ပျောက်ဆုံးဘဝများ ရှာဖွေတွေ့ရှိခြင်း

ရန်ကုန်မြို့ရှိ ဂျူးလူမျိုးအသိုက်အဝန်းလေးသည် မကြာမီက အဖိုးအဖွားများ၏ အတိတ်သမိုင်းကို ခြေရာပြန်ကောက်ရန် မျှော်လင့်ချက်ဖြင့် နိုင်ငံခြားမှရောက်လာကြသော ဂျူးလူမျိုးအထူးဧည့်သည်တသိုက်ကို ကြိုဆိုဧည့်ခံခဲ့ကြရသည်။

ဖလိုရီယင်န် ဂတ်ကယ်စ်ဘာဂါ ရေးသားသည်။

မစ္စတာ အဗီဆလိုမွန် Mr. Avi Salomon သည် သူ့မိသားစုအကြောင်းကို ကြိုးစားပြောပြနေသည်။ သို့သော် အဆုံးသတ်နိုင်ပုံမရချေ။ ရန်ကုန်မြို့လယ်ခေါင်ရှိ ရဟူဒီ (ဂျူး) ဘုရားရှိခိုးကျောင်း မူစမေယာ ယေရှူဝါ Musmeah Yeshua Synagogue ထဲတွင် မစ္စတာအဗီ၏ ဘေး၌ မစ္စဆယ်လီတပ်ဗယ် Ms. Sally Tuvel ထိုင်နေသည်။ သူ့လက်ထဲတွင် ရန်ကုန်မြို့နေ ဂျူးဘုရားကျောင်းလာ ဂျူးပရိသတ်၏ မွေးစာရင်းမှတ်တမ်း ကိုင်ထားသည်။

“အဗီ ဒါကို ဓာတ်ပုံရိုက်ထား၊ သူက ရှင့်ရဲ့ဘေး great-grand father ပဲ” ဟု အဗီပြောနေသည့်စကားကို ကြားဖြတ်ပြောလိုက်ရာ မစ္စတာအဗီကလည်း တပ်ဗယ်က မွေးစာရင်းနောက်တစ်ရွက်မလှန်မီ ဓာတ်ပုံရိုက်ယူလိုက်သည်။ ဘုရားရှိခိုးကျောင်းထဲမှ ပန်ကာကြီး ခြောက်လုံးက စိုထိုင်းထိုင်းလေတွေကို မွှေ့ထုတ်ပေးနေသည်။ မြန်မာနိုင်ငံတွင် ဆောင်းတွင်းကာလဖြစ်သော်လည်း နိုင်ငံခြားသားခရီးသည် ၁၁ ဦးမှာ ချွေးပြန်နေသည်။ နံနက်ပိုင်းနွေးနေလျှင် နေ့လယ်ပိုင်းပူတော့မည့် ရှေ့ပြေးနိမိတ်ပင်ဖြစ်သည်။

သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့မှ လာကြသော ဧည့်သည်များသည် ရွှေတိဂုံဘုရားပေါ်လည်း ရောက်ခဲ့ကြပြီးပြီ။ ဂျူးဘုရားကျောင်းထဲ၌ သူတို့၏ မျိုးရိုးစဉ်ဆက် ဘိုးဘေးဘီဘင်တို့ကို စူးစမ်းရှာဖွေနေကြစဉ် ရင်ခုန်လှုပ်ရှားနေကြပြီး ချွေးနှင့်မျက်ရည်တို့ ရောနှောသွားသည်။

ဤခရီးစဉ်ဖြစ်ပေါ်လာခဲ့သည်မှာ ဦးဆင်မြူရယ် “ဆမ်မီ”ဆင်မြူရယ်စ် U Samuel “Sammy” Samuels ၏ ကျေးဇူးကြောင့်ပင်ဖြစ်သည်။ ပိန်ပိန်ပါးပါးနှင့် ကော်လာကို ကြယ်သီးနှင့်ကပ်ထားသော ရှပ်အကျီ ဝတ်ဆင်ထားပြီး မျက်မှန်လေးတပ်ထားသော ဆင်မြူရယ်စ်သည် မျက်မှန်ကို မကြာခဏပင့်တင်၍ မျက်နှာကိုသုတ်သည်။ ခရီးသွားအေဂျင်စီတစ်ခု ဖွင့်လှစ်လုပ်ကိုင်နေသူဖြစ်ပြီး မြန်မာဂျူးလူမျိုးအသိုင်းအဝန်း၏ တရားမဝင်ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်သည်။

သူသည် သူ့ဧည့်သည်များကို ရန်ကုန်တလွှား ဘုရားစေတီများ၊ ဂျူးဘုရားကျောင်းသုဿန်၊ မြို့တွင်း၊ ညပွဲလမ်းသဘင်များကို လိုက်ပြရင်း တနေကုန် အလုပ်ရှုပ်နေသူဖြစ်သည်။ ယနေ့တော့ ဆင်မြူရယ်စ် ပျော်နေသည်။ နေ့စဉ် ဂျူးဘုရားကျောင်းလာကြည့်သူ တိုးရစ် ၃၀ ခန့် ရှိမြဲဖြစ်သော်လည်း ဘာသာရေးဝတ်ပြုဆုတောင်းပွဲကိုတော့ အရေးကြီး ဂျူးအားလပ်ရက်များမှာသာ လုပ်လေ့ရှိသည်။ ထိုအချိန်မှလွဲ၍ မြန်မာနိုင်ငံတွင် နေထိုင်နေကြဆဲဖြစ်သော ဂျူးလူမျိုးလေးငါးဆယ်ခန့်သည် ပုံမှန်တွေ့ဆုံနေကြသည် မဟုတ်ပေ။

ဒီဇင်ဘာလ ဗုဒ္ဓဟူးနေ့ မေ့ပျောက်ထားခဲ့သမျှအားလုံး၊ ဆင်မြူရယ်စ် တစ်ယောက် ဘဝင်ခိုက်မျှ ဝမ်းသာပီတိ ဖြစ်နေပါသည်။ ထိုနေ့မှာ ဂျူးလူမျိုးတို့၏ ရိုးရာ ဟာနူးကာပွဲတော် အထွတ်အထိပ်နေ့ဖြစ်ပြီး ယင်းနေ့မှာပင် အထူးဧည့်သည် ဂျူးလူမျိုး ၁၁ ယောက်သည် မြန်မာပြည်ရှိ ဂျူးလူမျိုးမွေးစာရင်းမှတ်တမ်းကို လှန်လှောရှာဖွေ စစ်ဆေးကြည့်ရှုနေကြလေသည်။ သူတို့သည် မြန်မာပြည်မှ နှစ်သုတ်ခွဲ၍ ထွက်ပြေးသွားခဲ့ကြသော ဂျူးလူမျိုးများ၏ သားသမီးများ၊ မြေး၊ မြစ်များ ဖြစ်ကြလေသည်။ ပထမသုတ်မှာ ၁၉၄၂ ဂျပန်များ ဝင်လာချိန်ကဖြစ်ပြီး ဒုတိယသုတ်မှာ ၁၉၆၂ စစ်တပ်အာဏာသိမ်းချိန်ကဖြစ်သည်။

“အမေနဲ့အမေ့မွေးချင်းတချို့ဟာ မြန်မာပြည်မှာ မွေးခဲ့တယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ အမေ့မှာ နောက်ထပ်မွေးချင်း နှစ်ယောက်ရှိသေးတယ်ဆိုတာ ခုမှသိရတယ်။ သူတို့က ကလေးဘဝမှာပဲ ဆုံးပါးသွားခဲ့ကြတယ်” ဟု ယခုသြစတြေးလျ၌ နေထိုင်နေသည့် မစ္စ မိုဇဲလ်ဖရီးမင်းန် Ms Mozelle Friedman ကပြောသည်။

မစ္စမိုဇဲယ်ဖရီးမင်းန်ကို ဂျူးသချုႋင်းအတွင်းတွေ့ရစဉ်။ ဓာတ်ပုံ - ရာဂျစ်ရာမန်

မစ္စမိုဇဲယ်ဖရီးမင်းန်ကို ဂျူးသချုႋင်းအတွင်းတွေ့ရစဉ်။ ဓာတ်ပုံ – ရာဂျစ်ရာမန်

ဂျပန်ဝင်လာသောအခါ အခြားဂျူးမိသားစုများစွာနည်းတူ ဖရီးမင်းန်တို့ မိသားစုသည်လည်း ကာလကတ္တားသို့ ထွက်ပြေးခဲ့ကြသည်။ အာဟာရချို့တဲ့ခြင်း၊ ကျန်းမာရေးမကောင်းခြင်းတို့မှာ ဆင်းရဲနွမ်းပါးသော မြန်မာဂျူးတိုင်း တွေ့ကြုံခံစားနေခဲ့ကြရသော ဘဝအဖော်များဖြစ်သည်။ စစ်ပြေးအများစုမှာ ခြေလျင်ပြေးခဲ့ကြရခြင်းဖြစ်သည်။ သူ့အဒေါ်တစ်ဦးမှာ ပင်ပန်းမှုဒဏ်ကြောင့် လမ်းခရီးမှာပင် သေဆုံးသွားခဲ့သည်။ အသက် ၇၀ အရွယ် မစ္စလိုနာ အလက်ဇစ်ဝါ့ဒ် Ms Lorna Alexis Ward  ကတော့ သူ့မိဘတွေ လန်ဒန်ရောက်အောင် မည်သို့လာခဲ့ကြမှန်း ဘယ်တော့မှသိနိုင်တော့မည် မဟုတ်ချေ။

သည်အုပ်စုထဲမှာ မစ္စဝါ့ဒ်ကတော့ ခြွင်းချက်ဖြစ်သည်။ အကြောင်းမှာ ဂျူးဘာသာတရား၏ ပြင်ပတွင် ကြီးပြင်းခဲ့ရသူဖြစ်ပြီး သူလမ်းလျှောက်တတ်စအရွယ်က ခရစ်ယာန်ဇနီးမောင်နှံက သူ့အား မွေးစားခဲ့သည်ကို သူအသက် ၁၃ နှစ်အရွယ်ကျမှ သိရှိခဲ့ရ၍ဖြစ်သည်။  နောက် ၁၇ နှစ်အကြာ သူ့အသက် ၃၀ ကျမှသာ သူ၏ မွေးစာရင်းကို မှတ်ပုံတင်ရုံးသွား၍ တောင်းယူကြည့်ရှုခဲ့ရသည်။

“မှတ်ပုံတင်ရုံးက အမျိုးသမီးက ကျွန်မကို စိတ်မှကောင်းရဲ့လားလို့ သံသယရှိပုံရတယ်လေ။ နောက်တော့မှ ဖိုင်တွေကို လှန်လှောရှာဖွေကြည့်ပြီး ရှင့်ဖခင်အမည်က ဘရင်းမ်ဝင်း ဒင်းနစ် ဆက်ဆွန်း ဆိုလိုမွန် Brimwin Dennis Sassoon Solomon လို့ပြောပါတယ်” ဟု မစ္စဝါ့ဒ်က ရယ်မောရင်းပြောပြသည်။

မစ္စဝါ့ဒ်သည် အတိတ်ကိုခြေရာကောက်ရန် ဆန္ဒပြင်းပြခဲ့သော်လည်း သူ့မွေးစားမိဘများ ကွယ်လွန်ချိန်ထိ စောင့်ဆိုင်းနေခဲ့ရသဖြင့် ဘဝနှောင်းပိုင်းကျမှသာ စုံစမ်းမှုကို စတင်နိုင်ခဲ့သည်။

“သူတို့မသေခင်မှာ သူတို့ကို စိတ်မချမ်းမသာ မဖြစ်စေချင်လို့ပါ။ ခုသူတို့မရှိကြတော့ပြီမို့ လွတ်လွတ်လပ်လပ် နောက်ကြောင်းလိုက်နိုင်ပြီလေ။ ဒီလို သဲလွန်စတွေရှာရင်းနဲ့ ဒီကိုရောက်လာခဲ့တာဘဲ” ဟု သူကဆိုသည်။

ဆပ်ပြာချက်၍ ခြစ်ခြစ်ခြုပ်ခြုပ် အသက်မွေးခဲ့ရသော ဖရီးမင်းန်မိသားစုနှင့်မတူ၊ ဆက်ဆွန်းဆိုလိုမွန် မိသားစုကတော့ ထိုခေတ်က ရန်ကုန်မြို့တွင် ထင်ရှားသည့်လူကုံတန်မိသားစုများအနက်မှ တစ်စုအပါအဝင် ဖြစ်ခဲ့သည်။

“၁၉၂၀ ပြည့်လွန်နှစ်ကာလတွေတုန်းက သူတို့တတွေဟာ ရိုးစ်ရွိုက်စ် Rolls- Royces နဲ့ ဂျာဂွား Jaguars အဖိုးတန်ကားကြီးတွေကို စီးခဲ့ကြတာ၊ အိမ်မှာလည်း အခိုင်းအစေတွေတပုံကြီးနဲ့ သိပ်ချမ်းသာကြတာ” ဟု မစ္စဝါ့ဒ်ကပြောပြသည်။

မစ္စလိုနာအလက်စစ်ဝါ့ဒ်က ယခင်ရန်ကုန်မြို့လူကုံတန်မိသားစုမှ ဆွေမျိုးတော်စပ်သူတစ်ဦး၏ပုံကို ကြည့်ရှုနေစဉ်။ ဓာတ်ပုံ - ရာဂျစ်ရာမန်

မစ္စလိုနာအလက်စစ်ဝါ့ဒ်က ယခင်ရန်ကုန်မြို့လူကုံတန်မိသားစုမှ ဆွေမျိုးတော်စပ်သူတစ်ဦး၏ပုံကို ကြည့်ရှုနေစဉ်။ ဓာတ်ပုံ – ရာဂျစ်ရာမန်

မစ္စဝါ့ဒ်တစ်ဦးသာ သူ့မိသားစု၏ ခမ်းခမ်းနားနားဘဝကို ပြောပြနိုင်ပြီး ကျန်လူများ၏ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာသောအတိတ်က ဘဝများမှာ မှေးမှိန်စွာ တပိုင်းတစစီသာ မှတ်မိကြလေသည်။

“ကျွန်မအမေက ရထားလမ်းကို ဖြတ်ကျော်ဆောက်ထားတဲ့ သစ်သားတံတားကျဉ်းကျဉ်းလေးအကြောင်း မကြာမကြာ ပြောပြတယ်။ သူငယ်ငယ်က ကျောင်းသွားရင် အဲဒီတံတားလေးပေါ်က ဖြတ်သွားရတာ ကြောက်လို့ မဖြတ်ရဲတာနဲ့ သူ့အစ်ကိုက လက်တွဲခေါ်ရတယ်။ အမေက မနှစ်ကမှ ဆုံးသွားတာပါ” ဟု မစ္စဖရီးမင်းန်က ပြောသည်။ ထိုနောက် သူသည် ဂျူးသင်္ချိုင်း၌ သူ့အဖွား၏မိခင် great-grand-mother ၏ အုတ်ဂူကိုတွေ့ရှိခဲ့ရာ အုတ်ဂူပေါ်တွင် ဆုတောင်းဝတ်ပြုရင်း ငိုကြွေးခဲ့ရရှာသည်။

ရန်ကုန်မြို့ ၉၁ လမ်းရှိ ဂျူးသင်္ချိုင်းလေးမှာ ဆူဆူညံညံ အသံဗလံများအလယ်တွင် ဆိတ်ငြိမ်အေးချမ်းသော နေရာလေးတစ်ခုဖြစ်သည်။ ယင်းနေရာလေးမှာ လူတွေပြည့်ကျပ်နေသော လမ်းမပေါ်မှအသံများ၊ လမ်းပေါ်မှ ဈေးသည်များ၏အသံများ၊ ကားဟွန်းသံများအားလုံးမှ ကင်းလွတ်ဇုန်ဖြစ်နေတော့ သည်။ ရာသီဥတု တိုက်စားဒဏ်ခံထားရသော ရာပေါင်းများစွာသော အုတ်ဂူများသည် တချိန်က ရန်ကုန်မြို့က ဂျူးလူမျိုးတို့ဘဝ ရှင်သန်နေထိုင်ခဲ့ကြပုံကို သက်သေခံလျက်ရှိသည်။

ဆလိုမွန်ဖေ့စ်ဘွတ်ခ် Salomon Facebook Video Link မှတဆင့် သူ့ဖခင်ကိုခေါ်၍ အုတ်ဂူတန်းများကိုပြသည်။ ဂျပန်များ မဝင်ရောက်ခင်က ဂျူးလူမျိုး ၂,၅၀၀ ကျော်အထိ နေထိုင်ခဲ့ရာ ရန်ကုန်မြို့ဂျူးအသိုက်အဝန်း၏ ပမာဏကို ယင်းသင်္ချိုင်းက ဖော်ပြလျက်ရှိသည်။ တချိန်က ရန်ကုန်တွင် ဂျူးရပ်ကွက်၊ ဂျူးစာသင်ကျောင်း၊ ဂျူးမြို့ဝန်ဟူ၍ ရှိခဲ့ဖူးသည်။ ခုတော့လည်း ဆမ်မြူရယ်စ်မိသားစုသာ ရှိတော့သည်။ ဂျူးမွေးစာရင်းမှတ်တမ်းတွင် နောက်ဆုံးဝင်သူများမှာ ဦးဆမ်မြူရယ်စ်နှင့် သူ့နှမများသာဖြစ်သည်။

“ကျွန်တော်တို့ မျိုးသုဉ်းပျောက်ကွယ်နေကြတာ မဟုတ်ပါဘူး” ဟု သူကပြောသည်။ ပြောလို့သာပြောရသည်။ သူ့စကားက ပကတိဖြစ်ရပ်ထက် မျှော်လင့်ချက်အပေါ် အခြေခံနေပုံရသည်။ ထို့နောက် ဦးဆမ်မြူရယ်စ်က ဘဝ၏အထီးကျန်နိုင်လှပုံကို ပြောနေပြန်သည်။ သူ့ဖခင် မစ္စတာမိုးဇက်က အင်အားအစစ်အမှန်ဆိုတာ အရေအတွက်ပေါ်မှာ မူမတည်ဘဲ ယုံကြည်မှုစိတ်ဓာတ်ပေါ်မှာသာ တည်သည်ဟု ပြောခဲ့ဖူးကြောင်း သူကပြန်ပြောပြနေသည်။

ဦးဆမ်မြူရယ်စ်(ယာဘက်ဒုတိယ)က ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း(ယာဘက်တတိယ)၊ အစ္စရေးသံအမတ် မစ္စတာရိုနန်ဂီလို(ဝဲဘက်တတိယ)တို့နှင့်အတူ ဟာနူးကာပွဲ၌ အမှတ်တရဓာတ်ပုံရိုက်ကူးစဉ်။ ဓာတ်ပုံ - ရာဂျစ်ရာမန်

ဦးဆမ်မြူရယ်စ်(ယာဘက်ဒုတိယ)က ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း(ယာဘက်တတိယ)၊ အစ္စရေးသံအမတ် မစ္စတာရိုနန်ဂီလို(ဝဲဘက်တတိယ)တို့နှင့်အတူ ဟာနူးကာပွဲ၌ အမှတ်တရဓာတ်ပုံရိုက်ကူးစဉ်။ ဓာတ်ပုံ – ရာဂျစ်ရာမန်

မည်သို့ဆိုစေ၊ ထိုနေ့ညနေက ချက်ထရီယမ်ဟိုတယ်၌ ဘာသာမျိုးစုံ ဧည့်ပရိသတ် ၂၀၀ ကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားနေသော ဦးဆမ်မြူရယ်စ်၏ မျက်လုံးများတွင် ဇာတိပုညဂုဏ်မာနကိုတော့ အထင်းသားမြင်နေရသည်။ ဂျူးတွေအတွက်တော့ ဂျူးဘာသာရေးပွဲ ဟာနူးကာ ပွဲတော်ကို ရန်ကုန်မြို့တွင် ကျင်းပနေခြင်းပင်ဖြစ်သည်။ အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောသည်။ ထို့နောက် မကြာမီကမှ ခန့်အပ်လိုက်သော အစ္စရေးသံအမတ်ကြီး မစ္စတာ ရိုမန်ဂီလို Mr. Romen Gilor က မိန့်ခွန်းပြောသည်။ ထို့နောက် စားသောက်ဖွယ်များ စားသောက်ကြပြီး ကခုန်ကြသည်။

အခမ်းအနားမှာ စိတ်လက်ပေ့ါပေါ့ပါးပါးနှင့် ပျော်စရာကောင်းသည်။ မစ္စတာ အဗီဆလိုမွန်၊ မစ္စ မိုဇဲလ်ဖရီးမင်းန်၊ မစ္စလိုနာ အလက်ဇစ်ဝပ်ဒ်နှင့် အခြားသူများ ပျော်နေကြသည်။ ရန်ကုန်မြို့တော်စည်ပင်က ရန်ကုန်ရှိ သုဿန်ဟောင်းများကို ပြောင်းရွှေ့နေရာချထားပေးလျက်ရှိရာ နေရာပြောင်းရွှေ့မည့်စာရင်းတွင် ဂျူးသချုႋင်းလည်း ပါနေသည့်တိုင် ထိန်းသိမ်းစောင့်ရှောက်မှုမရှိသဖြင့် ပျက်စီးယိုယွင်းကာ ချုံနွယ်တို့ တပိုင်းတစဖုံးနေသော ဂျူးသချုႋင်းကို ပြန်လည်ပြင်ဆင်မွမ်းမံနိုင်လိမ့်မည်ဟု သူယုံကြည်ကြောင်း အစ္စရေးသံအမတ် မစ္စတာ ရိုမန်ဂီလိုက Frontier ကို ထိုနေ့ညတွင်ပြောခဲ့သည်။

ရိုဟင်ဂျာပြဿနာက နိုင်ငံတကာသတင်းများတွင် ဆက်လက်ဖော်ပြနေသောကြောင့် အနောက်တိုင်းနိုင်ငံများမှ ဧည့်သည်အဝင်ကျဆင်းနေသည်။ နိုင်ငံ၏စီးပွားရေးကလည်း ရပ်တန့်နေသည်။ ဦးဆမ်မြူရယ်စ်၏ ဂျူးဧည့်သည်အချို့ကပင် ယခုကဲ့သို့အချိန်တွင် မြန်မာနိုင်ငံသွားရန် သင့်တော်ပါ့မလားဟု စိုးရိမ်မှုများရှိခဲ့သည်။

“ဒါကကြေကွဲစရာဖြစ်ရပ်ပါ။ ကျွန်တော်တို့ဂျူးတွေအတွက်တင် မဟုတ်ပါဘူး။ တနိုင်ငံလုံးအတွက်ပါ။ တနေ့က ကျွန်တော့်ကို မင်းဘာကြောင့် ဘာသာရေးလွတ်လပ်ခွင့်အကြောင်း ပြောနေရတာလဲလို့မေးတယ်။ ကျွန်တော်တို့ဂျူးတွေက တကယ့်လူနည်းစုလေးပါ။ ကိုယ်တယောက်ထဲအတွက် လုပ်နေသလိုပါပဲ။ ဒါက မွတ်ဆလင်တွေ၊ ခရစ်ယာန်တွေနဲ့ ဘဟာရီတွေအတွက်ပါ။ ဒီလိုမှမပြောရင် ပိုဆိုးလာလိမ့်မယ်” ဟု ဦးဆမ်မြူရယ်စ်ကပြောသည်။ ဒါပေမဲ့ သူ့စကားကို ထိန်းပြောနေသည်။ မစ္စတာဂီလိုနှင့် အခြားဂျူးများနည်းတူပင် ဦးဆမ်မြူရယ်စ်က ရခိုင်အရေးအခင်းအကြောင်းကိုသာ ပြောနေပြီး ရိုဟင်ဂျာဆိုသော စကားကိုမပြောပေ။

ဥပုသ်နေ့မတိုင်မီ အိန္ဒိယလူမျိုးမွတ်ဆလင်ဘာသာဝင် ဦးမဟာမက်အီဆတ်က ဂျူးဘုရားကျောင်းအတွင်း သန့်ရှင်းရေးလုပ်နေစဉ်။ ဓာတ်ပုံ - ရာဂျစ်ရာမန်

ဥပုသ်နေ့မတိုင်မီ အိန္ဒိယလူမျိုးမွတ်ဆလင်ဘာသာဝင် ဦးမဟာမက်အီဆတ်က ဂျူးဘုရားကျောင်းအတွင်း သန့်ရှင်းရေးလုပ်နေစဉ်။ ဓာတ်ပုံ – ရာဂျစ်ရာမန်

အပတ်စဉ် ဥပုသ်နေ့ Shabbat မတိုင်မီ နံနက်ပိုင်းတွင် သောကြာနေ့ညနေ၌ စတင်သော ၂၄ နာရီ ဂျူးဥပုသ်နေ့တိုင်း၊ အိန္ဒိယနိုင်ငံဖွား မွတ်ဆလင်အဖိုး ဦးမိုဟာမက်အီဆတ်သည် ဂျူးဘုရားရှိခိုးကျောင်း လှေကားများအတိုင်း ဖြည်းဖြည်းချင်းတက်လာသည်။ တံမြက်စည်းလှမ်းယူကာ ဘုရားစင်တဝိုက် သန့်ရှင်းရေး စလုပ်သည်။ ခင်ဗျား အရှေ့အလယ်ပိုင်း ပဋိပက္ခအကြောင်းသိသလားဟု မေးသောအခါ ဦးအီဆတ်က မေးခွန်းကို အရေးမကြီးသလို ပယ်ချလိုက်သည်။

မှန်ပါသည်။ ထိုအကြောင်း သူကြားဖူးပါသည်။ သို့သော် သူစိတ်မဝင်စားပါ။ အစ္စရေးနှင့် ပါလက်စတိုင်းတို့သည် ရန်ကုန်မြို့ရှိ တစ်ခုတည်းသော ဂျူးဘုရားကျောင်းမှဆိုပါက အကွာအဝေးအတူတူပင် မဟုတ်ပါလော။

အခြားလူနည်းစုအားလုံးတို့လိုပင် မြန်မာနိုင်ငံရှိ ဂျူးများကလည်း ကောင်းစွာနားလည်ထားသည်။ အနှောင့်အယှက်ကင်းကင်းနှင့် နေထိုင်လိုလျှင် ဘယ်နိုင်ငံရေးတွင်မှ ဝင်မပါလေနှင့်။

ဦးဆမ်မြူရယ်စ်ကိုယ်တိုင်ကလည်း ဤစည်းကမ်းဥပဒေကို စွဲမြဲလိုက်နာသည်။ ခရီးသွားလုပ်ငန်းဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ခြင်းဟု သူခေါ်ဆိုသောအယူအဆကိုသာ ဖက်တွယ်ထားသည်။

“လူတွေအားလုံး အတူတကွလုပ်ကိုင်ပြီး ဘဝနထိုင်မှုကို ဖန်တီးနိုင်ကြတဲ့ စီးပွားရေးမျိုး ကျွန်တော်တို့ လိုအပ်နေတယ်။ ဒါမှ မတူကွဲပြားမှုတွေကို သတိမရကြတော့ဘူး။ ဘယ်ဘာသာကိုပဲ ကိုးကွယ်နေနေ ပန်းတိုင်တခုတည်းအတွက် အလုပ်အတူလုပ်ကြမယ်။ ဒါမှ ကျွန်တော်တို့ လူ့အဖွဲ့အစည်း ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ကြမယ်” ဟု သူကပြောသည်။

ဦးဆမ်မြူရယ်စ်(ထိပ် ဝဲလယ်) မှာ ရန်ကုန်ဂျူးအသိုက်အဝန်း၏ တရားမဝင် ထိန်းသိမ်းစောင့်ရှောက်သူဖြစ်ပြီး မွေးစာရင်းမှတ်တမ်း၌ နောက်ဆုံးဖြည့်သွင်းခဲ့သူဖြစ်သည်။ ဓာတ်ပုံ - ရာဂျစ်ရာမန်

ဦးဆမ်မြူရယ်စ်(ထိပ် ဝဲလယ်) မှာ ရန်ကုန်ဂျူးအသိုက်အဝန်း၏ တရားမဝင် ထိန်းသိမ်းစောင့်ရှောက်သူဖြစ်ပြီး မွေးစာရင်းမှတ်တမ်း၌ နောက်ဆုံးဖြည့်သွင်းခဲ့သူဖြစ်သည်။ ဓာတ်ပုံ – ရာဂျစ်ရာမန်

တနေ့ကျလျှင် မြန်မာနိုင်ငံ၌ ဂျူးဘာသာဝင် အသိုက်အဝန်းတွေ ရှင်သန်လာနိုင်သေးသည်ဟူသော မျှော်လင့်ချက်ကလေးကိုတော့ ဦးဆမ်မြူရယ်စ်ရင်ထဲမှာ ဆက်လက်ထိန်းထားသည်။ ယင်းသည့်နေ့ရောက်လာသည်အထိ မူစမေယာ ယေရှူဝါ ဂျူးဘုရားကျောင်းမှ မီးများ ဆက်လက်လင်းလက်နေအောင် သူထွန်းညှိနေပါလိမ့်မည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

(ဤဆောင်းပါးကို Goethe- Institut’s Close-Up journalists exchange programme အတွက် ရေးသားပါသည်။ အသေးစိတ်သိလိုပါက www.goethe.de/nahaufnahme and at #goethecloseup တွင်ကြည့်ပါ)

ခေါင်းစီးဓာတ်ပုံ – ရန်ကုန်မြို့လယ်ရှိ မူစမေယာ ယေရှူဝါဂျူးဘုရားကျောင်းတွင် မစ္စလိုနာ အလက်ဇစ်ဝါ့ဒ် (လယ်) နှင့် မစ္စဆယ်လီတပ်ဗယ် (ယာ) တို့ မွေးစာရင်းမှတ်တမ်းစာအုပ်တွင် ရှာဖွေကြည့်ရှုနေကြစဉ်။ ဓာတ်ပုံ – ရာဂျစ်ရာမန်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.