ပျက်အစဉ် ပြင်ခဏ ရန်ကုန်-ပုသိမ်လမ်း

ရန်ကုန်-ပုသိမ်လမ်းမကြီးအား ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်းသည် ယခင်စစ်အစိုးရလက်ထက်က ပုဂ္ဂလိကကုမ္ပဏီများကို ပေးအပ်ခဲ့သော လုပ်ကိုင်ခွင့်များနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်နေသည်။ 

ကျော်ရဲလင်း ရေးသားသည်။ 

ရန်ကုန်မြို့တွင် နေထိုင်သော ကိုသီဟတစ်ယောက် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ရှိ သူ၏ မွေးရပ်ရွာသို့ ပြီးခဲ့သည့် သီတင်းကျွတ်ကာလက ပြန်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ထိုသို့ပြန်ရေးက လွယ်ကူမည်မဟုတ်သည်ကိုလည်း သူက သိရှိထားသည်။ သူကဲ့သို့ပင် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းလုပ်သားများသည် အောက်တိုဘာလနှောင်းပိုင်းတွင် သီတင်းကျွတ်ပွဲတော်အတွက် မွေးရပ်မြေသို့ ပြန်ကြမည် ဖြစ်သည်။

ကိုသီဟ၏ မွေးရပ်မြေက ကျောက်ကလပ်ရွာ ဖြစ်သည်။ ရန်ကုန်မြို့ရှိ လျှပ်စစ်ပြုပြင်ရေးသင်တန်းကျောင်းတွင် အလုပ်ရပြီးကတည်းက ရွာသို့ မပြန်ဖြစ်သည်မှာ တစ်နှစ်ခန့်ကြာပြီ ဖြစ်သည်။ သီတင်းကျွတ်အားလပ်ရက်ကို မွေးရပ်ရွာတွင် ကုန်ဆုံးရန်အတွက် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းကပြောသည်။ 

သို့သော် ကားလက်မှတ်ရရန် အတော်ပင်ခက်ခဲခဲ့သည်။ သို့သော် လက်မှတ်တစ်စောင်ရအောင် ဝယ်နိုင်ခဲ့သည်။ လက်မှတ်က ပုံမှန်ဈေးထက် နှစ်ဆဖြစ်သည့် ကျပ် ၇၀၀၀ ပေးခဲ့ရသည်။ သူ၏ဇနီးသည်နှင့် ကလေးနှစ်ယောက်ကို မခေါ်သွားရန် ဆုံးဖြတ်ခဲ့ခြင်းက မှန်ကန်သည်ဟု ပြောရမည်ဖြစ်သည်။ 

သူစီးလာသည့်ကားက ရန်ကုန်မှ အောက်တိုဘာ ၂၃ ရက်နေ့ မွန်းတည့်ချိန်တွင် ထွက်ခွာခဲ့ပြီး ပုသိမ်သို့ ည ၈ နာရီခွဲတွင် ရောက်ရှိခဲ့သည်။ ပုံမှန်အချိန်ထက် ၃ နာရီခွဲ နောက်ကျပြီးမှ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့နောက်ကျပြီး ရောက်ရှိခဲ့သောကြောင့် ထပ်စီးရမည့် ကားအတွက် အချိန်မမီတော့ပေ။ ပုသိမ်တွင် ညအိပ်ခဲ့ရတဲ့အတွက် “စိတ်ပျက်ခဲ့ရတယ်” ဟု ကိုသီဟက ပြောသည်။ 

ထိုသို့ နောက်ကျရခြင်းမှာ ပျက်စီးယိုယွင်းနေသည့် ရန်ကုန်-ပုသိမ်လမ်းမကြီးကြောင့်ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးရှိ ထင်ရှားသော ကမ်းခြေများဖြစ်သည့် ငွေဆောင်နှင့် ချောင်းသာကမ်းခြေများသို့ အားလပ်ရက် ခရီးထွက်လာသူတို့မှာလည်း ထိုနည်းတူပင် ဖြစ်သည်။ 

ဧရာဝတီတိုင်းဒေသကြီးသို့ ပြေးဆွဲသည့် အဝေးပြေးယာဉ်များ ထွက်ခွာသည့် ဒဂုံဧရာအဝေးပြေးကွင်းမှ ယာဉ်မောင်းများ၏အဆိုအရမူ ထိုသီတင်းကျွတ်ကာလက လမ်းပြင်နေသောကြောင့် ကြန့်ကြာမှုများ ဖြစ်ရသည်ဟု ဆိုသည်။ 

ကံထူးအောင်အမြန်ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုခင်လှိုင်က ထိုကာလအတွင်း နှစ်လမ်းသွားလမ်းမ၏ လမ်းတစ်ဖက်ကို ပိတ်ကာ လမ်းပြင်နေသည့်အတွက် ယာဉ်များပြည့်ကျပ်ပြီး ကြန့်ကြာခဲ့ရသည်ဟု ဆိုသည်။ 

၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းအပြီးတွင် ကယ်ဆယ်ရေးပစ္စည်းများကို ထရပ်ကားကြီးများဖြင့် ပို့ခဲ့ကြရသည့်အတွက် လမ်းများ ပျက်ဆီးခဲ့ရပြီးနောက်ပိုင်း ယခုတစ်ကြိမ်က ဒုတိယကြိမ်မြောက် အဆိုးဆုံးဖြစ်သည်ဟု ၎င်းကဆိုသည်။ 

“ရန်ကုန်ကနေ ပုသိမ်ကိုသွားတာ ပုံမှန်ဆို ၄ နာရီခွဲပဲ ကြာတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ပိတ်ရက်တွေအတွင်းက ၉ နာရီအထိ ကြာခဲ့တယ်” ဟု ကိုခင်လှိုင်က ပြောသည်။ 

“လမ်းက လရဲ့ မျက်နှာပြင်လိုပဲ” ဟု ၎င်းက လမ်းအခြေအနေကို ပြောပြခဲ့သည်။ 

ပုဂ္ဂလိကကဏ္ဍ ဝင်ရောက်လာခြင်း

ဖွံ့ဖြိုးမှုကဏ္ဍတွင် ဆယ်စုနှစ်များစွာကြာအောင် ရင်းနှီးမြုပ်နှံမှု အားနည်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်းမှ တခြားနိုင်ငံများထက် အခြေခံအဆောက်အအုံများ နောက်ကျကျန်ရစ်ခဲ့သည်။ ထိုအခြေအနေက ရာသီဥတုကြောင့် ပိုမိုဆိုးရွားသွားခဲ့ရသည်။ လမ်းများကို အရည်အသွေးနိမ့်နိမ့်ဖြင့် တည်ဆောက်ထားသောကြောင့် မိုးရာသီတွင် ရေဝပ်သည့်အခါ လမ်းများ ပျက်ဆီးသွားလေသည်။ 

နိုင်ငံတွင်းရှိ အဓိကအဝေးပြေးလမ်းမကြီးများတွင် လမ်းအသုံးပြုခွင့်များ ကောက်ခံသည့်လုပ်ငန်းကို ၁၉၉၀ ပြည့်နှစ်များတွင် စစ်အစိုးရက ပုဂ္ဂလိကကုမ္ပဏီများအား စတင်လုပ်ကိုင်ခွင့် ပြုခဲ့သည်။ တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းသည့် ဘီအိုတီစနစ်ဖြင့် အနှစ် ၄၀ လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။ ရန်ကုန်-ပုသိမ်-ငွေဆောင်လမ်းကို ၂၀၀၈ ခုနှစ်၊ ဧပြီလတွင် Asia World Group of Companies ၏ လက်ခွဲဖြစ်သော Oriental Highway Co, Ltd ထံ လွှဲပြောင်းပေးခဲ့သည်။ (ယခုအခါ ၎င်းတို့သည် Asia World Group ၏ လက်ခွဲ မဟုတ်တော့ဟု Oriental Highway ကုမ္ပဏီက ပြောကြားသည်။)

ဓာတ်ပုံ-သူရဇော်

ဓာတ်ပုံ-သူရဇော်

နိုင်ငံ၏ အဝေးပြေးလမ်းမကွန်ယက်၏ ၃၀ ရာခိုင်နှုန်းခန့်၊ ကီလိုမီတာ ၆,၀၀၀ ကျော်ကို ယခုအခါ ဘီအိုတီကန်ထရိုက်များက စီမံခန့်ခွဲလျှက်ရှိသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် နိုင်ငံ၏ ဘတ်ဂျက်အတွက် ဝန်ထုပ်ဝန်ပိုး လျော့ကျသော်လည်း လမ်းများကို ပြုပြင်ထိန်းသိမ်းမှုများ မရှိကြောင်း တိုင်တန်းမှုများလည်း ပေါ်ထွက်လာသည်။ 

မကြာသေးမီနှစ်များအတွင်း ဘီအိုတီကန်ထရိုက်များကို စိစစ်မှုများ အပြင်းအထန် လုပ်ဆောင်လာသည်။ လုပ်ကိုင်ခွင့်ရထားသူများအနေဖြင့် လမ်းများကို လိုအပ်သလို ပြုပြင်ထိန်းသိမ်းမှု မရှိပါက လုပ်ကိုင်ခွင့်ကို ပြန်လည်ရုတ်သိမ်းရန် လွှတ်တော်အမတ်များက တောင်းဆိုလာကြသည်။ 

ကော့မှူးမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးကျော်ဆွေဝင်းက ကန်ထရိုက်စာချုပ်ပါ အချက်များကို လိုက်နာမှု မရှိသော ကုမ္ပဏီများကို အစိုးရက တရားဥပဒေအရ အရေးယူသင့်သည်ဟု ပြီးခဲ့သည့်နှစ် သြဂုတ်လက ပြောကြားခဲ့သည်။ 

ကုမ္ပဏီအများစုသည် လမ်းများကို စနစ်တကျ ပြုပြင်ထိန်းသိမ်းခြင်း မရှိသော်လည်း လမ်းအသုံးပြုခကို ပုံမှန်ကောက်ခံနေခြင်းမှာ လမ်းပေါ်တွင် ဓါးပြတိုက်သည်နှင့် တူနေသည်ဟု ဦးကျော်ဆွေဝင်း၏ ပြောကြားချက်ကို မြန်မာတိုင်းမ်သတင်းစာတွင် ဖော်ပြထားသည်။ သူက ရန်ကုန်- ပုသိမ်လမ်းမနှင့် မန္တလေး-မူဆယ်လမ်းမ နှစ်ခုအား  ဥပမာအနေဖြင့် ထည့်သွင်းပြောကြားသွားသည်။ ၎င်းလမ်းမနှစ်ခုလုံးကို Oriental Highway ကုမ္ပဏီက စီမံခန့်ခွဲ လုပ်ကိုင်နေခြင်း ဖြစ်သည်။ 

အာရှဖွံ့ဖြိုးရေးဘဏ်က ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်သည့် Transport Sector Policy Note တွင် ဖော်ပြထားမှုအရ လမ်းလုပ်ငန်းဦးစီးဌာနက အသုံးပြုသော ဘီအိုတီကန်ထရိုက်စနစ်တွင် အပြစ်အနာအဆာများ များစွာရှိနေသည်ဟု ဆိုသည်။ 

“အသုံးပြုနေသော စာချုပ်သည် အစိုးရအတွက် လျှို့ဝှက်လုပ်ဆောင်နိုင်ရန် အခြေအနေများ ပေးထားပြီး ပါဝင်သော အချက်များကို ထပ်မံပြန်လည် ဆွေးနွေးနိုင်သည်။ ထို့ကြောင့် အကျင့်ပျက် ချစားမှုများ၊ ပွင့်လင်းမြင်သာ မရှိခြင်း၊ ကန်ထရိုက်စာချုပ်ကို အထပ်ထပ် ပြန်လည်ဆွေးနွေးခြင်း၊ ပဋိပက္ခများနှင့် လုပ်ဆောင်မှု ညံ့ဖျင်းမှုကို ဖြစ်စေသည်” ဟု  ဖော်ပြထားသည်။ 

လမ်းအသုံးပြုခကို ဈေးသက်သက်သာသာဖြင့် တသမတ်တည်း ကောက်ခံရန် သတ်မှတ်ထားသောကြောင့် လမ်းအများစုတွင် လုပ်ကိုင်သူများအတွက် တွက်ခြေမကိုက်ဘဲ ဖြစ်နေကြပြီး လမ်းများ၏ အရည်အသွေး ညံ့ဖျင်းနေခြင်း ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။ သို့သော် ရန်ကုန်-ပုသိမ်လမ်းမသည် တစ်ရက်လျှင် အသုံးပြုသူ ၄,၀၀၀ ကျော် ရှိသည်ဟု ဆိုသည်။ ထိုအထဲတွင် မော်တော်ဆိုင်ကယ်များ မပါဝင်ပေ။ Policy Note တွင် ဖော်ပြထားချက်အရမူ လမ်းအသုံးပြုသူ ၂,၅၀၀ ကျော်ပါက ပြုပြင်ထိန်းသိမ်းရန် ကုန်ကျစရိတ်ကို ကာမိနိုင်ပြီး ဖြစ်သည်ဟု ဆိုသည်။ 

ထို Policy Note ၏ အကြံပြုချက်များတွင် ဘီအိုတီကန်ထရိုက်စာချုပ်များကို ပြုပြင်ပြောင်းလဲရန်နှင့် လမ်းများတည်ဆောက်မှုတွင် ရင်းနှီးမြုပ်နှံရန်စသည့် အချက်များပါဝင်သည်။ ထိုရင်းနှီးမြုပ်နှံမှုများတွင် ရန်ကုန်-ပုသိမ် လမ်းမအပါအဝင် အဓိကအဝေးပြေးလမ်းမများတွင် အာရုံစိုက်ရန်တို့ ပါဝင်သည်။ 

ပြုပြင်ထိန်းသိမ်းမှုမရှိ

အဝေးပြေးကားယာဉ်မောင်းများနှင့် လွှတ်တော်အမတ်များကမူ ရန်ကုန်ပုသိမ် လမ်းမ ပျက်စီး ယိုယွင်းရခြင်းမှာ Oriental Highway ကုမ္ပဏီက ပြုပြင်ထိန်းသိမ်းမှု နည်းပါးသောကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်း အမှတ် ၂ မဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဦးကျော်ဆန်းက ပြီးခဲ့သည့် မိုးရာသီတွင် Oriental Highway ကုမ္ပဏီက ပြုပြင်ထိန်းသိမ်းမှု အနည်းငယ်သာ လုပ်ဆောင်ခဲ့သောကြောင့် လမ်း၏ အခြေအနေ ပိုဆိုးလာရခြင်း ဖြစ်သည်ဟု ပြောကြားသည်။ 

လမ်း၏ အခြေအနေ ဆိုးရွားလာသောကြောင့် မိုးရာသီတွင် ယာဉ်တိုက်မှုများလည်း မကြာခဏ ဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆိုသည်။ ပြီးခဲ့သည့်နှစ် သြဂုတ် ၁၃ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားဟောင်း၊ ၈၈ မျိုးဆက် တက်ကြွလှုပ်ရှားသူ အသက် ၄၇ နှစ်အရွယ် ဒေါ်သန်းသန်းအေး၊ ခေါ် မမီးမီးသည် ကျောင်းကုန်းမြို့နယ်တွင်းရှိ ထိုလမ်းမပေါ်တွင် ယာဉ်မတော်တဆမှုဖြင့် သေဆုံးခဲ့ရသည်။ 

ထိုမတော်တဆမှုအပြီးတွင် လမ်းမ၏အခြေအနေနှင့် ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်တွင် ဒေါ်သတကြီးဖြင့် ဝေဖန်မှုများ ပေါ်ထွက်လာသည်။ ထို့နောက် တစ်လအကြာတွင် Oriental Highway က ဆောက်လုပ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ လမ်းလုပ်ငန်းဦးစီးဌာနထံ ထိုလမ်းကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းကျွတ်ရာသီက ပြုလုပ်သော လမ်းပြုပြင်မှုများကို လမ်းဦးစီးဌာနက လုပ်ကိုင်နေခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့်နိုဝင်ဘာ ၅ ရက်နေ့က Frontier နှင့် တယ်လီဖုန်းအင်တာဗျူးတွင် ဦးကျော်ဆန်းက လမ်း၏ အခြေအနေ ပိုမိုဆိုးလာသော်လည်း ကုမ္ပဏီက မည်သို့မှ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်းနှင့် အစိုးရထံသို့ ပြန်အပ်သောအချိန်တွင် လမ်း၏ အခြေအနေက အလွန်ဆိုးရွားနေပြီဟု ဆိုသည်။ 

Oriental Highway ၏ စီမံကိန်း ဒါရိုက်တာ ဦးတင်ကိုကိုကမူ စက်တင်ဘာ ၃ ရက်နေ့က လမ်းကို အစိုးရထံ ပြန်လည် လွှဲပေးလိုက်ခြင်းသည် ဝန်ကြီးဌာန၏ တောင်းဆိုချက်ကြောင့်ဖြစ်ပြီး မမီးမီး ယာဉ်တိုက်မှုဖြင့် သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်မှု မရှိကြောင်း ပြောကြားသည်။ 

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ချေးငွေဖြင့် လမ်းကို အဆင့်မြင့်တင်နိုင်ရန် ကုမ္ပဏီက အစိုးရထံ လမ်းကို ယာယီပြန်အပ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

ဓာတ်ပုံ-သူရဇော်

ဓာတ်ပုံ-သူရဇော်

“ADB က အစိုးရကို ငွေချေးတာပါ။ ဒီတော့ လုပ်ထုံးလုပ်နည်းအရ အစိုးရက ADB ချေးငွေနဲ့ လမ်းကို အဆင့်မြင့်တင်မယ်။ ပြီးရင် ပြန်လည် လည်ပတ်ဖို့ ကျွန်တော်တို့ဆီ ပြန်အပ်မှာပါ” ဟု ၎င်းကပြောသည်။ 

အဆိုပါလမ်းအား လုပ်ကိုင်ခွင့်အတွက် ဘီအိုတီစာချုပ်ကို ၂၀၁၀ ပြည့်နှစ်ကတည်းက လက်မှတ်ရေးထိုးပြီး ဖြစ်သည်ဟု ဆိုသည်။ 

လမ်း၏ အခြေအနေ ဆိုးရွားနေမှုကိုမူ ၎င်းက ကာကွယ်ပြောကြားခဲ့သည်။ နာဂစ်ဆိုင်ကလုန်းအပြီးတွင် မုန်တိုင်းဒဏ်ခံခဲ့ရပြီး အသက်ရှင် ကျန်ရစ်သူများကို အကူအညီပေးရန် သွားရောက်ကြသည့် ကုန်တင်ကားကြီးများကြောင့် ဖြစ်ပေါ်ခဲ့ရသော အပျက်အဆီးများကို ကုမ္ပဏီက အများအပြား အကုန်အကျခံကာ ပြုပြင်ပေးခဲ့ပြီး နောက်ပိုင်းတွင်လည်း ပုံမှန် ထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့သည်ဟု ၎င်းက ဆိုသည်။ 

လက်ရှိအချိန်တွင် အထက်မြန်မာပြည်ရှိ ၎င်းတို့ လုပ်ကိုင်ခွင့်ရထားသောလမ်းများကို Oriental Highway က အဆင့်မြှင့်တင်နေသည်ဟု ဦးတင်ကိုကိုကပြောကြားသည်။ ထိုအထဲတွင် မန္တလေး-လားရှိုး-မူဆယ် အဝေးပြေးလမ်းလည်း အပါအဝင် ဖြစ်သည်ဟု ဆိုသည်။ 

လာမည့် တစ်နှစ်ခန့်တွင် အထက်မြန်မာပြည်မှ လမ်းမများကို အဆင့်မြှင့်တင်ပြီးပါက အောက်မြန်မာပြည်မှ လမ်းမများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။ 

ပြန်လည်ပေးဆပ်ရမည့်အချိန်

ရန်ကုန်-ပုသိမ်လမ်းအား ခေတ္တပြန်လည်လွှဲပြောင်းယူထားမှုနှင့်ပတ်သက်ပြီး Oriental Highway နှင့် ဆွေးနွေးနေကြောင်းကိုလည်း လမ်းလုပ်ငန်းဦးစီးဌာနက အတည်ပြုသည်။ ဌာန၏ အင်ဂျင်နီယာချုပ် ဦးစောသိန်းက အစိုးရအနေဖြင့် ထိုလမ်းမကို အမြန်ဆုံး အဆင့်မြင့်တင်ရန် ဆန္ဒရှိနေပြီး ကန်ထရိုက်စာချုပ် ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အသေးစိတ်ကိုမူ ဆွေးနွေးနေဆဲ ဖြစ်သည်ဟု ဆိုသည်။ 

အဆင့်မြင့်တင်ပြီးပါက Oriental Highway အား လမ်းအသုံးပြုခများ ပြန်လည်ကောက်ခံခွင့်ပေးမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။ 

လမ်းအသုံးပြုခမှ ရရှိသည့်ဝင်ငွေ၏ သတ်မှတ်ပမာဏကို Oriental Highway ၏ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်အတွက် ယူခွင့်ပေးမည်ဖြစ်ကာ ကျန်ငွေကို Oriental Highway၊ လမ်းလုပ်ငန်းဦးစီးဌာနနှင့် ADB တို့ ပူးတွဲ ဖွင့်လှစ်ထားသော ဘဏ်စာရင်းတွင် ထားရှိမည်ဖြစ်ပြီး ချေးငွေပြန်ဆပ်ရန် အသုံးပြုသွားမည်ဟု ၎င်းကပြောသည်။ 

အဝေးပြေးလမ်းမကြီး ၃ ခုအား အဆင့်မြှင့်တင်ရေးအတွက် ADB နှင့် ASEAN Infrastructure Fund တို့ထံမှ အမေရိကန်ဒေါ်လာ သန်း ၃၆၀ ချေးယူရန် ပြီးခဲ့သည့်နှစ်မတ်လတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ရရှိခဲ့သည်။ ထိုလမ်းများမှာ ရန်ကုန်-ပုသိမ်လမ်းမ၊ ပဲခူး- သန်လျင်လမ်းမနှင့် ရန်ကုန်-မန္တလေးအမြန်လမ်း၏ ၆၄ ကီလိုမီတာ လမ်းပိုင်းတို့အတွက် ဖြစ်သည်။ 

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်-ပုသိမ်လမ်းကို Oriental Highway ထံမှ ပြန်လည်လွှဲပြောင်းယူသည့် နည်းလမ်းဖြင့် လုပ်ဆောင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ အကူအညီဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးကပြောကြားသည်။ စီမံကိန်းအတွက် သဘောတူညီချက်များကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက အတည်ပြုပေးမည်ဖြစ်သည်။ 

ADB ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အချက်အလက်များအရ ရန်ကုန်-ပုသိမ် လမ်းမ ၁၇၇ ကီလိုမီတာအား ပြုပြင်ရန် ယခင်က စီစဉ်ခဲ့သေးသည်။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် ကနဦး ပတ်ဝန်းကျင်စစ်ဆေးချက် (Initial Enviromental Exmination) အရ လမ်းကို ကွန်ကရစ်ကတ္တရာဖြင့် ပြန်လည် ပြုပြင်ရန်နှင့် ပလက်ဖောင်း အပါအဝင် ၄ လမ်းသွားအဖြစ် တိုးချဲ့ရန် ပါရှိသည်။ ရေလွှမ်းမိုးမှု ဖြစ်တတ်သော ၂၀ ကီလိုမီတာလမ်းပိုင်းကို ၂ မီတာခန့်အထိ မြင့်တင်ရန်၊ တံတား ၅ ခုကို အစားထိုးပြီး တံတားသစ်တစ်ခုတည်ဆောက်ရန် ရည်ရွယ်ထားခဲ့သည်။ 

သို့သော် မဲခေါင်ဒေသတွင်း အဝေးပြေးလမ်းများ ခေတ်မီရေးစီမံကိန်း Greater Mekong Subregion Highway Modernization Project ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ရန်ကုန်-ပုသိမ်လမ်းမအတွက် ချေးငွေအစီအစဉ်ကို ဖော်ပြမထားသော အကြောင်းပြချက်ဖြင့် ရွှေ့ဆိုင်းလိုက်သည်။ ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာလတွင် ထုတ်ပြန်သော Initial Environment Examination အသစ်တွင်မူ ရန်ကုန်-ပုသိမ်လမ်းအား ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိခဲ့ပေ။ Frontier က ADB ထံသို့ အီးမေးဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း အချိန်မီ အဖြေမရရှိခဲ့ပေ။ 

ဧရာဝတီတိုင်းဒေသကြီး၊ လျှပ်စစ်၊ စက်မှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကမူ ADB အနေဖြင့် ရန်ကုန်- ပုသိမ်လမ်းမကို ပြုပြင်ရန် ရည်ရွယ်ထားပြီးဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံရှိ အခြားလမ်းများထက် ဦးစားပေးအဖြစ် ထားရှိထားသည်ဟု ဆိုသည်။ 

“အစိုးရကရော၊ ADB ကပါ ဒီလမ်းမကို အမြန်ဆုံး အဆင့်မြင့်တင်ချင်နေတယ်” ဟု ၎င်းကပြောသည်။ 

သို့သော်လည်း ရှိပြီးသားလမ်းအား အဆင့်မြင့်တင်ရန် သင့်တော်မှုရှိမရှိ တွေးတောသူအချို့လည်း ရှိနေသည်။ ဆောက်လုပ်ရေးကဏ္ဍမှ အမည်မဖော်လိုသူတစ်ဦးက လက်ရှိလမ်းအား အမြန်လမ်းအဖြစ်အဆင့်မြှင့်တင်ရန် မသင့်ဟုဆိုသည်။ လမ်းက အကွေ့အကောက်များပြီး မြို့ရွာ အများအပြားကို ဖြတ်သန်းသွားသောကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

ရှိပြီးလမ်းကို အဆင့်မြင့်တင်ခြင်းထက် အမြန်လမ်းသစ် ဖောက်လုပ်ခြင်းက ပိုမိုသင့်တော်မည်ဟု ၎င်းကပြောသည်။ ထိုသို့ဖောက်လုပ်ပါက ရန်ကုန်နှင့် ပုသိမ်ကြား ခရီးသွားချိန်ကို ၂ နာရီအောက်အထိ လျှော့ချနိုင်မည်ဟု ၎င်းကဆိုသည်။ 

“ပြည်တွင်းနဲ့ နိုင်ငံတကာက ရင်းနှီးမြုပ်နှံသူတွေက ဧရာဝတီတိုင်းကို မျက်စိကျနေတော့ ပိုကောင်းတဲ့ လမ်းတွေရှိဖို့ လိုအပ်တာက ငြင်းလို့မရဘူး” ဟု ၎င်းကပြောသည်။ 

သို့သော် လက်ရှိ ရန်ကုန်-ပုသိမ်လမ်းပေါ် သွားလာနေသော ယာဉ်အရေအတွက်က အမြန်လမ်းသစ် ဖောက်လုပ်ရန် လိုအပ်ချက်ကို မလုံလောက်သေးပေ။ ADB ၏ မူဝါဒ မှတ်စုအရ အိမ်နီးနားချင်းနိုင်ငံများ၌ တရက်လျှင် သွားလာသည့် ယာဉ်အစီး ၁၅,၀၀၀ အနည်းဆုံးရှိမှ ၄ လမ်းသွား အမြန်လမ်းကို ဖောက်လုပ်ပေးသည်ဟုဆိုသည်။ ရန်ကုန်- ပုသိမ်လမ်းသည် ၎င်းအရေအတွက်ကို ပြည့်မီရန် နောက်ထပ်သုံးဆခန့် လိုအပ်နေသေးသည်။ 

”ဒါက နှစ်ထပ်ကွမ်း ဆုံးရှုံးရတာပဲ။”

လက်ရှိတွင် လမ်းလုပ်ငန်းဦးစီးဌာန၏ အဖွဲ့ ၇ ဖွဲ့က လမ်းအား ပြုပြင်နေသည်ဟု ဦးဝင်းဌေးက ပြောကြားသည်။ ဧရာဝတီတိုင်းမှ ၅ ဖွဲ့နှင့် ရန်ကုန်မှ ၂ ဖွဲ့ တို့ ဖြစ်သည်။ 

ပြုပြင်မှုများကို ဝန်ကြီးဌာန၏ ဘတ်ဂျက်ဖြင့် စက်တင်ဘာလတွင် စတင်ခဲ့သည်။ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် ထားရှိသော ရန်ပုံငွေများမှလည်း ပံ့ပိုးမှု ရရှိသည်ဟု ဦးဝင်းဌေးက ဆိုသည်။ ဝန်ကြီးဌာနက လမ်းကို လွှဲပြောင်းရယူပြီးကတည်းက လမ်းအသုံးပြုခများကို ကောက်ခံခြင်း မရှိတော့ပေ။

Oriental Highway က လမ်းကို ကောင်းမွန်စွာ ထိန်းသိမ်းပြုပြင်ခြင်း မရှိသောကြောင့် အစိုးရက ကိုယ်တိုင် ပြုပြင်နေရသည်ဟု ၎င်းက ဆိုသည်။ 

“မုတ်သုံရာသီအကုန်မှာ လမ်းအခြေအနေက အရမ်းဆိုးနေတော့ ADB ချေးငွေနဲ့ အဆင့်မြင့်တင်ဖို့တောင် အဆင်သင့် မဖြစ်နိုင်သေးဘူး” ဟု ပုသိမ်ရှိ ၎င်း၏ ရုံးခန်းတွင် Frontier ကို ပြောသည်။ “ဒါကနှစ်ခါ နစ်နာရတဲ့ ကိစ္စပါ။ အစိုးရက လမ်းကို ကိုယ့်ဘာသာပြုပြင်ရတယ်။ ပြီးတော့ လမ်းအသုံးပြုခလည်း မကောက်ခံနိုင်ဘူး” ဟု ၎င်းကပြောသည်။

“လမ်းကို ပြန်မယူခဲ့ဘူးဆိုရင် အဆင့်မြင့်တင်ဖို့ ကိစ္စက နှောင့်နှေးသွားနိုင်တယ်။ ဒါကြောင့် ဒီနည်းကို ရွေးချယ်ခဲ့တာ” ဟု ၎င်းက ဆိုသည်။ 

လမ်းအဆင့်မြှင့်တင်ရန်အတွက် လမ်း၏ လက်ရှိအသုံးပြုနိုင်မှုအခြေအနေကို လေ့လာခြင်းဖြင့် စတင်မည်ဟု ဦးဝင်းဌေးက ပြောသည်။ အဆင့်မြှင့်တင်သည့် လုပ်ငန်းသည် ၂ နှစ်အတွင်း ပြီးစီးမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းကပြောသည်။ 

သို့သော် ဦးတင်ကိုကိုကမူ ထိုလုပ်ငန်းက မျှော်မှန်းသည်ထက် ပိုမိုကြာမြင့်နိုင်သည်ဟု ပြောကြားသည်။ အကြောင်းတစ်ခုမှာ ညောင်တုန်းမှ ပေးပို့သည့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကို နေရာရွှေ့ပြောင်းရမည် ဖြစ်သောကြောင့်ဟု ဆိုသည်။ 

ထို့ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ညောင်တုန်းပိုက်လိုင်း တာဝန်ရှိသူကို အင်တာဗျူးရန် Frontier က ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦး၏အဆိုအရ ညောင်တုန်း အနီးတဝိုက် လမ်းဘေးတွင် ရေနံပိုက်လိုင်းငယ်များရှိပြီး သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကမူ ညောင်တုန်းမှ ရန်ကုန်ထိ လမ်းအတိုင်း တည်ရှိနေသည်ဟု ဆိုသည်။ 

ရန်ကုန်-ပုသိမ်လမ်းကို နေ့စဉ် ယာဉ်ပေါင်း ထောင်နဲ့ချီ အသုံးပြုနေကြပြီး သီတင်းကျွတ်ကဲ့သို့သော အားလပ်ရက်များ၊ စနေ၊ တနင်္ဂနွေနေ့များတွင် အသုံးပြုသူ ပိုမိုများပြားသည်ဟု ဦးဝင်းဌေးကပြောသည်။ “ဒါက အဓိက အဝေးပြေး လမ်းမကြီးပါ။ လူတိုင်းက ဒီလမ်းကို အမြန်ဆုံး ပြန်ကောင်းစေချင်ကြပါတယ်” ဟု ၎င်းကပြောသည်။

ခေါင်းစီးဓာတ်ပုံ- ရန်ကုန်-ပုသိမ်လမ်း၏ ညောင်တုန်းမြို့အနီးလမ်းပိုင်းပြုပြင်နေသည်က အောက်တိုဘာလနှောင်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ-သူရဇော်

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.