ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးဒေသဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့ဘဏ်ရဲ့ အကဲဖြတ်ချက်အရ လူ ၁၀ ဦးအနက် ၈ ဦးလောက်ဟာ ဆင်းရဲမွဲတေစွာ နေထိုင်ကြရပါတယ်။ ကျေးလက်နေပြည်သူတွေ သူတို့ရဲ့ကျေးရွာတွေ စီးပွားရေး တည်ငြိမ်မှုရှိရေး၊ သူတို့ရဲ့လူမှုအသိုင်းအဝိုင်းတွေ အစားအစာဖူလုံရေးတို့အတွက် ဘဏ္ဍာရေးအလားအလားကောင်းတွေ ရှိနေဖို့က မဖြစ်မနေလိုအပ်လှပါတယ်။
JENNIFER MACINTYRE / တက်လမ်း ရေးသားသည်။
သူ့ရဲ့မိသားစုအတွက် ငွေရှာတဲ့အလုပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာကို ဦးထွန်းတင်တစ်ယောက် ယနေ့အချိန်မှာ သိရှိနေပါပြီ။ ကျေးရွာငွေစုငွေချေးအသင်း(VSLA)ရဲ့ စာရင်းထိန်းဖြစ်တဲ့ သူဟာ အကြွေးကြောင့် စီးပွားရေး ဆုတ်ယုတ်နေရာကနေ တစ်နှစ်အတွင်း ငွေကြေးဖူလုံအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ “တက်လမ်းက ကျွန်တော်တို့ရွာမှာ ငွေစုခြင်းနဲ့ ငွေစုငွေချေးအသင်း ထောင်မပေးခင်အထိတော့ ငွေတိုးချေးစားတဲ့သူတွေဆီမှာပဲ အားကိုးနေရတာပေါ့။ အတိုးက ၁၀၀ ကို တစ်လ ၁၅ ကျပ်ပေးရတယ်” လို့ ဦးထွန်းတင်က ပြောပါတယ်။
သူ့ရဲ့ငါးဖမ်းပိုက်သုံးခု စုတ်ပြတ်သွားချိန်မှာ ပြုပြင်ဖို့ငွေမရှိတဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်ရပုံကို သူက ပြန်ပြောပြပါတယ်။ “ကျွန်တို့အဖွဲ့အားလုံး ငွေချေးစားသူကို ပေးဆပ်စရာငွေတွေ ရှိခဲ့တယ်။ အခုတော့ မရှိတော့ပါဘူး” လို့ သူကဆိုပါတယ်။ ဦးထွန်းတင်ဟာ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် အိမ်ခြေ ၃၅၈ အိမ်ရှိတဲ့ အလယ်ကျွန်းဆိုတဲ့ ရွာမှာ နေထိုင်ပါတယ်။ ရပ်ရွာအသိုင်းအဝိုင်းအဖွဲ့ဝင်တွေက ငွေစုငွေချေးအသင်း လေးသင်းကို တည်ထောင်ခဲ့ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ငွေစုတဲ့ နေရာတစ်ခုကို လိုချင်လို့ပါ။ ဒါပေမယ့် ပုံစံတကျဖြစ်တဲ့ ဘဏ်လုပ်ငန်း အဆောက်အအုံတွေကိုတော့ အသုံးမပြုနိုင်ခဲ့ပါဘူး။ ဒီအသင်းတွေက အခုချိန်မှာတော့ အိမ်ထောင်စု ၁၀၀ ကို ကူညီနေပြီဖြစ်ပါတယ်။ ဒါဟာ လူဦးရေရဲ့ သုံးပုံတစ်ပုံကို အကြွေးနွံထဲက ရုန်းထွက်ဖို့ဖြစ်ပါတယ်။ Save the Children ဟာ တက်လမ်းအစီအစဉ် ရောက်ရှိခဲ့တဲ့ ရခိုင်ပြည်နယ်က ကျေးရွာတွေမှာ ငွေစုငွေချေးအသင်းပေါင်း ၂၉၇ သင်း တည်ထောင်ထားပါတယ်။ ဒီအသင်းတွေက အခြေခံဘဏ္ဍာရေးဝန်ဆောင်မှုတွေ၊ ငွေကြေးစီမံမှုနဲ့ ဘတ်ဂျက်ကျွမ်းကျင်မှုရှိလာဖို့ ကူညီဆောင်ရွက်ပေးနေပါတယ်။
တက်လမ်းရဲ့ ၂၀၁၄ ခုနှစ် စစ်တမ်းအရ ဒီအသင်းတွေကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ မိသားစုလေးဦးရှိ အိမ်ထောင်တစ်စုရဲ့ ပျမ်းမျှလစဉ်ဝင်ငွေဟာ ၇၄,၁၂၈ ကျပ်သာရှိတယ်လို့ စစ်တမ်းက ဖော်ထုတ်ခဲ့ပါတယ်။ မိသားစုဝင်တစ်ဦးရဲ့ တစ်နေ့ ဝင်ငွေဟာ ၆၀၀ ကျပ်သာရှိလို့ ဆင်းရဲမှုမျဉ်းအောက် အများကြီး နိမ့်ကျနေပါတယ်။ စားစရိတ်တစ်ခုတည်းကို အများဆုံးအသုံးပြုနေရပြီး ငွေကြေးလိုအပ်ချက်မှာ လျော့နည်းလာခြင်းမရှိဘဲ ဝင်ငွေနဲ့ ထွက်ငွေမမျှဘဲဖြစ်နေတယ်ဆိုတာကို စစ်တမ်းဖြေဆိုခဲ့တဲ့ လူထက်ဝက်ကျော်က ပြောကြားခဲ့ပါတယ်။ မေးမြန်းခဲ့တဲ့ လူ ၁၀၀ မှာ ၉၆ ယောက်က ငွေမစုနိုင်ပါဘူး။ သူတို့မှာ အရေးပေါ်သုံးဖို့ပင် ငွေမရှိဘဲ အနာဂတ်အတွက်လည်း ရင်းနှီးမြုပ်နှံမှု မလုပ်နိုင်ကြပါဘူး။ ဒီလိုအခြေအနေက ငွေတိုးချေးစားသူများကို မှီခိုရတဲ့ အနေအထားကို ရောက်ရှိစေခဲ့ပါတယ်။ သူတို့အနေဖြင့် ချေးငွေတွေကို အရင်းအမြစ်အမျိုးမျိုးက ရယူရာမှာ မိတ်ဆွေများ၊ အကြွေးရောင်းသူများ၊ ဈေးသည်များနှင့် ငွေချေးစားသူများထံက ဖြစ်ပါတယ်။ ငွေချေးစားသူများက တစ်လမှာ ၂၅ ရာခိုင်နှုန်းအထိ အတိုးယူကြတယ်လို့ အိမ်ထောင်စု လေးစုမှာသုံးစုက ပြောပါတယ်။ ဒါပေမယ့် ငွေစုငွေချေး အသင်းတွေကမူ ဆပ်ရမည့်ကာလ သုံးလအထိသတ်မှတ်ပြီး အတိုးနှုန်းကလည်း ၂ ဒသမ ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းသာရှိပါတယ်။ ၂၀၀၅ ခုနှစ်က ပြုလုပ်တဲ့ ဘဏ္ဍာရေးပညာ လိုအပ်ချက်များသုံးသပ်မှုအရ အိမ်ထောင်စု ၁၀ စုမှာ ခြောက်စုက တစ်ကြိမ်လျှင် ချေးငွေ လေးခုအထိရှိနေတာတွေ့ရပါတယ်။ သူတို့ရဲ့ ဘဏ္ဍာရေးအနာဂါတ်အပေါ် လွှမ်းမိုးမှုအချို့ရှိစေဖို့အတွက် ဝေးလံ၍ သီးခြားလိုဖြစ်နေတဲ့ လူ့အသိုင်းအဝိုင်းမှ လူများဟာ ငွေစုဆောင်းသည့် နည်းလမ်းများနဲ့ အကြွေးကို ဆပ်နိုင်ဖို့ စီမံနိုင်တဲ့ နည်းလမ်းများ သိရှိအသုံးပြုဖို့ လိုအပ်နေပါတယ်။
ဦးထွန်းတင်ဟာ ကျေးရွာငွေစုငွေချေးအသင်း စီမံခန့်ခွဲရေးကော်မတီဝင်တစ်ဦးအနေနဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်း တက်ခဲ့ရပြီး သင်တန်းမှာ သူ့ရဲ့ စုဆောင်းငွေအဖွဲ့ကို စိန်ခေါ်နိုင်တဲ့ ပဋိပက္ခနဲ့ အခြားပြဿနာတွေကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ သိလာပါတယ်။
“ကျွန်တော်တို့အဖွဲ့ဖွဲ့စဉ်က အသင်းတစ်ခုအနေနဲ့ စည်းစည်းလုံးလုံးနဲ့ အတူတူတကွဆောင်ရွက်ဖို့ အာရုံစိုက်ခဲ့တာပါ” လို့ သူက ပြောပါတယ်။ သူ့ရဲ့အဖွဲ့မှာ ဥက္ကဋ္ဌ၊ စာရင်းကိုင်၊ စာရင်းထိန်း၊ ငွေကိုင်နှစ်ယောက်နဲ့ သော့ကိုင်သုံးယောက်တို့ ပါဝင်ပါတယ်။ “ငွေစုသေတ္တာမှာ သော့ခလောက်သုံးခုရှိပါတယ်။ ဒါကတော့ စုငွေတွေကို ကာကွယ်ဖို့ရယ်၊ ပွင့်လင်းမြင်သာမှုရှိဖို့ရယ်၊ အသင်းဝင်တွေကြား ယုံကြည်ဖို့ရှိဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။
Save the Children ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းအကြံပေး မစ္စရှယ်ရွန်မိုဆင်ကတော့ ဒီလို ကျေးရွာ ငွေစုငွေချေး အသင်းတွေဟာ ရွာသားတွေအတွက် ငွေရေးကြေးရေး၊ လူမှုရေးကိစ္စတွေမှာ တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ဆည်းဖို့ အားပေးပါတယ်လို့ ဆိုပါတယ်။ စုဆောင်းငွေအစည်းအဝေးတိုင်းကိုတော့ လူမှုရေးရန်ပုံငွေမှာ ထည့်ဝင်ခြင်းနဲ့ စတင်ပါတယ်။ ဒီရန်ပုံငွေကတော့ အသင်းဝင်တိုင်းက အရေးပေါ်အခြေအနေအတွက် အသုံးပြုနိုင်ပါတယ်။ လူမှုရေးရန်ပုံငွေကနေ ချေးယူတဲ့ ချေးငွေတွေကို သုံးလအတွင်းပြန်ဆပ်ရပါတယ်။ ဒါပေမယ့် အတိုးမယူပါဘူး။
“လူတွေကြားမှာ ဘုံရည်မှန်းချက်တစ်ခုကို ဖော်ဆောင်ခြင်းအားဖြင့် ကျေးရွာငွေစုငွေချေးအသင်းတွေဟာ ငွေစုဆောင်းတတ်တဲ့ အလေ့အထ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာစည်းကမ်းနဲ့ လူမှုအရင်းအနှီးတွေရှိစေဖို့ ပျိုးထောင်ပေးပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့အချင်းချင်း ယုံကြည်မှုနဲ့ ဆက်ဆံခြင်းကို ဖြစ်ပေါ်စေပါတယ်” လို့ မိုဆင်ကပြောပါတယ်။
တစ်နှစ်ကြာတဲ့အခါမှာတော့ ဦးထွန်းတင်ရဲ့ ငွေစုဆောင်းတဲ့အဖွဲ့ဟာ အဖွဲ့ဝင်တွေကို အမြတ်ပေးနိုင်တဲ့ ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေတစ်ခုကို ထူထောင်နိုင်ခဲ့ပါတယ်။ ရှယ်ယာဝင်တွေဟာ စုဆောင်းငွေ တစ်လုံးတစ်ခဲတည်းရရုံတင်မက သူတို့စုထားတဲ့အပေါ်က အတိုး ၁၇ ရာခိုင်နှုန်းလည်း ရပါသေးတယ်။ ဒီလိုအပိုဝင်ငွေတွေကြောင့် အမွှာကလေးနှစ်ယောက်မိခင် မသန်းတင်မိုးဟာ သူ့ရဲ့လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံဖို့အပြင် သူ့ခင်ပွန်းအတွက် ပုဇွန်ဖမ်းပိုက်တစ်ခုတောင် ဝယ်ပေးနိုင်ခဲ့ပါတယ်။
_kh72955_copy.jpg

class=
သူမရဲ့ အဝတ်အထည်လုပ်ငန်းလေးကို ဘယ်လိုငွေကြေးထောက်ပံ့ပြီး ဘယ်လိုရင်းနှီးမြုပ်နှံရမယ်ဆိုတာ သိနေပြီလို့လည်း ၂၅ နှစ်အရွယ် မသန်းတင်မိုးက ဆိုပါတယ်။ ဒီလုပ်ငန်းလေးကပဲ သားဖြစ်သူရဲ့ ပညာရေးနဲ့ စားဖို့ဖူလုံအောင် အမြတ်ရနေပါတယ်။ “ကျွန်မရဲ့သားတွေကို မနက်ရော ညရော ငါးနဲ့ ဟင်းသီးဟင်းရွက်ကျွေးပါတယ်။ ကျွန်မတို့ တစ်နေ့ကို နှစ်နပ် စားပါတယ်လို့” သူမကပြောပါတယ်။
ဒီမိသားစုနှစ်ခုရဲ့ အဖြစ်အပျက်က ပေါက်တော၊ မင်းပြား၊ မြေပုံနဲ့ ကျောက်ဖြူမြို့နယ်တွေမှာရှိတဲ့ ကျေးရွာပေါင်း ၁၆၈ ရွာက တက်လမ်းအစီအစဉ်မှာ ငွေကြေးစုဆောင်းသူ ၆,၅၂၅ ဦးတို့ရဲ့ အဖြစ်ကို ကိုယ်စားပြုပါတယ်။ ဒီနေ့အထိ စုဆောင်းငွေ တစ်ဘီလျံကျပ်ဟာ စုစုပေါင်း ၁ ဒသမ ၇ ဘီလျံကျပ်ရှိတဲ့ ချေးငွေပေါင်း ၂၇,၈၀၀ ခုအတွက် ထောက်ပံ့နေပြီဖြစ်ပါတယ်။ စုဆောင်းသူ ၈၃ ရခိုင်နှုန်းလောက်က အမျိုးသမီးတွေဖြစ်ပါတယ်။ ငွေစုငွေချေးအသင်းအဖွဲ့တွေကြောင့် ရွာသားတွေဟာ ချေးငွေးဆပ်နိုင်စွမ်းကို သက်သေပြနိုင်သလို အကြွေးပေးရာမှာ ယုံကြည်စိတ်ချရမှု အကဲဖြတ်ချက်တစ်ခုကိုလည်း ရခဲ့ပါတယ်။ သုတေသနအရ ကျေးရွာငွေစုငွေချေးအသင်းတွေရဲ့ ချေးငွေကို ပြန်ဆပ်တဲ့နှုန်းဟာ အသေးစား ငွေရေးကြေးရေးလုပ်ငန်းမှာ အမြင့်ဆုံးဖြစ်ပြီး တက်လမ်းမှာ ဒီနှုန်းက ၉၉ ဒသမ ၄ ရာခိုင်နှုန်းရှိပါတယ်။
ဦးထွန်းတင်ဟာ ကျေးရွာငွေစုငွေချေးအသင်းက ပထမဆုံးရတဲ့ ချေးငွေကြောင့် ကျားပိုက်ကို ပြင်နိုင်ခဲ့ပြီး ချေးငွေပြန်ဆပ်ဖို့ လုံလောက်တဲ့ ပုဇွန်နဲ့ ငါးတွေကို အချိန်တိုအတွင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယမြောက်ချေးငွေကတော့ သူ့ရဲ့ဘဝကို အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ တစ်လအတွင်းမှာပဲ သူဟာ အကြွေးအားလုံးဆပ်နိုင်ခဲ့ပြီး သားတင်ထားတဲ့ ဝက်မတစ်ကောင်ကို ဝယ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ဝက်မကို ကြည့်ပြီး ဝက်ကလေး ၁၀ ကောင်လောက်တော့ ပေါက်လိမ့်မယ်လို့ သူက မျှော်လင့်နေပါတယ်။
“ကျွန်တော့မိသားစုအတွက် ငွေရေးကြေးရေးအရ မပူမပင်ရတဲ့ အနာဂတ်တစ်ခုကို ဘယ်လို တည်ဆောက်ရမယ်ဆိုတာ ကျွန်တော် သိတယ်လို့ ယုံကြည်ပါတယ်။ ဒီအတွက် ကျွန်တော်စိတ်ချလက်ချရှိပါတယ်” လို့ သူကဆိုပါတယ်။
တက်လမ်းစီမံကိန်းသည် ရေမြေအနေအထားအရ ဆိုင်ကလုန်းမုန်တိုင်းဒဏ်၊ ကြီးမားတဲ့ရေလှိုင်းဒဏ်နှင့် မုတ်သုံရာသီရေလွှမ်းမိုးမှုဒဏ်စသည့် သဘာဝဘေးအန္တရာယ်ကျရောက်ထိခိုက်လွယ်သည့် ရခိုင်ပြည်နယ်ရှိ ကျေးရွာ (၂၅၃) ရွာတွင် ရေရှည်စားနပ်ရိက္ခာဖူလုံရေး၊ အစာအာဟာရပြည့်ဝရေး၊ အသက်မွေးဝမ်းကျောင်းမှုတိုးတက်ရေး၊ ငွေကြေးဝန်ဆောင်မှုများရရှိရေး၊ စိုက်ပျိုးရေး၊ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကိုလုပ်ဆောင်ခြင်းဖြင့် ဒေသခံတို့၏ ရှင်သန်ရပ်တည်နိုင်စွမ်းမြင့်မားအောင် လုပ်ဆောင်လျက်ရှိသည်။ စီမံကိန်းအတွက် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) မှငွေကြေးထောက်ပံ့ထားသည်။
အောင်ကျော်ဦး ဘာသာပြန်သည်။