အေ့ဒ်စ်ကြောင့် ကျွန်တော် ဒီအစီအစဉ်လုပ်ဖြစ်တာပါ

အဲရစ်ထရုတွိုင်းသည် သူ့မှာ အိပ်ချ်အိုင်ဗီရောဂါပိုးရှိနေမှန်း လွန်ခဲ့သောအနှစ် ၂၀ က သိလိုက်ရပြီးနောက် သူ့မွေးရပ်မြေမှာပဲ ခေါင်းချတော့မည်ဟုဆုံးဖြတ်ကာ သူ့ဇာတိချက်ကြွေ ရေနံချောင်းမြို့သို့ ပြန်လာခဲ့ရာ သေကံမရောက် သက်မပျောက်ခဲ့ဘဲ သူ့ကျန်းမာရေးက တိုးတက်ကောင်းမွန်လာခဲ့သဖြင့် တည်းခိုခန်းတစ်ခန်း၊ မိဘမဲ့ကလေးများအတွက် ကျောင်းလေးတစ်ကျောင်းဖွင့်ကာ ဘဝသစ်ကို ထူထောင်နိုင်ခဲ့လေပြီ။

အီဗာဟီရ်ရှီ ရေးသားသည်။

အဲရစ်ထရုတွိုင်း Eric Trutwein တစ်ယောက် သူ့မှာ အိပ်ချ်အိုင်ဗီရောဂါပိုး ရှိနေပြီဆိုသည်ကို ရုတ်တရက်သိလိုက်ရချိန်မှာ ၁၉၉၉ ခုနှစ်၊ သူ့အသက် ၅၄ နှစ်ရှိပြီဖြစ်သည်။ ရန်ကုန်ဆေးရုံကြီးက သူ့သွေးကိုစစ်ပြီး သူ အိပ်ချ်အိုင်ဗီရောဂါပိုး ရှိနေပြီ။ မကြာမီ အိပ်ချ်အိုင်ဗီ-အေ့ဒ်စ်ရောဂါ AIDS ဖြစ်လာနိုင်သည်။ ကုသမှုမခံယူလျှင် အသက်ဆုံးနိုင်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်ကမှ သူအိမ်ထောင်ပြုခဲ့ခြင်းဖြစ်ရာ သူ့ဇနီးကိုလည်း သွေးစစ်ခိုင်းသည်။ သူ့ဇနီးလည်း အိပ်ချ်အိုင်ဗီရောဂါပိုး HIV positive ဖြစ်နေသည်။

သည်တော့မှ သူ့ဇနီး၏ ပထမယောက်ျားမှာ Acquired Immune Deficiency Syndrome AIDS ခေါ် ခုခံအားကျဆင်းမှုကူးစက်ရောဂါဖြင့် ၁၉၉၇ ကမှ ကွယ်လွန်သွားခဲ့ကြောင်း သိလာရသည်။ သူ့ဇနီးသည်မှာ နောက် ၂ နှစ်ပင် မပြည့်ခင် ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာတွင် ကွယ်လွန်သွားသည်။ လေးလံလှသော ကံကြမ္မာဝန်ကိုထမ်းရင်း သူ့မွေးဇာတိ ရေနံချောင်းသို့ပြန်ရန် အဲရစ်ထရုတွိုင်း ဆုံးဖြတ်ခဲ့သည်။

အင်္ဂလိပ်-မြန်မာ ကပြား အဲရစ်ထရုတွိုင်းကို ၁၉၄၅ တွင် ရေနံချောင်းမြို့၌ မွေးဖွားခဲ့သည်။ သူ့၏ဘေး great-grandfather ဖြစ်သူသည် ဗြိတိန်နိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ကာ မြန်မာအမျိုးသမီးနှင့် အိမ်ထောင်ကျသည်။

“အိမ်မှာ အင်္ဂလိပ်လိုပဲ ပြောခွင့်ပြုတယ်” ဟု ယခုအသက် ၇၃ နှစ်ရှိနေသည့် အဲရစ်ထရုတွိုင်းကပြောသည်။ သူသည် ငယ်စဉ်ကတည်းက ခရစ်ယာန်သာသနာပြုကျောင်းမှာပင် ပညာသင်ခဲ့ရသူဖြစ်သည်။ အဲရစ်ထရုတွိုင်း၏အဘေးသည် ဗြိတိသျှပိုင် ဘီအိုစီ BOC ရေနံကုမ္ပဏီ၌လုပ်ကိုင်ရင်း ရေနံချောင်းသို့ ရောက်လာသည်။ ရေနံချောင်းတွင် ရေနံကိုမြေတွင်းမှ ရှေးနှစ်ပေါင်းရာကျော်ကတည်းက ထုတ်ယူသုံးစွဲခဲ့ကြသည်။

ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ရေနံချောင်းမှာ အဓိကရေနံမြေဖြစ်လာခဲ့သည်။ ဘီအိုစီကုမ္ပဏီသည် ရေနံချောင်းရေနံမြေတွင် ၁၈၈၇ ၌ ရေနံစတင်ထုတ်လုပ်ပြီး ရေနံချောင်းမှ မြောက်ဘက် ၇၂ ကီလိုမီတာအကွာ ချောက်ရေနံမြေ၌ ၁၉၀၂ ခုနှစ်တွင် စတင်ထုတ်ယူခဲ့သည်။ ထိုရေနံများဖြင့် ရင်းနှီးမြှုပ်နှံသူ ဗြိတိသျှတို့ ကြွယ်ဝချမ်းသာသွားကြသည်။ ၁၉၆၂ ဗိုလ်ချုပ်နေဝင်း၏စစ်တပ်က အာဏာသိမ်းလိုက်သောအခါ အခြားစက်မှုလုပ်ငန်းအားလုံးနှင့်အတူ ဘီအိုစီကုမ္ပဏီကိုလည်း ပြည်သူပိုင်သိမ်းလိုက်သည်။

ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အောက်တွင် ရေနံလုပ်ငန်းရော၊ မြန်မာ့စီးပွားရေးပါ တဖြည်းဖြည်း ဆုတ်ယုတ်ကျဆင်းသွားခဲ့သည်။ အဲရစ်ထရုတွိုင်း၏ဘေး (အဘိုး၏ဖခင်) တွင် သား သုံးယောက်ရှိရာ အားလုံး ဘီအိုစီကုမ္ပဏီတွင် လုပ်ကိုင်ကြသည်။ ဘီအိုစီကို နိုင်ငံပိုင်သိမ်းလိုက်သောအခါ သူတို့မိသားစုမှာ အခြားသူများလိုပင် ဝင်ငွေမရှိဖြစ်သွားသည်။ ထရုတွိုင်းမိသားစုသည် စစ်တပ်က အာဏာသိမ်းပြီးနောက် အခြားကပြားမိသားစုများစွာနည်းတူ မြန်မာနိုင်ငံကို စွန့်ခွာမသွားကြဘဲ မြန်မာနိုင်ငံမှာပင် ဆက်နေခဲ့ကြသည်။ အဲရစ်ထရုတွိုင်းက သူသည် ကြိုးစားပါသော်လည်း သြစတြေးလျပြည်ဝင်ခွင့်ဗီဇာ နှစ်ကြိမ်တိုင် ငြင်းပယ်ခြင်းခံခဲ့ရသည်ဟု ပြောပြသည်။

ရေနံလုပ်ငန်းကို စွန့်ခွာခဲ့ပြီးနောက် အဲရစ်ထရုတွိုင်းနှင့် သူ၏မိသားစုသည် သစ်ကုန်သည်အလုပ်လုပ်ကိုင်ရင်း အဖိုးတန်ကျွန်းတောကြီးများအတွင်း ရောက်ခဲ့ကြသည်။ နောက်ပိုင်းတွင် နိုင်ငံပိုင်ရေနံကုမ္ပဏီအတွက် ရေနံလှောင်ကန်များ၊ ရေနံပိုက်လိုင်းများ တည်ဆောက်ပေးခြင်းစသည့် အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးစီမံကိန်းများ လုပ်ကိုင်ပေးခဲ့သည်။

ဤသို့ဆောက်လုပ်ရေးလုပ်ငန်း အတွေ့အကြုံများစွာ ရရှိခဲ့သော်လည်း သူ့ဖခင်၏အလုပ်ကို စိတ်မဝင်စားဘဲ မန္တလေးတက္ကသိုလ်၌ စိတ်ပညာသင်ယူခဲ့သည်။ သို့သော် တစ်နှစ်သာတက်ပြီးနောက် အင်္ဂလိပ်တတ်ကျွမ်းမှု၊ အင်ဂျင်နီယာပညာရပ်၌ထူးချွန်မှုတို့ကြောင့် ရန်ကုန်ရှိ ဗြိတိသျှကောင်စီတွင် စက်ပြင်ဆရာ အလုပ်ရရှိသည်။ စိတ်ပညာကို ရန်ကုန်လုပ်သားကောလိပ်တွင် ဆက်လက်သင်ယူသည်။

လေသာကုန်းတည်းခိုဆောင်မှ လှမ်းမြင်ရသည့် ဧရာဝတီမြစ်နောက်ခံရှုခင်း။ ဓာတ်ပုံ - အီဗာဟီရ်ရှီ

လေသာကုန်းတည်းခိုဆောင်မှ လှမ်းမြင်ရသည့် ဧရာဝတီမြစ်နောက်ခံရှုခင်း။ ဓာတ်ပုံ – အီဗာဟီရ်ရှီ

မပြောကောင်းသည့် အကြောင်းအရာ

အိပ်ချ်အိုင်ဗီ/ အေ့ဒ်စ်ရောဂါ စွဲကပ်နေမှန်း သိရှိရပြီးနောက် မိမိကြာကြာနေရတော့မှာမဟုတ်ဟု စိုးရိမ်စိတ်ဖြစ်လာသည်။ ၂၀၀၀ ပြည့်နှစ်ထဲရောက်သည်နှင့် သူရေနံချောင်းကို ပြန်သွားသည်။ ဧရာဝတီမြစ်ကို အပေါ်စီးမှမြင်နေရသော တောင်ကုန်းတစ်ခုပေါ်၌ မြေတကွက်ဝယ်ပြီး အိမ်တစ်လုံးဆောက်သည်။ သူ့ဘဝ၏ နောက်ဆုံးနေ့ရက်များကို ဒီအိမ်လေးမှာပဲ ကုန်ဆုံးစေတော့မည်။

“အဲဒီအချိန်တုန်းက မြန်မာပြည်မှာ ဒီရောဂါအတွက် ဆေးမရှိသေးဘူး။ လူတွေက အဲဒီအကြောင်း ပြောတောင်မပြောကြဘူး။ အစိုးရကလည်း မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံ ဖြစ်တာကြောင့် မြန်မာပြည်မှာ အိပ်ချ်အိုင်ဗီရောဂါပိုး မရှိပါဘူးလို့ ပြောနေတဲ့အချိန်ပေါ့” ဟု အဲရစ်ထရုတွိုင်းကပြောသည်။

သို့သော် ကံတရားက အဲရစ်ထရုတွိုင်းကို မျက်နှာသာပေးခဲ့သည်။

“ကျွန်တော့်ကျန်းမာရေး ပြန်ကောင်းလာတယ်ဗျ။ သွားနိုင်လာနိုင် လှုပ်ရှားလာနိုင်တယ်။ မြို့ထဲအနှံ့ လမ်းလျှောက်သွားတယ်” ဟုသူကဆိုသည်။

ထိုအခါကျမှ လူများ အတော်ဆင်းရဲနေသည်ကို တွေ့လိုက်ရသည်။ ဘုန်းကြီးကျောင်းများရှေ့မှာ ကလေးလေးများ တောင်းရမ်းစားသောက်နေသည်ကို မြင်ရသည်မှာ စိတ်မကောင်းစရာကောင်းလှသည်ဟု ဆိုသည်။ မိဘမဲ့ကလေးများမှာ သူတို့မိဘများ အေ့ဒ်စ်ရောဂါဖြင့် ကွယ်လွန်ကုန်ကြသဖြင့် မိဘမဲ့ဖြစ်ကုန်ကြတာများကြောင်းနှင့် အဲရစ်ထရုတွိုင်းက ကလေးများအား စားစရာများပေးကာ အင်္ဂလိပ်စာလည်း သင်ကြားပေးသည်။

“ဒီကလေး ၁၃ ယောက်က ကျွန်တော်သွားလေရာနောက် တကောက်ကောက် လိုက်နေကြတယ်။ ဒါကြောင့် သူတို့ကို ကျွန်တော့်အိမ်မှာ နေခွင့်ပေးလိုက်တယ်”

အဲရစ်ထရုတွိုင်းသည် အေ့ဒ်စ်ရောဂါအကြောင်း လူအများ ဗဟုသုတတိုးပွားလာအောင် ပညာပေး လှုံ့ဆော်မှုများလည်း လုပ်ဆောင်ခဲ့ရာ အီတလီအင်န်ဂျီအိုအဖွဲ့ Progetto Continenti ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ ထိုအဖွဲ့ကို ရောမမြို့တွင် ၁၉၈၉ ခုနှစ်က တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်ကတည်းက လုပ်ကိုင်လာခဲ့သည်။ သူတို့သည် မြန်မာ့ရိုးရာဇာတ်ပွဲများ၏ အကူအညီဖြင့် သန္ဓေတားပညာပေး၊ လိင်ပညာပေးနှင့် လိင်မှတဆင့် ရောဂါကူးစက်မှုများအကြောင်း လူထုပညာပေး အစီအစဉ်များ လုပ်ဆောင်ကြသည်။

“ကျွန်တော်မှတ်မိသေးတယ်၊ ဇာတ်ပွဲမှာ ကွန်ဒွန်အသုံးပြုပုံ ဘာကြောင့်ထည့်သွင်းရတယ်ဆိုတာ ဘုန်းကြီးတွေကို ရှင်းပြလျှောက်ထားခဲ့ရတယ်။ ပထမတော့ ဘုန်းတော်ကြီးတွေက ခွင့်မပြုချင်ကြဘူး။ နောက်တော့မှ လူထုကောင်းကျိုးအတွက် လုပ်ရတာဆိုတာ သဘောပေါက်သွားကြတော့မှ ခွင့်ပြုခဲ့ကြတယ်” ဟုဆိုပြီး ဇာတ်ပွဲများမှတဆင့် လူထောင်ပေါင်းများစွာကို ပညာပေးနိုင်ခဲ့ကြောင်း အဲရစ်ထရုတွိုင်းက ပြောပြသည်။

“ငါသေသွားရင် ဒီကလေးတွေ ဘယ်လိုလုပ်မလဲလို့ တွေးမိသွားတယ်။ ဒီမှာတင် တည်းခိုခန်းဆောက်ဖို့ စိတ်ကူးရခဲ့တာ” ဟု အဲရစ်ထရုတွိုင်းကပြောသည်။ သူ့စိတ်ကူးမှာ သူသေသွားလျှင် အဆိုပါ လေသာကုန်း တည်းခိုခန်းမှ ရသောဝင်ငွေဖြင့် ကလေးများဘ၀ ဆက်လက်ရပ်တည်နိုင်ရန်ဖြစ်သည်။ မိမိဖာသာ လေ့လာသင်ယူ တတ်မြောက်ခဲ့သော ဆောက်လုပ်ရေးအတွေ့အကြုံဖြင့် ဒေသခံလက်သမားအချို့နှင့် တိုင်ပင်ကာ ဘန်ဂလိုပုံစံ အခန်းတစ်ခန်းကို စတင်ဆောက်လုပ်သည်။

“လက်သမားအများစုက ပညာရေးအခြေခံမရှိ၊ စာတောင်ရေးတတ်ဖတ်တတ်ကြတာ မဟုတ်ဘူး။ ဒီတော့ မြေပေါ်မှာ ဒုတ်နဲ့ခြစ်ပြီး ကိုယ်ဆောက်ချင်တဲ့ ပုံစံရေးပြရတယ်” ဟု သူက ပြောပြသည်။

၂၀၀၆ ခုနှစ်၊ တည်းခိုရိပ်သာ ပထမတစ်ခန်း ပြီးစီးသွားချိန်တွင် မမျှော်လင့်ဘဲ ကျောင်းတုန်းကသူငယ်ချင်း မစ္စစ် ဘေဒါ ဟိုင်းယားဆင့် အယ်လ်ဇေဆာ Mrs. Beda Hyacinth Elsaesser နှင့်တွေ့လိုက်ရသည်။ သူသည် အိမ်ထောင်ကျပြီး ဂျာမနီတွင် အခြေချနေထိုင်ကာ အနှစ် ၃၀ ကြာခါမှ ရေနံချောင်းကို ပထမဆုံးအကြိမ် အလည်ရောက်လာခြင်းဖြစ်သည်။ အဲရစ်ထရုတွိုင်းက သူ့စီမံကိန်းကိုပြောပြရာ သူ၏ ပရဟိတစိတ်ဓာတ်ကို မစ္စစ်ဘေဒါကချီးကျူးပြီး တတ်အားသမျှ ကူညီမည်ဟုကမ်းလှမ်းပြောဆိုလာသည်။

“ကျွန်တော်က ရေနံကုမ္ပဏီတွေမှာ လုပ်ခဲ့တယ်ဆိုပေမဲ့ ဘာမှရန်ပုံငွေတွေ နောက်ခံတွေ ရှိတာမဟုတ်ဘူး။ ဒါကြောင့် အယ်လ်ဇေဆာက သူကူညီပါ့မယ်လို့ ပြောသွားပေမဲ့ ဘယ်လိုကူညီမှာလဲဆိုတာ စဉ်းစားလို့မရခဲ့ဘူး” ဟု အဲရစ်ထရုတွိုင်းက ရယ်မော၍ပြောပြသည်။ နောက် နှစ်နှစ်ခန့်အကြာ အယ်လ်ဇေဆာဆီက ဝမ်းသာစရာသတင်းကို ကြားရ၍ သူအံ့သြသွားသည်။ အယ်လ်ဇေဆာသည် ဂျာမနီမှ သူ့မိတ်ဆွေများနှင့်အတူ အဲရစ်ထရုတွိုင်း၏စီမံကိန်းအတွက် ရန်ပုံငွေရှာရန် အဖွဲ့လေးတစ်ဖွဲ့ ထူထောင်ခဲ့သည်။ အဖွဲ့အမည်ကို Kinderhilfe Birma (မြန်မာကလေးတွေအတွက် အကူအညီ) ဟုပေးထားသည်။

မေတ္တာအလင်းရောင်ကျောင်းကို မိဘမဲ့ကလေးများအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းလခပေးတက်ရသည့် ပြင်ပကျောင်းသား ၅၀ ခန့်ကို ကျောင်းစရိတ်ခုမိစေရန်လက်ခံထားသည်။ ဓာတ်ပုံ - အီဗာဟီရ်ရှီ

မေတ္တာအလင်းရောင်ကျောင်းကို မိဘမဲ့ကလေးများအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းလခပေးတက်ရသည့် ပြင်ပကျောင်းသား ၅၀ ခန့်ကို ကျောင်းစရိတ်ခုမိစေရန်လက်ခံထားသည်။ ဓာတ်ပုံ – အီဗာဟီရ်ရှီ

အစီအစဉ်ပြောင်းလဲမှု

ထိုအတောအတွင်း  အဲရစ်ထရုတွိုင်း၏ ကျန်းမာရေးကလည်း တစစယိုယွင်းလာပြီဖြစ်ရာ တည်းခိုရိပ်သာ၏ ကျန်အခန်းများကို တဖြည်းဖြည်း ဆက်လက်ဆောက်နေခဲ့ရသည်။ ပရဆေးဝါးများဖြင့်သာ ရောဂါသက်သာသလိုရှိနေပြီး နောက်နှစ်အနည်းငယ် လှုပ်နိုင်ရှားနိုင်နေခဲ့သည်။ ၂၀၀၈ အရောက် သူအတော် အင်အားယုတ်လျော့လာချိန်မှာပင် သူ့အသက်ကို ကယ်ပေးမည့် အေအာရ်တီဆိုသည့် Anti-Retroviral Treatment (ART) ဆေးများ ရန်ကုန်တွင်ရလာပြီး ယင်းဆေးဝါးဖြင့် ကုသမှုခံယူခဲ့သည်။

အေအာရ်တီဆေးရောက်လာပြီးနောက် မြန်မာပြည်တွင် အိပ်ချ်အိုင်ဗီပိုး ကူးစက်ခံနေရသူများ ကုသခံယူခဲ့ရသဖြင့် အခြေအနေများစွာ တိုးတက်လာခဲ့သည်။ UNAIDS အဖွဲ့ခန့်မှန်းချက်အရ မြန်မာပြည်တွင် ၂၀၁၇ တွင် အိပ်ချ်အိုင်ဗီရောဂါပိုး ကူးစက်ခံနေရသူ နှစ်သိန်းကျော် (၂၂၀,၀၀၀) ရှိနေဆဲဖြစ်ရာ အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံပြီးလျှင် ဒုတိယအများဆုံးဖြစ်သည်။ ရောဂါသည်အားလုံးမှာလည်း အေအာရ်တီဆေးကို လက်လှမ်းမီနိုင်ကြသည် မဟုတ်ချေ။

အဲရစ်ထရုတွိုင်းက မိဘမဲ့ကလေးတွေအတွက် ရည်စူး၍ ဂေဟာတစ်လုံးဆောက်စဉ်က အစိုးရက ခွင့်မပြုခဲ့ချေ။ ယင်းကိစ္စကို ဘုန်းတော်ကြီးကျောင်းများကသာ လုပ်ခွင့်ရှိသည်။ သို့သော် ၂၀၁၁ တွင် ပုဂ္ဂလိကကျောင်းဥပဒေ ထွက်လာရာ နောက်တစ်နှစ်၌ အဲရစ်ထရုတွိုင်းက လိုင်စင်လျှောက်၍ ရလာသည်။ သူ့တည်းခိုရိပ်သာမှ ၂ မိနစ်ခန့်သာ လျှောက်သွားရသောနေရာတွင် ပုဂ္ဂလိကကျောင်းကို ဖွင့်လှစ်နိုင်ခဲ့လေသည်။

“ဒါက ပိုလို့တောင် ကောင်းသေးတယ်ဗျာ” ဟု အဲရစ်ထရုတွိုင်းကပြောသည်။ မေတ္တာအလင်းရောင် Light of love ဟု အမည်ပေးထားသော ပုဂ္ဂလိကကျောင်းကို ၂၀၁၃ တွင် ဖွင့်လှစ်ခဲ့သည်။ မူကြိုမှ ဆယ်တန်းအထိ ကျောင်းသား၊ ကျောင်းသူ ၁၈၀ ခန့် သင်ယူနေကြသည်။ အချိန်ပြည့်ဆရာ ၁၇ ယောက်၊ အချိန်ပိုင်းဆရာ ခြောက်ယောက်တို့ ပုံမှန်သင်ကြားပေးပြီး လုပ်အားပေးဆရာများကလည်း ဝိုင်းကူညီပေးကြသည်။

ယင်းကျောင်းကို Kingerhilfe Birma အပြင် ဥရောပဖောင်ဒေးရှင်း ၂ ခုဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံမှ Hirtenkinder နှင့် ပြင်သစ်နိုင်ငံမှ Enfants de Birmanie တို့ထံမှလည်း အကူအညီများ ရရှိနေသည်။

“အစိုးရကျောင်းတွေမှာ ပညာရေးက အခြေအနေသိပ်ဆိုးတယ်။ ကျွန်တော့် အဓိကရည်ရွယ်ချက်က ကလေးတွေကို အင်္ဂလိပ်စာသင်ပေးဖို့ပဲ။ ကျွန်တော် အင်္ဂလိပ်စကား ပြောတတ်နေလို့ ဒီနိုင်ငံမှာ ဆက်လက်အသက်ရှင် ရပ်တည်နေနိုင်ခဲ့တာပါ” ဟု အဲရစ်ထရုတွိုင်းကပြောသည်။

ယင်းကျောင်းကို ခိုကိုးရာမဲ့ကလေးများ၊ အထူးသဖြင့် မိဘမဲ့ကလေးများ၊ မုဆိုးမသားသမီးလေးများအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ကျောင်းလခမယူသည့်ပြင် ကျောင်းဝတ်စုံ အခမဲ့ပေးသည်။ လစဉ် အစားအသောက်ခွဲတမ်းနှင့်ပေးသည်။ မကျန်းမာလျှင် ဆေးကုသပေးသည်။ ထိုကျောင်းမှာ စာအသင်အပြကောင်းကြောင်း အချိန်တိုအတွင်း နာမည်ရလာသဖြင့် ငွေကြေးတတ်နိုင်သော မိသားစုများကပင် သူတို့ကလေးများကို ကျောင်းလာအပ်ကြသဖြင့်  ကျောင်းသားဦးရေ ၅၀ ခန့်လက်ခံထားသည်။ အချို့မိဘများမှာ ရေနံချောင်းကောလိပ်မှ ဆရာ၊ ဆရာမများပင် ပါဝင်သည်။ အဆိုပါကလေးများကမူ ကျောင်းလခပေးကြရသည်။ ချို့တဲ့သည့် မိဘမဲ့ကလေးများအား ထိုငွေဖြင့် ကူညီနိုင်ရန်ဖြစ်သည်။

လွန်ခဲ့သည့်နှစ်များက သူကောက်ယူကယ်ဆယ်ခဲ့သော မိဘမဲ့ကလေးအချို့ ပညာရေးပေါက်မြောက် အောင်မြင်သွားကြသည်ကို မြင်ရသောအခါ အဲရစ်ထရုတွိုင်းခမြာ ဝမ်းသာပီတိဖြစ်မိသည်။

“ဒီရောဂါရလာကတည်းက ကျွန်တော် ဘာမှမလုပ်ချင် မကိုင်ချင်တော့ဘဲ တနေ့ပြီးတနေ့ နေလာခဲ့တယ်။ လမ်းပေါ်မှာ တောင်းရမ်းစားသောက်နေတာတွေ့လို့ ကျွန်တော် ကောက်ယူကယ်ဆယ်ခဲ့ရတဲ့ ကလေးတချို့ ဘွဲ့တွေရလာတာ မြင်ရတော့ ပီတိဖြစ်တယ်။ ကျွန်တော် ဒီအေ့ဒ်စ်ရောဂါကြောင့် ဒီအလုပ်လုပ်ဖြစ်တာပါ”

မစ္စသီရိစ်ဟျုဘလာသည် ဆွစ်ဇာလန်မှ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ပြီး လေသာကုန်းသို့ တစ်နှစ် ၂ ကြိမ်လာရောက်ကူညီလျက်ရှိသည်။ ဓာတ်ပုံ - အီဗာဟီရ်ရှီ

မစ္စသီရိစ်ဟျုဘလာသည် ဆွစ်ဇာလန်မှ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ပြီး လေသာကုန်းသို့ တစ်နှစ် ၂ ကြိမ်လာရောက်ကူညီလျက်ရှိသည်။ ဓာတ်ပုံ – အီဗာဟီရ်ရှီ

လေသာကုန်းသည် စီးပွားရေးသက်သက်မဟုတ်

လေသာကုန်းတည်းခိုရိပ်သာကို တိုးချဲ့တည်ဆောက်လာခဲ့ရာ ယခုဆိုလျှင် ၁၅ ခန်းအထိရှိလာပြီ။ ကမ္ဘာတလွှားမှ ဧည့်သည်များကို ဆွဲဆောင်နိုင်ခဲ့ပြီး ကျောင်းသူကျောင်းသားများကိုလည်း အင်္ဂလိပ်စကားပြော ကူညီလေ့ကျင့်ပေးနိုင်ခဲ့သည်။ နိုင်ငံခြားဧည့်သည်များသည် ကျောင်းထဲသို့ဝင်သွားလျှင် Hello, How are you ဟု ကျောင်းသားများ၏ ကျယ်လောင်စွာ ဘိုလိုနှုတ်ဆက်သံကို ကြားကြရမည်ဖြစ်သည်။

တည်းခိုရိပ်သာသည် စာသင်ကျောင်းအတွက် ဝင်ငွေရှာပေးရုံသာမက ကျောင်းသားများကိုလည်း သက်မွေးပညာ လေ့ကျင့်သင်ကြားပေးသည်။

“ဒီဝန်ထမ်းတွေဟာ ၃ တန်းတောင် အောင်ခဲ့ကြတာ မဟုတ်ဘူး၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ သူတို့ကို ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းတွေ လေ့ကျင့်သင်ကြားပေးတယ်။ သူတို့ဟာ သိပ်သင်ယူလေ့လာချင်စိတ် ရှိကြပါတယ်” ဟု မစ္စသီရိစ်ဟျုဘလာ Ms. Therese Hubler ကပြောပြသည်။ မစ္စသီရိစ်သည် ဆွစ်ဇာလန်တွင် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ပြီး ၂၀၁၃ တွင် မြန်မာပြည်ကို ပထမဆုံးအကြိမ် အလည်ရောက်လာခဲ့သူဖြစ်သည်။

မစ္စသီရိစ် အလုပ်မှအနားယူသောအခါ သူကျွမ်းကျင်သောပညာဖြင့် ဆင်းရဲနွမ်းပါးသူများအား ကူညီရန် အခွင့်အလမ်းကို ရှာကြံနေစဉ် သူ့မိတ်ဆွေများထံမှ မေတ္တာအလင်းရောင် စာသင်ကျောင်းအကြောင်းကို ကြားသိရပြီး ရေနံချောင်းသို့ ရောက်လာခြင်းဖြစ်သည်။ မစ္စသီရိစ်သည် တည်းခိုရိပ်သာတွင် အခန်းများပြင်ဆင်မွမ်းမံခြင်း၊ စားသောက်ဖွယ်ရာများ ချက်ပြုတ်ခြင်း၊ မီးဖိုဆောင်သန့်ရှင်းခြင်းမှအစ ဟိုတယ်ကြိုတင်စာရင်းပေးခြင်းအထိ လေ့ကျင့်သင်ကြားပေးသည်။

မစ္စသီရိစ်သည် ရေနံချောင်းသို့ တစ်နှစ်လျှင် နှစ်ခေါက်သွားသည်။ တစ်ခေါက်လျှင် တစ်လခွဲလောက်နေပြီး အဲရစ်ထရုတွိုင်းနှင့် ဝန်ထမ်းများကို ကူညီလုပ်ကိုင်ပေးသည်။ ကျန်အချိန်များတွင် ဆွစ်ဇာလန်မှပင် တည်းခိုရိပ်သာ ဘွတ်ခ်ကင်များလုပ်ပေးခြင်း၊ ငွေစာရင်းကိုင်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးသည်။

လေသာကုန်း၌ရှိနေစဉ် ဝန်ထမ်းများကို အခြေခံအင်္ဂလိပ်စာ သင်ပေးသည်။ ဧည့်သည့်များကို လက်ခံကြိုဆိုခြင်း၊ နံနက်စာကျွေးခြင်းတို့ကို အလုပ်လုပ်ရင်း လေ့ကျင့်သင်တန်းပေးသည်။ ညနေစာကိုတော့ တည်းခိုရိပ်သာက စားသောက်ဆိုင်တွင်ကျွေးသည်။ အနောက်တိုင်းထုံးစံ ဟင်းချို၊ ဟင်းရွက်တို့စရာ၊ ပင်မအသားဟင်းနှင့် အချိုပွဲအပါအဝင် တစ်ဦးကျပ် ၁၀,၀၀၀ ကျသင့်သည်။ ဟင်းလျာနေ့စဉ် အပြောင်းအလဲရှိသည်။ နေ့လယ်စာကိုတော့ လိုအပ်လျှင် စီစဉ်ပေးသည်။ ညနေစောင်းတွင် ဧရာဝတီမြစ်ကမ်းနဖူးပေါ်မှ နေဝင်ပုံကိုခံစားရင်း သရက်သီးကို ပင်တိုင်ထား၍ ဖျော်စပ်ထားသော ကော့တေးအရက် mango-based cocktail ကို မြည်းစမ်းကြည့်နိုင်သည်။

လေသာကုန်းမှာ နေထိုင်ရင်းရသည့် ဆုလာဘ်မှာကား ကုသိုလ်ကောင်းမှု လုပ်နေပါလားဆိုသည့် အသိစိတ်လေးပင်တည်း။

လေသာကုန်းလမ်းညွှန်။ ရန်ကုန်ကနေ ရေနံချောင်းတိုက်ရိုက် ပြေးနေတဲ့ ဘတ်စ်ကားများရှိသည်။ ပုဂံ-ညောင်ဦးကမှ ဘတ်စ်ကားဖြင့် ရေနံချောင်းကို ၂ နာရီခန့်သာမောင်းရသည်။ ရေနံချောင်းကားဂိတ်ကို လေသာကုန်းက အခမဲ့လာကြိုသည်။ ညောင်ဦးလေဆိပ်ကို လာကြိုရမည်ဆိုလျှင်တော့ ကားခယူသည်။

တည်းခိုခနှုန်းထား။ လေသာကုန်းတွင် ၂ ယောက်တစ်ခန်းအတွက် ဒေါ်လာ ၄၀ မှ ၆၀ အထိကျသင့်သည်။ အထူးခန်း suite  ၂ယောက်ခန်းမှာ ဒေါ်လာ ၇၀၊  ၃ ယောက်ခန်းဒေါ်လာ ၈၀ ကျသင့်သည်။ နံနက်စာအပါအဝင် ဖြစ်သည်။

အပန်းဖြေစရာများ။ မော်တော်ဆိုင်ကယ်နှင့် တောလမ်းမှာ လျှောက်စီးနိုင်သည်။ မြစ်ထဲ၌ လှေစီးနိုင်သည်။ မြင်းလှည်းစီး လျှောက်လည်နိုင်၊ ရေနံချောင်းမြို့ထဲ လမ်းလျှောက်လည်ပတ်နိုင်ပြီး တည်းခိုရိပ်သာမှာ ရေကူးကန်လည်း ရှိသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် လေသာကုန်း ပုဂ္ဂလိကပရဟိတကျောင်းကို အဲရစ်ထရုတွိုင်းက ၂၀၁၃ တွင် ဖွင့်လှစ်ခဲ့သည်။ ဓာတ်ပုံ – အီဗာဟီရ်ရှီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.