ကလေးများ၏ စူးစမ်းလိုစိတ်ကို စာအုပ်တစ်အုပ်ဖြင့် မြှင့်တင်ပေးရန် မျှော်လင့်ထားသည့် အကျဉ်းစံ သတင်းထောက်တစ်ဦး

သတင်းထောက်လေးတစ်ဦးအဖြစ် သူ၏ ရပ်ရွာကို ဘေးအန္တရာယ်မှ ကယ်တင်ပေးခဲ့သော ကျောင်းသားလေးတစ်ဦးအကြောင်း ကလေးပုံပြင်စာအုပ်တစ်အုပ်ကို ရိုက်တာသတင်းထောက် ကိုဝလုံးက  သူ၏ အကျဉ်းခန်းလေးထဲ၌ ရေးသားပြုစုခဲ့သည်။

ဘန်ဒူးနန့် ရေးသားသည်။

စနေနေ့ ညနေခင်းတစ်ခုတွင် ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်မှ လမ်းတစ်လမ်းရှိ မြေညီထပ်ဆိုင်ခန်း တစ်ခုတွင် ကလေးသံများဖြင့် ဆူညံလို့နေသည်။ ရန်ကုန်မြို့လယ်တွင် နေထိုင်ကြသော ဗုဒ္ဓဘာသာ၊ မူဆလင်၊ ဟိန္ဒူ၊ ခရစ်ယာန် မိသားစုများမှ မူလတန်းအရွယ် ကလေးငယ် ၂ဝ ခန့် ဆော့ကစားနေကြခြင်းဖြစ်သည်။

ဤပွဲကို စီစဉ်သည့် ပုံပြင်ပြောကြားသူ အမျိုးသမီးပင် အသံပင်ဝင်တော့မလို ဖြစ်နေသည်။ ပွဲတွင်ရှိနေကြသည့် လူကြီး ခြောက်ဦးတွင် သူလည်း အပါအဝင်ဖြစ်သည်။ ကလေးများကမူ သကြားလုံးများရှိရာ စားပွဲတစ်လုံးဆီသို့ အပြေးအလွှား သွားနေကြသည်။ ကလေးအချို့ကမူ အခန်းနံရံတွင် ကပ်ထားသည့် စင်များပေါ်မှ စာအုပ်များကို ယူနေကြသည်။ စာအုပ်များက အရောင်အသွေးအမျိုးမျိုးဖြင့် တောက်ပ လင်းလက်နေသည်။ ဤစာအုပ်များထဲ အသစ်ထွက်ထားသည့် စာအုပ်တစ်အုပ်လည်း ပါဝင်သည်။

စာအုပ်အမည်က “သတင်းထောက်ကလေးဂျေဂျေ” ဖြစ်သည်။

စာအုပ်မျက်နှာဖုံးတွင် မျက်နှာဝိုင်းဝိုင်းလေးနှင့် ကျောင်းသားလေးတစ်ယောက်၊ ကင်မရာကိုလက်တွင် ကိုင်ထားပြီး စက်ဘီးတစ်စီးဘေးတွင် မတ်တပ်ရပ်နေပုံဖြစ်သည်။

ယခုအချိန်တွင်မူ ထိုစာအုပ်အား ရေးသားခဲ့သူ အသက် ၃၂ နှစ်အရွယ် သတင်းထောက် ကိုဝလုံးသည် အင်းစိန်ထောင်ထဲရှိ သူ၏ အခန်းကျဉ်းလေးထဲ၌ လဲလှောင်းနေလိမ့်မည်ဖြစ်သည်။

ကိုဝလုံးနှင့်အတူ ရိုက်တာသတင်းဌာနမှ သူ၏လုပ်ဖော်ကိုင်ဖက် အသက် ၂၈ နှစ်အရွယ် ကိုကျော်စိုးဦးတို့သည် နိုင်ငံတော်လျှို့ဝှက်ချက် ရယူမှုဖြင့် ပြီးခဲ့သည့် စက်တင်ဘာလတွင် ထောင်ဒဏ် ခုနစ်နှစ်စီ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ကြရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးခံခဲ့ရပြီးကတည်းက ထောင်ထဲတွင် သူတို့နှစ်ဦး နေခဲ့ကြရခြင်းဖြစ်သည်။ သူတို့၏အဖြစ်ကို တကမ္ဘာလုံးက စာနာထောက်ထား၍ သတင်းလွတ်လပ်ခွင့်အပေါ် ထိုးနှက်တိုက်ခိုက်မှုအဖြစ် ရှုံ့ချကန့်ကွက်နေကြသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက မွေးဖွားခဲ့သော သမီးဦးလေးကိုပင် မမြင်လိုက်ရဘဲ ထောင်ထဲတွင် ရောက်ရှိနေခဲ့ရသော်လည်း လွန်ခဲ့သော လေးနှစ်ခန့်က ကျောက်တံတားမြို့နယ်တွင် သူ ကူညီပျိုးထောင်ခဲ့သော စီမံကိန်းလေး အသက်ဝင်လာသည်ကို သိရလျှင် ကိုဝလုံးတစ်ယောက် ကျေနပ်နေပေလိမ့်မည်။ ဤစီမံကိန်းသည် မတူကွဲပြားသော လူ့အဖွဲ့အစည်းများအကြား ပေါင်းကူးတံတားထိုးပေးပြီး ကွဲပြားခြားနားမှုနှင့် အမုန်းတရားတို့ဖြင့် အရောင်ဆိုးမခံကြရသေးသော ကလေးငယ်တို့အား ဆင်ခြင်တုံတရားနှင့် ပျော်ရွှင်မှုတို့ကို ပေးစွမ်းနိုင်ခဲ့သည်။ ကိုဝလုံးသည် ရခိုင်ပြည်နယ်နှင့် အခြားနေရာများတွင် မတူကွဲပြားသော လူ့အဖွဲ့အစည်းအကြား အမုန်းတရားများအကြောင်းကို သူပေးပို့သော သတင်းများဖြင့် မှတ်တမ်းတင်ခဲ့သူလည်း ဖြစ်သည်။

သတင်းထောက်လေးဂျေဂျေစာအုပ်ကို ရေးသားခဲ့သူ ကိုဝလုံး။ (Supply)

သတင်းထောက်လေးဂျေဂျေစာအုပ်ကို ရေးသားခဲ့သူ ကိုဝလုံး။ (Supply)

ရန်ကုန် မြို့လယ်ခေါင်ရှိ ထိုဆိုင်ခန်းလေးသည် စက်တင်ဘာ ၁၁ ရက်နေ့ကတည်းကစ၍ တတိယပုံပြင်စီမံကိန်း Third story Project အတွက် ပင်မဗဟိုချက် ဖြစ်လာခဲ့သည်။    

ထိုလူမှုရေးစီမံကိန်းသည် ၂ဝ၁၄ ခုနှစ်မှစ၍ ကလေးစာအုပ်ပေါင်း ၄ဝ ခန့်ကို မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာ တစ်ဒါဇင်ခန့်ဖြင့် ရိုက်နှိပ်ခဲ့ပြီး ဖြစ်သည်။ စာအုပ်ပေါင်း ၂ဝဝ,ဝဝဝ ကျော်ကို မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၃၃ဝ ၏ သုံးပုံနှစ်ပုံ အရေအတွက်ရှိ မြို့နယ်များမှ စာသင်ကျောင်းများ၊ စာကြည့်တိုက်များနှင့် ပရဟိတကွန်ယက်များသို့ ဖြန့်ဝေပေးခဲ့သည်။

ထိုစာအုပ်များတွင် ဖော်ပြထားသည့် အကြောင်းအရာများကလည်း မျိုးစုံလှသည်။ ဇာတ်ကောင်များကလည်း သံသာသာတေးဆိုငှက်မှအစ ထီးအထိ မျိုးစုံပါဝင်သည်။ သို့သော် အားလုံးက ငြိမ်းချမ်းရေး၊ မတူကွဲပြားမှုနှင့် နားလည်သည်းခံမှု စိတ်ကောင်းစိတ်မြတ်တို့ကို မြှင့်တင် တိုးပွားစေသည်သာဖြစ်သည်။ မြန်မာ့ပုံပြင်ပြောသူများအဖွဲ့နှင့် ရန်ကုန်ပရဟိတလူငယ်များအဖွဲ့ Benevolent Youth Association – Yangon (BYAY) တို့ ပူးပေါင်းထားသော တတိယပုံပြင်စီမံကိန်းကို ရန်ကုန်မြို့ သုံးထပ်ဘုန်းတော်ကြီးကျောင်းတွင် ၂ဝ၁၂ ခုနှစ်က ဖွင့်လှစ်သည့် အင်္ဂလိပ်စာသင်တန်းတွင် စတင် မျိုးစေ့ချခဲ့ခြင်းဖြစ်သည်။ ထိုသင်တန်းတွင် ကျောင်းသားများနှင့် လုပ်ငန်းခွင်မှ လူငယ်များ ပေါင်းစည်းမိသွားခဲ့သည်။ သူတို့အားလုံး၏ ဘုံရည်မှန်းချက်မှာ လူ့အဖွဲ့အစည်း ပိုမိုကောင်းမွန်လာရေးပင် ဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်း ရွှေဘိုခရိုင်မှ ရွာသားလေးတစ်ဦးဖြစ်သော ကိုဝလုံးမှာ ထိုစဉ်က ပြည်သူ့ခေတ်သတင်းစာတွင် အလုပ်စဝင်နေပြီ ဖြစ်သည်။ Third Party စတင်တည်ထောင်သူများထဲတွင် ကိုဝလုံးလည်း ပါဝင်ခဲ့သည်။

တတိယပုံပြင်၏ စီမံကိန်း၏ ဒါရိုက်တာဖြစ်သူ မအိပွင့်ရီဇန်က ၎င်းတို့၏ ဖန်တီးနိုင်မှုစွမ်းရည်များကို ငြိမ်းချမ်းရေးစီမံကိန်းအတွက် ပူးပေါင်းလုပ်ဆောင်ကြရန်  ဆုံးဖြတ်ခဲ့ကြရခြင်းမှာ ရခိုင်နှင့်ကချင်ပြည်နယ်တွင် တိုက်ပွဲများ တိုး၍ ပြင်းထန်လာသောကြောင့် ဖြစ်သည်ဟု Frontier ကို ပြောသည်။ ၎င်းတို့ ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့ဝင်များ ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအား အကူအညီများပေးရန် သွားခဲ့ကြစဉ်က အတွေ့အကြုံများကိုလည်း ၎င်းက ပြန်ပြောင်း ပြောပြခဲ့သည်။

“ကျွန်မတို့လာပြီး အကူအညီတွေပေးတာကို သူတို့ဝမ်းသာကြပါတယ်။ ဒါပေမဲ့သူတို့ တကယ်လိုချင်နေကြတာက လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုပါ။ ကျွန်မတို့ရဲ့ အကူအညီ အလှူပစ္စည်းတွေဟာ ပြဿနာကို ဖြေရှင်းမပေးနိုင်ဘူးဆိုတာ ကျွန်မတို့ တွေ့မြင် သဘောပေါက်ခဲ့ကြတယ်” ဟု ၎င်းကပြောသည်။

“သတင်းထောက်ကလေး ဂျေဂျေ”မှာ Third Story ၏ နောက်ဆုံးထုတ် စာအုပ်ဖြစ်သည်။ ကိုဝလုံးက အကျဉ်းထောင်ထဲတွင် အင်္ဂလိပ်- မြန်မာ နှစ်ဘာသာဖြင့် ရေးထားသောစာအုပ်ဖြစ်ပြီး ကာတွန်းဆရာ ကာကြီးက ပျော်ရွှင်ဖွယ်ရုပ်ပုံများ ရေးဆွဲပေးထားသည်။ စာမျက်နှာ ၂၂ မျက်နှာပါ ထိုစာအုပ်တွင် အဓိကဇာတ်ဆောင်မှာ ကျောင်းသားသတင်းထောက်လေး ဂျေဂျေပင်ဖြစ်သည်။ စူးစမ်းလိုစိတ်အပြည့်နှင့် သူ၏မှတ်စုစာအုပ်လေးကိုကိုင်ထားသည့် ကျောင်းသားလေးဂျေဂျေသည် သူ့ရွာသူရွာသားများ၏ သက်မွေးမှုအလုပ်အကိုင်နှင့် ကျန်းမာရေးကို ဖျက်ဆီးနေသော ပတ်ဝန်းကျင်ညစ်ညမ်းမှု၏ ဇစ်မြစ်ကို စူးစမ်းရှာဖွေလေတော့သည်။

သူတို့ကျေးရွာတွင် ပတ်ဝန်းကျင် ပျက်စီးရခြင်းသည် နတ်ဆိုးများ၏ ဒဏ်ခတ်မှုကြောင့်ဖြစ်သည်ဟူသော ရွာသူရွာသားများ၏ ရိုးရာအယူအစွဲများကို သူက ကြိုးစားတွန်းလှန်ခဲ့သည်။ အမေးထူလွန်းလှသဖြင့် သူ့ကို အကောင်းမမြင်၊ မကူညီချင်ကြသော ကျောင်းနေဖက်သူငယ်ချင်းများကို ဂျေဂျေက စိတ်ရှည်သည်းခံခဲ့သည်။ ဂျေဂျေ၏ထက်မြက်သော သတင်းဖော်ထုတ်ကြောင့် နောက်ဆုံးတွင် ကျေးရွာလူထုက သူတို့ပတ်ဝန်းကျင်အား မည်သို့ ကာကွယ်ကြရမည်ဆိုသည်ကို သိရှိလာကြပြီး စတင်လှုပ်ရှားလာကြသည်။ နောက်ဆုံးတွင် ဂျေဂျေကိုအားလုံးက လေးစားချီးကျူးလာကြလေသည်။

Third Story Project ၏ ဆိုင်ခန်းလေးတွင် စာဖတ်နေကြသည့် ကလေးများအား တွေ့ရစဉ်။ ဓာတ်ပုံ-သူရဇော်

Third Story Project ၏ ဆိုင်ခန်းလေးတွင် စာဖတ်နေကြသည့် ကလေးများအား တွေ့ရစဉ်။ ဓာတ်ပုံ-သူရဇော်

ဂျေဂျေ၏အဖြစ်အပျက်မှာ ကိုဝလုံး၏ ကံကြမ္မာနှင့်ူ ကွာချင်တိုင်း ကွာခြားနေသည်။ သူအဖမ်းခံရချိန်တွင် ကိုဝလုံးက  ရခိုင်ပြည်နယ်မြောက်ပိုင်း၊ အင်းဒင်ရွာတွင် မူဆလင် ၁ဝ ဦး အစုလိုက် အသတ်ခံခဲ့ကြရသည့်အမှုကို စုံစမ်းနေချိန် ဖြစ်သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးအတွင်း မူဆလင် စစ်သွေးကြွများအား ရှင်းလင်းစဉ် လူပေါင်း ခုနစ်သိန်းကျော်မှာ ဘင်္ဂလားဒေရှ့်ဘက်သို့ ထွက်ပြေးခဲ့ကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင် ရိုက်တာသတင်းဌာန၏ သတင်းရေးသား ဖော်ထုတ်မှုကြောင့် အင်းဒင်အစုလိုက် လူသတ်မှုကို စစ်တပ်က ဝန်ခံခဲ့ရသည်။ ကိုဝလုံးတို့၏ လုပ်ဆောင်မှုမှာလည်း စံပြသတင်းထောက်လုပ်ငန်းအဖြစ် နိုင်ငံတကာ၏ ချီးကျူးမှုကို ခံခဲ့ရသည်။ သို့သော် ရခိုင်အကြပ်အတည်းနှင့် ပတ်သက်၍ အယူအဆများမှာ နက်ရှိုင်းစွာ ကွဲပြားလျက်ပင် ရှိသေးသည်။ အမုန်းတရားများ လွှမ်းမိုးနေဆဲပင်ဖြစ်သည်။ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့မှာလည်း ထောင်နန်း စံမြန်းနေဆဲပင်ဖြစ်သည်။ အစိုးရ၏ ဝါဒဖြန့်မှုကြောင့် မြန်မာနိုင်ငံတွင် လူအတော်များများက ဝေဖန်ရေးသားသော မီဒီယာများကို ဆန့်ကျင်နေကြရာ လူငယ်ကွန်ယက်မှ လှုပ်ရှားသူအနည်းငယ်သာလျှင် ကိုဝလုံးတို့ လွတ်မြောက်ရေးအတွက် လမ်းပေါ်တွင် ဆန္ဒပြတောင်းဆိုနေကြသည်။

ကလေးများအား စွန့်စားခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခြင်းဖြင့် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတွင် မရှိမဖြစ် လိုအပ်သည်ဟု ကိုဝလုံး တို့ ယုံကြည်ထားသော အသက်မွေးမှု အလုပ်အကိုင်တစ်ခုအပေါ် အကောင်းမြင်သဘောထားကို ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု ဂျေဂျေက မျှော်လင့်ထားသည်။ ပို၍ အရေးကြီးသည်မှာ ဤစာအုပ်သည် ဝေဖန်ပိုင်းခြား စဉ်းစားမှုကို တခါတရံ ပိတ်ဆို့ထားသော လူ့အဖွဲ့အစည်းတွင် ကလေးများအနေဖြင့် မေးခွန်းထုတ်တတ်လာစေရေးအတွက် အားပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု အိပွင့်ရီဇန်က ပြောသည်။

ပထမစာမူတွင် ကိုဝလုံးက ဇာတ်လမ်းဆင်ရင်း စာမူနှင့်အတူ မျောပါသွားသဖြင့် ကလေးစာဖတ်ပရိသတ်နှင့် သင့်လျော်အောင် အယ်ဒီတာရွှေမိက တည်းဖြတ်ပြင်ဆင်ခဲ့ရသည်ဟု အိပွင့်ရီဇန်က ပြောသည်။ အင်းစိန်ထောင်တွင် မိသားစုတွေ့ခွင့်ရသော အချိန်များတွင် စာမူများ လဲလှယ်ရယူခဲ့ကြရင်းဖြင့် စာအုပ်မှာ တဖြည်းဖြည်းပုံပေါ်လာခဲ့သည်။

အုပ်ရေ ၆,ဝဝဝ ပုံနှိပ်ပြီးပြီဟု အိပွင့်ရီဇန်က Frontier ကို အောက်တိုဘာလက ပြောကြားခဲ့သည်။ ယခုအခါ ဤစာအုပ်ကို တစ်အုပ်လျှင် ကျပ် ၁,၅ဝဝ ဖြင့် စာအုပ်ဆိုင်များနှင့် ရန်ကုန်မြို့ လမ်း ၄ဝ အလယ်ဘလောက်ရှိ Third Story တွင် ရရှိနိုင်သည်။ ပုံနှိပ်ပြီး စာအုပ် သုံးပုံနှစ်ပုံကို မြန်မာနိုင်ငံတလွှားရှိ လူမှုအဖွဲ့အစည်းများထံသို့ လှူဒါန်းရန် လျာထားသည်ဟု အိပွင့်က Frontier ကို ပြောသည်။

ဂျေဂျေ၏ နောက်ထပ်စွန့်စားခန်းများကို ပုံနှိပ်ထုတ်ဝေရဦးမည်ဟုလည်း Third Story က မျှော်လင့်ထားသည်။ ဂျေဂျေ၏ နောက်ထပ်အလုပ်တာဝန်ကို စာရေးသူ ကိုဝလုံးအနေနှင့် လွတ်လပ်စွာ စိတ်ကူးပုံဖော်ခွင့် ရှိသည်မှန်သော်လည်း နောက်စာအုပ်အတွက် ကြိုတင်သတ်မှတ်ချက်တစ်ခုကို အိပွင့်က ချမှတ်ထားသည်။ ဇာတ်ဆောင်မှာ ခိုင်မာပြတ်သားသည့် အမျိုးသမီး ဖြစ်ရမည်ဖြစ်သည်။

ဂျေဂျေမှာ Third Story အတွက် ကိုဝလုံး ၏ ပထမဆုံးစာအုပ် မဟုတ်ပေ။ ဥယျာဉ်မှူးဟူသည့်စာအုပ်ကို မြန်မာဘာသာဖြင့် ၂ဝ၁၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ သစ်ပင်များစိုက်ပြီး ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် တပည့်များကို အားပေးလှုံ့ဆော်သော ကျောင်းဆရာတစ်ယောက်အကြောင်းကို ရေးသားထားခြင်းဖြစ်သည်။

သုံးထပ်ကျောင်းတွင် ကိုဝလုံးနှင့် အခြားသူများကို အင်္ဂလိပ်စာသင်ပေးခဲ့ပြီး Third Story Project တွင်လည်း အကြံညဏ်များ ဆက်လက်ပေးလျက်ရှိသော Ms. Mindy Walker က “ဝလုံးဟာ စာအုပ်တွေ ရိုက်နှိပ်ပြီး ဖြန့်ဝေနိုင်ဖို့အတွက် ငွေကြေးတွေရအောင် ကြိုးစားအလုပ်လုပ်ခဲ့ပေမဲ့ ကိုယ်တိုင်စာအုပ်တွေ ဖန်တီးဖို့ကြတော့ တွန်းအားရှိမှဘဲ ဖြစ်တော့တယ်။ သူက အခြားစာရေးဆရာတွေလို သူ့ကိုယ်သူ ပုံပြောကောင်းသူတစ်ယောက်လို့ ယူဆမထားလို့ပဲ” ဟု Frontier ကိုပြောသည်။

“သူက အညာရွာလေးတစ်ရွာမှာ သူ့ငယ်စဉ်ဘဝ ကြီးပြင်းခဲ့ရတဲ့ အတွေ့အကြုံတွေကို စာအုပ်လေးနှစ်အုပ် ရေးထားတယ်။ ဒီလို အခြေအနေမျိုးက သူ့လိုကလေးတွေကို စာအုပ်တွေနဲ့ လက်လှမ်းမီစေချင်တယ်။ ပို၍ ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံကို ထူထောင်ရာမှာ အထောက်အကူဖြစ်စေမယ့် သတင်းစကားတွေပါတဲ့ စာအုပ်မျိုးတွေပေါ့” ဟု ၎င်းကပြောသည်။

ခေါင်းစီးဓာတ်ပုံ- Third Story Project ၏ ဒါရိုက်တာဖြစ်သူ မအိပွင့်ရီဇန်။ ဓာတ်ပုံ- သူရဇော်

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.