မြို့ပတ်ရထားလမ်း အလုပ်ကြမ်းသမားများဘဝ

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများဘဝကို Frontier က သွားရောက်လေ့လာခဲ့ပါသည်။

စာသား – နော်ဆိုင်း၊ ဓာတ်ပုံ – ရိန်နူးအောင်

ရန်ကုန်တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းကို ရွှေ့ပြောင်းလုပ်သားများဖြင့် လုပ်ဆောင်နေကြသည်။ မြန်မာ့ကျေးလက် တောနယ်ဘက်မှ ဆင်းရဲနွမ်းပါးသူများသည် ရန်ကုန်မြို့တွင် အလုပ်အကိုင်ရှာဖွေရန် ပြောင်းရွေ့လာကြပြီး ရရာအလုပ်ကို လုပ်ကိုင်နေကြသည်။ သူတို့သည် နေ့အချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ၌ ဖုန်များ၊ ဆူညံသံများဖြင့် ပင်ပန်းကြီးစွာလုပ်ကြရပြီး ညအချိန်တွင် ဖြစ်သလိုစီမံထားသော အမိုးအကာတဲများတွင် အိပ်ကြရင်း ဝေးရပ်မြေကျေးရွာများတွင် ကျန်ရစ်သော ဇနီး၊ သားသမီးတို့ကို လွမ်းဆွတ်တမ်းတနေကြရရှာသည်။

ကိုသန့်ဇင်ဦး (၃၁ နှစ်) သည် ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှ ရန်ကုန်တွင် အလုပ်အကိုင်ရှာဖွေရန် ၂၀၁၅ ခုနှစ်၌ ထွက်လာခဲ့သူဖြစ်သည်။ သူက ဒေးဒရဲတွင် ကျန်ရစ်သည့်ဇနီးနှင့် ကလေးများကို သတိရကြောင်းပြောပြသည်။ သူ့မိသားစု စား၊ ဝတ်၊ နေရေးအတွက်ကြောင့်သာ မိသားစုကို ခွဲခွာလာခဲ့ရကြောင်း ပြောပြသည်။

workers_1.jpg

ကိုသန့်စင်ဦး ၃၁ နှစ်သည် မီးရထားလုပ်ငန်းခွင်၌ လုပ်ကိုင်နေသည်မှာ ခြောက်နှစ်ရှိပြီဖြစ်သည်။ ဓာတ်ပုံ – ရိန်နူးအောင်

“လူတိုင်း ကိုယ့်မိသားစုနဲ့ပဲ အတူနေချင်တာပေါ့ဗျာ၊ ကျွန်တော် ကလေးတွေမျက်နှာကို ပြန်ကြည့်ချင်တယ်။ ကျွန်တော့်ကလေးတွေကို ပွေ့ဖက်ချင်တယ်” ဟု ဒေးဒရဲက သူ့အိမ်ကိုလွမ်းကြောင်း၊ သို့သော် သူ့ဆန္ဒကို အကောင်အထည်မဖော်နိုင်သည်မှာ လပေါင်းများစွာရှိပြီဖြစ်ကြောင်း Frontier က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည့် ကြည့်မြင်တိုင်ဘူတာအနီး ရထားလမ်းပေါ်တွင် လုပ်ကိုင်နေသော ကိုသန့်ဇင်ဦးက နိုဝင်ဘာ ၆ ရက်က ပြောပြသည်။

ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်ရေးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေသော ကိုသန့်ဇင်ဦးလို ရွှေ့ပြောင်းအလုပ်သမားများ အမြောက်အမြားရှိသည်။ နေပူ မိုးရွာမရှောင် လုပ်ကိုင်နေကြရပြီး လုပ်ခလစာမှာ အနည်းငယ်သာ ရကြသည်။ ဂျပန်နိုင်ငံအစိုးရ ဖွံ့ဖြိုးရေးအကူအညီ Japanese Official Development Assistance (ODA) ချေးငွေဖြင့် လုပ်ဆောင်နေသော မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို မေလအတွင်းက အခမ်းအနားဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်မြို့တွင်း မြို့ပတ်ရထားဖြင့် သွားလာရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နေခြင်းဖြစ်သည်။

workers_2.jpg

ဓာတ်ပုံ – ရိန်နူးအောင်

“ရွာမှာက အလုပ်အကိုင် အလွန်ရှားပါးတယ်၊ ရပြန်တော့လည်း မစားလောက်ဘူး” ဟု ကိုသန်းဇော် (၄၆ နှစ်) ကပြောပြသည်။ သူကလည်း ဒေးဒရဲမြို့နယ်မှ လာရောက်လုပ်ကိုင်နေသူပင်ဖြစ်သည်။ ရထားလမ်း အဆင့်မြှင့်လုပ်ငန်းတွင် လုပ်ကိုင်နေသည်မှာ လေးလရှိပြီး ယခင်ကတော့ အခြားတိုင်းနှင့် ပြည်နယ်များရှိ ရထားလမ်းများတွင် လုပ်ကိုင်ခဲ့သည်။ အခြားရွေ့ပြောင်းလုပ်သားများနည်းတူ လူပုဂ္ဂိုလ်ချင်း အဆက်အသွယ်ဖြင့်ပင် ဤအလုပ်ကို ရရှိလာခဲ့ခြင်းဖြစ်သည်။

မြန်မာပိုင် အေဝမ်းကုမ္ပဏီစုနှင့် တရုတ်ပြည်မှ ဆိုင်းနိုဟိုင်းဒရို Sinohydro တို့ ပေါင်းစပ်ထားသော ကုမ္ပဏီစု Consortium တွင် ကိုသန်းဇော် အလုပ်လုပ်သည်။ ဤကုမ္ပဏီစုသည် ရန်ကုန်မြို့ပတ်လမ်း အနောက်ဖက်ခြမ်းကို အဆင့်မြှင့်ရန် ကန်ထရိုက်ရထားသော ကုမ္ပဏီဖြစ်သည်။ အရှေ့ဘက်ခြမ်းကိုတော့ မြန်မာပြည်မှ ဆောက်လုပ်ရေးကုမ္ပဏီကြီး ‘ရွှေတောင်’ နှင့် တိုကျုဆောက်လုပ်ရေး Tokyu Construction တို့ ပေါင်းစည်းထားသော ကုမ္ပဏီစုက လုပ်ကိုင်နေသည်။

workers_3.jpg

ဓာတ်ပုံ – ရိန်နူးအောင်

မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ကုန်ကျမည့်ငွေ ဒေါ်လာ ၃၀၁ သန်းတွင် ဂျပန်က ဒေါ်လာသန်း ၂၇၀ ထည့်ဝင်ကူညီပေးသည်။ ၁၉၅၄ ခုနှစ်က စတင်ပြေးဆွဲနေခဲ့သော မြို့ပတ်ရထားလမ်းသည် မြို့တစ်ပတ်အရှည် ၄၇ ကီလိုမီတာရှိပြီး ၃၉ ဘူတာပါဝင်သည်။ ဤစီမံကိန်းကို အစက နောက်နှစ်တွင် အပြီးလုပ်ကိုင်ရန် မျှော်လင့်ထားခဲ့သော်လည်း ၂၀၂၂ ကျမှသာ ပြီးစီးမည်ဟု သိရှိရသည်။ ရထားလမ်း အဆင့်မြှင့်လုပ်ငန်း ပြီးစီးပါက ယခု မြို့တစ်ပတ်ကြာမြင့်ချိန် မိနစ် ၁၇၀ မှ ၁၀၅ မိနစ်သို့ လျှော့ချနိုင်မည်ဖြစ်သည်။ ရထားစီးခရီးသည်ကိုလည်း လက်ရှိနေ့စဉ်  ၉၀,၀၀၀ ခန့်သာ ရှိရာမှ သုံးဆအထိတိုး၍ အသုံးပြုစီးနင်းနိုင်စေရန် ရည်ရွယ်ချက်ထား ဆောင်ရွက်နေသည်။

အေဝမ်းက အလုပ်သမားများကို နေစရာတော့ပေးကြောင်း၊ ထမင်းစရိတ်ကိုတော့ ကိုယ်ဘာသာကိုယ် ပေးရကြောင်း၊ စားရေးသောက်ရေးကို ဝါရင့်အလုပ်သမား (အလုပ်သမားခေါင်း) များက အဖွဲ့များခွဲ၍ စီစဉ်ပေးကြောင်း အလုပ်သမားခေါင်း ကိုဇော်မောင် (၄၂ နှစ်)က Frontier ကို ပြောပြသည်။

workers_4.jpg

ဓာတ်ပုံ – ရိန်နူးအောင်

ကုမ္ပဏီက သူ့ကို တိုက်ရိုက်ပုတ်ပြတ်ပေးပြီး သူက အလုပ်သမားများကို ခွဲပေးရသည်။ အလုပ်သမားတစ်ဦး တစ်နေ့ ကျပ် ၁၀,၀၀၀ ကျပ်ရသည်။ ထို့ထက်နည်းသည့်အခါလည်းရှိသည်။ မြန်မာနိုင်ငံတွင် တစ်ရက်အနည်းဆုံးလုပ်ခမှာ  ကျပ် ၄,၈၀၀ ကျပ်ဖြစ်သည်။

Frontier နှင့် တွေ့ဆုံခဲ့သော ယောက်ျားအလုပ်သမား လေးငါးယောက်မှာ သူတို့၏ဇနီးသည်များနှင့်အတူ အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ သူတို့၏ မြို့ပတ်ရထားလမ်းအလုပ်မှာ ဒီဇင်ဘာလလယ်လောက်တွင် ပြီးတော့မည်ဖြစ်ရာ အေဝမ်းကုမ္ပဏီက သူတို့အား ရန်ကုန်-မန္တလေး ရထားလမ်းဆီသို့ ပြောင်းရွှေ့ပေးဖို့ စီစဉ်နေသည်။ ရန်ကုန်-မန္တလေး ရထားလမ်းကိုလည်း ဂျပန် ODA ချေးငွေနှင့်ပင် အဆင့်မြှင့်တင်ရန် လုပ်ကိုင်နေခြင်းဖြစ်သည်။ သို့သော် ကုမ္ပဏီက အဆိုပါစီမံကိန်းများတွင် အမျိုးသမီးများကို ဝင်ရောက်လုပ်ကိုင်ခွင့်မပြုဟု ကိုဇော်မောင်ကပြောသည်။ ထိုစီမံကိန်းကိုလည်း မေလအတွင်းကပင် စတင်ဖွင့်လှစ်လုပ်ကိုင်ခဲ့ပြီး ပထမအဆင့်၌ ရန်ကုန်-တောင်ငူလမ်းပိုင်းကို စတင်အဆင့်မြှင့်မည်ဟု သိရှိရသည်။

workers_5.jpg

ဓာတ်ပုံ – ရိန်နူးအောင်

ကိုဇော်မောင်၏ဇနီးသည်လည်း ခင်ပွန်းနှင့်အတူ မြို့ပတ်အဆင့်မြှင့်စီမံကိန်းတွင် လုပ်ကိုင်နေသည်။ ရန်ကုန်-မန္တလေး ရထားလမ်းစီမံကိန်းတွင် အမျိုးသမီးများကို ဘာကြောင့်လုပ်ကိုင်ခွင့်မပြုသည်ကို ကိုဇော်မောင်မသိပါ။ ဤဆောင်းပါးအတွက် အေဝမ်းကုမ္ပဏီကို ဆက်သွယ်မေးမြန်းသော်လည်း ဘာမျှအကြောင်းမပြန်ခဲ့ပါ။

အိမ်ထောင်သည်အမျိုးသား အလုပ်သမားများက သူတို့ဇနီးနဲ့ ခွဲမနေချင်သဖြင့် ရန်ကုန်-မန္တလေး ရထားလမ်း စီမံကိန်းကို မလိုက်ချင်ကြတော့ကြောင်း ကိုဇော်မောင်ကပြောပြသည်။ အိမ်ထောင်သည် အလုပ်သမားများမှာ လင်ရောမယားပါ အတူလုပ်နိုင်သောအလုပ်များကိုသာ ရှာနေကြကြောင်း ၎င်းက ရှင်းပြသည်။

ရန်ကုန်အနောက်ခြမ်း မြို့ပတ်လမ်းပိုင်းတွင် အလုပ်သမား ၁၀၀ ခန့်ရှိရာ ရန်ကုန်မြောက်ပိုင်း အင်းစိန်မြို့နယ်၊ ကြို့ကုန်းဘူတာရုံနှင့်ကပ်လျက် ရထားလမ်းဘေးတွင် တဲထိုးပြီး ပြွတ်သိပ်နေထိုင်ကြသည်။

workers_6.jpg

ဓာတ်ပုံ – ရိန်နူးအောင်

အကာဝါးထရံ၊ အမိုးသွပ်နှင့် ကြမ်းခင်းကတော့ မြေစာခဲများသာ၊ အတွင်းမှာတော့ ပလပ်စတစ်များဖြင့် မလုံမခြုံအခန်းဖွဲ့ နေထိုင်ကြသည်။ ဆူဆူညံညံနှင့် ရောနှောနေထိုင်ကြရသည်။ Frontier ရောက်သွားတော့ အိမ်ထောင်သည် အလုပ်သမားများ၏ ကလေးတို့မှာ မြေကွက်လပ်ထဲ၌ ဆော့ကစားနေကြသည်။ အနီးအနား ရေဘုံဘိုင်တစ်ခုတွင် လူအချို့က အဝတ်လျှော်ဖွတ်ရင်း လဟာပြင်မှာပင် ရေချိုးနေကြသည်။

“ကျွန်တော်တို့လို အလုပ်သမားလင်မယားတွေအဖို့ နှစ်ယောက်စလုံး အလုပ်လုပ်နိုင်မှ အဆင်ပြေတာ။ ယောက်ျားက တစ်နေ့ ၅,၀၀၀ ကျပ်၊ ဇနီးက တစ်နေ့ ၄,၀၀၀ ကျပ်ရရင် ၃,၀၀၀ လောက်ပဲစားဖို့သုံးတော့ ကျန်တာကို စုနိုင်တာပေါ့” ဟု ကိုဇော်အောင်က ပြောပြသည်။

workers_7.jpg

ဓာတ်ပုံ – ရိန်နူးအောင်

အလုပ်သမ ‘မနွယ်နီဌေး’ (၃၁ နှစ်) ကတော့ ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ အလုပ်လုပ်ခွင့်မရရင် ဒေးဒရဲပြန်မည်ဟု ပြောသည်။ ဒေးဒရဲမှာ လုပ်စရာ အလုပ်မရှိရင်လည်း အမေနဲ့ သမီးလေးကို စောင့်ရှောက်ရတာပေါ့ဟု ပြောပါသည်။ သူက သမီးကိုတော့ ဆယ်တန်းအောင်သည်ထိ ကျောင်းထားချင်သည်။ သူ့သမီးကို သူ့အမေ ဘဝထက်တော့ သာစေချင်ပါသည်ဟု မိခင်ဆန္ဒကို ပြောပြသည်။

ခေါင်းစီးဓာတ်ပုံ – ရိန်နူးအောင်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.