၂၁ ရာစု ဒုတိယပင်လုံ၏ အကြပ်အတည်း ခုနစ်ရပ်နှင့် မျှော်လင့်နိုင်သောရလဒ်

မူလသတ်မှတ်ထားတာထက် လေးလနီးပါးနောက်ကျခဲ့ရတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မေ ၂၄ ရက်ကစပြီး ငါးရက်တိုင် ကျင်းပတော့မယ်ဆိုပေမယ့် အားလုံးပါဝင်ရေးအပါအဝင် အကြပ်အတည်းတွေ ရှိနေဆဲဖြစ်ပါတယ်။

ဉာဏ်လှိုင်လင်း ရေးသားသည်။

မူလသတ်မှတ်ထားတာထက် လေးလနီးပါးနောက်ကျခဲ့ရတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မေ ၂၄ ရက်ကစပြီး ငါးရက်တိုင်ကျင်းပဖို့ရှိပါတယ်။ ညီလာခံကို ခြောက်လတစ်ကြိမ်ပြုလုပ်ဖို့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့က ပထမအကြိမ်ပြုလုပ်ပြီးစီးခဲ့တဲ့ အစည်းအဝေးကြီးက ဆုံးဖြတ်ခဲ့ပေမယ့် အကျပ်အတည်းအချို့ရှိနေတာကြောင့် အခုလိုကြန့်ကြာခဲ့ရတာပါ။

ကြုံတွေ့ရတဲ့အခက်အခဲတွေဟာ အသစ်တွေမဟုတ်ဘဲ ပထမအကြိမ်တုန်းက အတိုင်းဖြစ်နေတာပါပဲ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ထိုးထားတဲ့အဖွဲ့ အရေအတွက်ဟာ ရှစ်ဖွဲ့ကနေ တိုးမလာတာ၊ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေ ညီလာခံမှာ ပါဝင်နိုင်အောင် ဖန်တီးနေရတာ အားလုံးအတူတူပါပဲ။

ဒါဟာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက သဘောတူနိုင်ခဲ့တဲ့ နိုင်ငံရေးလမ်းပြမြေပုံဟာ အဆင့် ၄၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပတဲ့အဆင့်ကို ရောက်နေပြီဆိုပေမယ့် အားလုံးပါဝင်ရေးမှာတော့ အခက်တွေ့နေတုန်းပဲဆိုတဲ့ အခြေအနေပါ။

နံပါတ် ၁ အကျပ်အတည်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အဓိကအကျဆုံးသော အခက်အခဲကတော့ NCA ပါပဲ။ NCA ကိုအစပြုချိန်ကနေ မူချောအဆုံးသတ်ချိန် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာအထိ ကိုယ်တိုင်ပါဝင်ခဲ့ပေမယ့်  နှစ်နှစ်နီးပါးရှိလာချိန်အထိ လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိနေဆဲပါပဲ။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ကတော့ သူတို့ရဲ့ တောင်းဆိုချက်တွေကို တွေ့ဆုံညှိနှိုင်းနေပေမယ့် ဒုတိယ ညီလာခံကျင်းပဖို့ ရက်သတ္တပတ်တစ်ပတ်သာလိုချိန်အထိ ကျန်ရှိနေတဲ့ ၁၃ ဖွဲ့နဲ့ ပြေလည်မှု မရသေးပါဘူး။ ဒီအထဲက အဖွဲ့ ရှစ်ဖွဲ့ပါတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)ရဲ့ တောင်းဆိုချက်တွေကို ညှိနှိုင်းတာ ပြေလည်ပြီလို့ ကနဦးမှာ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အခုအချိန်မှာတော့ နှစ်ဖက် ထပ်တွေ့ကြမယ့်ရက် ညှိနှိုင်းနေဆဲ အခြေအနေမှာသာရှိပါတယ်။

ညှိနှိုင်းမှု အခြေအနေကိုတော့ နှစ်ဖက်ထုတ်မပြောကြပါဘူး။ ဒီအခြေအနေမှာ UNFC ထဲက မွန်ပြည်သစ်ပါတီ (NMSP)ကတော့ NCA မှာ လက်မှတ်ထိုးတော့မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မွန်ပြည်နယ်ရှိ ပါတီ ဌာနချုပ်ဖြစ်တဲ့ ရေချောင်းဖျားစခန်းမှာ မေလဆန်းက ကျင်းပတဲ့ အစည်းအဝေးမှာ ဗဟိုကော်မတီဝင်တွေအားလုံးက သဘောတူလိုက်တာပါ။

သူနဲ့အတူ UNFC ထဲက အခြားအဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ (LDU) တို့ကလည်း NCA မှာ လက်မှတ်ထိုးတော့မယ်လို့ သတင်းတွေထွက်နေပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

အစိုးရဖက်ကတော့ ဒုတိယ အခုအစည်းအဝေးမတိုင်မီ NCA မထိုးဖြစ်သေးရင်လည်း NCA လမ်းကြောင်းအတိုင်းပဲ သွားမယ်ဆိုတဲ့ ကတိကဝတ် Deed of Commitment (DOC) မှာလက်မှတ်ထိုးရင် ညီလာခံမှာ ကိုယ်စားလှယ်အဖြစ် တက်ရောက်နိုင်ပြီး ပါဝင်ဆွေးနွေးခွင့်ပြုမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုထားပါတယ်။

နေပြည်တော်၊ သင်္ဂဟဟိုတယ်မှာ မေ ၁၂ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးအပြီးမှာ ဦးဇော်ဌေးက ပြည်နယ်နဲ့ တိုင်းတွေမှာ သီးခြားဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရေးကိစ္စကို လာမယ့် ညီလာခံမှာ တင်သွင်းဖို့ ဒီအစည်းအဝေးက သဘောတူလိုက်တယ်လို့လည်း သတင်းထောက်တွေကို ထုတ်ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားတက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ပါရဂူဘွဲ့ယူဖို့ ပြင်ဆင်နေတဲ့ ဦးမင်းဇင်ကတော့ “UNFC မှာ ပါတဲ့ မွန်၊ ကရင်နီအဖွဲ့တွေဟာ ဒီအချက်ကြောင့် ၂၁ ပင်လုံမှာ Deed of Commitment ကတိကဝတ်ပြု လက်မှတ်ထိုးတဲ့အဆင့်ကို မသွားတော့ဘဲ တိုက်ရိုက် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်တန်းထိုးတော့မှာလား ဆိုတာ စိတ်ဝင်စားစရာပါ” လို့ Frontier ကို ပြောပါတယ်။ သူဟာ Institute for Strategy and Policy Myanmar ရဲ့ အမှုဆောင် ဒါရိုက်တာတစ်ဦး လည်းဖြစ်ပါတယ်။

နံပါတ် ၂ အကျပ်အတည်း

ဒီလိုအခြေအနေမှာ နောက်ထပ်ကြုံလာတဲ့ ပြဿနာတစ်ရပ်ကတော့ အရင်အစိုးရအဆက်ဆက်နဲ့ အပစ်ရပ် စာချုပ်တွေ ချုပ်ပြီးတာကြောင့် NCA မှာ လက်မှတ်ထိုးဖို့မလိုဘဲ တိုက်ရိုက်နိုင်ငံရေးဆွေးနွေးမယ်လို့ ကြေညာလိုက်တဲ့အဖွဲ့တွေ ပေါ်ထွက်လာတာပါပဲ။

အချိန်အားဖြင့် ဖေဖော်ဝါရီလကုန်ပိုင်းကဖြစ်ပြီး ဒါဟာ ဒုတိယပင်လုံကျင်းပဖို့ UPDJC က ကနဦး သတ်မှတ်ထားတဲ့ ကာလဝန်းကျင်လည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ အရင် တပ်မတော် အစိုးရခေတ်က တစ်ဖွဲ့ချင်းစီ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဖော်ဆောင်ကာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့ဆိုပြီး တောင်းဆိုထားတာဖြစ်ပါတယ်။

ဒီကြေညာချက်ကို “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဌာနချုပ်၊ ပန်ခန်းမှာ ပြုလုပ်တဲ့ အစည်းအဝေး အပြီး ထုတ်ပြန်ခဲ့တာပါ။ UWSP နဲ့အတူ AA၊ MNDAA၊ SSA၊ NDAA၊ TNLA၊  KIA တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီအထဲမှာ NCA ထိုးဖို့ ညှိနှိုင်းနေတဲ့ UNFC ထဲက KIA နဲ့ SSPP/SSA တို့ပါဝင်ပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ SSPP/SSA ကတော့ NCA ထိုးဖို့ရှိပါတယ်။ KIA ကတော့ UNFC ကပါ နှုတ်ထွက်ဖို့ ဧပြီ ၂၉ ရက်နေ့က စာတင်လိုက်ပြီး ဒါနဲ့ ပတ်သက်တဲ့ အသေးစိတ်အကြောင်းအရာတွေကိုလည်း ခေါင်းဆောင်တွေထံ ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။

TNLA ဒုတိယဥက္ကဋ္ဌ တာဂျုတ်ဂျားက “ဝ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးပုံစံသစ်နဲ့သွားမယ်” လို့ Frontier ကို ပြောသလို ဦးဇော်ဌေးကလည်း “အဲဒီအဖွဲ့တွေက NCA လမ်းကြောင်းအတိုင်း သွားမှာမဟုတ်ဘူးဆိုရင်တော့ DOC လည်း ထိုးဖြစ်မှာ မဟုတ်ဖူး။ သုံးဖွဲ့(TNLA,AA.MNDAA)ကိုပဲ ပြောတာနော်”လို့  ဆိုပါတယ်။

ဦးမင်းဇင်ကတော့ ကချင်နဲ့ ရှမ်းမြောက်မှာရှိတဲ့အဖွဲ့တွေဟာ “ဝ”နဲ့ ပိုနီးစပ်သွားမယ့် သဘောကိုတွေ့နေရတယ်လို့ သုံးသပ်ပါတယ်။ သူကဆက်ပြီး “ဒီတော့ လက်နက်ကိုင် တိုက်ပွဲတွေ၊ ပဋိပက္ခတွေ တကယ်ဖြစ်နေတဲ့ ကချင်၊ ကိုးကန့်၊ ပလောင်၊ ရှမ်းစတဲ့ ဒေသတွေမှာ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ လျော့မသွားဘူးဆိုရင် (အခန့်မသင့်လို့ပိုတောင် တိုးလာနိုင်တယ်ဆိုရင်) လည်း ဒီညီလာခံဟာ ပဋိပက္ခဖြေရှင်းရေးရှုထောင့်က ကြည့်ရင် ခါးတောင်ကြိုက်တလွဲ ဖြစ်နေနိုင်ပါသေးတယ်”လို့ သတိပေးလိုက်ပါသေးတယ်။

နံပါတ် ၃ အကျပ်အတည်း

ဘယ်လိုအခြေအနေပဲရှိရှိ အစိုးရနဲ့ လက်မှတ်ထိုးပြီးသား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ မူလ သဘောတူထားပြီးဖြစ်တဲ့ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်သွားနေရင်း ကျန်ရစ်သူတွေ ပါဝင်လာနိုင်မယ့် အခင်းအကျင်းမျိုး ကြိုးစားဖန်တီးနေကြပါတယ်။

NCA လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀ အတွင်း အကောင်အထည်ဖော်ရမယ့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ရေးဆွဲ၊ ပြန်လည်သုံးသပ်တဲ့နေရာမှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကိုပါ ပါဝင်ဆွေးနွေးစေတဲ့အထိ အားလုံး ပါဝင်လာရေးကို ရှေးရှုတာတွေရပါတယ်။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ဆွေးနွေးပွဲ ခုနစ်ကြိမ်စလုံးကို NCA မထိုးထားတဲ့အဖွဲ့တွေ တက်ရောက်တာတော့မရှိဘဲ နှစ်ကြိမ်သာပါဝင်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒါကြောင့် လက်ရှိသွားနေတဲ့ နိုင်ငံရေးဆွေးနွေးမှုပုံသဏ္ဍာန်ကို NCA မထိုးထားတဲ့အဖွဲ့တွေက တစ်ချိန်ချိန်မှာ သဘောမတူပါဘူးဆိုတာမျိုး ဖြစ်လာနိုင်ခြေကလည်း ရှိနေပါတယ်။ အခုအချိန်အထိကတော့ တိုင်းနဲ့ ပြည်နယ်တွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပ၊ အဲဒီကရလဒ်တွေကို လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး အဖွဲ့၊ UPDJC ကိုတင်၊ UPDJC က ရွေးချယ်ပြီး ညီလာခံကိုတင်သွင်းစတဲ့ လုပ်ငန်းဖော်ဆောင်မှု ပုံစံအပေါ် ထင်ရှားတဲ့ ဝေဖန်မှုမျိုးမကြားရသေးပါဘူး။

နံပါတ် ၄ အကျပ်အတည်း

ပထမအကြိမ် ညီလာခံအပြီး စတင်တဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေဟာ ကျင်းပခွင့်မရသေးတဲ့ ပြည်နယ်အချို့ မကျေမလည်ဖြစ်နေတာကလွဲလို့ အဆင်ပြေပြေ ဖြစ်သွားပါတယ်။ 

NCA ထိုးပြီးသား ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP) အခြေစိုက်ရာ ရခိုင်ပြည်နယ်မှအပ ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)နဲ့ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC) တို့ အခြေစိုက်တဲ့ ကရင်ပြည်နယ်၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)နဲ့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)တို့ အခြေစိုက်တဲ့ ရှမ်းပြည်နယ်၊ ချင်းအမျိုးသားတပ်ဦး (CNF) အခြေစိုက်တဲ့ ချင်းပြည်နယ်တို့မှာ လူမျိုးကို အခြေခံတဲ့ ဆွေးနွေးပွဲတွေ ကျင်းပနိုင်ခဲ့သလို ပဲခူးတိုင်းနဲ့ တနင်္သာရီ တိုင်းတို့မှာလည်း ဒေသကို အခြေခံတဲ့ ဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြပါတယ်။

ဒီအထဲမှာ ဖေဖော်ဝါရီ ၂၄ ရက်ကစလို့ နေပြည်တော်မှာ နှစ်ရက်တိုင်ပြုလုပ်ပြီးစီးခဲ့တဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း(CSO)ဖိုရမ်လည်း ပါပါတယ်။ ဒါပေမယ့် တိုင်းပြည်နယ်အချို့မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေက ထွက်ပေါ်လာတဲ့ရလဒ်တွေလို UPDJC ကို တင်သွင်းနိုင်တဲ့ အခြေအနေတော့ မရှိခဲ့ပါဘူး။

အဖွဲ့အစည်း ၃၀၀ ကျော်၊ ကိုယ်စားလှယ် ၅၄၀ ကျော်တက်ရောက်ခဲ့တဲ့ CSO ဖိုရမ်မှာ ပြန်လည်ထူထောင်ရေး၊ သဘာဝ ပတ်ဝန်းကျင်၊ ဖက်ဒရယ်သယံဇာတဆိုတဲ့ခေါင်းစဉ်သုံးခုကိုပဲ ဆွေးနွေးဖို့ UPDJC က မူဝါဒ ချမှတ်ပေးခဲ့တဲ့အတွက် အခက်အခဲကြုံခဲ့ရတယ်လို့ ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးသွင်လင်းအောင်က ထုတ်ပြောထားပါတယ်။

“ကျွန်တော်တို့က တစ်ကယ့် ပြည်သူလူထုနဲ့ သွားတွေ့တဲ့အခါ ဒီဟာတော့ဆွေးနွေး၊ ဟိုဟာတော့ မဆွေးနွေးနဲ့ဆိုတာမျိုး ကန့်လို့မကောင်းဘူးလို့ ကျွန်တော်တို့မြင်တယ်” လို့ ဖိုရမ်အပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးသွင်လင်းအောင်က ပြောထားတာပါ။

ဒါ့အပြင် အခြားသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအဆင့်မှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စတွေကလွဲလို့ လုံခြုံရေးကဏ္ဍကို မဆွေးနွေးဖို့ UPDJC က ကန့်သတ်ထားဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်။

UPDJC အတွင်းရေးမှူးအဖွဲ့မှ ဦးလှမောင်ရွှေကတော့ “ရည်မှန်းချက်မရောက်ဘဲနဲ့ ပြဿနာတွေပိုရှုပ်ထွေးသွားနိုင်တယ်။ ဒါကြောင့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့က UPDJC ဆိုပြီးသတ်မှတ်ထားတာဖြစ်တယ်”လို့ Frontier ကိုရှင်းပြပါတယ်။

ဒီလိုအခြေအနေကို မီးမောင်းထိုးပြတဲ့အဖြစ်အပျက်တစ်ခု မေ ၁၂ ရက်နေ့က ပြုလုပ်တဲ့ UPDJC အစည်းအဝေးမှာတောင် ဖြစ်ပွားခဲ့ပါသေးတယ်။ နိုင်ငံရေးနှင့် ဘာသာရေးရောယှက်ခြင်းမရှိစေရ၊ ဘာသာရေးကို အခြေမခံသည့် နိုင်ငံတော်ဖြစ်စေရမည် စတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အသုံးအနှုန်းနဲ့ မူဝါဒပိုင်းဆိုင်ရာ သဘောထား ကွဲလွဲနေတဲ့အတွက် လာမယ့်ညီလာခံကို ဒီကဏ္ဍတင်သွင်းခြင်းမပြုတော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။

အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့“နိုင်ငံရေးနဲ့ ဘာသာရေးလိုကိစ္စမျိုးတွေဆိုရင် ဆွေးနွေးရတာ ခက်တယ်။ ဒါမျိုးကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုချပေးလို့မရဘူး။ လူ ၇၀၀ လောက်တက်မယ့် ညီလာခံမှာလည်းမဖြစ်ဘူး” လို့ Frontier ကို ရှင်းပြပါတယ်။

နံပါတ် ၅ အကျပ်အတည်း

နောက်ထပ်အခက်အခဲတစ်ခုကတော့ ညီလာခံတက်ရောက်ခွင့်နဲ့ အဆုံးအဖြတ်ယူမယ့်ပုံစံပါပဲ။ UPDJC ဖက် ကတော့ DOC ထိုးမယ့်သူတွေကို ကိုယ်စားလှယ်အဖြစ် တက်ခွင့်ပြုပြီးဆွေးနွေးခွင့်ပေးကာ အခြားသူတွေကို အထူးဖိတ်ကြားသူအဖြစ် ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားတွေကိုတော့ လေ့လာသူအဖြစ် ခေါ်ယူဖို့ အစီအစဉ်မရှိပါဘူး။

TNLA ဒုတိယဥက္ကဌ တာဂျုတ်ဂျားကတောာ့ ညီလာခံမှာ သဘောထားတင်ပြခွင့်မရှိရင်၊ ဆုံးဖြတ်ခွင့်မရှိရင် မတက်ဖို့များတယ်လို့ ဆိုပါတယ်။ “ ပန်ခန်းမှာစုဖွဲ့ထားတဲ့အဖွဲ့တွေ (ခုနစ်ဖွဲ့) အားလုံးတက်မှပဲ တက်မှာပါ။ တစ်ဖွဲ့နှစ်ဖွဲ့ ခွဲဖိတ်ရင်၊ လေ့လာသူ၊ အထူးကိုယ်စားလှယ်အနေနဲ့ရော ဖိတ်ရင်လည်း တက်မှာမဟုတ်ဘူး”လို့ Frontier ကိုပြောပါတယ်။

အစိုးရဖက်က ဦးဇော်ဌေးကတော့ “DOC ထိုးမယ်ဆိုရင် ညီလာခံ တက်ရောက်ခွင့်ပေးမယ်၊ နောက်တစ်ချက်က ဆွေးနွေးခွင့်ပေးမယ်။ အဲဒီအထိ ကျွန်တော်တို့ပေးမှာဖြစ်ပါတယ်။ UPDJC ရဲ့အဆုံးအဖြတ် ဖြစ်ပါတယ်’’လို့ Frontier ကို ရှင်းပြပါတယ်။

ဒါ့အပြင် ညီလာခံထဲမှာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ဆုံးဖြတ်ခွင့်ရှိတဲ့ အစုအဖွဲ့သတ်မှတ်တဲ့ ကိစ္စမှာလည်း သဘောထားကွဲလွဲမှုအချို့ ရှိနေပါတယ်။ လာမယ့် ညီလာခံမှာတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီစတဲ့အစုအဖွဲ့ငါးခု ဆွေးနွေးဆုံးဖြတ်ခွင့်ရမှာ ဖြစ်ပါတယ်။

ပါဝင်သင့်ပါဝင်ထိုက်သူများနဲ့ တိုင်းရင်းသားဆိုတဲ့ အစုအဖွဲ့နှစ်ခုတိုးပေးဖို့ တောင်းဆိုမှုတွေတော့ရှိနေပါတယ်။ UPDJC ကတော့ ဒီတစ်ခေါက်ညီလာခံမှာ အထက်မှာဖော်ပြထားတဲ့ ငါးခုထဲက သက်ဆိုင်တဲ့ အစုအဖွဲ့နဲ့အတူ ပါဝင်သင့်ပါဝင်ထိုက်သူနဲ့ တိုင်းရင်းသား အစုအဖွဲ့နှစ်ခုကို သီးခြားစီမဟုတ်ဘဲ ပူးပေါင်းပါဝင်နိုင်ဖို့ စိစဉ်ထားပါတယ်။

ဒီအစုအဖွဲ့ပါဝင်မှုနဲ့ အချိုးဟာ ညီလာခံမှာ အဆုံးအဖြတ်ယူတဲ့အခါ အဓိကကျတဲ့အနေအထားရှိပေမယ့် ဒုတိယအကြိမ် ညီလာခံမှာတော့ အများလက်ခံနိုင်မယ့် အခြေခံမူတွေကိုပဲ ချမှတ်ဖို့ စီစဉ်ထားတာမို့ အခက်အခဲမရှိနိုင်ဘူးလို့ UPDJC တာဝန်ရှိသူတွေက ယူဆထားကြပါတယ်။ 

လက်ရှိသတ်မှတ်ထားချက်များအရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံမှာ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုဆိုင်ရာကိစ္စများ၊ လုံခြုံရေး၊ ပြန်လည်ပေါင်းစည်းရေးနဲ့ဆိုင်တဲ့ကိစ္စရပ်များနဲ့ အရေးကြီးသော ကိစ္စရပ်များ(အဓိပ္ပာယ် အတိအကျဖွင့်ဆိုထားခြင်းမရှိ) ဆုံးဖြတ်မယ်ဆိုရင် ညီလာခံတက်ရောက်သူ အစုအဖွဲ့တစ်ခုချင်းစီမှာ ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမှ အဆုံးအဖြတ် ခံယူနိုင်မှာဖြစ်ပြီး ညီလာခံ တက်ရောက်သူ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းနဲ့ အထက်က မဲပေးပါမှ အတည်ပြု ဆုံးဖြတ်ချက်ဖြစ်လာမှာပါ။

အခြားကိစ္စရပ်တွေမှာတော့ ညီလာခံတက်ရောက်သူအစုအဖွဲ့တစ်ခုချင်းစီမှာ ၅၀ ရာခိုင်နှုန်းအထက် ထောက်ခံပါမှ အဆုံးအဖြတ်ယူနိုင်မှာဖြစ်ပြီး ညီလာခံတက်ရောက်သူ စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းနှင့်အထက် ထောက်ခံမှ အတည်ပြု ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

နံပါတ် ၆ အကျပ်အတည်း

မကြာခင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယအစည်းအဝေးမှာတော့ နိုင်ငံရေးကဏ္ဍ ခေါင်းစဉ်ကြီး ခြောက်ခုအောက်မှ အချက်ပေါင်း ၂၁ ချက်၊ စီးပွားရေးကဏ္ဍခေါင်းစဉ်ကြီး ခုနစ်ခုအောက်မှာ အချက်ပေါင်း ၁၀ ချက်၊ လူမှုရေးကဏ္ဍ ခေါင်းစဉ်ကြီးအောက်မှာ အချက်ပေါင်း  လေးချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ ခေါင်းစဉ်ကြီးအောက်မှာ အချက်ပေါင်း ခြောက်ချက်၊ စုစုပေါင်း ၄၁ ချက် တင်သွင်းဖို့ မေ ၁၂ ရက်နေ့က UPDJC အစည်းအဝေးမှာ ဆုံးဖြတ်ထားပါတယ်။

အသေးစိတ်ထုတ်ပြောခြင်းမရှိသေးပေမယ့် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ၊ တိုင်း၊ ပြည်နယ်များတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေများရေးဆွဲရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဏ္ဍိုုင်သုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူ၍ ပိုင်းခြားကျင့်သုံး၍ အပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုရမည်၊ တိုင်းရင်းသား လူမျိုးတိုင်းသည် နိုင်ငံရေးအရ ဖြစ်စေ၊ လူမျိုးရေးအရ ဖြစ်စေ၊ တန်းတူရည်အခွင့်အရေးရှိရမည်၊၊ မည်သည့် တိုင်းရင်းသားကိုမျှ အထူးအခွင့်အရေးမပေးရ၊ အခွင့်အရေးကန့်သတ်ခြင်းမရှိစေရတို့လို အခြေခံကျတဲ့ မူဝါဒပိုင်းဆိုင်ရာတွေ ပါဝင်ပါတယ်။

ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ပြည်နယ်တွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဖို့ သဘောထားကျသွားတယ်။ ဗမာပြည်သမိုင်းမှာ မရှိသေးဘူး။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တွေမှာ ကျင့်သုံးမယ့် ဖွဲ့စည်းပုံအေခြေခံဥပေဒေရေးခွင့်ကို မပေးဘူး။ ဘယ်ခေတ်မှာမှ မရှိခဲ့ဘူး။ ဒီနေ့ရခဲ့ပြီ” လို့ အဲဒီနေ့ UPDJC အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။ 

နိုင်ငံရေးသိပ္ပံပညာရှင် ဦးမင်းဇင်ကလည်း အစိုးရဖက်က နိုင်ငံရေးအရ ဖက်ဒရယ်အခြေခံမူတစ်ချို့ ချမှတ်နိုင် ဖို့ ကြိုးစားလုပ်ဆောင်နေတာတွေကို အသိအမှတ်ပြုကြောင်းပြောပါတယ်။ “မူအရသော်လည်းကောင်း၊ လက်တွေ့ကျင့်သုံးနိုင်စွမ်းအရသော်လည်းကောင်း၊ အသေးစိတ် လေ့လာစောကြောစရာတွေ ရှိသေးတဲ့ ဒီအခြေခံမူဟာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေအတွက် လုံလောက်တဲ့ ဆွဲဆောင်မှု ဖြစ်မဖြစ်ကတော့ စောင့်ကြည့်ရပါမယ်” လို့ သူက ဆက်ပြီး သုံးသပ်ပါတယ်။

UPDJC မှာပါတဲ့ အစိုးရဖက်က ကိုယ်စားလှယ်တွေကတော့ ဒီတစ်ခေါက်ညီလာခံမှာ ချမှတ်မယ့်မူဝါဒတွေဟာ အားလုံးလက်ခံနိုင်တဲ့ အခြေခံမူတွေဖြစ်ဖို့၊ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ပါဝင်လာတဲ့အချိန်ရောက်ရင် သူတို့တွေပါ လက်ခံနိုင်မယ်လို့ ယူဆရတဲ့အချက်တွေဖြစ်ဖို့ ဆောင်ရွက်ထားပါတယ်လို့ ဆိုတယ်။

“အခုအခြေခံမူတွေ ထွက်လာရင်ကြည့်လိုက်ပါ။ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကိုယ်တိုင် လက်ခံနိုင်တဲ့ အချက်တွေ ဖြစ်ပါလိမ့်မယ်။ အားလုံးပါခြင်းမပါခြင်းထက် လက်မှတ်ထိုးတဲ့သူရော မထိုးတဲ့သူရော၊ လက်ခံနိုင်တဲ့အချက်တွေ ထွက်ပေါ်လာပါလိမ့်မယ်”လို့ ဦးဇော်ဌေးက Frontier ကိုရှင်းပြပါတယ်။

TNLA ဒုတိယ ဥက္ကဋ္ဌ တာဂျုတ်ဂျားကတော့ “၂၀၀၈ ဖွဲ့စည်းပုံအောက်မှာပဲ သွားမယ်ဆိုရင် ဒါကောင်းတဲ့ လက္ခဏာထွက်မှာ မဟုတ်ဘူး”လို့ ဝေဖန်ပေမယ့် အမည်မဖော်လိုတဲ့ အစိုးရမဟုတ်သော UPDJC  အဖွဲ့ဝင် တစ်ဦးကတော့ “၂၀၀၈ အခြေခံဥပဒေကို ထည့်ပြောနေရင် ဒီလိုဆွေးနွေးစရာမရှိဘူး။ ဒီညီလာခံလည်း မရှိဘူး။ ဒီလိုပဲ အခုလုပ်နေတာတွေက ၂၀၀၈ ကို ကျော်နေပြီလို့ပြောရင်လည်း စကားလုံး ငြင်းချင်တာလား ရလဒ်ကို မလိုချင်တာလား မေးခွန်းထုတ်စရာပေ့ါ”လို့ Frontier ကို ပြောပါတယ်။

ဦးဇော်ဌေးကတော့ “ပြည်ထောင်စုသဘောတူညီချက်ရလာရင် ဖွဲ့စည်းပုံအခြေခံဥပဒေလည်း ပြင်ရမှာပဲ။ ၂၀၀၈ အခြေခံဥပဒေကို အသေကြီးထားပြီးတော့ ဖက်ဒရယ်ကို သွားနေတာမဟုတ်ဘူး။ အခုလုပ်ငန်းစဉ်က ၂၀၀၈ အခြေခံဥပဒေ ဘောင်အသေကြီးထဲက ရွေးရမှာမဟုတ်ဘူးဆိုတာသိစေလိုတယ်”လို့ ဆိုပါတယ်။

နံပါတ် ၇ အကျပ်အတည်း

ညီလာခံကြီးပြီးသွားတဲ့အခါ ရလာတဲ့ သဘောတူညီချက်တွေဟာ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း ဖြစ်လာမှာပါ။ ဒါပေမယ့် ချမှတ်ထားတဲ့နိုင်ငံရေးမြေပုံအတိုင်း ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းပြီး ဥပဒေပြုမပြုဆိုတဲ့အပိုင်းမှာတော့ UPDJC မှာ ဒီကနေ့အထိ တိတိကျကျဆုံးဖြတ်ထားတာမျိုး မရှိသေးပါဘူး။

ဦးဇော်ဌေးကတော့ “အခုကတော့ ပြည်ထောင်စုသဘောတူညီချက်မှာပါမယ့် အစိတ်အပိုင်းတွေပဲ ထွက်လာမှာ။ ပြီးရင် ဒီအစိတ်အပိုင်းတွေကိုပဲ စုပြီးတော့ လွှတ်တော်တင်မလား UPDJC မှာ ဒါထပ်ဆွေးနွေးရမယ်။ ပါဝင်တဲ့ အစုအဖွဲ့တွေအားလုံး ပြန်ညှိရမယ်” လို့ Frontierရဲ့ မေးမြန်းမှုကို ဖြေကြားထားပါတယ်။

ဒါ့အပြင် “အခြေခံမူတွေနောက်မှာ ထပ်ပြီးလုပ်ရမှာ အများကြီးကျန်သေးတယ်၊ ခေါင်းစဉ်ခွဲတွေ အများကြီးရှိ ဦးမယ်။ ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်တယ်လို့ အခြေခံမူချလိုက်တယ်ဆိုပါတော့။ ဒီအခြေခံဥပဒေတွေကို ဘယ်လိုရေးမလဲစသည်ဖြင့် ခေါင်းစဉ်တွေအများကြီးဆွေးနွေးဖို့ ကျန်ပါသေးတယ်။ အခြေခံမူကျရင် နောက်ထပ်လုပ်ရမှာတွေက လွယ်သွားပါလိမ့်မယ်။ အဲဒီအဆင့်ကနေသူတို့ (NCA မထိုးရသေးသူတွေ) ဝင်ပါလို့ရပါတယ်”လို့ ဦးဇော်ဌေးက ဆက်လက်ရှင်းပြပါတယ်။

ဒုတိယအကြိမ် ညီလာခံပြီးသွားရင် ရလာတဲ့ အခြေခံမူဝါဒတွေကို ဥပဒေပြုမပြုကိစ္စအပြင် နောက်တစ်ကြိမ် ညီလာခံမတိုင်မီ ဒေသအသီးသီးမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေပြန်ကျင်းပ၊ ရလဒ်တွေကို အဆင့်ဆင့်တင်ပြစတဲ့ လုပ်ငန်းစဉ်တွေ ပြန်လုပ်ရဦးမှာမို့ NCA မှာကျန်နေတဲ့သူတွေ လက်မှတ်ရေးထိုးတာနဲ့ တစ်ပြိုင်နက် နိုင်ငံရေးဆွေးနွေးမှုတွေမှာ ချက်ခြင်းဝင်ပါလို့ရတယ်ဆိုတဲ့ သဘောပါ။

ဦးမင်းဇင်ကတော့ “အစိုးရအနေနဲ့ချဉ်းကပ်မှုအသစ်တွေ၊ ထပ်ကြော့ အားထုတ်မှု လုပ်ရအုံးမယ့်သဘောပါပဲ။ တခါ လက်မှတ်ထိုးပြီးသား အဖွဲ့တွေအတွက်လည်း NCA စာချုပ် အပိုဒ် ၂၅ မှာပါတဲ့ ကြားကာလ အစီအစဉ်ကိစ္စ တောင်းဆိုဆွေးနွေးတာ ပိုဖြစ်လာနိုင်ပါတယ်”လို့ သုံးသပ်ပါတယ်။

လက်ရှိ NCA လက်မှတ်ထိုးပြီးသူတွေတောင် တစ်နှစ်ကျော်ကြာချိန်အထိ ထိထိရောက်ရောက် ခံစားခွင့် မရသေးတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုမြှင့်တင်ရေးနဲ့ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးတို့လို စာချုပ်ပါကိစ္စရပ်တွေအပေါ် တောင်းဆိုမှုတွေပိုမြင့်လာနိုင်မယ်လို့ ဦးမင်းဇင်က ပြောတာဖြစ်ပါတယ်။

ဒါ့အပြင် ရှေ့ဆက်ရမယ့် ခရီးမှာ ငါးနှစ်ဆိုတဲ့ အချိန်အကန့်အသတ်ကြားက ဆောင်ရွက်ရတဲ့ အစိုးရဖက်က ဖြစ်ချင်ဇောများလေ၊ ဈေးအလျော့အတင်းပိုလုပ်ရလေ ဖြစ်မှာမို့ ဖိအားနဲ့ စွန့်စားမှုတွေများနိုင်တာကိုလည်း သတိပြုဖို့လိုတယ်လို့ ဦးမင်းဇင်က ထောက်ပြပါသေးတယ်။

“အစိုးရတွေမှာ အချိန်မိုးကုတ်စက်ဝန်း time horizon က ငါးနှစ်သက်တမ်းနဲ့ဘောင်ခတ်လေ့ရှိပြီး (တပ်မတော်နဲ့တိုင်းရင်းသားတပ်တွေအပါအဝင်) လက်နက်ကိုင်တပ်တွေ အတွက်ကတော့ အချိန်အကန့်အသတ်ရဲ့ဖိအားနည်းပါတယ်။ ဒီတော့ ပြင်ဆင်ချိန် planning horizon လည်း ပိုရတတ်ပါတယ်။ ဒါကြောင့် တင်းခံနိုင်စွမ်းလည်း ပိုမြင့်ပါတယ်” လို့ ဦးမင်းဇင်က Frontierကို ပြောပါတယ်။

ဒါ့အပြင် အဖွဲ့အစည်းအသီးသီးရဲ့ အကျိုးစီးပွားချိန်ခွင်လျှာ ညှိနှိုင်းမှုသာမက နိုင်ငံတော်တည်ဆောက်ရေးနဲ့ ပြည်ထောင်စုလက္ခဏာ တည်ဆောက်ရေးတွေမှာလည်း အချိန်ယူရသလို အကြောင်းအမျိုးမျိုးနဲ့ အချိန်ဆွဲချင်တဲ့သူတွေရှိနေမှာကိုလည်း သူက ထောက်ပြပါတယ်။

“ပြည်ထောင်စုမျှော်မှန်းချက်အမြင် ညှိယူရေးဟာ အချိန်ယူရတယ်။ လုပ်ငန်းစဉ်ထဲ တက်သုတ်ရိုက် ဆွဲသွင်းလို့တော့ ဖြစ်ခဲတယ်။ ဖြစ်ရင်လည်း တည်မြဲခဲပါတယ်”လို့လည်း ဦးမင်းဇင်က သတိပေးလိုက်ပါသေးတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.