုနှစ်တွင် ကိုယ်ပိုင်စိန်ရွှေရတနာဆိုင်ကို ရန်ကုန်မြို့၊ လသာမြို့နယ်တွင် ဦးထုံက ဖွင့်လှစ်ခဲ့သည်။

“ကျုပ်ကတော့ ရွှေလုပ်ငန်းအပေါ် ခိုင်ခိုင်မာမာ ယုံကြည်မှုရှိနေဆဲပဲဗျ” ဟု ဦးထုံက ပြောသည်။ မိသားစုပိုင် ဦးထုံရွှေဆိုင်ကို ဦးထုံ၏မြေးဖြစ်သူ မသိင်္ဂ ီကျော်က လက်ထောက်မန်နေဂျာအဖြစ် ဦးစီးလုပ်ကိုင်နေပြီး မှန်မှန် တိုးတက်လျက်ရှိသည်။

“ရန်ကုန်မှာ ကျွန်မတို့ ရွှေဆိုင်နှစ်ဆိုင်ပဲ ဖွင့်လှစ်ထားပါသည်။ ဒါပေမယ့် အွန်လိုင်းကနေ အရောင်းကို တိုးချဲ့လုပ်ကိုင်နေပါတယ်” ဟု မသိင်္ဂ ီကျော်က Frontier ကို ဇန်နဝါရီလအတွင်းက ပြောကြားသည်။ “ကျွန်မတို့ လက်ဝတ်လက်စားတွေ အများစုက ရိုးရိုးပုံလေးတွေ များပါတယ်။ လူတွေက အများအားဖြင့် ရွှေဝယ်ကြတာဟာ ငွေစုဖို့ ရင်းနှီးမြုပ်နှံထားဖို့ ဝယ်ကြတာများပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Turquoise Mountain ရုံးတွင် ပြသထားသည့် ကျောက်မျက်ရတနာများ။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

Turquoise Mountain ရုံးတွင် ပြသထားသည့် ကျောက်မျက်ရတနာများ။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

 

ဒီဇိုင်းပုံရိုးရိုးလေးများကို စက်ဖြင့် လုပ်နိုင်သော်လည်း နူးညံ့သိမ်မွေ့ခက်ခဲသည့် ဒီဇိုင်းများကို ပန်းထိမ်ဆရာကိုယ်တိုင်က လက်ဖြင့် ဖန်တီးပြုလုပ်ရန်လိုအပ်သည်ဟု မသိင်္ဂ ီက ပြောသည်။ မကြာမီကနှစ်များအတွင်း  စက်ဖြင့်ပြုလုပ်သည့် လက်ဝတ်ရတနာများ အရောင်းတက်လာခဲ့သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။ “မိရိုးဖလာ လက်နဲ့ လုပ်ရတဲ့ ဒီဇိုင်းတွေလည်း ရောင်းရတက်ပါတယ်။ ဒါပေမယ့် အဲဒီ ဒီဇိုင်းတွေကို အွန်လိုင်းက မှာယူသူတွေက ပိုမို ကြိုက်နှစ်သက်ကြပါတယ်” ဟု ၎င်းကပြောသည်။

စက်ဖြင့် ပြုလုပ်သော လက်ဝတ်ရတနာများသည် ရိုးရာအတိုင်း လက်ဖြင့် ပြုလုပ်ရသော လက်ဝတ်ရတနာများ၏ နေရာတွင် မည်သည့်အခါမျှ လုံးဝ အစားထိုး နေရာယူနိုင်လိမ့်မည်မဟုတ်ကြောင်း အရောင်းရလဒ်များက သက်သေခံလျက် ရှိသည်။ လက်လုပ်လက်ဝတ်ရတနာများက ထူးခြားပြီး စက်လုပ်လက်ဝတ်ရတနာများကမူ ပုံတူမျိုးပွား (clones) များဖြင့်သာ တူနေသည်ဟု မသိင်္ဂ ီကျော်က ပြောသည်။

အသက် ၅၁ နှစ်အရွယ် ဦးသန်းရွှေ၏ ပန်းထိမ်လုပ်သက်မှာ ၂၇ နှစ် ရှိခဲ့ပြီဖြစ်သည်။ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် ကိုယ်ပိုင်ပန်းထိမ် အလုပ်ရုံ ထူထောင်ကာ တောက်လျှောက် လုပ်ကိုင်လာခဲ့သူဖြစ်သည်။ လက်ဝတ်ရတနာများကို စက်ဖြင့် ပြုလုပ်ရာတွင် ပန်းထိမ်ပညာရှင်က အဓိကနေရာမှ ပါဝင်နေသည်ဟု သူကဆိုသည်။ စက်ဖြင့် လက်ဝတ်ရတနာ ပြုလုပ်ရန် ပန်းထိမ်ဆရာက လုံ (mold) ကို ဦးစွာ ဖန်တီးယူရသည်။ “စက်က အလုပ်ကို ကိုယ်တိုင် လုပ်နိုင်တာမဟုတ်ပါဘူး” ဟု သူက Frontier ကိုပြောသည်။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

“ဒါကြောင့် လက်ဝတ်ရတနာတွေကို လက်နဲ့လုပ်ရတဲ့ ကျွန်တော်တို့ရဲ့ မိရိုးဖလာ ပန်းထိမ်လက်မှုပညာဟာ ဘယ်တော့မှ တိမ်ကောပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။

မည်သို့ပင်ဖြစ်စေ ခေတ်ပေါ်စက်ကိရိယာနှင့် ပုံသွင်းဖိစက်များ အသုံးပြုလာကြသဖြင့် ရိုးရာပန်းထိမ်ပညာအတိုင်း လက်ဖြင့် ပြုလုပ်ရသော လက်ဝတ်ရတနာများအပေါ် သက်ရောက်မှု ရှိသည့်အချက်ကမူ အမှန်ပင်ဖြစ်သည်ဟု ဦးသန်းရွှေက ဝန်ခံခဲ့သည်။

ဦးသန်းရွှေ၏ အလုပ်ရုံတွင် ရွှေလက်ဝတ်ရတနာတစ်ခုအား ပန်းထိမ်ပညာရှင်တစ်ဦးက ပြုလုပ်နေစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ဦးသန်းရွှေ၏ အလုပ်ရုံတွင် ရွှေလက်ဝတ်ရတနာတစ်ခုအား ပန်းထိမ်ပညာရှင်တစ်ဦးက ပြုလုပ်နေစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

စက်ဖြင့် ပြုလုပ်သော လက်ဝတ်ရတနာများသည် ပိုမိုမြန်ဆန်ပြီး အလျှော့တွက်လည်း နည်းသဖြင့် ရောင်းသူအပြင် ဝယ်သူများပါ ပိုမိုသဘောကျ နှစ်သက်ကြသည်ဟု ၎င်းက ပြောပြသည်။ ဥပမာအားဖြင့် ရတနာဆိုင်များက လက်ပန်းထိမ်ဖြင့် အထည်လုပ်ရန် သူ့ထံအပ်နှံသောအခါ အပ်ထည်အတွက် ရွှေအလုံအလောက်ပေးသည့်အပြင် ရွှေသုံးရွေးလေး ထပ်မံပေးသေးသည်ဟု ကိုသန်းရွှေကပြောသည်။ (တစ်ရွေးလေး = ၁၃၆ ဒသမ ၀၇၅ မီလီဂရမ် = ၂ ဒသမ ၁ grains)

ရွှေဝယ်သူတစ်ဦးက ရွှေထည်တစ်ခု ဝယ်ယူသောအခါ ရွှေ၏ အရှိအတိုင်း အလေးချိန်ဖိုး + လက်ခ + ဆုံးရှုံးသွားသော ရွှေတန်ဖိုး နှစ်ဆ (ထုံးစံအားဖြင့် လက်လုပ်အထည်အတွက် ရွှေ ၆ ရွေး) တန်ဖိုးကို ဝယ်သူက ပေးရသည်။ သို့သော် စက်လုပ်အထည်ကို ဝယ်ယူသောအခါတွင်မူ ရွှေဆုံးရှုံးမှုမှာ တစ်ရွေးသာကုန်ကျသဖြင့် ပစ္စည်းဝယ်ယူသူအနေနှင့် ရွှေလေး ရွေးနှင့် ညီမျှသော ငွေကြေးသက်သာသွားသည်။ ထို့ကြောင့် လက်လုပ်ပန်းထိမ်လုပ်ငန်း ကျဆင်းနေရခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။ ရွှေထည်အများဆုံး ပြုလုပ်ခဲ့ရသော ၂၀၀၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၎င်း၏ပန်းထိမ်ဖိုတွင် ပြုလုပ်ရသော ရွှေလက်ဝတ်ရတနာ အရေအတွက် ထက်ဝက်ခန့် ကျဆင်းသွားသည်ဟု ဆိုသည်။

စမ်းချောင်းမြို့နယ်တွင် အလုပ်ရုံဖွင့်လှစ်ထားပြီး ပန်းထိမ်လုပ်သက် ၂၇ နှစ်ရှိပြီဖြစ်သည့် ဦးသိန်းရွှေ။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

စမ်းချောင်းမြို့နယ်တွင် အလုပ်ရုံဖွင့်လှစ်ထားပြီး ပန်းထိမ်လုပ်သက် ၂၇ နှစ်ရှိပြီဖြစ်သည့် ဦးသိန်းရွှေ။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

မြန်မာနိုင်ငံတွင် လက်ရှိရောင်းချနေကြသော လက်ဝတ်ရတနာများ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ စက်ဖြင့် ပြုလုပ်သော အထည်များသာ ဖြစ်ပုံရသည်ဟု အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Turquoise Mountain က ပြောကြားသည်။ ထိုအဖွဲ့သည် မြန်မာ့ရိုးရာလက်မှုလုပ်ငန်းနှင့် သမိုင်းအမွေအနှစ် အဆောက်အဦးများ ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေး လုပ်ဆောင်နေသော Suu Foundation နှင့် ပူးတွဲလုပ်ဆောင်နေသည်။

“ရိုးရာပန်းသမားတွေအနေနဲ့ ခေတ်ပေါ် အတတ်ပညာတွေကို လေ့လာသင်ယူထားကြမှ ဖြစ်မယ်။ စက်လုပ် လက်ဝတ်ရတနာတွေက ကြားလူတွေကို အလုပ်လက်မဲ့ဖြစ်အောင် လုပ်နေကြပြီ” ဟု TM ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာဖြစ်သူ Mr. Harry Wardill က Frontier ကို ပြောကြားသည်။

ဦးသန်းရွှေ၏ အလုပ်ရုံတွင် ရွှေလက်ဝတ်ရတနာတစ်ခုအား ပန်းထိမ်ပညာရှင်တစ်ဦးက ပြုလုပ်နေစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ဦးသန်းရွှေ၏ အလုပ်ရုံတွင် ရွှေလက်ဝတ်ရတနာတစ်ခုအား ပန်းထိမ်ပညာရှင်တစ်ဦးက ပြုလုပ်နေစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

စကော့တလန်နိုင်ငံ၊ အီဒင်ဘာဒ်မြို့တွင် ရုံးချုပ်ထားရှိသော  Turquoise Mountain က အာဖဂန်နစ္စတန်နှင့် ဆော်ဒီအာရေဗျ နိုင်ငံများတွင်လည်း လုပ်ငန်းများ လုပ်ဆောင်နေသည်။ မြန်မာနိုင်ငံတွင်မူ ရွှေပန်းထိမ်ပညာရှင် မျိုးဆက်သစ်များကို လေ့ကျင့်သင်တန်းပို့ချလျက်ရှိရာ ၎င်းတို့ထဲတွင် အမျိုးသမီး အများအပြားလည်း ပါဝင်သည်။ လက်ပန်းထိမ်ဖြင့် ပြုလုပ်သော လက်ဝတ်ရတနာ အထည်များတွင်လည်း အနာဂတ် ရှိနေသေးသည့်အကြောင်းရင်းမှာ မျိုးဆက်သစ်လူငယ်တို့က လက်ဖြင့် ပြုလုပ်သောရတနာများကို တန်ဖိုးထားကြကာ သိမ်မွေ့ရှုပ်ထွေးပြီး အဓိပ္ပာယ်ပြည့်ဝသော ဒီဇိုင်းပါရှိသည့် လက်လုပ်ရတနာများကို နှစ်သက်တန်ဖိုးထားကြသောကြောင့် ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်မှ ၁၄ ရက်အထိ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲသည် တန်ဖိုးမြင့် လက်ဝတ်ရတနာအထည်များအတွက် နိုင်ငံတကာ ဈေးကွက်ရှာဖွေရန် ရည်ရွယ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုပြပွဲကို စီစဉ်သော ကျောက်မျက်နှင့် လက်ဝတ်ရတနာ စွန့်ဦးတီထွင်သူများအသင်း ရန်ကုန်ဌာနခွဲ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးအောင်မြင့်က လက်ဝတ်ရတနာလုပ်ငန်းအတွက် ကျွမ်းကျင်သည့် ပန်းထိမ်ပညာရှင်များစွာ လိုအပ်နေသည်ဟု Frontier ကိုပြောသည်။

“ပြည်တွင်းဈေးကွက်အတွက်တော့ အလယ်အလတ်တန်း ပန်းထိမ်ပညာသည်တွေ အလုံအလောက်ရှိပါတယ်။ ဒါပေမယ့် နိုင်ငံတကာ ဈေးကွက်အတွက်ဆိုရင်တော့ အတော်အဆင့်မြင့်မြင့် ကျွမ်းကျင်တဲ့သူတွေ အများကြီးလိုအပ်နေပါတယ်။ ရိုးရာလက်မှုပညာ ရှင်သန်ဖို့ဆိုရင် ကျွမ်းကျင်မှု အတက်ပညာအသစ်တွေ လေ့လာသင်ယူဖို့ မဖြစ်မနေ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်” ဟု ၎င်းက Frontier ကိုပြောသည်။

ခေါင်းစီးဓာတ်ပုံ- Turquoise Mountain ၏ ကျောက်မျက်ရတနာသင်တန်းတွင် တက်ရောက်နေသည့် Naw Magnolia။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.