အသေးစိတ် အချက်အလက်တွေက ဘယ်မှာလဲ

အစိုးရက ၎င်းတို့၏ စီးပွားရေးမူဝါဒကို ပြီးခဲ့သည့် တစ်လကျော်က ထုတ်ပြန်ထားပြီးဖြစ်သော်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အသေးစိတ်ကျသော လမ်းညွှန်မှုများကို မျှော်လင့်သူများအတွက် အကြီးအကျယ် စိတ်ပျက်ဖွယ်ရာဖြစ်စေခဲ့ကာ မူဝါဒ၏ အသေးစိတ် အချက်အလက်များကို စောင့်မေ ျှာ်နေကြဆဲဖြစ်သည်

ကျော်ဖုန်းကျော် ရေးသားသည်။

အာဏာရယူပြီးနောက် လေးလအကြာတွင် မြန်မာအစိုးရက အများစု မျှော်လင့်ထားသည့် စီးပွားရေးမူဝါဒကို ထုတ်ပြန်ခဲ့သည်။ ယေဘုယျကျသော အချက် ၁၂ ချက်ကို စာရင်းပြုစုထားသည့် စာမျက်နှာသုံးမျက်နှာပါ ထိုမူဝါဒမှတ်တမ်းတွင် အသေးစိတ်အချက်အလက်များ ပါဝင်ခြင်းမရှိသောကြောင့် ဝေဖန်မှုများဖြင့်လည်း ကြုံတွေ့ခဲ့ရသည်။

“ဒီမူဝါဒက လိုအပ်တာထက် အချိန်ပိုကြာခဲ့တယ်ဆိုတာကို ကျွန်တော်ဝန်ခံပါတယ်” ဟု အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဝင်းက ဇူလိုင် ၂၉ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့သည့် မူဝါဒထုတ်ပြန်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။ ထိုကဲ့သို့ နှောင့်နှေးကြန့်ကြာရခြင်းမှာ ဤမူဝါဒအား “အကြိမ်ကြိမ်အခါခါ” အလေးအနက်စဉ်းစားရန် လိုအပ်သောကြောင့်ဟုလည်း ၎င်းကဆိုခဲ့သည်။

အစိုးရ၏ စီးပွားရေးမူဝါဒရည်မှန်းချက်များတွင် “အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်” ကို အထောက်အကူပြုခြင်းနှင့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၏ တန်းတူညီတူ ဖွံ့ဖြိုး တိုးတက်မှုအတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းလည်း ပါဝင်သည်ဟု ဤမူဝါဒမှတ်တမ်းတွင် ဖော်ပြထားသည်။

ဤမှတ်တမ်းသည် အစိုးရ၏ “ဈေးကွက်မူဝါဒစနစ်” တစ်ရပ်အတွက် ကြိုးပမ်းမှုနှင့် လက်ဝါးကြီးအုပ်မှုများ အဆုံးသတ်ခြင်းအားဖြင့် တန်းတူယှဉ်ပြိုင်မှုတစ်ရပ်ကို အားပေးမြှင့်တင်ရန် ကြိုးပမ်းမှုတို့အား အတည်ပြုပေးထားသည်။ ထို့အတူ ကြိုးနီစနစ် လျော့ချရန်နှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုခြင်းအားဖြင့် အလုပ်အကိုင်များ ဖန်တီးရေးကို အားပေးရန်တို့ကိုလည်း ကတိပြုထားသည်။

ဤမူဝါဒတွင် ငွေကြေးလုပ်ငန်းကဏ္ဍနှင့် နိုင်ငံပိုင်လုပ်ငန်းများကို ပြုပြင်ပြောင်းလဲရန်၊ ငွေကြေးချေးငှားနိုင်မည့် အခွင့်အလမ်းကို တိုးချဲ့ရန်၊ ပြည်ပရင်းနှီးမြုပ်နှံမှုများကို အားပေးရန်၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဘတ်ဂျက်ပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုများအပါအဝင် ပြည်သူပိုင်ဘဏ္ဍာ စီမံခန့်ခွဲမှုကို မြှင့်တင်ရန်တို့အတွက် ကျယ်ပြန့်သော အစီအစဉ်များကိုလည်း ဖော်ပြထားသေးသည်။

ယမန်နှစ်အတွင်း မီဒီယာများအထိ ပေါက်ကြားပေါ်ပေါက်လာခဲ့သော မူကြမ်းမှတ်တမ်းတစ်ခုနှင့် များစွာဆင်တူလှသော ဤမူဝါဒကို ဦးကျော်ဝင်းက ထုတ်ပြန်ပြီးနောက် ချက်ခြင်းဆိုသလို ကျင်းပခဲ့သည့် အမေး၊ အဖြေကဏ္ဍတွင် ဝေဖန်ခံခဲ့ရသည်။

ဤမူဝါဒမှာ ယေဘုယျဆန်လွန်ပြီး ရှင်းရှင်းလင်းလင်း မရှိသလောက်ပင် ဖြစ်နေသည်ဟု Asia Green Development Bank ၏ ဒုတိယမန်နေဂျင်း ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးစိုးသိန်းက စောဒက တက်ခဲ့သည်။

“ဒီမူဝါဒက တော်တော်လေးကို ပီပီပြင်ပြင် မရှိတာပါ။ အဲဒါတွေက ဘာတွေလဲဆိုတာကို သိရှိဖို့က အရမ်း အရေးကြီးတာကြောင့် အစိုးရအနေနဲ့ ဒီထက် အသေးစိတ်ကျတာကို ချက်ခြင်းထုတ်ပေးနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု မီဒီယာများကို တက်ရောက်ခွင့် မပြုခဲ့သည့် ကြေညာပွဲတွင် ဦးစိုးသိန်းကဆိုသည်။

အဆိုပြုထားသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍လည်း ဤကိစ္စရပ်မှာ အစိုးရ၏ ဦီးစားပေးမူဝါဒတစ်ရပ်အဖြစ် ဖော်ပြခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ကာ မည်သည့်အခါတွင်မျှ လက်တွေ့ အကောင်အထည်ဖော်ဆောင်ခဲ့ခြင်းမရှိဟု ၎င်းကဆိုသည်။ အရှုံးဖြင့် လည်ပတ်နေရသောကြောင့် ပိတ်သိမ်းခြင်းခံရမည့် နိုင်ငံပိုင်စက်ရုံတစ်ရုံ၏ ဝန်ထမ်းများအတွက်လည်း မည်သို့ ရှိမည်နည်းဆိုသည်အား ၎င်းက မေးမြန်းခဲ့သည်။ “အပြောလွယ်ပေမယ့် အလုပ်ခက်ပါတယ်။ ပြုပြင်ပြောင်းလဲသွားမယ်လို့ ပြောနိုင်ပေမယ့် တစ်ခါတစ်လေ အောက်ခြေမှာ အလုပ်မဖြစ်တဲ့ အချိန်တွေလည်း ရှိပါတယ်” ဟု ၎င်းကဆိုသည်။

အချက်အလက် အသေးစိတ်အား ပိုမိုလိုအပ်သည်ဆိုသည်ကို ဦးကျော်ဝင်းက အသိမှတ်ပြုခဲ့သည်။ ဤအချက်အား နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံခဲ့သည်။ ဤမှတ်တမ်းမှာ အစိုးရ၏ “အထွေထွေ စီးပွားရေးမူဝါဒ” များကို အကျဉ်းမျှ ဖော်ပြထားခြင်းဖြစ်သည်ဟု ကြေညာပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။

“ရင်းနှီးမြုပ်နှံမှု၊ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံတွေရဲ့ အရေးပါမှုကို ကျွန်မတို့သိပါတယ်။ ဒါကြောင့် အသေးစိတ်ကျတဲ့ မူဝါဒစာရွက်စာတမ်းတွေကို ကျွန်မတို့ ထုတ်ပြန်သွားမှာပါ” ဟု ၎င်းကဆိုသည်။

ရင်းနှီးမြုပ်နှံမှုနှင့် အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ မူဝါဒများအား မူကြမ်းရေးဆွဲထားပြီးဖြစ်သည်ဟု မကြာမီက ဖွဲ့စည်းခဲ့သည့် အမျိုးသားစီးပွားရေး ညှိနှိုင်းဆောင်ရွက်မှုကော်မတီတွင် ပါဝင်သည့် အန်(န်)အယ်လ်ဒီ ထိပ်တန်းတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဟန်သာမြင့်က ပြောကြားခဲ့သည်။

“ကျွန်တော့်အထင်တော့ ရင်းနှီးမြုပ်နှံမှုမူဝါဒက နှစ်လအတွင်းမှာ ထွက်လာပါလိမ့်မယ်။ အဲဒါပြီးရင် အခြေခံ အဆောက်အဦး မူဝါဒလည်း ပေါ်ထွက်လာမှာပါ” ဟု ၎င်းကဆိုသည်။

စီးပွားရေးမူဝါဒများ မူကြမ်းရေးဆွဲခြင်းအတွက် စိန်ခေါ်ချက်တစ်ရပ်မှာ ယုံကြည်စိတ်ချရသော အချက်အလက်များ မရှိသလောက် နည်းပါးခြင်းပင်ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

“သူတို့ [အစိုးရ] မှာ အချက်အလက်တွေနဲ့ စာရင်းအင်းတွေ ရှိတယ်ဆိုပေမယ့် ဘယ်ဟာတွေက ယုံကြည်စိတ်ချရလဲဆိုတာကို ဆုံးဖြတ်ဖို့အတွက် ခက်ခဲလှပါတယ်” ဟု ဦးဟန်သာမြင့်က ဆိုသည်။

အခြေခံအဆောက်အအုံပိုင်းတွင် ကွာဟချက်များရှိနေသောကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ တန်းတူ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန်မှာ ခက်ခဲလိမ့်မည်ဟု မြန်မာအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်စိုးက ဆိုသည်။

“လ ျှပ်စစ်ဓာတ်အား ပံ့ပိုးပေးတာတွေ၊ လမ်းဖောက်တာတွေကို ကျွန်တော်တို့တွေ ဖန်တီးပေးခြင်း မရှိနိုင်ပါဘူး” ဟု ပုဂ္ဂလိကကဏ္ဍကို ရည်ညွှန်းကာ Frontier ကို ၎င်းက ပြောသည်။ အခြေခံအဆောက်အအုံများ ဖော်ဆောင်ပေးခြင်းမှာ အစိုးရ၏ တာဝန်သာဖြစ်သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သို့သော် ဤမူဝါဒတွင် လူ့အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့် အသက်မွေးဝမ်းကြောင်းမှုသင်တန်းများကို အလေးပေးခြင်းနှင့် လုပ်သားအင်အားအခြေပြု စက်ရုံများကို ဦးစားပေးရန် ဆုံးဖြတ်ခြင်းတို့ကိုမူ ဦးမြင့်စိုးက ကြိုဆိုခဲ့သည်။

“လုပ်သားအင်အားအခြေပြုခြင်းကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ကဏ္ဍအပေါ် အခွင့်အရေး ပေးထားတယ်လို့ ကျွန်တော် ယူဆပါတယ်” ဟုလည်း ၎င်းကဆိုသည်။ အထည်ချုပ်ကဏ္ဍမှာ ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံတို့၏ Generalised System of Preferences အရ ပေးအပ်ထားသော ကုန်သွယ်ရေး အထူးခံစားခွင့်မှ အကျိုး ခံစားခဲ့ပြီးဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“အမေရိကန်က ကျွန်တော်တို့ကဏ္ဍအတွက် သူ့ရဲ့ GSP ကို သက်တမ်းတိုးပေးဖို့အတွက် အစိုးရက အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းသင့်ပါတယ်။ လ ျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးမှု တည်ငြိမ်ဖို့ကိုလည်း ကျွန်တော်တို့တွေ လိုအပ်နေပါတယ်” ဟု ၎င်းကပြောသည်။

ဦးကျော်ဝင်း၏ ပြောကြားချက်အရ လုပ်ငန်းကျွမ်းကျင်မှုမရှိသော လုပ်သားများအတွက် အစိုးရက အသက်မွေးဝမ်းကြောင်းမှုသင်တန်းများ ပေးအပ်သွားမည်ဖြစ်သည်။

“မိုဘိုင်းဖုန်းငွေဖြည့်ခြင်းကို ငါးရာနှုန်း အခွန်ကောက်ရာမှာ တစ်လကို ကျပ် ၇ ဒသမ ၈ ဘီလျံလောက် ကျွန်တော်တို့ [အစိုးရ] ရရှိနေပြီး ဒီငွေတွေကို လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွမ်းမံသင်တန်း လုပ်ငန်းတွေမှာ အသုံးပြုသွားမယ်ဆိုတဲ့အကြောင်းကို ဝမ်းပန်းတသာ ကြေညာလိုပါတယ်” ဟု ဦးကျော်ဝင်းက ပြောကြားခဲ့သည်။

လူသားအရင်းအမြစ်များ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းမှာ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြီးမားဆုံးသော စိန်ခေါ်ချက်များအနက် တစ်ချက်ဖြစ်သည်ဟု မနီလာအခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့သော နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများက ပြောကြားထားသည်။

“ဒီနိုင်ငံက ကျွမ်းကျင်လုပ်သား လိုအပ်ချက်တစ်ရပ်နဲ့ ပညာမတတ်တဲ့ လူငယ်အုပ်စုကြီးတစ်စု ရှိနေပါတယ်” ဟု ADB ရှိ အကြီးတန်းစီးပွားရေးပညာရှင် မစ္စဆိုင်ယန်ပက်ခ်က ဂျာမာန်ရုပ်သံဌာန Deutsche Welle သို့ ပြောကြားခဲ့သည်။

စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းကဏ္ဍများအား ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်နိုင်စေမည့် စီးပွားရေးပုံစံ တစ်ရပ်အား ဤမူဝါဒကြေညာချက်မှ ထောက်ခံအားပေးခြင်းအပေါ်တွင်လည်း သံသယများ ပေါ်ထွက်လာခဲ့ပြီးဖြစ်သည်။

“စိုက်ပျိုးရေးနဲ့ စက်မှုကဏ္ဍတွေရဲ့ ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သူတို့တွေ လက်တွေ့ ဖော်ဆောင်နိုင်ခြင်း ရှိ၊ မရှိဆိုတာကိုတော့ ကျွန်တော်မသိနိုင်ပါဘူး” ဟု Myanmar Agribusiness Public Corporation ၏ အမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက Frontier ကို ပြောကြားခဲ့သည်။

“ကျွန်တော်အမြင်ကတော့ စိုက်ပျိုးရေးကဏ္ဍရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလိုအပ်ဆုံးဖြစ်နေတာက ငွေကြေး ရယူ သုံးစွဲခြင်းပါဘဲ” ဟု ၎င်းကဆိုသည်။ အစိုးရထံမှ ယခုထက်ပိုများသော အထောက်အပံ့များကို လိုအပ်နေသည်ဟုလည်း ၎င်းက ပြောကြားခဲ့သေးသည်။

ဤမူဝါဒတွင် နည်းပညာသစ်များတွင် တီထွင်ဖန်တီးမှုနှင့် ဆန်းသစ်တီထွင်မှုများကို အားပေးရန်အတွက် ဉာဏဆိုင်ရာမူပိုင်ခွင့်ကို အကာအကွယ်ပေးရန်လည်း ဖော်ပြထားသေးသည်။ သို့သော် မူပိုင်ခွင့် ဥပဒေမူကြမ်းတစ်ရပ်မှာ လွှတ်တော်တွင် သောင်တင်လျက်ရှိပြီး များမကြာမီအချိန်အတွင်း၌ ပေါ်ထွက်လာဖွယ်မရှိသေးပေ။

စီးပွားရေးကိစ္စရပ်များဖြင့်ပတ်သက်၍ ပင်တိုင်ဆောင်းပါးရှင် စာရေးဆရာတစ်ဦးဖြစ်သူ ဦးခင်မောင်ညို၏ အဆိုအရ အသေးစိတ်ကျသော မူဝါဒများ ထုတ်ပြန်ပေးရန်မှာ အာဏာရအစိုးရတစ်ရပ်၏ တာဝန်ပင်ဖြစ်သည်ဟု ဆိုသည်။

“ဒီမူဝါဒကို ဘယ်လို လက်တွေ့ဖော်ဆောင်မလဲဆိုတာကို ကြည့်ဖို့က စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။ 

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.