အိပ်ချ်အိုင်ဗီပိုးရှိ လူငယ်များ ဝေဒနာ ကျိတ်ခံစားနေရ

မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗီ ရောဂါပိုးရှိသော ကလေးနှင့် လူငယ်အယောက် ၁၀,၀၀၀ ခန့်ရှိပြီး ၎င်းတို့သည် လိုအပ်သော ပြုစုကုသမှုများကို လုံလောက်စွာ မရရှိကြပေ။

ဂျာရတ်ဒေါင်းနင်း ရေးသားသည်။

မဝင့်သဉ္ဇာအတွက် ကျောင်းတွင် အဆင်ပြေရန် အတော်ပင် ခက်ခဲခဲ့သည်။ ကျောင်းတွင် နေ့လယ်စာ စားချိန်၌ ဆေးသောက်ရသည်ကို ရှင်းမပြဘဲ နေ၍မရခြင်း၊ မိဘများက သူ့ကို အန္တရာယ်ပေးလိမ့်မည်ဟု ယူဆကာ သူငယ်ချင်းမွေးနေ့ပါတီများသို့ အဖိတ်မခိုင်းခြင်း စသည်တို့ကြောင့် ဖြစ်သည်။

မဝင့်သဉ္ဇာသည် ယခု အသက် ၁၈ နှစ်ရှိပြီဖြစ်ပြီး အိပ်ချ်အိုင်ဗီ ရောဂါပိုး HIV-human immunodeficiency virus ဖြင့် မွေးဖွားလာခဲ့ရသည်။ သူသည် ထိုသို့ ခွဲခြားဆက်ဆံခံရခြင်းကို ကျင့်သားရနေပြီ ဖြစ်သည်။ ခွဲခြားဆက်ဆံခံရခြင်းကို သူ အမှုမထားပေ။ သူ့ကိုယ်သူသာ ကြောက်ရွံ့နေခြင်း ဖြစ်သည်။

“ကျွန်မက တိတ်တိတ်ဆိတ်ဆိတ်ပဲ နေတယ်။ အခန်းရဲ့ နောက်ဆုံးမှာ ထိုင်တယ်။ တခြားကျောင်းသူတွေနဲ့ နီးနီးကပ်ကပ် မနေဘူး” ဟု သူက Frontier ကိုပြောသည်။

ထိုအချိန်က မဝင့်သဉ္ဇာသည် အေ့ဒ်စ်ရောဂါ AIDS ဖြစ်ပွားစေနိုင်သော အိပ်ချ်အိုင်ဗီပိုးအကြောင်း ကောင်းစွာ နားမလည်ခဲ့ပေ။ အိပ်ချ်အိုင်ဗီပိုးသည် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ခြင်ကိုက်ခံရခြင်း၊ နမ်းရှုပ်ခြင်းဖြင့် ကူးစက်နိုင်သည်ဟု သူက ထင်ထားခဲ့သည်။ အိပ်ချ်အိုင်ဗီရောဂါပိုး ရှိသူများသည် ဘဝကို သက်တမ်းစေ့  နေထိုင်နိုင်ကြောင်း၊ သူ သောက်သုံးနေရသော ဆေးဝါးများက ထိုသို့ အထောက်အပံ့ ပေးနိုင်ကာ အိပ်ချ်အိုင်ဗီပိုး ရှိနေမှုက သေမိန့်ကျနေခြင်း မဟုတ်ကြောင်း သူ့ခမျာ မသိရှာခဲ့ပေ။

Médecins Sans Frontières (MSF Holland) က ဖွင့်လှစ်ထားသော ဆေးခန်းတစ်ခုတွင် တိုင်ပင်ဆွေးနွေး ပြီးသောခါ အိပ်ချ်အိုင်ဗီပိုးနှင့်ပတ်သက်ပြီး သူ၏ တွေးခေါ်ပုံများအပြင် သူ့ဘဝလည်း ပြောင်းလဲလာခဲ့သည်။ သူသည် အတန်းထဲတွင် စကားပြောလာသည့်အပြင် သူငယ်ချင်းများလည်း ရရှိလာပြီး ရည်းစားပင် ထားလာခဲ့သည်။

ဘွဲ့ရပြီးကတည်းက မဝင့်သဉ္ဇာသည် ဖိုးနစ်ခ်စ်အဖွဲ့အစည်း Phonix Association တွင် အလုပ်လုပ်ကိုင်ခဲ့သည်။ ဖိုးနစ်ခ်စ်သည် အိပ်ချ်အိုင်ဗီပိုး ရှိနေသူများကို အကြံဉာဏ်နှင့် အကူအညီများပေးသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်း ဖြစ်သည်။

“ကျွန်မ အကူအညီ ပေးရတဲ့လူတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိကြဘူး။ ကျွန်မက သူတို့ကို အားပေးပြီး ဘဝကို အများနည်းတူ နေထိုင်နိုင်ကြောင်း ပြောပြရတယ်” ဟု မဝင့်သဉ္ဇာက ပြောပြသည်။

အိပ်ချ်အိုင်ဗီပိုးရှိသော ကလေးများသည် ရှုပ်ထွေးသည့် အိပ်ချ်အိုင်ဗီကုသမှုနည်းစဉ် ပထမဆင့် ကုထုံးဖြင့် မသက်သာ၍ ပိုမိုပြင်းထန်သော ဒုတိယဆင့် ကုသမှု ယူရလေ့ရှိသည်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

အိပ်ချ်အိုင်ဗီပိုးရှိသော ကလေးများသည် ရှုပ်ထွေးသည့် အိပ်ချ်အိုင်ဗီကုသမှုနည်းစဉ် ပထမဆင့် ကုထုံးဖြင့် မသက်သာ၍ ပိုမိုပြင်းထန်သော ဒုတိယဆင့် ကုသမှု ယူရလေ့ရှိသည်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗီပိုးရှိသူနှင့် အေ့ဒ်စ်ရောဂါသည် ၁၇၀,၀၀၀ မှ ၂၂၀,၀၀၀ ခန့်အထိ ရှိသည်။ ၎င်းတို့အတွက် အထောက်အပံ့များသည် ကျန်းမာရေးဝန်ကြီးဌာနက ၁၉၈၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းတွင် ပထမဆုံး အိပ်ချ်အိုင်ဗီပိုး ကူးစက်ခံရသူကို ကြေညာခဲ့ပြီးကတည်းက တိုးတက်လာခဲ့သည်။

အင်န်အယ်လ်ဒီ အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနသည် ၎င်း၏ အိပ်ချ်အိုင်ဗီ အစီအစဉ်များကို ဆက်လက် ချဲ့ထွင်လာခဲ့သည်။ ယင်းတို့တွင် ဆေးရုံများ၌ အိပ်ချ်အိုင်ဗီ အဆောင်နှင့် ကုသခန်းများ စီစဉ်ပေးခြင်း၊ ဆေးဝါးများ အခမဲ့ ရရှိနိုင်အောင် စီစဉ်ပေးခြင်း၊ အများပြည်သူ ပညာပေးအစီအစဉ်များ လုပ်ဆောင်ပေးခြင်းတို့ ပါဝင်သည်။ အစိုးရ၏ ထိုကြိုးစားမှုများကို MSF Holland နှင့် ယူအင်န်အိတ်စ် Joint United Nations Program on HIV AIDS (UNAIDS) အဖွဲ့တို့က ကူညီပေးခဲ့သည်။

သို့သော် အေ့ဒ်စ်ရောဂါဖြင့် မိဘများ သေဆုံးပြီးနောက် အိပ်ချ်အိုင်ဗီပိုး မွေးရာပါလာသည့် ခန့်မှန်းခြေ ကလေး ၁၀,၀၀၀ ခန့်သည် လျစ်လျူရှုခံထားရသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

“ဒီကလေးတွေအပေါ် ကျရောက်နိုင်တဲ့ ဖိစီးမှုက တမျိုးတဖုံ ဖြစ်ပါတယ်” ဟု MSF Holland ၏ ဆက်သွယ်ရေး မန်နေဂျာ မစ္စ ယက်စ်မင် ရာဘီယန် Ms Yasmin Rabiyan က ပြောသည်။ MSF Holland သည် ၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိပ်ချ်အိုင်ဗီ-အေ့ဒ်စ် အစီအစဉ်များကို ပထမဆုံး လုပ်ဆောင်ခဲ့သော အဓိက အင်န်ဂျီအို အဖွဲ့အစည်း ဖြစ်သည်။

အိပ်ချ်အိုင်ဗီပိုး ရှိနေသော ကလေးများသည် မိဘတစ်ဦးတည်းရှိသည့် နေအိမ်တွင် ကြီးပြင်းရနိုင်သကဲ့သို့ ဆွေမျိုးများက ကြည့်ရှုစောင့်ရှောက်ထားခြင်းလည်း ဖြစ်နိုင်သည်။ အေ့ဒ်စ်ရောဂါကြောင့် မိဘမဲ့ ဖြစ်ရသော ကလေးငယ်များသည် ၁၁၀,၀၀၀ ခန့်ရှိမည်ဟု ယူအင်န်အိတ်စ် UNAIDS က ခန့်မှန်းသည်။ ၎င်းတို့သည် အိပ်ချ်အိုင်ဗီပိုးဖြင့် မိဘမဲ့ဂေဟာကို ရောက်ရှိလာကြသည်။ အင်န်အယ်လ်ဒီ အစိုးရက စီစဉ်ပေးသော အိပ်ချ်အိုင်ဗီ-အေ့ဒ်စ် ခိုကိုးရာစခန်းသို့ ပြီးခဲ့သောနှစ်က Frontier က သွားရောက်လေ့လာသောအခါတွင် ထိုစခန်းတွင် နေထိုင်သူ ၁၈၀ ဦးအနက် ၃၀ ခန့်သည် ကလေးများ ဖြစ်ကြသည်။

ကလေးများသည် ရောဂါအကြောင်း ကောင်းကောင်းနားမလည်ဘဲ ရှုပ်ထွေးသည့် အိပ်ချ်အိုင်ဗီကုသမှုဆိုင်ရာ အစားအစာနှင့် လေ့ကျင့်ခန်းဖြင့် ကုသမှုနည်းစဉ် anti-retroviral treatment regimen ကို လိုက်နာစေရန် လုပ်ဆောင်ရခြင်းသည် ခက်ခဲကြောင်း မစ္စ ရာဘီယန်က ပြောသည်။ MSF Holland က အကူအညီ ပေးနေသော လူများထဲတွင် ၆ ရာခိုင်နှုန်းခန့်သည် ပထမဆင့် ကုထုံး first line treatment ဖြင့် မသက်သာ၍ ပိုမိုပြင်းထန်သော ဒုတိယဆင့် ကုသမှု second line therapy ကို အသုံးပြုခဲ့ရသည်ဟု ဆိုသည်။

အသက် ၁၀ နှစ်မှ ၁၉ နှစ်အတွင်းရှိသော လူနာများသည် ၃ ဆအထိ တိုးပွားလာခဲ့ပြီး ၁၆ ရာခိုင်နှုန်းထိ ရှိလာသည်ဟု ဆိုသည်။ ကလေးအရေအတွက် များပြားလာခြင်းမှာ ကလေးများသည် ကုထုံးကို လိုက်နာရာတွင် အခက်အခဲ ရှိကြသောကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကုသမှုကို လိုက်နာရသည်မှာ လူကြီးများအတွက်ပင် ခက်ခဲသည်။ ကလေးများအတွက်မူ သူတို့ဘာကြောင့် ကုသခံနေရသည်ကို မသိရှိပါက ပို၍ခက်ခဲပါသည်ဟု မစ္စ ရာဘီယန်က ပြောသည်။

အိပ်ချ်အိုင်ဗီပိုး ရှိနေသော လူငယ်များသည် အထူးပညာရေး၊ သင်ပြပေးမှုနှင့် နှစ်သိမ့်အကြံပေးမှုများ လိုအပ်ကြောင်း၊ သို့ရာတွင် ဆယ်ကျော်သက်အရွယ် လူနာများကို ရည်ရွယ်သည့် ထိုသို့သော အစီအစဉ်များမှာ နည်းပါးလွန်းကြောင်း မစ္စ ရာဘီယန်က ဆိုသည်။

“ဆယ်ကျော်သက် လူငယ်တွေအတွက် မိသားစုနဲ့ ဆက်ဆံရေး၊ ကျောင်းက သူငယ်ချင်းတွေ၊ ချစ်သူတွေနဲ့ ဆက်ဆံရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေမှာ စိတ်ပိုင်းဆိုင်ရာ လူမှုရေးအထောက်အပံ့တွေ လိုအပ်နေပါတယ်” ဟု Phoenix Association ၏ လုပ်ငန်းမန်နေဂျာ ကိုနေလင်းက ပြောသည်။

Phoenix Association က ဖွင့်လှစ်သည့် စက်ချုပ်သင်တန်း၌ တက်ရောက်သင်ကြားနေသော အသက်၁၆ နှစ်ရှိ လူငယ်တစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

Phoenix Association က ဖွင့်လှစ်သည့် စက်ချုပ်သင်တန်း၌ တက်ရောက်သင်ကြားနေသော အသက်၁၆ နှစ်ရှိ လူငယ်တစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

၂၀၀၃ ခုနှစ်တွင် အေ့ဒ်စ်ရောဂါ ဖြစ်နေကြောင်း သိရှိချိန်၌ ကိုနေလင်းသည် အသက် ၂၀ ကျော်ပင် ရှိနေပြီဖြစ်သည်။ အရွယ်ရောက်နေပြီ ဖြစ်သော်လည်း ကိုနေလင်းသည် ယင်းရောဂါအကြောင်း ဘာမှမသိရှိပေ။

“ကျွန်တော် သေချင်နေခဲ့တယ်။ ရထားအောက်ဝင်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်ခဲ့တယ်။ အကြံပေးမှုတွေလည်း မရရှိခဲ့ဘူး” ဟု ၎င်းက ပြောသည်။

အသက်အရွယ်အုပ်စု အားလုံးအတွက် ကုသမှုနှင့် ဆွေးနွေးအကြံပေးမှုများသည် ပြီးခဲ့သော ဆယ်စုနှစ်အတွင်း တိုးတက်လာခဲ့သည်။ သို့သော် ဆယ်ကျော်သက်များအတွက် သီးသန့်ရည်ရွယ်ထားသော အစီအစဉ်မျိုး မရှိခဲ့သေးချေ။ Phoenix Association သည် အိပ်ချ်အိုင်ဗီပိုးရှိသော လူငယ်များအတွက် တက္ကသိုလ် ပညာတော်သင် အစီအစဉ်အပါအဝင် ပညာရေးနှင့် လူသားရင်းမြစ် အစီအစဉ်များ ရှိသော်လည်း ကလေးငယ်များအတွက် ရည်ရွယ်သည့် အစီအစဉ်များ မလုပ်ဆောင်နိုင်သေးသည့်အတွက် အမှုဆောင် ဒါရိုက်တာ ဦးသီဟကြိုင်က အထူးတလည် နောင်တရလျက်ရှိသည်။

“ဆယ်ကျော်သက် လူငယ်များအတွက် အစီအစဉ်လုပ်ဖို့ ရန်ပုံငွေ ရှာဖို့အတွက် အလှူရှင်တွေ အေဂျင်စီတွေကို ကျွန်တော် ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ငြင်းပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်စံနှုန်းတွေနဲ့ ပစ်မှတ်တွေ သူတို့မှာရှိတယ်လို့ ဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

ဦးသီဟကြိုင် ရည်ရွယ်သော အိပ်ချ်အိုင်ဗီပစ်မှတ်များမှာ မြန်မာနိုင်ငံတွင် ပေါများစွာ ရှိနေသော လိင်အလုပ်သမများ၊ အမျိုးသားချင်း လိင်ဆက်ဆံသူနှင့် မူးယစ်ဆေးထိုးသူများ ဖြစ်ကြသည်။ ၎င်းတို့သည် မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗီပိုး ရှိနေသော အဓိက လူများစု ဖြစ်သည်။

သို့သော် လူဦးရေ ၁၀,၀၀၀ ခန့်ရှိသော အိပ်ချ်အိုင်ဗီပိုးရှိနေသည့် ကလေးငယ်များသည် ဒုတိယ ဦးစားပေးသာ ဖြစ်လျက်ရှိသည်။

“သူတို့ဟာ ကျောင်းကလူ့အသိုင်းအဝိုင်းမှာ ချစ်မှုရေးရာကိစ္စ ရှိလာမယ်။ တစ်ယောက်ယောက်နဲ့ လက်ထပ်မယ်။ တစ်ဦးဦးကို ချစ်မိမယ်။ သူတို့ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ။ သူတို့အနေနဲ့ ဘဝအတွက် ပြင်ဆင်ကြရလိမ့်မယ်။ ဒါတွေကို ကူညီဖြေရှင်းပေးတဲ့ အဖွဲ့အစည်း မရှိသေးပါဘူး” ဟု   ဦးသီဟကြိုင်က ပြောပြသည်။

MSF Holland သည် ကျောင်းမှဆရာမများက ကျောင်းသားများကို အတန်းထဲတွင် ဆေးမသောက်ရန် တားမြစ်သည်ကိုပင် ကြုံရဖူးသည်ဟု မစ္စ ရာဘီယန်က ပြောသည်။ ဝင့်သဉ္ဇာကမူ သူ၏ ဆရာ ဆရာမများက သူ့ကို နားလည်ပေးကြကြောင်း၊ သို့သော် ကျောင်းသားမိဘအချို့က သူတို့၏ သားသမီးများကို သူနှင့်အတူ ကျောင်းမတက်စေချင်ကြကြောင်း ဆိုသည်။

ဦးသီဟကြိုင်က ရောဂါနှင့်ပတ်သက်သော အချက်အလက် အတိအကျကို ကျောင်းသင်ရိုးတွင် ထည့်သွင်းထားသော်လည်း “လူတွေက အဲဒီသင်ခန်းစာကို ကျော်သွားချင်ကြတယ်။ အဲဒီရောဂါအကြောင်း သူတို့က ရှင်းမပြစေလိုကြဘူး” ဟု ဆိုသည်။

အိပ်ချ်အိုင်ဗီပိုး ရှိသူများကို ခွဲခြားဆက်ဆံကြခြင်း၊ ရောဂါနှင့်ပတ်သက်ပြီး အယူသီးနေကြခြင်းတို့မှာ လျော့ပါးလာသော်လည်း အထူးသဖြင့် ကျေးလက်ဒေသများနှင့် ဆင်းရဲနွမ်းပါးသော လူ့အဖွဲ့အစည်းများတွင် ရောဂါပိုးရှိသူတို့၏ ဘဝမှာ ချောက်ချောက်ချားချား ခံစားနေရဆဲ ဖြစ်ကြောင်း ၎င်းက ပြောသည်။ အိပ်ချ်အိုင်ဗီပိုး ရှိသော ကလေးများကို အန္တရာယ်ရှိသည်၊ သို့မဟုတ် အကျင့်စာရိတ္တ ပျက်ပြားသော မိသားစုမှ ပေါက်ပွားလာသည်ဟု ရှုမြင်နေကြသည်။

ထိုကလေးများ ရင်ဆိုင်နေရသော ခွဲခြားဆက်ဆံမှုမှာ သူတို့ လူကြီးဖြစ်သည်ထိ ပြောင်းလဲသွားမည့်ပုံ မပေါ်ပေ။ မသိနားမလည်မှုနှင့် ခွဲခြားဆက်ဆံမှုများသည် မြန်မာနိုင်ငံ၏ အိမ်နီးဝန်းကျင်၊ အလုပ်ခွင်၊ ဆေးရုံများအထိပင် ပျံ့နှံ့နေလေသည်။ အိပ်ချ်အိုင်ဗီပိုး ရှိသူများကို ဥပဒေကြောင်းအရ ကာကွယ်ပေးမှု မရှိသလောက်ပင် ဖြစ်သည်။ Phoenix သည် အိပ်ချ်အိုင်ဗီပိုး ရှိသူများအတွက် ပထမဆုံး ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ဥပဒေကို ရေးဆွဲနိုင်ရန် အကူအညီပေးလျက်ရှိပြီး နေပြည်တော်တွင် ထိုအဆိုကို ထောက်ခံမှုရရှိရန် ကြိုးပမ်းနေသည်ဟု ဦးသီဟကြိုင်က ပြောကြားသည်။  

အိပ်ချ်အိုင်ဗီပိုး ရှိသောကလေးများက ကျော်လွှားယူရမည့် အဆိုးမြင်သဘောထားသည် မိမိတို့ကိုယ်တိုင်၏ အမြင်သဘောထားပင်ဖြစ်ကြောင်း မဝင့်သဉ္ဇာက ဆိုသည်။

“သူတို့ဟာ တခြားသူတွေနည်းတူ နေထိုင်နိုင်၊  အလုပ်လုပ်နိုင်တယ်ဆိုတာ သိထားရမယ်။ မိမိကိုယ်ကို ယုံကြည်မှု ရှိလာရမယ်” ဟု ၎င်းက ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – လှိုင်သာယာမြို့နယ်တွင် Phoenix Association က ဖွင့်လှစ်သည့် အလုပ်သင် သင်တန်းကျောင်းသို့ မဝင့်သဉ္ဇာ တက်ရောက်နေစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.