ကိုဗစ် ၁၉ တိုက်ဖျက်ရေး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်တွဲရမည့်အချိန်

COVID-19 တိုက်ဖျက်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလက်အောက်ရှိ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ လက်တွဲဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာနိုင်ငံသည် ပိုမိုလုံခြုံ၊အင်အားကြီးမားကာ ပိုမိုစည်းလုံးမှုရှိသော နိုင်ငံတစ်ခု ဖြစ်လာမည် ဖြစ်သည်။

By TOM TRAILL & DR SI THURA | FRONTIER

COVID-19 သည် အစည်းပြေနေသော နိုင်ငံများကို ညီညွတ်အောင် လုပ်ဆောင်နိုင်သလို ပိုမိုကွဲပြားသွားအောင်လည်း လုပ်ဆောင်နိုင်စွမ်းရှိနေသည်။ COVID-19 ကြောင့် တိုင်းရင်းသားမျိုးနွယ်များ၊ လူမှုအလွှာများနှင့် ပထဝီဝင်အရဝေးကွာသည့် ဒေသများသည်လည်း ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ပိုမိုစုစည်းမိသွားနိုင်သလို ခွဲခြားဆက်ဆံမှုများ၊ တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုခုကို တရားခံရှာ အပြစ်တင်မှုများ၊ ပိုမိုဖယ်ထုတ်မှုများနှင့် ယခင်ကတည်းက စီးပွားရေးအရ ဘေးဖယ်ထုတ်ခံထားရသည့် အဖွဲ့အစည်းများ ပိုမိုဆင်းရဲမွဲတေသွားမှုကြောင့် ကွဲပြားမှုများ ပိုမိုပင်ကြီးထွားသွားစေနိုင်သည်။
COVID-19 မဖြစ်မီကတည်းက မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုးတက်မှုမရှိဘဲ ရပ်ဆိုင်းနေခဲ့သည်။ အစိုးရ နှင့် အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား ယုံကြည်မှုလည်း နည်းပါးခဲ့သည်။
သို့သော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ COVID-19 တိုက်ဖျက်ရေးကို အတူတကွလုပ်ဆောင်နိုင်မည်ဆိုပါက မြန်မာနိုင်ငံသည် ကူးစက်ရောဂါကိုအောင်နိုင်ပြီးနောက် ပိုမိုအင်အားကြီးမားပြီး ပိုမိုစည်းလုံးသော နိုင်ငံအဖြစ် ထွက်ပေါ်လာရန် အခွင့်အလမ်းရှိနေသည်။
COVID-19 တိုက်ဖျက်ရေးနှင့်ပတ်သက်၍ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည့် ကော်မတီတစ်ရပ်ကို အစိုးရက မကြာသေးမီတွင် ဖွဲ့စည်းပေးလိုက်သောကြောင့် အပြုသဘောဆောင်မျှော်လင့်ရန် အကြောင်းပြချက်တချို့ရှိလာခဲ့သည်။
အလှူရှင်နိုင်ငံများမှ စ၍ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံရေးသမားများနှင့် လက်နက်ကိုင်များပါဝင်သည့် ကော်မတီသည် COVID-19 တိုက်ဖျက်ရေးကိုသာမက အဓွန့်ရှည်ကြာပြီး တန်းတူညီမျှသော ငြိမ်းချမ်းရေးအတွက် အုတ်မြစ်ချရန် အခွင့်အလမ်းကို မလွတ်တမ်းဆုတ်ကိုင်ထားသင့်ပေသည်။
တိုင်းရင်းသားနှင့် ဘာသာရေးအဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါက မြန်မာသည် COVID-19 တိုက်ဖျက်ရေးတွင် အောင်မြင်မှုရရှိမည်မဟုတ်ချေ။ နယ်မြေအလိုက် သီးခြားစီအောင်ပွဲခံနေခြင်းဖြင့် လုံလောက်မည်မဟုတ်ချေ။ ဗိုင်းရပ်စ်ကို ရှမ်းပြည်နယ်တစ်ခုတည်းတွင်သာ ထိန်းချုပ်နိုင်ပြီး မန္တလေးတိုင်းဒေသကြီး၌ ပြန့်ပွားရန် ပစ်ထားလို့မရချေ။ သို့မဟုတ် ကရင်ပြည်နယ်တွင် ထိန်းချုပ်နိုင်ပြီး မွန်ပြည်နယ်တွင် လွှတ်ထားရန်လည်းမဖြစ်နိုင်ချေ။ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ညီတူမျှတူတိုက်ပွဲဝင်ကြရမည်ဖြစ်သည်။
ယင်းသို့ တန်ပြန်တိုက်ခိုက်ရာတွင် အစိုးရထိန်းချုပ်မှုအောက်ရှိ နယ်မြေများလည်းပါဝင်နေသည်။ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ(EHOs) များဟုသိကြသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလက်အောက်ရှိ ကျန်းမာရေးဌာနများသည်လည်း အစိုးရအတွက် မရှိမဖြစ်လိုအပ်သည့် လက်တွဲဖော်များဖြစ်ကြသည်။
တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၏ COVID-19 ရှိမရှိစစ်ဆေးမှု နှင့် ကူးစက်ခံရသူများကို ကုသပေးမှုများတွင် အစိုးရက အကူအညီပေးရန် လိုအပ်သည်။ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများကလည်း ရောဂါအခြေအနေစိုးရိမ်ရသူများအား အစိုးရဆေးရုံများသို့ ရွှေ့ပြောင်းပို့ဆောင်ရန်နှင့် ရောဂါဖြစ်ပွားမှုဆိုင်ရာသတင်းအချက်အလက် ဝေမျှရန်တို့နှင့်ပတ်သက်၍ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။
ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ ယခင်ကလည်း ရှိခဲ့သည်။ ၂၀၀၀ ပြည့်နှစ်ကျော်ကာလများတွင် ဆေးယဉ်ငှက်ဖျားရောဂါ ထိုင်းနှင့် မြန်မာနယ်စပ်တွင် ပြန့်ပွားဖြစ်ပွားသည့်အခါတွင် Community Partners International ကဲ့သို့ အင်န်ဂျီအိုများသည် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ နိုင်ငံလုံးဆိုင်ရာငှက်ဖျားတိုက်ဖျက်ရေးအစီအစဉ်နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အကူအညီပေးခဲ့သည်။
အကျိုးဆက်ရလဒ်မှာ ထူးခြားလှသည်။ ယနေ့တွင်လည်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၌ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများသည် အစိုးရ၊ အင်န်ဂျီအိုတို့နှင့်ပူးပေါင်းဆောင်ရွက်မှုကြောင့် ၂၀၁၂ ခုနှစ်မှစ၍ ငှက်ဖျားရောဂါဖြစ်ပွားမှု ၈၅ ရာခိုင်နှုန်းနှင့် သေဆုံးမှုနှုန်းကို ၉၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်။ ကရင်ပြည်နယ်၌လည်း ကာကွယ်ဆေးထိုးနှံသည့်အစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုများရှိရေး အပြုသဘောဆောင်သော ခြေလှမ်းများရှိခဲ့သည်။
သို့သော် COVID-19 နှင့်ပတ်သက်၍ ယခုအချိန် ပူးပေါင်းဆောင်ရွက်မှုများမှာမူ မရှိသလောက်နည်းပါးနေသေးသည်။ COVID-19 ရှိမရှိ ဓာတ်ခွဲနမူနာရယူမှုများကို အစိုးဝန်ထမ်းများကသာ ပြုလုပ်ပြီး အစိုးရစမ်းသပ်ခန်းများတွင် စစ်ဆေးမှုများပြုလုပ်နေကာ တစ်ချိန်တည်းမှာပင် နေပြည်တော်ရှိ ဆွေးနွေးမှုနှင့်အရင်းအမြစ်ခွဲဝေအသုံးချရေးစီစဉ်များသည်လည်း အစိုးရဆေးရုံ၊ ဆေးပေးခန်းများအတွက် လိုအပ်ချက်များ၊ ကြိုတင်တုံ့ပြန်မှုများအပေါ်သာ အဓိကထားနေသည်။ ယခုအချိန်အထိ နေပြည်တော်မှ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများထံသို့ မည်သည့်အရင်းအမြစ်ကိုမျှ ပို့ဆောင်ခြင်းမပြုသေးချေ။
အစိုးရက တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများ၏လှုပ်ရှားမှုအပေါ် ပိုမိုဖိအားပေးမှုကြောင့် အစိုးရနှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှုက ပိုမိုပင်နည်းပါးသွားခဲ့သည်။ နှစ်ပေါင်းများစွာအတွင်း အစိုးရ၏ပြည်နယ်အဆင့် အစီအစဉ်များနှင့် အရေးပေါ်စီမံကိန်းဆိုင်ရာအစည်းအဝေးများတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများသည် COVID-19 တုံ့ပြန်ရေးအစည်းအဝေးများသို့ ဖိတ်ကြားမခံရသေးချေ။
မကြာသေးမီတွင်လည်း မြန်မာ့တပ်မတော်သည် ကရင်အမျိုးသားအစည်းအရုံးက စီမံနေသည့် COVID-19 ရှိမရှိစစ်ဆေးသည့် လုံခြုံရေးဂိတ်ကိုပင် ဖျက်ဆီးခဲ့သေးသည်။ အကျိုးဆက်အဖြစ် နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် အစိုးရအကူအညီမပါဘဲ ကူးစက်ရောဂါကို မည်ကဲ့သို့ တိုက်ဖျက်မည်နှင့်ပတ်သက်၍ ဆွေးနွေးနေခဲ့သည်။
သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံရေးအတွက် ကော်မတီသစ်ဖွဲ့စည်းခြင်း၊ COVID-19 တိုက်ဖျက်ရေး ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သည့် အစီအစဉ်တို့ကြောင့် ယင်းအခြေအနေများ ပြောင်းလဲသွားနိုင်သည်။
ဗိုင်းရပ်စ်တိုက်ဖျက်ရေး၊ ထိန်းချုပ်ရေးနှင့် ကူးစက်ခံထားရသူများအား ကုသရေးတို့နှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းဦးဆောင်သော ကော်မတီတစ်ခုကိုဖွဲ့စည်းကြောင်း သမ္မတရုံးက ဧပြီ ၂၇ ရက်တွင် အမိန့်ညွှန်ကြားချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
နောက်ဆုံးထုတ်ပြန်သော အစီအစဉ်တွင် အစိုးရက လူ့အဖွဲ့အစည်းတစ်ခုလုံး ညီညွတ်စွာတုံ့ပြန်ရေး ဆိုသည့် စကားလုံးကို သုံးစွဲခဲ့ပြီး တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ပြီး ယင်းအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ရန်တို့ကို သိသာထင်ရှားစွာဦးစားပေးရန် ဖော်ပြထားသည်။
ယင်းတိုးတက်မှုများက ရည်ရွယ်ချက်ကောင်းကိုဖော်ပြထားသော်လည်း လက်တွေ့တွင် တကယ်ဖြစ်လာမည်မဖြစ်လာမည်ကိုမူ မသိရသေးချေ။
လူ့အဖွဲ့အစည်းတစ်ခုလုံး ညီညွတ်စွာ တုံ့ပြန်မှုဆိုသည့် အားလုံးအကျုံးဝင်သည့် စကားလုံးများ အဓိပါ္ပယ်ရှိလာပြီး လက်တွေ့တွင် ကြီးမားသော ပြောင်းလဲမှုများရှိလာရေးအတွက် ယင်းအဆိုပြုထားသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဦးစားပေးလုပ်ငန်းစဉ်အဖြစ် သတ်မှတ်သင့်ပေသည်။
ဆက်သွယ်ရေးလမ်းကြောင်းများကို ဖန်တီးပြီး တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများက အစိုးရဆေးရုံများသို့ လူနာလွှဲပြောင်းပေးနိုင်ရေး နည်းလမ်းများကို ဖန်တီးရမည်ဖြစ်သည်။ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၏ ဆေးကုသရေးဌာနများတွင်လည်း တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများလိုအပ်မည်ဖြစ်သလို သာမန်နာဖျားမှုများကို ကုသရန် အရည်အသွေး၊ ကုသရေးကိရိယာနှင့် ဆေးဝါးများလည်း လိုအပ်မည်ဖြစ်သည်။
ရေရှည်တွင်မူ တိုင်းရင်းသားကျန်းမာရေးဌာနများပိုမိုအင်အားကောင်းလာပြီး အစိုးရနှင့် ပိုမိုချိတ်ဆက်မိရေးတို့အတွက် ယနေ့လုပ်ဆောင်မှုသည် နောင်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား တရားဝင်ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံကောင်းဖြစ်လာသင့်ပေသည်။ COVID-19 လွန်ကာလတွင် ယင်းဆက်ဆံရေးကို ကျော်လွန်သွားသင့်ပြီး မခိုင်မြဲသေးသည့် ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် အရေးတကြီးလိုအပ်နေသည့် ခွန်အားတစ်ခုဖြစ်လာသင့်သည်။
COVID-19 ကပေးသည့် အန္တရာယ်မှာ ယခုရှိနေသည့် အန္တရာယ်ဖြစ်သည်။ အဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံး COVID-19 အန္တရာယ်ကင်းရေးအတွက် လက်တွဲဆောင်ရွက်ရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နည်းလမ်းရှာဖွေရမည်ဖြစ်သည်။ သို့သော် ယနေ့ပြုလုပ်လိုက်သည့် ရွေးချယ်မှုများသည် အနာဂတ်အပေါ် များစွာသက်ရောက်မှုရှိလာမည်ဖြစ်သည်။

Tom Traill သည် ကျန်းမာရေးဘောဂဗေဒပညာရှင်တစ်ဦးဖြစ်ပြီး Si Thura သည် Community Partners Internationl(CPI) ၏အမှုဆောင်ဒါရိုက်တာဖြစ်သည်။ CPI သည် မြန်မာနိုင်ငံရှိ ပဋိပက္ခထူပြောပြီး လူသူရောက်ရှိရန်ခက်ခဲကာ အခွင့်အလမ်းနည်းပါးလှသာ ဒေသများ၌ အရေးတကြီးလိုအပ်သည့် ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားအကူအညီနှင့် ဖွံ့ဖြိုးရေးလိုအပ်ချက်များထောက်ပံ့ကူညီနေသည့် အမြတ်အစွန်းမယူသော အဖွဲ့အစည်းဖြစ်သည်။

သက်အေး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.