ရိုက်တာသတင်းထောက်နှစ်ဦး လွတ်လာသည့်တိုင် မြန်မာ့သတင်းလွတ်လပ်ခွင့် မွန်းကျပ်ဆဲ

အေအက်ဖ်ပီ

မြန်မာနိုင်ငံတွင် ရိုက်တာသတင်းထောက်နှစ်ဦးကို ရုတ်တရက် လွှတ်ပေးလိုက်သည့်အတွက် သတင်းလွတ်လပ်ခွင့်သမားများက ချီးကျူးခဲ့ကြသော်ငြားလည်း ထိုသူနှစ်ဦးမှာ အစကတည်းကပင် ဖမ်းဆီးထောင်ချမှု မပြုသင့်သူများဖြစ်ကြောင်း ပြောဆိုခဲ့ကြပြီး မဝံ့မရဲဖြစ်စေသော မြန်မာ့သတင်းလွတ်လပ်ခွင့် ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲရန် တိုက်တွန်းခဲ့ကြသည်။

‘ပူလစ်ဇာ’ဆုရ သတင်းထောက် နှစ်ဦးသည် ရက် ၅၀၀ ကျော် အင်းစိန်ထောင်တွင် နေခဲ့ကြရပြီးနောက် သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးသော အကျဉ်းသားစာရင်းတွင်ပါဝင်ပြီး လွတ်မြောက်လာခဲ့ကြခြင်းဖြစ်သည်။ သူတို့နှစ်ဦးကို လွှတ်ပေးရန် တကမ္ဘာလုံးက တိုက်တွန်းတောင်းဆိုနေခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာမူဆလင် ၁၀ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စုံစမ်းဖော်ထုတ်ခဲ့ကြပြီးနောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် ထောင် ၇ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ထိုသတ်ဖြတ်မှုသည် သတင်းထောက်များ သွားလာခွင့်မရှိသော ပဋိပက္ခများ ထူပြောနေသည့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်၌ စစ်တပ်က နယ်မြေရှင်းလင်းမှု ပြုလုပ်ခဲ့ရာ ရိုဟင်ဂျာမူဆလင် ၇၄၀,၀၀၀ ခန့်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့ကြသည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးကို အင်္ဂါနေ့က လွှတ်ပေးလိုက်ခြင်းကြောင့် ထောက်ခံချီးမွှမ်းနေကြစဉ်တွင် သတင်းလွတ်လပ်ခွင့်စောင့်ကြည့်သူများက အစွန်းအထင်းများ ရှိနေခဲ့သော မြန်မာ့သတင်းလွတ်လပ်ခွင့် မှတ်တမ်းတွင် အစိုးရ၏ယခုလုပ်ရပ်က အခန်းကဏ္ဍသစ် တစ်ခုဖွင့်လိုက်ပြီဟု အောင်ပွဲခံရန်အချိန် စောလွန်းနေသေးကြောင်း သတိပေးခဲ့ကြသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI မှ မစ္စတာနစ်ကလပ်စ် ဘီကွယ်လင် Mr. Nicholas Bequelin က ရိုက်တာသတင်းထောက် နှစ်ဦး၏အမှုကို အစမှ အဆုံးတိုင် “အယောင်ဆောင် တရားစီရင်မှု” ဟု ကင်ပွန်းတပ်ခဲ့သည်။ သတင်းထောက်များ တက်ကြွလှုပ်ရှားသူများနှင့် ဝေဖန်သူ မည်သူ့ကိုမဆို ဖမ်းဆီးထိန်းသိမ်းထားနိုင်သည့် ဥပဒေအမျိုးမျိုး ရှိနေဆဲပါဟု သူကပြောသည်။

“ဒီဥပဒေတွေကို မရုပ်သိမ်းသေးသ၍ကတော့ သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ အဖမ်းခံရ၊ ထိန်းသိမ်းခံရမယ့် အန္တရာယ်နဲ့ အမြဲတစေ ခြောက်လှန့်ခံနေကြရမှာပါပဲ” ဟု သူကဆိုသည်။ ကုလသမဂ္ဂအဖွဲ့ကလည်း သတင်းထောက်နှစ်ဦး လွတ်မြောက်မှုကို ကြိုဆိုပြီးနောက် AI အဖွဲ့၏ စိုးရိမ်မှုကိုပင် ထပ်လောင်းပြောကြားသည်။

“မြန်မာနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော်ခွင့် အခြေအနေကတော့ သိပ်ကိုစိုးရိမ်ဖွယ်ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးမှ ပြောခွင့်ရအမျိုးသမီး မစ္စရာဗီနာ ရှမ်ဒါဆာနီ Ms Ravina Shamdasani က ဂျနီဗာတွင် ပြောကြားသည်။

“မြန်မာနိုင်ငံမှာ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်တွေ တိုးတက်လာဖို့ ရည်ရွယ်ပြီး ထောက်ခံတင်ပြချက်တွေ မနှစ်က ထုတ်ပြန်ပြီးနောက်ပိုင်းမှာ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ မမြင်တွေ့ခဲ့ရသေးပါဘူး” ဟု မစ္စရာဗီနာက ပြောသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အဆင့်မှာ ၁၃၈ တွင်ရှိသည်ဟု ‘နယ်စည်းမခြား သတင်းထောက်များ’ အဖွဲ့က ဆိုပါသည်။ သတင်းထောက်နှင့် တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားရန် ကိုလိုနီခေတ်က ဥပဒေများကို အသုံးချနေသည်ဟုလည်း ဝေဖန်သူအချို့ကပြောသည်။

ယင်းတို့ထဲတွင် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနှင့် တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ လှုံ့ဆော်ခြင်းကဲ့သို့သော ဥပဒေများလည်းပါဝင်သည်ဟု ဆိုသည်။ ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ဆက်သွယ်ရေးဥပဒေကိုလည်း သတင်းထောက်များနှင့် အစိုးရကိုဝေဖန်သူများအား အရေးယူရန် အသုံးချလျက်ရှိသည်။

လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံရေးအရင်းခံကြောင့် ပြစ်ဒဏ်စီရင်ခံထားရသူ၊ သို့မဟုတ် တရားရင်ဆိုင်နေရသူ စုစုပေါင်း ၁၃၀ ခန့် ထောင်ထဲတွင် ရှိနေကြသည်ဟု ရန်ကုန်အခြေစိုက် “နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP” အရသိရသည်။

အသရေဆယ်သောလုပ်ရပ်

သတင်းလွတ်လပ်ခွင့်နှင့်ပတ်သက်၍ မြန်မာနိုင်ငံကို နိုင်ငံတကာက ဝေဖန်ခဲ့ကြသည်မှာ ရိုက်တာသတင်းထောက် နှစ်ဦးကိစ္စက ပထမဆုံးမဟုတ်ပေ။

၂၀၁၇ ခုနှစ်၊ ဇွန်လအတွင်းက ပုဂ္ဂလိကသတင်းဌာန နှစ်ခုမှ သတင်းထောက် သုံးဦး (ဧရာဝတီနှင့် ဒီဗီဘီ DVB) တို့သည် တိုင်းရင်းသား လက်နက်ကိုင်တို့ ထိန်းချုပ်ရာဒေသမှ သတင်းယူပြီးအပြန် စစ်ဆေးရေးဂိတ်တစ်ခုတွင် မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။ သူတို့ သုံးဦးကို တရားမဝင်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုပုဒ်မဖြင့် တရားစွဲပြီး သီတင်း ၁၀ ပတ်ကြာ ထိန်းသိမ်းထားပြီးမှ စစ်တပ်က ဤအမှုကို ရုပ်သိမ်းခဲ့သည်။

ကိုဆွေဝင်းဆိုသူ နောက်သတင်းထောက် တစ်ဦးမှာလည်း အွန်လိုင်းမှ အသရေဖျက်မှုဖြင့် အမှုရင်ဆိုင်ရလျက်ရှိရာ နှစ်နှစ်နီးပါးပင်ရှိခဲ့ပြီဖြစ်သည်။ ကိုဆွေဝင်းမှာ သူ့အမှုစစ်ဆေးသည့် တရားရုံးရှိရာမြို့သို့ မကြာခဏ ရုံးချိန်းသွားနေရဆဲပင်ရှိသည်။

မြန်မာနိုင်ငံ၏ အသက်ရှူကျပ်နေသော မီဒီယာဝန်းကျင်ကို “ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးကို လွှတ်ပေးလိုက်ရုံနဲ့ သိပ်ပြောင်းလဲသွားစေမှာ မဟုတ်ပါ” ဟု Article 19, a freedom of expression organisation ပုဒ်မ ၁၉၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အဖွဲ့မှ မစ္စတာ မက်သူးဘာဂါ Mr. Matthew Burgher က ပြောသည်။

“အစိုးရက သတင်းလွတ်လပ်ခွင့်ကို တကယ်တန်း အလေးအနက် သဘောထားတယ်ဆိုရင် ဒီသတင်းထောက် နှစ်ဦးကို ဖမ်းဆီးရာမှာ အသုံးပြုခဲ့တဲ့ ကိုလိုနီခေတ်ဟောင်းက ဖိနှိပ်တဲ့ဥပဒေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ သတင်းရေးသားခွင့်တွေကို ထိန်းချုပ်ထားတဲ့ တခြားဥပဒေတွေကို စပြီး ပြုပြင်ပြောင်းလဲသင့်ပါတယ်” ဟု သူကပြောသည်။

“ဒီနှစ်ယောက်ကို လွှတ်ပေးလိုက်တာဟာ ဆက်လက်ရှိနေတဲ့ နိုင်ငံတကာဖိအားတွေနဲ့ နာမည်ဆိုးတွေကို မျက်နှာမပျက် အဖတ်ဆယ်နိုင်အောင် လုပ်လိုက်တာပါ” ဟု မစ္စတာဘာဂါက ဆိုသည်။ တချိန်က ဒီမိုကရေစီ၏ ပြယုဂ်တစ်ခုအဖြစ် ကမ္ဘာကအမွှမ်းတင်ခံခဲ့ရတဲ့ မြန်မာ့အရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထိုနှစ်ယောက် လွတ်မြောက်ရေးအတွက် ကြားဝင်ဆောင်ရွက်မှု မပြုသဖြင့် ဝေဖန်ဆန်းစစ်မှုများ အပြင်းအထန်ခံနေခဲ့ရသည်။

စစ်အာဏာရှင်အစိုးရအဆက်ဆက် လက်အောက်တွင် စုစုပေါင်း ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့ရပြီး ၁၀ စုနှစ်ပေါင်းများစွာကြာပြီးမှ ပထမဆုံးပြုလုပ်သော ၂၀၁၅ ရွေးကောက်ပွဲ၌ သူဦးဆောင်သောပါတီက အနိုင်ရခဲ့သည်။

လောလောဆယ်တွင် သူသည် ဗိုလ်ချုပ်ကြီးများနှင့် အလွန်ပင်ဖြေရှင်းရမလွယ်လှသော အာဏာခွဲဝေမှု သဘောတူညီချက်ဖြင့် လှုပ်ရှားရုန်းကန်နေရသည်။ ရိုဟင်ဂျာများဘက်က ရပ်တည်ရန် ပျက်ကွက်မှုကြောင့် တချိန်က သူ့ကိုအပ်နှင်းခဲ့သော ဘွဲ့ထူး၊ ဂုဏ်ထူးအချို့ကိုလည်း ပြန်လည်ရုပ်သိမ်းခံနေရသူဖြစ်သည်။

ရိုက်တာ သတင်းထောက်နှစ်ဦးမှာ ထောင်ဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း၊ ရုံးတော်၌ စစ်ဆေးရာတွင် အထောက်အထားခိုင်လုံစွာ တွေ့ရသည့်တိုင် ရိုက်တာသတင်းထောက် နှစ်ဦးဘက်က လိုက်ပါပြောဆိုရန် ဒေါ်စုက ငြင်းဆန်ခဲ့သည်။

မေ ၇ ရက်နေ့က ရိုက်တာသတင်းထောက် နှစ်ဦးကိုလွှတ်ပေးရင်း အစိုးရပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ‘နိုင်ငံ၏ ရေရှည်အကျိုးစီးပွားအတွက်’ သတင်းထောက် နှစ်ဦးကို လွှတ်ပေးလိုက်ပါသည်ဟု ပြောဆိုခဲ့သည်။

ရိုက်တာမှ ငှားရမ်းထားသော ရှေ့နေ ဦးခင်မောင်ဇော်က သူ့အမှုသည်နှစ်ဦး လွတ်မြောက်လာခဲ့ခြင်းအတွက် သမ္မတကြီး ဦးဝင်းမြင့်ကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြန်မာ့သတင်းထောက်များအား အကာအကွယ်ပိုမိုပေးပါရန် ပန်ကြားခဲ့သည်။

“သတင်းထောက်တွေ သူတို့အလုပ် သူတို့လုပ်နေရင်း ထောင်ထဲအသွင်းခံကြရမယ့် အန္တရာယ်ကနေ ထိထိရောက်ရောက် ကာကွယ်ပေးမယ့် ဥပဒေမျိုးတွေ ကျွန်တော်တို့ တကယ်လိုအပ်နေပါပြီ” ဟု ဦးခင်မောင်ဇော်က အေအက်ဖ်ပီကို ပြောသည်။

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.